Liver Tumours in Children (က‌လေးငယ်များတွင်ဖြစ်သော အသည်းအကျိတ်များ)

Liver Tumours in Children (က‌လေးငယ်များတွင်ဖြစ်သော အသည်းအကျိတ်များ)

ကလေးငယ်များ၏ ဝမ်းဗိုက်ခေါင်းအတွင်း ဖြစ်ပေါ်တတ်သော အကျိတ် (Intra-abdominal masses) များအနက် (၅)ရာခိုင်နှုန်း မှ (၆)ရာခိုင်နှုန်းခန့်သည် အသည်းတွင်ဖြစ်ပွါးသည်။ အသည်းအကျိတ်များအနက် သုံးပုံတစ်ပုံသည် ကင်ဆာမဟုတ်သော အကျိတ် (Benign tumour) များဖြစ်ကြပြီး၊ ကျန်သုံးပုံနှစ်ပုံမှာမူ ကင်ဆာအကျိတ် (Malignant tumour) များ ဖြစ်ကြသည်။

၎င်းအကျိတ်အများစုသည် ဆင်တူသော ရောဂါလက္ခဏာရပ်များ ပြသလေ့ရှိပြီး၊ အဓိကအားဖြင့် ဝမ်းဗိုက် တဖြည်းဖြည်း ဖောင်းလာခြင်း၊ ဝမ်းဗိုက်တွင် အလုံးအကျိတ်စမ်းမိခြင်း၊ ဗိုက်အောင့်ခြင်းနှင့် အသည်းကြီးခြင်း (Hepatomegaly) တို့ ဖြစ်ပွါးတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကလေးများတွင် ဖြစ်ပွါးသော အသည်းအကျိတ်အများစု၏ အခြေခံဇစ်မြစ် အကြောင်းရင်းကို တိကျစွာ အဖြေထုတ်နိုင်ခြင်း မရှိသေးသော်လည်း အချို့သော မျိုးဗီဇဆိုင်ရာပြဿနာများနှင့် မွေးရာပါ ကျန်းမာရေးအခြေအနေများသည် ရောဂါဖြစ်ပွါးနိုင်ခြေကို မြင့်တက်စေကြောင်း တွေ့ရှိရသည်။

  • မျိုးဗီဇချို့ယွင်းပြောင်းလဲခြင်း (Genetic Mutations)
    ကလေးသူငယ်များတွင် ဖြစ်ပွါးသော ကင်ဆာများသည် လူကြီးများကဲ့သို့ လူနေမှုပုံစံ (ဥပမာ _ ဆေးလိပ်၊ အရက်) ကြောင့် ဖြစ်ခဲသည်။ အများအားဖြင့် မိခင်ဝမ်းတွင်း၌ သန္ဓေတည်နေစဉ် သို့မဟုတ် မွေးဖွားပြီးစ အစောပိုင်းကာလများတွင် ဆဲလ်များ ပွါးများမှုနှုန်း မမှန်ကန်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်သည်။
  • ဆဲလ်များ ထိန်းချုပ်မရဘဲ ပွါးများခြင်း
    ပုံမှန်အားဖြင့် ဆဲလ်ဟောင်းများ သေဆုံးပြီး ဆဲလ်အသစ်များ အစားထိုးသည့်ဖြစ်စဉ် ရှိသော်လည်း၊ ကင်ဆာဖြစ်စေသော မျိုးဗီဇချို့ယွင်းပြောင်းလဲမှု ဖြစ်ပေါ်ပါက ဆဲလ်များသည် မရပ်မနား ပွါးများလာကာ အသည်းအတွင်း အလုံးအကျိတ် (Tumour) များ ဖြစ်ပေါ်လာနိုင်သည်။
  • နာတာရှည် အသည်းရောင်ခြင်း
    အသည်းသည် ရေရှည်ရောင်ရမ်းမှု ဖြစ်ပွါးသည့်အခါ (ဥပမာ _ မျိုးရိုးလိုက်ရောဂါများ သို့မဟုတ် ပိုးဝင်ခြင်းများ) အသည်းဆဲလ်များသည် မိမိကိုယ်ကို ပြန်လည်ပြုပြင်ရန် ကြိုးစားရင်းမှ ပုံမှန်မဟုတ်သော လွဲမှားသည့် ဆဲလ်အသစ်များ (Cancerous cells) ထွက်ပေါ်လာသောကြောင့် အသည်းကင်ဆာဖြစ်လာနိုင်သည်။
အသည်းအကျိတ် အမျိုးအစားများ

ကင်ဆာမဟုတ်သော အသည်းအကျိတ်များ (Benign liver tumours)
ကင်ဆာမဟုတ်သော အသည်းအကျိတ်များသည် ကင်ဆာအကျိတ်နှင့် နှိုင်းယှဥ်လျှင် အန္တရာယ်နည်းပါးပြီး အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်သည်။ အချို့သော ကလေးငယ်များတွင် မွေးရာပါ အကျိတ်ပါလာနိုင်သကဲ့သို့၊ အချို့တွင် ငယ်စဉ်ကတည်းက အကျိတ်ရှိနေသော်လည်း အသက်ကြီးလာမှသာ စစ်ဆေးတွေ့ရှိရခြင်းမျိုး ဖြစ်တတ်သည်။ ကလေးငယ်များတွင် တွေ့ရလေ့ရှိသော ကင်ဆာမဟုတ်သော အသည်းအကျိတ်အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • Mesenchymal hamartoma – အသည်းအတွင်းရှိ တစ်ရှူးများ ပုံမှန်မဟုတ်ဘဲ စုဖွဲ့ကြီးထွားလာသည့် အကျိတ်တစ်မျိုးဖြစ်သည်
  • Adenoma – အသည်းဆဲလ်များမှ ဖြစ်ပေါ်လာသော အကျိတ်ဖြစ်ပြီး အချို့သောအခြေအနေများတွင် ဟော်မုန်းပြောင်းလဲမှုနှင့် ဆက်စပ်နေတတ်သည်
  • Hemangioma – သွေးကြောများ ပုံမှန်မဟုတ်ဘဲ စုဖွဲ့ရာမှ ဖြစ်ပေါ်လာသော သွေးကြောအကျိတ် အမျိုးအစားဖြစ်သည်
  • Focal nodular hyperplasia – အသည်းဆဲလ်များ ပုံမှန်ထက် ပိုမိုပွါးများလာရာမှ ဖြစ်ပေါ်လာသော အကျိတ်ဖြစ်သည်

ကင်ဆာအကျိတ်များ (Malignant liver tumours)

  • Hepatoblastoma (အသည်းသန္ဓေသားဆဲလ်မှဖြစ်သောကင်ဆာ)
    အသည်းသန္ဓေသားဆဲလ်မှဖြစ်သောကင်ဆာကို ဖြစ်ပွါးစေသော တိကျသည့် အကြောင်းရင်းကို မသိရှိပါ။ သို့သော် အောက်ပါအခြေအနေများရှိသော ကလေးများတွင် အသည်းသန္ဓေသားဆဲလ်မှဖြစ်သောကင်ဆာ ပို၍ဖြစ်ပွါးသည်ကို တွေ့ရှိရသည်။
    • ပေါင်မပြည့်ဘဲ မွေးသောကလေးများ (၅ ပေါင် ၅ အောင်စအောက်)
    • လမစေ့ဘဲမွေးသော ကလေးများ
    • အသည်းတွင် ဂလိုင်ကိုဂျင်သကြားဓာတ် စုပုံသိုလှောင်သော မွေးရာပါ အသည်းရောဂါ (Glycogen storage disease)
    • အချို့သော မျိုးဗီဇလက္ခဏာစုများနှင့် မွေးရာပါရောဂါများ
      • Beckwith-Wiedemann ရောဂါလက္ခဏာစု
      • Aicardi ရောဂါလက္ခဏာစု
      • အက်ဒ်ဝပ်စ်ဆင်ဒရုန်း (Edwards syndrome)
      • ခန္ဓာကိုယ်တစ်ခြမ်း ကြီးထွားမှုလွန်ကဲခြင်း (Hemihypertrophy)
      • မွေးရာပါသည်းခြေပြွန်​ ကောင်းစွာမဖွံ့ဖြိုးဘဲ ပိတ်​နေခြင်း (Biliary Atresia)
      • အူမကြီးထဲတွင် ကင်ဆာအကြိုအသားပိုများရှိခြင်း (Familial adenomatous polyposis – FAP)
  • Hepatocellular Carcinoma (အသည်း၏ ပင်မဆဲလ်များမှ စတင်ဖြစ်ပွါးသောကင်ဆာ)
    ၎င်းသည် ကလေးကြီးများနှင့် ဆယ်ကျော်သက်လူငယ်များတွင် ပိုမိုတွေ့ရလေ့ရှိပြီး အသည်းခြောက်ခြင်း (Cirrhosis) သို့မဟုတ် အသည်းရေရှည် ပျက်စီးခြင်းတို့နှင့် ဆက်စပ်နေတတ်သည်။ ဖြစ်နိုင်ခြေရှိသော အခြေအနေများမှာ_
    • Hereditary hemochromatosis – ခန္ဓာကိုယ်တွင်း သံဓာတ်စုပ်ယူမှု လွန်ကဲပြီး အင်္ဂါအစိတ်အပိုင်းများတွင် သံဓာတ်စုပုံလာသော မျိုးရိုးလိုက်ရောဂါ
    • Alpha-1 Antitrypsin Deficiency – အသည်းနှင့်အဆုတ်ကို ကာကွယ်ပေးသော ပရိုတင်းဓာတ် ချို့တဲ့မှုကြောင့် အသည်းဆဲလ်များ ပျက်စီးခြင်း
    • Glycogen storage disease – အသည်းတွင် ဂလိုင်ကိုဂျင်သကြားဓာတ် စုပုံသိုလှောင်သော မွေးရာပါ အသည်းရောဂါ
    • အခြားသော အသည်းရောဂါများ – ဥပမာ _ အသည်းရောင်အသားဝါ ဘီပိုး (Hepatitis B) သို့မဟုတ် စီပိုး (Hepatitis C) ကူးစက်ခံထားရခြင်း
  • Rhabdoid tumor of the liver (ရက်ပ်ဒွိုက် အသည်းကင်ဆာ)
    ၎င်းသည် အသည်းမှ စတင်ဖြစ်ပွါးပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ လျင်မြန်စွာ ပျံ့နှံ့သွားနိုင်သည့် ကင်ဆာမျိုးဖြစ်သည်။ အလွန်ရှားပါးသော အကျိတ်အမျိုးအစားဖြစ်ပြီး၊ လမ်းလျှောက်တတ်စ ကလေးငယ်များတွင် အတွေ့ရများသည်။
  • Undifferentiated embryonal sarcoma of the liver (UESL)
    ဤရှားပါးကင်ဆာအမျိုးအစားသည် များသောအားဖြင့် အသက် (၆)နှစ် မှ (၁၀) နှစ်အတွင်းရှိ ကလေးငယ်များတွင် အဖြစ်များသည်။
ရောဂါလက္ခဏာများ

အသည်းအကျိတ်များသည် အစောပိုင်းအဆင့်တွင် သိသာထင်ရှားသောလက္ခဏာများ ပြလေ့မရှိသော်လည်း၊ အကျိတ်ကြီးထွားလာသည်နှင့်အမျှ အောက်ပါလက္ခဏာရပ်များကို တွေ့ရနိုင်သည်။

  • ဗိုက်ဖောင်းခြင်း
  • ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းတွင် အလုံးအကျိတ်စမ်းမိခြင်း
  • ဗိုက်နာ၊ ဗိုက်အောင့်ခြင်း
  • အစာစားချင်စိတ် မရှိခြင်း
  • ကိုယ်အလေးချိန် ကျဆင်းခြင်း
  • ပျို့အန်ခြင်း
  • မျက်လုံးနှင့် အသားဝါခြင်း
  • မကြာခဏဖျားခြင်း
  • အလွန်အမင်း နုံးခွေခြင်း
  • အရေပြားအောက် သွေးကြောများ ဖောင်းကြွခြင်း
  • ကင်ဆာအကျိတ်မှ ထွက်လာသော ဟော်မုန်းများကြောင့် အရွယ်မတိုင်မီ လူပျိုဖော်၊ အပျိုဖော်ဝင်သော လက္ခဏာများပြခြင်း စသည်တို့ကိုတွေ့ရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

အများအားဖြင့် ကင်ဆာမဟုတ်သော အကျိတ်များတွင် နောက်ဆက်တွဲပြဿနာနည်းသော်လည်း အသည်းကင်ဆာအကျိတ်များတွင်မူ ကုသမှုမခံယူဘဲ ထားရှိပါက သို့မဟုတ် ရောဂါအခြေအနေ ပြင်းထန်လာပါက အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်သည်။

  • အကျိတ်ပေါက်ထွက်ခြင်းနှင့် ခန္ဓာကိုယ်တွင်းသွေးယိုစိမ့်ခြင်း
    အကျိတ်သည် အလွန်အမင်း ကြီးထွားလာပြီး ပေါက်ထွက်သွားပါက ဝမ်းဗိုက်အတွင်း သွေးယိုစိမ့်မှုဖြစ်ပွါးနိုင်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။
  • အသည်းလုပ်ဆောင်ချက် ပျက်စီးခြင်း
    အကျိတ်ဆဲလ်များမှ အသည်း၏ပုံမှန်ဆဲလ်များကို ဖျက်ဆီးပစ်ခြင်း သို့မဟုတ် ဖိမိခြင်းတို့ကြောင့် အသည်း၏လုပ်ဆောင်ချက်များကို ထိခိုက်နိုင်သည်။
  • အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများသို့ ကင်ဆာပျံ့နှံ့ခြင်း
    အများအားဖြင့် အဆုတ်၊ အရိုး၊ ဝမ်းဗိုက်အတွင်းရှိ ပြန်ရည်ကျိတ်များသို့ ပျံ့နှံ့လေ့ရှိသည်။
  • သွေးကြောများနှင့် သည်းခြေပြွန်များ ပိတ်ဆို့ခြင်း
    သည်းခြေပြွန်ပိတ်ခြင်းကြောင့် အသားဝါခြင်း၊ အသည်းသွေးပြန်ကြောပိတ်ခြင်းကြောင့် အသည်းအတွင်း သွေးဖိအားတက်လာပြီး ဝမ်းဗိုက်အတွင်း ရေဖျဉ်းစွဲခြင်းနှင့် အစာရေမျိုပြွန် သွေးကြောထုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။
  • ဟော်မုန်းဆိုင်ရာ ပြဿနာများ
    အချို့သောအကျိတ်များသည် ပုံမှန်မဟုတ်သော ဟော်မုန်းများကို ထုတ်လွှတ်သဖြင့် သွေးအတွင်း ကယ်လ်ဆီယမ်ဓာတ် များလွန်းခြင်း၊ သွေးတွင်း သကြားဓာတ် နည်းလွန်းခြင်း၊ သွေးနီဥအရေအတွက် ပုံမှန်ထက် များလွန်းခြင်း စသည်တို့ ဖြစ်ပေါ်စေနိုင်သည်။

အသည်းအကျိတ်ကြောင့်သာမက ကင်ဆာကုသမှုဖြစ်စဉ် (ဥပမာ _ ဆေးသွင်းကုသခြင်း၊ ခွဲစိတ်ခြင်း) ကြောင့်လည်း အချို့သော နောက်ဆက်တွဲပြဿနာများ ရှိနိုင်သည်။

  • ကိုယ်ခံအားကျဆင်း၍ ပိုးဝင်လွယ်ခြင်း
  • အကြားအာရုံ ထိခိုက်ခြင်း
  • ကျောက်ကပ်ထိခိုက်ခြင်း
  • ကြီးထွားမှု နှေးကွေးခြင်း
  • သွေးခြည်ဥလွယ်ခြင်းနှင့် သွေးထွက်လွန်ခြင်း
  • အန်ခြင်း၊ ဝမ်းလျှောခြင်း
  • ဆံပင်ကျွတ်ခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အသည်းအကျိတ်များသည် အန္တရာယ်မရှိသော အကျိတ်များဖြစ်နိုင်သကဲ့သို့ ကင်ဆာကျိတ်များလည်း ဖြစ်နိုင်သဖြင့် ဆောလျင်စွာ စစ်ဆေးကုသရန် လိုအပ်သည်။ အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ ကလေးအထူးကုဆရာဝန်များ၊ ကလေးအသည်းရောဂါ အထူးကုဆရာဝန်များ၊ ကလေးကင်ဆာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ကလေးများတွင်ဖြစ်ပွါးသော အသည်းအကျိတ်များကို တိကျစွာခွဲခြားသိရှိနိုင်ရန် သက်ဆိုင်ရာ အထူးကုဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ခန္ဓာကိုယ်ကို အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းများအပြင် လိုအပ်သည့် စစ်ဆေးခြင်းများ ပြုလုပ်မည်။

  • ဓာတ်ခွဲစစ်ဆေးခြင်း
  • ပုံရိပ်ဖော်စစ်ဆေးခြင်း
    • ဝမ်းဗိုက်အာထရာဆောင်း (USG abdomen) ရိုက်ခြင်း _ အသည်းအနေအထားကို ကြည့်ရှုရန် ဦးဆုံးရိုက်ကူးစစ်ဆေးနိုင်သည်
    • ရင်ဘတ်ဓာတ်မှန် (CXR) ရိုက်ခြင်း _ အဆုတ်သို့ ကင်ဆာပျံ့နှံ့ခြင်း ရှိမရှိ စစ်ဆေးနိုင်သည်
    • ဝမ်းဗိုက်ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း _ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို အသေးစိတ် ကြည့်ရှုစစ်ဆေးနိုင်သည်၊ အသည်းရှိ အကျိတ်အခြေအနေကို အသေးစိတ်သိရှိနိုင်ပြီး အခြားကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့ခြင်း ရှိမရှိကိုလည်း သိနိုင်သည်
    • သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း _ ပိုမိုအသေးစိတ်သော ပုံရိပ်များကို သိရှိနိုင်ပြီး ကင်ဆာသည် အသည်းအနီးရှိ အဓိကသွေးကြောများအတွင်း ဝင်ရောက်ခြင်း ရှိမရှိကို သိရှိနိုင်သည်
  • အသားစယူစစ်ဆေးခြင်း (Biopsy)
    အကျိတ်မှ အသားစကိုယူ၍ ကင်ဆာဆဲလ် ရှိမရှိကို အဏုကြည့်မှန်ပြောင်းဖြင့် ရှာ‌ဖွေစစ်ဆေးခြင်းဖြစ်ပြီး အသည်းကင်ဆာ ဟုတ်မဟုတ် အတည်ပြုစစ်ဆေးနိုင်သည်။ အသားစယူစစ်ဆေးခြင်းကို အပ်ဖြင့်ဖြစ်စေ၊ ခွဲစိတ်၍ဖြစ်စေ ပြုလုပ်နိုင်သည်။
ကုသခြင်း

ကလေးသူငယ်များတွင်ဖြစ်ပွါးသော အသည်းအကျိတ်များကို ကုသရာတွင် အကျိတ်သည် ကင်ဆာ ဟုတ်မဟုတ် အပေါ်မူတည်၍ ကုသမှုပုံစံများ များစွာကွာခြားမှု ရှိနိုင်သည်။

ကင်ဆာမဟုတ်သော အကျိတ်များအား ကုသခြင်း

အန္တရာယ်မရှိသော အကျိတ်များသည် အခြားအင်္ဂါများသို့ ပျံ့နှံ့ခြင်း မရှိသဖြင့် ကုသမှုမှာ များသောအားဖြင့် ရိုးရှင်းသည်။

  • စောင့်ကြည့်စစ်ဆေးခြင်း (Observation) – အကျိတ်သည် သေးငယ်ပြီး မည်သည့်လက္ခဏာမျှ မပြပါက ချက်ချင်းကုသရန် မလိုဘဲ အချိန်အပိုင်းအခြားအလိုက် ပုံမှန် အာထရာဆောင်း ရိုက်ကြည့်ခြင်းဖြင့် အကျိတ်ကြီးထွားမှုကို စောင့်ကြည့်လေ့ရှိသည်
  • ခွဲစိတ်ကုသခြင်း (Surgery) – အကယ်၍ အကျိတ်သည် အရွယ်အစား အလွန်ကြီးမားလာခြင်း၊ နာကျင်မှုရှိခြင်း သို့မဟုတ် ကိုယ်တွင်းအင်္ဂါများကို ဖိမိနေသည့်လက္ခဏာပြခြင်းတို့ ရှိပါက ခွဲစိတ်ဖယ်ရှားခြင်း (Surgical Resection) ကို ပြုလုပ်သည်
  • သွေးကြောပိတ်ကုသခြင်း (Embolization) – အချို့သော သွေးကြောအကျိတ် (Hemangioma) များတွင် အကျိတ်သို့သွားသော သွေးကြောကို ပိတ်ဆို့ခြင်းဖြင့် အကျိတ်ကို သေးငယ်သွားအောင် ပြုလုပ်နိုင်သည်
ကင်ဆာအကျိတ်များအား ကုသခြင်း

ကင်ဆာအကျိတ် (ဥပမာ – Hepatoblastoma, Hepatocellular Carcinoma) များအတွက် ကုသမှုသည် ပိုမိုပြင်းထန်ပြီး နည်းလမ်းမျိုးစုံ ပေါင်းစပ်အသုံးပြုရလေ့ရှိသည်။

  • ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
    • ခွဲစိတ်မှုမပြုမီ ကင်ဆာဆေးသွင်းခြင်း (Neoadjuvant) – မခွဲစိတ်မီ အကျိတ်ကို သေးငယ်သွားစေရန်နှင့် ခွဲစိတ်ရလွယ်ကူစေရန် အသုံးပြုသည်
    • ခွဲစိတ်မှုအပြီး ကင်ဆာဆေးသွင်းခြင်း (Adjuvant) – ကျန်ရှိနေနိုင်သော ကင်ဆာဆဲလ်များကို အမြစ်ပြတ်ချေမှုန်းရန် အသုံးပြုသည်
  • ခွဲစိတ်ကုသခြင်း (Surgery)
    • ကင်ဆာအကျိတ်တစ်ခုလုံးကို အမြစ်ပြတ် ဖယ်ရှားရန်ပြုလုပ်သည်၊ အသည်း၏ အစိတ်အပိုင်းအချို့ကို ဖြတ်ထုတ်ခြင်း (Partial Hepatectomy) ပြုလုပ်ရလေ့ရှိသည်
  • အသည်းအစားထိုးကုသခြင်း (Liver transplant)
    • ကင်ဆာကျိတ်သည် အသည်းတစ်ခုလုံးတွင် ပျံ့နှံ့နေပြီး ခွဲစိတ်ဖယ်ရှား၍ မရနိုင်သော အခြေအနေမျိုးတွင် အသည်းအစားထိုးခြင်းကို ပြုလုပ်နိုင်သည်
  • ပစ်မှတ်ထားကုသခြင်း (Targeted therapy)
    • ကင်ဆာဆဲလ်များ၏ ကြီးထွားမှုကို တိုက်ရိုက်တားဆီးပေးသော ဆေးဝါးသစ်များကို အသုံးပြု၍ ကုသနိုင်သည်
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
    • ဓာတ်ရောင်ခြည်ကို အသုံးပြု၍ ကင်ဆာဆဲလ်များကို သေစေရန် သို့မဟုတ် ကြီးထွားမှုကို ရပ်တန့်ရန် အသုံးပြုသည်
  • ရေဒီယိုလှိုင်းဖြင့် ကုသခြင်း (Radiofrequency ablation therapy)
    • စွမ်းအားမြင့် ရေဒီယိုလှိုင်းကို အသုံးပြု၍ ဆေးထိုးအပ်ဖြင့် အရေပြားမှတစ်ဆင့် သို့မဟုတ် ဝမ်းဗိုက်ကို ခွဲစိတ်၍ ကင်ဆာအကျိတ်ကို အပူပေးခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေခြင်းဖြစ်သည်
    • နောက်တစ်ကြိမ်ပြန်၍ ဖြစ်ပွါးသော အသည်းသန္ဓေသားဆဲလ်မှ ဖြစ်သောကင်ဆာများကို ကုသရာတွင် အသုံးပြုသည်
ကာကွယ်ခြင်း

ကလေးသူငယ်များတွင် ဖြစ်ပွါးသော အသည်းအကျိတ် အများစုသည် မျိုးဗီဇနှင့် သန္ဓေတည်စဉ် ဖြစ်ပေါ်သော ပြောင်းလဲမှုများကြောင့် အဓိကဖြစ်ပွါးသဖြင့် လူကြီးများကဲ့သို့ လူနေမှုပုံစံကို ပြောင်းလဲရုံဖြင့် ရာနှုန်းပြည့်ကာကွယ်ရန် ခက်ခဲသည်။ သို့သော်လည်း ဖြစ်ပွါးနိုင်ခြေများကို လျှော့ချရန်နှင့် ရောဂါကို စောစီးစွာ သိရှိနိုင်ရန်အတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်သည်။

  • ကာကွယ်ဆေးထိုးနှံခြင်း _ ကလေးမွေးဖွားပြီးပြီးချင်းတွင် ဘီပိုးကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံပေးခြင်းဖြင့် အသည်းကင်ဆာဖြစ်နိုင်ခြေကို များစွာလျှော့ချနိုင်သည်
  • မိခင်ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေး ဂရုစိုက်ခြင်း _ ကလေးငယ်များတွင် ဖြစ်ပွါးသည့် အသည်းသန္ဓေသားဆဲလ်မှဖြစ်သောကင်ဆာသည် လမစေ့ဘဲ မွေးခြင်း၊ ကိုယ်အလေးချိန် မပြည့်ခြင်းတို့နှင့် ဆက်စပ်နေတတ်သဖြင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်းတို့ကို ရှောင်ကြဉ်ရမည်
  • မျိုးဗီဇဆိုင်ရာ သို့မဟုတ် မွေးရာပါရောဂါများအတွက် စောင့်ကြည့်စစ်ဆေးခြင်း _ အကယ်၍ ကလေးနှင့် မိသားစုအတွင်း အောက်ပါရောဂါရာဇဝင်များ ရှိနေပါက ကလေးကို ငယ်စဉ်ကတည်းက အသည်းအကျိတ် ရှိမရှိ ပုံမှန်စစ်ဆေးပေးသင့်သည်။
    • Beckwith-Wiedemann ရောဂါလက္ခဏာစု
    • Aicardi ရောဂါလက္ခဏာစု
    • အက်ဒ်ဝပ်စ်ဆင်ဒရုန်း (Edwards syndrome)
    • ခန္ဓာကိုယ်တစ်ခြမ်း ကြီးထွားမှုလွန်ကဲခြင်း (Hemihypertrophy)
    • မွေးရာပါသည်းခြေပြွန်​ ကောင်းစွာမဖွံ့ဖြိုးဘဲ ပိတ်​နေခြင်း (Biliary atresia)
    • အူမကြီးထဲတွင် ကင်ဆာအကြိုအသားပိုများ ရှိခြင်း (Familial adenomatous polyposis – FAP)
  • အဆိပ်အတောက်များနှင့် ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း
    • မှိုတက်နေသော အစားအစာများ (ဥပမာ – မြေပဲ၊ ပြောင်းဖူးဟောင်းများ) တွင်ပါဝင်တတ်သော Aflatoxin မှိုဆိပ်သည် အသည်းကင်ဆာကို ဖြစ်စေနိုင်သဖြင့် အစားအစာ သန့်ရှင်းလတ်ဆတ်မှုကို ဂရုစိုက်ရမည်
    • ပိုးသတ်ဆေးများနှင့် အချို့သော ပြင်းထန်ဓာတုပစ္စည်းများကို ကလေးငယ်များနှင့် ဝေးရာတွင် ထားရှိသင့်သည်

References:

  1. Meyers, R., Hiyama, E., Czauderna, P., & Tiao, G. M. (2021). Liver tumors in pediatric patients. Surgical Oncology Clinics of North America, 30(2), 253–274. https://doi.org/10.1016/j.soc.2020.11.006
  2. Nemours KidsHealth. (2023). Liver tumors. Retrieved March 18, 2026, from https://kidshealth.org/en/parents/liver-tumors.html
  3. Lucas, B., Ravishankar, S., & Pateva, I. (2021). Pediatric primary hepatic tumors: Diagnostic considerations. Diagnostics, 11(2), 333. https://doi.org/10.3390/diagnostics11020333
  4. Children’s Cancer and Leukaemia Group. (2022). Liver tumours in children. Retrieved March 18, 2026, from https://www.cclg.org.uk/about-cancer/cancer-children-and-young-people/types-cancer-children-and-young-people/liver-tumours-children
  5. National Center for Health Research. (2022). Liver cancer: What is it and how to prevent it. Retrieved March 18, 2026, from https://stopcancerfund.org/pz-other-cancers/liver-cancer-what-is-it-and-how-to-prevent-it/

Published: 29 March 2026

Share

29 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.