Night Terrors (ညအိပ်နေစဥ် ရုတ်တရက် ထိတ်လန့်ခြင်း)

Night Terrors (ညအိပ်နေစဥ် ရုတ်တရက် ထိတ်လန့်ခြင်း)

ညအိပ်နေစဉ် ရုတ်တရက် ထိတ်လန့်ခြင်း (Night Terrors) ဆိုသည်မှာ အိပ်ပျော်နေစဉ် ပုံမှန်မဟုတ်သော အပြုအမူများ ဖြစ်ပေါ်ခြင်း (Parasomnia) အမျိုးအစားတစ်ခုဖြစ်သည်။ အဓိကအားဖြင့် အသက် (၃)နှစ် မှ (၁၀)နှစ်အတွင်း ကလေးငယ်များတွင် အဖြစ်များပြီး ဆယ်ကျော်သက်အရွယ်ရောက်လျှင် အလိုအလျောက် ပြန်လည်သက်သာသွားလေ့ရှိသည်။

အိပ်စက်ခြင်းစက်ဝန်းနှင့် ဆက်စပ်မှု

အိပ်စက်ခြင်းကို အဆင့် (၂) ဆင့် ခွဲခြားနိုင်သည်။

  • ဦးနှောက်လှုပ်ရှားမှု လျော့ကျနေသည့် အဆင့် (Non-Rapid Eye Movement – NREM)
  • ဦးနှောက်သည် နိုးထနေချိန်ကဲ့သို့ တက်ကြွနေသည့် အဆင့် (Rapid Eye Movement – REM)

ညအိပ်နေစဉ် ရုတ်တရက် ထိတ်လန့်ခြင်းသည် NREM ဟုခေါ်သော အိပ်မောကျနေသည့် အချိန်တွင် ဖြစ်ပေါ်လေ့ရှိသည်။ ထိုသို့ဖြစ်ချိန်တွင် ကလေးသည် ကောင်းစွာမနိုးသေးဘဲ ရုတ်တရက် ထအော်ခြင်း၊ ငိုခြင်း၊ ခြေလက်များ ကန်ကျောက်ခြင်းနှင့် အလွန်အမင်း ကြောက်ရွံ့သည့်ပုံစံများ ပြုမူတတ်သည်။ ဤဖြစ်စဉ်သည် စက္ကန့်ပိုင်းမှ မိနစ်ပိုင်းအထိ ကြာမြင့်နိုင်ပြီး ပြီးဆုံးပါက ကလေးသည် ဘာမှမဖြစ်သကဲ့သို့ ပြန်လည်အိပ်ပျော်သွားတတ်သည်။

ဖြစ်နိုင်ခြေများသော အခြေအနေများ

Night Terrors ဖြစ်ပွါးရသည့် အကြောင်းရင်းအတိအကျကို မသိရှိရသေးသော်လည်း အောက်ပါအချက်များနှင့် ဆက်စပ်နေသည်ဟု ယူဆကြသည်။

  • အသက်အရွယ်နှင့် ဦးနှောက်ဖွံ့ဖြိုးမှု
    အိပ်စက်ခြင်းနှင့် နိုးထခြင်းစက်ဝန်းကို ထိန်းညှိပေးသည့် အာရုံကြောစနစ်သည် ကလေးငယ်များတွင် အပြည့်အဝ မဖွံ့ဖြိုးသေးခြင်းကြောင့် ဖြစ်နိုင်ပြီး ကလေးကြီးလာသည်နှင့်အမျှ အလိုအလျောက် သက်သာသွားလေ့ရှိသည်။
  • မျိုးဗီဇ (Genetics)
    မိသားစုမျိုးရိုးထဲတွင် ညဘက်ထိတ်လန့်တတ်သည့် ရာဇဝင်ရှိပါက ပို၍ ဖြစ်နိုင်ခြေရှိသည်။
  • အိပ်စက်ချိန် မလုံလောက်ခြင်း (Sleep Deprivation)
    အိပ်စက်ချိန် လုံလောက်စွာမရှိခြင်း၊ အိပ်စက်ချိန် အပြောင်းအလဲဖြစ်ခြင်း (ခရီးထွက်ခြင်း၊ အိပ်ရာပြောင်းခြင်း) တို့သည် ဤဖြစ်စဉ်ကို ပိုမိုဆိုးဝါးစေနိုင်သည်။
  • စိတ်ပိုင်းဆိုင်ရာ အခြေအနေများ (Psychological Factors)
    ပြင်းထန်သော စိတ်ဖိစီးမှု (Stress)၊ စိုးရိမ်ပူပန်မှု (Anxiety) သို့မဟုတ် စိတ်ပင်ပန်းနွမ်းနယ်မှုများနှင့် ဆက်စပ်နေတတ်သည်၊ ကလေးငယ်များတွင် ခွဲခွာရခြင်းကြောင့်ဖြစ်သည့် စိုးရိမ်စိတ် (Separation Anxiety) နှင့် ဆက်စပ်နိုင်သကဲ့သို့၊ လူကြီးများတွင် ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (PTSD) ရှိပါက ဖြစ်နိုင်ခြေ ပိုများသည်။
  • အိပ်စက်ခြင်းဆိုင်ရာ အခြားပြဿနာများ (Sleep Disorders)
    အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့် အသက်ရှူရပ်ခြင်း (Obstructive Sleep Apnea) နှင့် ခြေထောက်များ ထိန်းချုပ်မရဘဲ လှုပ်ရှားသည့် ရောဂါလက္ခဏာစု (Restless Leg Syndrome) တို့ရှိပါက တွဲ၍တွေ့ရတတ်သည်
  • ကျန်းမာရေး အခြေအနေများ (Medical Conditions) – အဖျားတက်ခြင်း (Fever)၊ အတက်ရောဂါ (Seizures) ရှိခြင်း သို့မဟုတ် ဦးနှောက်အာရုံကြောကို ထိခိုက်စေသည့် ဆေးဝါးများ သောက်သုံးနေရခြင်း
  • ကဖိန်းဓာတ် (Caffeine) – ကော်ဖီ၊ လက်ဖက်ရည်နှင့် ကဖိန်းဓာတ်ပါသော အစားအသောက်များကို အလွန်အကျွံ စားသုံးခြင်း
ရောဂါလက္ခဏာများ

ညအိပ်နေစဉ် ရုတ်တရက် ထိတ်လန့်မှု ဖြစ်ပေါ်ချိန်တွင် အောက်ပါလက္ခဏာများကို တွေ့ရှိနိုင်သည်။

  • ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ – နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ချွေးစေးထွက်ခြင်းနှင့် မျက်စိသူငယ်အိမ်ကျယ်ခြင်း (Dilated pupils)
  • အမူအကျင့်ဆိုင်ရာ ပြောင်းလဲမှုများ – အိပ်ရာထဲတွင် ကြောက်လန့်တကြား ထထိုင်ခြင်း၊ အော်ဟစ်ခြင်း သို့မဟုတ် ငိုခြင်း၊ ခြေလက်များကို ကန်ကျောက်ခြင်း၊ အိပ်ရာပေါ်တွင် လှိမ့်နေခြင်း သို့မဟုတ် အိပ်ပျော်လျက် လမ်းထလျှောက်ခြင်း (Sleepwalking)
  • တုံ့ပြန်မှုဆိုင်ရာ အခြေအနေများ – မျက်လုံးပြူး၍ ကြည့်နေသော်လည်း စကားပြောလျှင် ပြန်မပြောခြင်း၊ တုံ့ပြန်မှုမရှိခြင်း၊ အိပ်ရာမှနိုးရန် ခက်ခဲခြင်းနှင့် နိုးလာသော်လည်း သတိကောင်းစွာမရှိခြင်း
  • နောက်နေ့မနက် နိုးထလာချိန်တွင် ညက ဖြစ်ပျက်ခဲ့သည်များကို လုံးဝမှတ်မိခြင်း မရှိခြင်း (Amnesia of the event)

ဤဖြစ်စဉ်သည် များသောအားဖြင့် မိနစ်အနည်းငယ်သာ ကြာမြင့်တတ်သော်လည်း အချို့ကလေးများတွင် ပြန်လည်ငြိမ်သက်သွားရန် မိနစ် (၃၀) ခန့်အထိ ကြာမြင့်နိုင်သည်။ ဤအခြေအနေသည် ကလေး၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်မှုမရှိဘဲ ဆယ်ကျော်သက်အရွယ်တွင် အလိုအလျောက် ပျောက်ကင်းသွားလေ့ရှိသည်။

ညဘက်အိပ်မက်ဆိုးမက်ခြင်း (Nightmares) နှင့် ကွာခြားချက်

ညအိပ်နေစဉ် ရုတ်တရက် ထိတ်လန့်ခြင်း (Night Terrors) နှင့် အိပ်မက်ဆိုးမက်ခြင်း (Nightmares) သည် အောက်ပါအတိုင်း ကွဲပြားသည်။

ညအိပ်နေစဥ် ရုတ်တရက် ထိတ်လန့်ခြင်း (Night Terrors)ညဘက် အိပ်မက်ဆိုးမက်ခြင်း (Nightmares)
ဖြစ်‌ပေါ်ချိန်ညအိပ်ချိန် ပထမပိုင်း (NREM အဆင့်)ညအိပ်ချိန် ဒုတိယပိုင်း (REM အဆင့်)
သတိရှိမှုလန့်နိုးသော်လည်း သတိမရှိ၊ နှိုးရန်ခက်သည်အလွယ်တကူ လန့်နိုးပြီး သတိရှိသည်
မှတ်မိခြင်း ရှိမရှိဖြစ်ပျက်ခဲ့သည်များကို မမှတ်မိပါအိပ်မက်အကြောင်းကို အသေးစိတ် မှတ်မိသည်
လှုပ်ရှားမှုအော်ဟစ်ခြင်း၊ လှုပ်ရှားခြင်းများ ပြင်းထန်သည်လန့်နိုးချိန်တွင် ငြိမ်သက်နေလေ့ရှိသည်
အဖြစ်များသူကလေးများတွင် ပို၍အဖြစ်များသည်လူကြီးရော ကလေးပါ ဖြစ်နိုင်သည်
နောက်ဆက်တွဲပြဿနာများ

ယေဘုယျအားဖြင့် အန္တရာယ်မရှိသော်လည်း မကြာခဏဖြစ်ပွါးပါက အောက်ပါပြဿနာများ ကြုံတွေ့ရနိုင်သည်။

  • နေ့ဘက်အာရုံစူးစိုက်မှုလျော့နည်းခြင်း – ညဘက် အိပ်စက်မှု အနှောင့်အယှက်ဖြစ်ခြင်းကြောင့် နေ့ဘက်တွင် အလွန်အမင်း အိပ်ငိုက်ခြင်း (Excessive daytime sleepiness) ဖြစ်ကာ ကျောင်းစာနှင့် လုပ်ငန်းခွင်တွင် အာရုံမစိုက်နိုင်ခြင်း
  • စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု – မိမိကိုယ်ကို အားငယ်ခြင်း သို့မဟုတ် ရှက်ရွံ့ခြင်းများ ခံစားရနိုင်ခြင်း
  • ဘေးအန္တရာယ် – အိပ်ပျော်လျက် လမ်းလျှောက်ခြင်း သို့မဟုတ် လှုပ်ရှားခြင်းများကြောင့် မိမိကိုယ်ကို ထိခိုက်မိခြင်း သို့မဟုတ် အနီးရှိလူများကို မတော်တဆ ထိခိုက်စေခြင်း
  • မိသားစုအပေါ် သက်ရောက်မှု – မိဘများ သို့မဟုတ် အတူအိပ်သူများ၏ အိပ်စက်မှုကိုပါ အနှောင့်အယှက် ဖြစ်စေခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

ညဘက်ထိတ်လန့်ခြင်းသည် များသောအားဖြင့် စိုးရိမ်ရသော ကျန်းမာရေးပြဿနာ မဟုတ်သော်လည်း အောက်ပါအခြေအနေများရှိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

  • လက္ခဏာများ ပိုမိုဆိုးဝါးလာခြင်း – ဖြစ်စဉ်သည် ခဏခဏဖြစ်လာခြင်း သို့မဟုတ် ပို၍ ကြာမြင့်လာခြင်း
  • အရေးပေါ် လက္ခဏာများ – ထိတ်လန့်စဉ်အတွင်း နှုတ်ခမ်းပြာနှမ်းခြင်း၊ ပါးစပ်မှ အမြှုပ်ထွက်ခြင်း၊ အန်ခြင်း သို့မဟုတ် ခန္ဓာကိုယ် တောင့်တင်းပြီး တက်ခြင်း (Convulsion) များရှိခြင်း
  • ဘေးအန္တရာယ်ရှိခြင်း – ဖြစ်စဉ်အတွင်း ကလေး သို့မဟုတ် အနီးနားရှိသူများ ထိခိုက်ဒဏ်ရာရနိုင်သော အခြေအနေများ ရှိလာခြင်း
  • နေ့စဉ်ဘဝကို ထိခိုက်ခြင်း – နေ့ဘက်တွင် အလွန်အမင်း အိပ်ငိုက်ခြင်းကြောင့် သင်ကြားရေးနှင့် အလုပ်အကိုင်များတွင် အခက်အခဲရှိလာခြင်း
  • အသက်အရွယ် – ဆယ်ကျော်သက်အရွယ်အထိ ဆက်ဖြစ်နေခြင်း သို့မဟုတ် အရွယ်ရောက်ပြီးမှ စတင်ဖြစ်လာခြင်း
  • ဖြစ်စဉ်ဖြစ်ပွါးနေစဉ်အတွင်း ဗီဒီယိုရိုက်ထားနိုင်ပါက ဆရာဝန်မှ ရောဂါရှာဖွေရာတွင် များစွာအထောက်အကူပြုနိုင်သည်။
ရောဂါရှာဖွေခြင်း

ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းများဖြင့် Night Terrors ဟုတ်မဟုတ်ကို အလွယ်တကူ သိရှိနိုင်သဖြင့် သီးခြားစစ်ဆေးမှုများ ပြုလုပ်ရန် များသောအားဖြင့် မလိုအပ်ပါ။

သို့သော် အခြားသော ရောဂါအခံများကို ခွဲခြားရန် လိုအပ်ပါက အောက်ပါတို့ကို ပြုလုပ်နိုင်သည်။

  • အိပ်စက်ခြင်းဆိုင်ရာ စစ်ဆေးမှု (Sleep Study or Polysomnography)
    အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (Sleep Apnea) ကဲ့သို့သော ပြဿနာများရှိသည်ဟု သံသယရှိပါက အိပ်ပျော်နေစဉ်အတွင်း ဦးနှောက်လှိုင်း၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနှင့် သွေးတွင်းအောက်ဆီဂျင်တို့ကို စက်ဖြင့် တိုင်းတာစစ်ဆေးခြင်းဖြစ်သည်။
  • ဦးနှောက်လှိုင်းပုံဖော်ခြင်း (Electroencephalogram – EEG)
    အိပ်ပျော်နေစဉ် ထိတ်လန့်ခြင်းသည် အတက်ရောဂါ (Seizure) ကြောင့် ဟုတ်မဟုတ် သေချာစေရန် ဦးနှောက်၏ လျှပ်စစ်လှိုင်းများကို စစ်ဆေးခြင်းဖြစ်သည်။
ကုသခြင်း

ကလေးများတွင် ဖြစ်ပွါးသော ညအိပ်နေစဉ် ရုတ်တရက် ထိတ်လန့်ခြင်းများသည် ဆယ်ကျော်သက်အရွယ်ရောက်လျှင် အလိုအလျောက် ပျောက်ကင်းသွားလေ့ရှိသဖြင့် ရံဖန်ရံခါဖြစ်သော ဖြစ်စဉ်များအတွက် အထူးတလည် ကုသမှုပေးရန် မလိုအပ်ပါ။ သို့သော် ဖြစ်စဉ်ကြောင့် ဘေးအန္တရာယ် ဖြစ်နိုင်ခြင်း၊ အိပ်စက်မှုကို အလွန်အမင်း အနှောင့်အယှက်ဖြစ်စေခြင်းနှင့် မကြာခဏဖြစ်ခြင်းတို့ရှိပါက အောက်ပါအတိုင်း ကုသနိုင်သည်။

  1. လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ
    • အိပ်စက်ချိန် လုံလောက်ပါစေ
      • အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းသည် ဖြစ်စဉ်ကို ပိုဆိုးစေနိုင်သဖြင့် ပုံမှန်အိပ်ချိန်ဇယား (Sleep schedule) ထားရှိရန်နှင့် လိုအပ်ပါက နေ့ဘက်တွင် တစ်ရေးတစ်မော အိပ်စက်စေရန် ပြုလုပ်ပေးသင့်သည်
    • စိတ်အေးချမ်းစေမည့် အလေ့အကျင့်
      • အိပ်ရာမဝင်မီ စာဖတ်ခြင်း၊ ရေနွေးနွေးဖြင့် ရေချိုးခြင်းကဲ့သို့ စိတ်ငြိမ်စေမည့် အလေ့အကျင့်များ ပြုလုပ်ပေးပါ
      • ကဖိန်းဓာတ် (Caffeine) ပါသော လက်ဖက်ရည်၊ ကော်ဖီတို့ကို ရှောင်ကြဉ်ပါ
    • ဘေးကင်းသော ပတ်ဝန်းကျင်ဖြစ်စေခြင်း
      • ထိခိုက်ဒဏ်ရာ မရစေရန် ပြတင်းပေါက်နှင့် တံခါးများကို သေချာစွာ ပိတ်ထားပါ
      • လှေကားတွင် အကာအရံ တပ်ဆင်ပါ
      • ကြမ်းပြင်ရှိ ခလုတ်တိုက်နိုင်သော ပစ္စည်းများကို ဖယ်ရှားပါ
      • နှစ်ထပ်ခုတင်များ အသုံးမပြုပါနှင့်။
    • ကလေးကို နှစ်သိမ့်ပေးခြင်း
      • ဖြစ်စဉ်ဖြစ်နေစဉ်အတွင်း ကလေးကို အတင်းအကျပ် နှိုးရန်မလိုပါ၊ နှိုးလိုက်ပါက ပို၍ ကယောင်ချောက်ချား ဖြစ်တတ်သောကြောင့်ဖြစ်သည်
      • ကလေးကို ဘေးကင်းအောင်သာ ဂရုစိုက်ပြီး တည်ငြိမ်စွာ ပွေ့ဖက်ထားပေးပါ
      • စကားကို ညင်သာစွာ ပြောဆိုပါ
  2. ဖြစ်စေသည့်အခြေအနေများကို ကုသခြင်း
    • စိတ်ဖိစီးမှု သို့မဟုတ် အခြားအိပ်စက်ခြင်းဆိုင်ရာ ရောဂါအခံများ (ဥပမာ – Sleep Apnea) ရှိပါက ထိုရောဂါများကို ကုသမှုပေးရမည်
    • လိုအပ်ပါက စိတ်ပညာရှင် သို့မဟုတ် စိတ်ကျန်းမာရေး အထူးကုဆရာဝန်နှင့် တိုင်ပင်၍ စိတ်အပန်းဖြေခြင်း၊ အိပ်မွေ့ချခြင်း (Hypnosis) စသည်တို့ ပြုလုပ်နိုင်သည်
  3. ဆေးဝါးများ (Medicines)
    • ကလေးအများစုတွင် ဆေးဝါးသုံးရန် မလိုအပ်ပါ၊ သို့သော် အခြေအနေ အလွန်ပြင်းထန်ပါက ဆရာဝန်ညွှန်ကြားချက်ဖြင့် အိပ်ဆေးအချို့ သုံးစွဲနိုင်သည်
  4. အိပ်စက်နေရာမှ ကြို၍နှိုးခြင်း (Anticipatory Awakening)
    • ဖြစ်စဉ်သည် ညတိုင်းနီးပါး အချိန်မှန်ဖြစ်နေပါက ဖြစ်လေ့ရှိသော အချိန်မတိုင်မီ (၁၅) မိနစ်ခန့် ကြို၍ ကလေးကို နှိုးကြည့်နိုင်သည်၊ ကလေးပြန်လည် အိပ်ပျော်သွားသည်အထိ (၅) မိနစ်ခန့် နှိုးထားခြင်းဖြင့် ညဘက်ထိတ်လန့်ခြင်းကို တားဆီးနိုင်သည်
ကာကွယ်ခြင်း

ညဘက်ရုတ်တရက် ထိတ်လန့်ခြင်းကို လုံးဝမဖြစ်အောင် ကာကွယ်နိုင်သည့် နည်းလမ်းအတိအကျ မရှိသော်လည်း ကောင်းမွန်သော အိပ်စက်မှုအလေ့အထများကို ဖန်တီးပေးခြင်းဖြင့် ဖြစ်ပွါးသည့် အကြိမ်အရေအတွက်ကို ထိရောက်စွာ လျှော့ချနိုင်သည်။

  • ပုံမှန်အိပ်စက်မှုဇယား (Sleep Schedule)
    အသက်အရွယ်အလိုက် လုံလောက်သော အိပ်စက်ချိန် ရရှိစေရန်နှင့် နေ့စဉ် အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်များကို ပုံမှန်ဖြစ်စေရန် ပြုလုပ်ပေးပါ။
  • အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေသော အရာများ ရှောင်ကြဉ်ပါ
    အိပ်ရာမဝင်မီ ကဖိန်းဓာတ် (Caffeine) ပါသော လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်များ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ၊ ဆယ်ကျော်သက်လူငယ်များအနေဖြင့်လည်း အိပ်ရာမဝင်မီ အရက်သောက်ခြင်းကို ရှောင်ကြဥ်သင့်သည်။
  • အိပ်စက်ရန် သင့်လျော်သော ပတ်ဝန်းကျင်
    အိပ်ခန်းကို တိတ်ဆိတ်ငြိမ်သက်စေပြီး အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်သည့် အလင်းရောင်စူးစူးများနှင့် ဆူညံသံများကို ဖယ်ရှားပေးပါ။
  • နောက်ခံရောဂါများကို ကုသပါ
    အိပ်စက်မှုကို ထိခိုက်စေသည့် ရောဂါအခံများရှိပါက ကုသမှုခံယူပါ [ဥပမာ – အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့် အသက်ရှူရပ်ခြင်း (Obstructive Sleep Apnea)]။
  • ဘေးကင်းလုံခြုံမှုရှိစေရန် ပြင်ဆင်ပါ
    ညဘက် ထိတ်လန့်စဉ်အတွင်း ကလေး ထိခိုက်ဒဏ်ရာ မရရှိစေရန် အိပ်ရာပတ်ဝန်းကျင်ရှိ အန္တရာယ်ရှိသော ပစ္စည်းများကို ဖယ်ရှားထားပါ။

References:

  1. Cleveland Clinic. (n.d.). Night terrors. Retrieved February 4, 2026, from https://my.clevelandclinic.org/health/diseases/night-terrors
  2. Centre for Sleep. (n.d.). What are night terrors? Retrieved February 4, 2026, from https://centreforsleep.com/what-are-night-terrors/
  3. Mayo Clinic. (n.d.). Sleep terrors: Diagnosis and treatment. Retrieved February 4, 2026, from https://www.mayoclinic.org/diseases-conditions/sleep-terrors/diagnosis-treatment/drc-20353529
  4. National Center for Biotechnology Information. (n.d.). Night terrors. In StatPearls. Retrieved February 4, 2026, from https://www.ncbi.nlm.nih.gov/books/NBK493222/
  5. Sleep Foundation. (n.d.). Night terrors. Retrieved February 4, 2026, from https://www.sleepfoundation.org/parasomnias/night-terrors

Published: 25 February 2026

Share

25 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.