Cholesteatoma (နားအလယ်ပိုင်းတွင်ဖြစ်သော အလုံးအကျိတ်)

Cholesteatoma (နားအလယ်ပိုင်းတွင်ဖြစ်သော အလုံးအကျိတ်)

Cholesteatoma ဆိုသည်မှာ နားအလယ်ပိုင်းအခန်းအတွင်းရှိ နားစည်မြှေး၏ အနောက်ဘက်တွင် ကပ်၍ ဖြစ်ပေါ်လာသော ပုံမှန်မဟုတ်သည့် အလုံးအကျိတ်တစ်မျိုးဖြစ်သည်။ ၎င်းသည် နားအတွင်းရှိ အရေပြားဆဲလ်အသေများနှင့် နားဖာချေးများ နားစည်မြှေးနောက်တွင် တဖြည်းဖြည်း စုပုံလာခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

ရောဂါ၏ သဘောသဘာဝ
  • အရေပြားဆဲလ်အသေများ စုပုံလာရာမှ ပုလဲလုံးနှင့်တူသော အကျိတ် သို့မဟုတ် အရည်အိတ်ပုံစံ အလုံးဖြစ်ပေါ်လာသည်
  • ၎င်းအကျိတ်သည် နားစည်မြှေးနောက်တွင်သာမက တစ်ခါတစ်ရံ နားအလယ်ပိုင်းအတွင်းရှိ အရိုးငယ် (၃) ခုအတွင်း၌လည်း တွေ့ရတတ်သည်
  • မွေးရာပါအကျိတ်အနေနှင့် တွေ့ရှိနိုင်သော်လည်း အလွန်ရှားပါးပြီး အများအားဖြင့် နာတာရှည် နားပိုးဝင်ခြင်းများကြောင့်သာ ဖြစ်ပွါးလေ့ရှိသည်
  • အကျိတ်သည် တဖြည်းဖြည်း အရွယ်အစား ကြီးမားလာပါက ပိုးဝင်နိုင်ခြေ များလာသည့်အပြင် နောက်ဆက်တွဲပြဿနာများအနေဖြင့် အကြားအာရုံဆုံးရှုံးခြင်းနှင့် မူးဝေခြင်းတို့ကို ဖြစ်စေနိုင်သည့်အတွက် ၎င်းအကျိတ်ကို ခွဲစိတ်ဖယ်ရှားရန် လိုအပ်သည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

Cholesteatoma ဖြစ်ပွါးရခြင်း၏ အဓိကအကြောင်းရင်းမှာ နားအလယ်ပိုင်းနှင့် နှာခေါင်းအနောက်ဘက် (Nasopharynx) ကို ဆက်သွယ်ပေးထားသော Eustachian tube ပြွန်၏ လုပ်ဆောင်ချက် ပုံမမှန်ခြင်းကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုပြွန်သည် နားအလယ်ပိုင်းအတွင်းရှိ လေဖိအားကို ထိန်းညှိပေးခြင်း၊ လေကောင်းလေသန့် ရရှိစေခြင်းနှင့် အရည်များကို စီးဆင်းစေခြင်းတို့ကို ဆောင်ရွက်ပေးသော်လည်း အကြောင်းတစ်ခုခုကြောင့် ပြွန်ပိတ်ဆို့ခြင်း သို့မဟုတ် အလုပ်မလုပ်ခြင်းတို့ ဖြစ်ပေါ်ပါက နားအလယ်ပိုင်းသို့ လေဝင်လေထွက် မရရှိနိုင်တော့ပေ။ ထိုအခါ နားအတွင်း၌ အနှုတ်ဖိအား (Negative pressure) ဖြစ်ပေါ်လာပြီး အားနည်းနေသော နားစည်ကို အတွင်းဘက်သို့ ကျုံ့ဝင်သွားစေသည်။ ထိုသို့ နားစည်ကျုံ့ဝင်ရာမှ နားစည်အနောက်ဘက်တွင် အိတ်ကပ်သဏ္ဌာန် ချိုင့်ခွက်နေရာလေးတစ်ခု ဖြစ်ပေါ်လာပြီး ၎င်းနေရာ၌ အရေပြားဆဲလ်အသေများနှင့် နားဖာချေးများ စုဆောင်းမိကာ အကျိတ်အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။

ပိုမိုဆိုးရွားစေသည့် အခြေအနေများ
  • ရာသီအလိုက် ဓာတ်မတည့်မှုများ (Seasonal allergies) ဖြစ်ခြင်း
  • အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း (Upper respiratory infections)
  • ရာသီတုပ်ကွေးကြောင့် ချောင်းဆိုးခြင်း၊ အအေးမိခြင်း
  • နှာခေါင်းနှင့် မျက်နှာရှိ လေအိတ်များ ရောင်ခြင်း (Sinusitis)

အထက်ပါ အခြေအနေများသည် Eustachian tube ပြွန်၏ လုပ်ဆောင်ချက်များကို ပို၍ ထိခိုက်စေသည်။

ရောဂါလက္ခဏာများ

Cholesteatoma ၏ ရောဂါလက္ခဏာများသည် မွေးရာပါဖြစ်ခြင်း သို့မဟုတ် နောက်မှဖြစ်ပေါ်လာခြင်း စသည့်အချက်များအပေါ် မူတည်၍ ကွဲပြားနိုင်သည်။ မွေးရာပါ အလုံးအကျိတ်များသည် အများအားဖြင့် အသက်ကြီးလာသည်အထိ လက္ခဏာပြလေ့မရှိဘဲ ကလေးငယ်အား ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်စဉ်တွင်မှ ရှာဖွေတွေ့ရှိတတ်သည်။

အဖြစ်များသော လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • နားအတွင်းမှ အနံ့ဆိုးရှိသော အရည်များ သို့မဟုတ် ပြည်ကဲ့သို့ အရည်များ စီးကျခြင်း
  • နားအတွင်း ဖိအားတစ်ခုခု ခံစားရခြင်း သို့မဟုတ် ပြည့်ကျပ်နေသကဲ့သို့ ခံစားရခြင်း
  • နားကိုက်ခြင်းနှင့် နာကျင်ခြင်း
  • နားပိုးဝင်ခြင်းများ ထပ်ခါတလဲလဲ ဖြစ်ပွါးခြင်း
  • မူးဝေခြင်းနှင့် နားအူခြင်း
  • အကြားအာရုံ အားနည်းလာခြင်း သို့မဟုတ် ဆုံးရှုံးခြင်း
  • ရောဂါပိုးဝင်သော နားဘက်ခြမ်းရှိ မျက်နှာကြွက်သားများ အားနည်းလာခြင်း
နောက်ဆက်တွဲပြဿနာများ

Cholesteatoma သည် အချိန်ကြာလာသည်နှင့်အမျှ အရွယ်အစား ကြီးမားလာနိုင်ပြီး သင့်တော်သော ကုသမှုမရှိပါက အောက်ပါပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • နားပိုးဝင်ခြင်းများ အကြိမ်ကြိမ် ထပ်ခါတလဲလဲ ဖြစ်ခြင်း
  • အကြားအာရုံ လုံးဝဆုံးရှုံးသွားခြင်း
  • နားအတွင်းရှိ အကြားအာရုံနှင့်ဆိုင်သော အရိုးငယ် (၃) ခုကို တိုက်စားပျက်စီးစေရုံသာမက နားအနောက်ဘက်ရှိ ဦးခွံရိုး (Mastoid bone) အထိ ပျံ့နှံ့သွားခြင်း
  • ရောဂါပိုးသည် ဦးနှောက်အတွင်းအထိ ကူးစက်ပျံ့နှံ့သွားပါက ဦးနှောက်နှင့် အာရုံကြောစနစ်တွင် အောက်ပါ ဆိုးကျိုးများကို ဖြစ်စေနိုင်သည်
    • ဦးနှောက်အမြှေးရောင်ခြင်း (Meningitis)
    • ဦးနှောက်အတွင်း ပြည်တည်နာများ ဖြစ်ခြင်း (Brain abscess)
    • မျက်နှာအာရုံကြော ထိခိုက်မှုကြောင့် မျက်နှာကြွက်သားများ အကြောသေခြင်း
    • ဟန်ချက်မထိန်းနိုင်ဘဲ ချာချာလည် မူးဝေခြင်း (Vertigo)
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ဦးစွာပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်သည် ရောဂါရာဇဝင် မေးမြန်းခြင်း၊ နားကို အသေးစိတ် စမ်းသပ်စစ်ဆေးခြင်း၊ လိုအပ်သော ပုံရိပ်ဖော်စစ်ဆေးမှုများ ညွှန်းဆိုခြင်းတို့ဖြင့် ရောဂါရှာဖွေဖော်ထုတ်ပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ခြင်း သို့မဟုတ် လွှဲပြောင်းကုသပေးခြင်းများ စနစ်တကျ ဆောင်ရွက်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

မိသားစုဆရာဝန်သည် နားမကြာခဏ ပိုးဝင်ခြင်း ရှိမရှိ အပါအဝင် ရောဂါရာဇဝင်များကို မေးမြန်းစစ်ဆေးပြီးနောက် နားအတွင်းကြည့်ကိရိယာ (Otoscope) ကို အသုံးပြု၍ နားစည်မြှေးနှင့် နားအတွင်း အခြေအနေများကို ကြည့်ရှုစစ်ဆေးလိမ့်မည်။ အကယ်၍ Cholesteatoma ရှိသည်ဟု သံသယရှိပါက သို့မဟုတ် တွေ့ရှိပါက နား၊ နှာခေါင်း၊ လည်ချောင်း (ENT) အထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။

နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်မှ အောက်ပါစမ်းသပ်မှုများကို လိုအပ်သလို ဆက်လက်ပြုလုပ်နိုင်သည်။

  • ခေတ်မီနားကြည့်မှန်ပြောင်း သို့မဟုတ် မှန်ဘီလူး (Microscope) ကို အသုံးပြု၍ နားအတွင်းပိုင်းကို အနီးကပ် ပိုမိုတိကျစွာ စမ်းသပ်ခြင်း (Microscopic/Endoscopic Ear Examination)
  • ကွန်ပျူတာဓာတ်မှန် (CT scan) – နားအတွင်းရှိ အရိုးငယ်များ ထိခိုက်ပျက်စီးခြင်း ရှိမရှိနှင့် အကျိတ်ပျံ့နှံ့မှု အခြေအနေကို သိရှိရန် ရိုက်ကူးခြင်း
  • Diffusion-Weighted MRI (DW-MRI) – ၎င်းသည် နောက်ဆုံးပေါ် နည်းပညာဖြစ်ပြီး CT scan ထက် ပိုမိုတိကျကာ အကျိတ်နှင့် အခြားအရည်ကြည်အိတ်များကို ခွဲခြားသိရှိနိုင်ရန်နှင့် ခွဲစိတ်ပြီးနောက် အကျိတ် ကျန်မကျန် စစ်ဆေးရန် အသုံးပြုခြင်း
  • အကြားအာရုံ စစ်ဆေးမှုများ (Audiometry) – အကျိတ်ကြောင့် အကြားအာရုံ မည်မျှထိခိုက်သွားသည်ကို သိရှိရန် Audiogram ရိုက်ခြင်း
  • နားစည်အတွင်း ဖိအားတိုင်းခြင်း (Tympanometry) – နားစည်၏ လှုပ်ရှားမှုနှင့် နားအလယ်ခန်းအတွင်း ဖိအားအခြေအနေကို စစ်ဆေးခြင်း
  • Vestibular Testing – လူနာတွင် မူးဝေခြင်း (Vertigo) လက္ခဏာရှိပါက အတွင်းနားရှိ ဟန်ချက်ထိန်းစနစ် မည်မျှထိခိုက်နေသည်ကို သိရှိရန် စစ်ဆေးခြင်း
ကုသခြင်း

ကုသမှုများသည် ဖြစ်ပွါးရသည့် အကြောင်းရင်းနှင့် ရောဂါလက္ခဏာများပေါ် မူတည်သော်လည်း ၎င်းအကျိတ်ကို အပြီးတိုင်ဖယ်ရှားရန်အတွက် ခွဲစိတ်ကုသမှု လိုအပ်သည်။ နားအနောက်ရှိ ဦးခွံရိုးမှတစ်ဆင့် ခွဲစိတ်ခြင်း (Mastoidectomy) နှင့် နားစည်မြှေးကို ပြန်လည်အစားထိုး ခွဲစိတ်ခြင်း (Tympanoplasty) တို့သည် Cholesteatoma ကို ဖယ်ရှားရန် အဓိကပြုလုပ်လေ့ရှိသော ကုသမှုများဖြစ်သည်။ အဆိုပါ ခွဲစိတ်မှုများကို ယေဘုယျအားဖြင့် ဆေးရုံတက်ရန် မလိုအပ်ဘဲ ပြင်ပလူနာအဖြစ် လုပ်ဆောင်နိုင်သော်လည်း အချို့လူနာများတွင် တစ်ညတာခန့် ဆေးရုံတက်ရန် လိုအပ်နိုင်သည်။ ရှားပါးသည့် ပြင်းထန်အခြေအနေများတွင် ပဋိဇီဝပိုးသတ်ဆေးဖြင့် ကုသရန်အတွက် အချိန်ကြာမြင့်စွာ ဆေးရုံတက်ရောက်ရန် လိုအပ်နိုင်သည်။

ခွဲစိတ်မှုမခံယူမီ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်မှ လူနာအား နားကိုကိုယ်တိုင် စနစ်တကျ သန့်ရှင်းရေးလုပ်တတ်ရန် သင်ကြားပေးပြီး နားမှအရည်ထွက်ခြင်းကို ရပ်တန့်စေရန် ဆေးဝါးများ ညွှန်းပေးနိုင်သည်။ ပဋိဇီဝပိုးသတ်ဆေးများကို သောက်ဆေး သို့မဟုတ် နားတွင်းထည့် အစက်ချဆေး (Topical antibiotics) ပုံစံဖြင့် အသုံးပြုရတတ်သည်။ ကုသမှုခံယူနေစဉ်တစ်လျှောက် နားအတွင်းသို့ ရေမဝင်အောင် ဂရုစိုက်ရန် အထူးလိုအပ်သည်။

ခွဲစိတ်မှုအမျိုးအစားသည် နား၏ မည်သည့်အစိတ်အပိုင်းတွင် အကျိတ်ရှိနေသည်ကို မူတည်၍ ကွဲပြားနိုင်သည်။ အကျိတ်ကို အများအားဖြင့် နားစစ်ဆေးချိန်တွင် ရှင်းလင်းစွာ မြင်နိုင်သော်လည်း တည်နေရာကို အသေးစိတ်သိရှိရန် ကွန်ပျူတာဓာတ်မှန် (CT scan) ကဲ့သို့သော ပုံရိပ်ဖော် စစ်ဆေးမှုများဖြင့် ရှာဖွေရတတ်သည်။

ခွဲစိတ်ကုသခြင်း

ခွဲစိတ်မှု၏ အဓိကရည်ရွယ်ချက်မှာ အကျိတ်ကို ဖယ်ရှားရန်၊ ပိုးဝင်ခြင်းကို ရှင်းလင်းရန်နှင့် ခြောက်သွေ့ ၍ ပိုးအန္တရာယ်မရှိသော နားအတွင်းပိုင်းကို ထိန်းသိမ်းရန်ဖြစ်သည်။ ခွဲစိတ်မှုတွင် အကျိတ်ကို ဖယ်ရှားခြင်းအပြင် နားစည်မြှေးနှင့် နားအတွင်းရှိ အရိုးငယ် (၃) ခုကို ပြန်လည်တည်ဆောက်ခြင်း၊ နားအနောက်ရှိ ဦးခွံရိုးတစ်စိတ်တစ်ပိုင်းကို ဖယ်ရှားခြင်းတို့ ပါဝင်သည်။ တစ်ခါတစ်ရံ ထိုလုပ်ဆောင်မှုများအတွက် ဒုတိယအကြိမ် ခွဲစိတ်မှု လိုအပ်တတ်ပြီး ပထမအကြိမ်ခွဲစိတ်မှုအပြီး (၆ – ၁၂) လအကြာတွင် ပြုလုပ်လေ့ရှိသည်။

ခွဲစိတ်ပြီးနောက် မူးဝေခြင်း သို့မဟုတ် မျက်နှာအာရုံကြောကြွက်သားများ အားနည်းခြင်းကို ခေတ္တဖြစ်ပေါ်စေနိုင်သော်လည်း ပြန်လည်သက်သာသွားလေ့ရှိသည်။ ပုံမှန်အားဖြင့် ခွဲစိတ်ပြီး တစ်ပတ်မှ နှစ်ပတ်ခန့်အကြာတွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်သည်။

ခေတ်မီခွဲစိတ်မှု နည်းပညာသစ်များ
  • Endoscopic Ear Surgery (EES) – ယခင်ကကဲ့သို့ နားအနောက်ဘက်တွင် ဒဏ်ရာကြီးမားစွာ ခွဲစိတ်စရာမလိုဘဲ နားပေါက်မှတစ်ဆင့် ခေတ်မီမှန်ပြောင်းအသုံးပြုကာ အကျိတ်ကို တိကျစွာ ဖယ်ရှားနိုင်ခြင်း
  • Laser-assisted surgery – နားအတွင်းရှိ အလွန်နူးညံ့သော အရိုးငယ်များအနီးရှိ အကျိတ်များကို ဖယ်ရှားရာတွင် လေဆာနည်းပညာကို အသုံးပြု၍ ပိုမိုဘေးကင်းစေခြင်း
  • Ossicular Chain Reconstruction – ပျက်စီးသွားသော အရိုးငယ်များနေရာတွင် တိုက်တေနီယမ် (Titanium) အစားထိုးပစ္စည်းများ အသုံးပြု၍ အကြားအာရုံကို ပြန်လည်မြှင့်တင်ပေးခြင်း

ခွဲစိတ်ပြီးနောက် အောက်ပါလက္ခဏာများ ခံစားရပါက ခွဲစိတ်ဆရာဝန်ထံ ချက်ချင်း ဆက်သွယ်သင့်သည်။

  • နားမှ သွေးထွက်ခြင်း သို့မဟုတ် အရည်စီးကျခြင်း
  • နားအလွန်အမင်း ကိုက်ခြင်း
  • (၃၈) ဒီဂရီစင်တီဂရိတ်နှင့်အထက် ကိုယ်ပူဖျားခြင်း
ကာကွယ်ခြင်း

မွေးရာပါအကျိတ်ကို ကြိုတင်ကာကွယ်၍ မရနိုင်သော်လည်း ဖြစ်ပွါးနိုင်ခြေ လျှော့ချရန် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်။

  • နားကို နာတာရှည် ရောဂါပိုးဝင်ခြင်း သို့မဟုတ် နားစည်ပေါက်ပြဲနိုင်သော အခြေအနေများ မဖြစ်စေရန် ဂရုပြုခြင်း
  • မကြာခဏ နားပိုးဝင်ခြင်း၊ နားပြည်ယိုခြင်းများ ခံစားရပါက သက်ဆိုင်ရာ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နှင့် ပြသတိုင်ပင်ခြင်း
  • နားတွင်းသို့ ဂွမ်းတံ သို့မဟုတ် မာကျောသော ပစ္စည်းများဖြင့် ကလော်ခြင်းကို ရှောင်ကြဉ်ခြင်း
  • အအေးမိခြင်း သို့မဟုတ် ဓာတ်မတည့်မှုကြောင့် နှာပိတ်ခြင်းများကို အမြန်ဆုံး ကုသခြင်းဖြင့် Eustachian tube ပိတ်ဆို့မှုကို ကာကွယ်ခြင်းတို့ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Cholesteatoma. Retrieved October 29, 2025, from https://my.clevelandclinic.org/health/diseases/21535-cholesteatoma
  2. National Health Service. (n.d.). Cholesteatoma. Retrieved October 29, 2025, from https://www.nhs.uk/conditions/cholesteatoma/
  3. American Academy of Otolaryngology–Head and Neck Surgery. (n.d.). Cholesteatoma. Retrieved October 29, 2025, from https://www.enthealth.org/conditions/cholesteatoma/
  4. Healthline. (n.d.). Cholesteatoma. Retrieved October 29, 2025, from https://www.healthline.com/health/cholesteatoma
  5. Kuo, C. L., Shiao, A. S., Liao, W. H., Ho, C. Y., & Chou, C. H. (2012). How to predict the recurrence of cholesteatoma? A 27-year experience with more than 900 cases. Otology & Neurotology, 33(5), 818–824.
  6. Lingam, R. K., & Singh, A. (2017). Diffusion-weighted magnetic resonance imaging in the diagnosis of cholesteatoma. Current Opinion in Otolaryngology & Head and Neck Surgery, 25(5), 374–379.
  7. Hunter, J. B., & Rivas, A. (2016). Endoscopic ear surgery: Indications, techniques, and future directions. Otolaryngologic Clinics of North America, 49(5), 1091–1104.
  8. Rosito, L. P., Canali, I., Teixeira, V., & da Costa, S. S. (2015). Ossicular chain reconstruction in cholesteatoma surgery. American Journal of Otolaryngology, 36(5), 611–615.
  9. Cohen, M. S. (2018). Updates in the management of pediatric cholesteatoma. Current Opinion in Otolaryngology & Head and Neck Surgery, 26(6), 414–419.

Published: 23 January 2026

Share

23 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Oesophageal varices (အစာရေမျိုပြွန် သွေးကြောထုံးများ)
Jan 29, 2026
Diseases and Conditions

Oesophageal varices (အစာရေမျိုပြွန် သွေးကြောထုံးများ)

အစာရေမျိုပြွန် သွေးကြောထုံးခြင်းသည် အသည်းခြောက်ခြင်း၏ ပြင်းထန်သော...

Carpal Tunnel Syndrome (လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း)
Jan 29, 2026
Diseases and Conditions

Carpal Tunnel Syndrome (လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း)

လက်ကောက်ဝတ်အတွင်းရှိ အာရုံကြောသွားရာလမ်းကြောင်းအတွင်း...

Sensitive Teeth (သွားကျဥ်ခြင်း)
Jan 28, 2026
Diseases and Conditions

Sensitive Teeth (သွားကျဥ်ခြင်း)

သွားကျဥ်ခြင်းဝေဒနာသည် သွား၏အကာအကွယ် ကြွေလွှာ ပါးလွှာခြင်းကြောင့်...