Tinnitus and Vertigo (နားအူခြင်းနှင့် ချာချာလည်မူးခြင်း)

Tinnitus and Vertigo (နားအူခြင်းနှင့် ချာချာလည်မူးခြင်း)

နားအူခြင်း (Tinnitus) သည် အတွေ့ရများသော ပြဿနာတစ်ခုဖြစ်ပြီး မိမိ၏နားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် တဝီဝီမြည်နေခြင်း သို့မဟုတ် အခြားဆူညံသံများအား ကြားနေရခြင်းဖြစ်သည်။

ချာချာလည်မူးခြင်း (Vertigo) ဆိုသည်မှာ ဘေးပတ်ဝန်းကျင်သည် စက်ဝိုင်းပုံသဏ္ဌာန်လည်နေခြင်း သို့မဟုတ် တိမ်းစောင်းနေခြင်းကဲ့သို့ ခံစားမှုတစ်ခုဖြစ်သည်။ ဟန်ချက်မထိန်းနိုင်ဖြစ်စေပြီး ပျို့အန်ခြင်းနှင့်ပါတွဲ၍ ခံစားရနိုင်သည်။

အချို့သူများတွင် အဆိုပါဖြစ်စဥ်များကြောင့် နေ့စဥ်လူနေမှုဘဝကို သိသိသာသာ ထိခိုက်စေနိုင်သည်။ ယေဘုယျအားဖြင့် ဖြစ်စေသည့်အကြောင်းရင်းများ မတူညီသော်လည်း တစ်ခါတစ်ရံတွင် အတွင်းနားပိုင်းဆိုင်ရာ ရောဂါအခြေအနေများကြောင့် နားအူခြင်းနှင့် ချာချာလည်မူးခြင်း နှစ်မျိုးလုံးကို ဖြစ်စေသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
နားအူရခြင်းအကြောင်းရင်းများ

နားအူခြင်းသည် ရောဂါတစ်ခုမဟုတ်ဘဲ နားရောဂါအခြေအနေတစ်ခုခု၏ လက္ခဏာတစ်ခုဖြစ်သည်။ အောက်ပါအကြောင်းရင်းများကြောင့် အဖြစ်များသည်။

  • အကြားအာရုံ ဆုံးရှုံးခြင်း
    • သေးငယ်နူးညံ့သည့် အမွေးအမှင်ဆဲလ်များသည် ခရုပတ်ခွေ ပုံသဏ္ဌာန်ရှိသော အတွင်းနားအစိတ်အပိုင်း (Cochlea) တွင်ရှိသည်
    • အဆိုပါဆဲလ်များသည် အသံလှိုင်းများ လက်ခံရရှိသောအခါ ထိုအမွေးအမှင်များ လှုပ်ရှားမှုဖြစ်ပေါ်ကာ ဦးနှောက်သို့ လျှပ်စစ်အချက်ပြချက်အနေဖြင့် ပြောင်းလဲပို့ဆောင်သည်
    • အသက်ကြီးသူများ သို့မဟုတ် ကျယ်လောင်သောဆူညံသံများကို နေ့စဥ်ကြားနေရသူများတွင် အသံလှိုင်းများ သယ်ဆောင်ပေးသည့် အမွေးအမှင်ဆဲလ်များ ပျက်စီးသွားသောကြောင့် နားအူနိုင်သည်
  • နားပိုးဝင်ခြင်း၊ နားလမ်းကြောင်းပိတ်ခြင်း
    • နားလမ်းကြောင်းတစ်လျှောက်တွင် ပိုးဝင်ခြင်းကြောင့် အရည်များစုလာခြင်း၊ နားဖာချေးပိတ်ခြင်း၊ အမှုန်များနှင့် ပြင်ပမှအရာဝတ္ထုများ ဝင်ရောက်ခြင်းကြောင့် နားလမ်းကြောင်းပိတ်သွားနိုင်သည်
    • ထို့သို့ပိတ်ခြင်းကြောင့် နားအတွင်းဖိအားပြောင်းလဲမှုဖြစ်ပြီး နားအူခြင်း ဖြစ်စေသည်
  • ဦးခေါင်း သို့မဟုတ် လည်ပင်းတွင် ဒဏ်ရာရခြင်း
    • ဦးခေါင်း သို့မဟုတ် လည်ပင်းထိခိုက်ဒဏ်ရာကြောင့် အတွင်းနားထိခိုက်ခြင်း၊ အကြားအာရုံနှင့် ဆိုင်သောအာရုံကြောများနှင့် အသံနှင့် သက်ဆိုင်သည့် ဦးနှောက်၏ လုပ်ဆောင်မှုများအား ထိခိုက်ခြင်းတို့ ဖြစ်ပေါ်စေသည်
    • ယေဘုယျအားဖြင့် ထိခိုက်သည့်နားတစ်ဖက်တွင်သာ နားအူခြင်းဖြစ်စေသည်
  • ဆေးဝါးများ
    • အကိုက်အခဲပျောက်ဆေးများ၊ အချို့သောပဋိဇီဝပိုးသတ်ဆေးများ၊ ကင်ဆာဆေးများ၊ ဆီးဆေးများ၊ ငှက်ဖျားပျောက်ဆေးများနှင့် စိတ်ကျရောဂါဆေးများကြောင့် နားအူစေသည် သို့မဟုတ် နားအူခြင်းကို ပို၍ဆိုးစေသည်
    • ယေဘုယျအားဖြင့် ဆေး၏ပမာဏများလေလေ နားအူခြင်းပိုဆိုးလေဖြစ်သည်
    • ဆေးများအားရပ်လိုက်သည်နှင့် သက်သာသွားတတ်သည်
  • အချို့သောရောဂါအခြေအနေများ
    • နားထင်မေးရိုးအံအဆစ်တွင် ပြဿနာရှိခြင်း၊ သွေးကြောကျဥ်းခြင်း၊ သွေးကြောပုံပျက်ခြင်း၊ ဆီးချိုရောဂါ၊ သိုင်းရွိုက်ရောဂါ၊ ကိုယ်ခံအား မူမမှန်တုံပြန်မှုနှင့်ဆိုင်သော ရောဂါများ စသည်တို့ဖြစ်သည်
ချာချာလည်မူးခြင်းအကြောင်းရင်းများ

ချာချာလည်မူးခြင်းသည် ဘေးပတ်ဝန်းကျင် စက်ဝိုင်းပုံလည်နေသကဲ့သို့ ခံစားရခြင်းဖြစ်ပြီး ဟန်ချက်မထိန်းနိုင်ခြင်းကိုပါ ဖြစ်စေသည်။ ချာချာလည်မူးခြင်းသည် နောက်ခံရောဂါများ၏ လက္ခဏာတစ်ခုဖြစ်ပြီး အခြားသောလက္ခဏာများနှင့်လည်း တွဲ၍ဖြစ်တတ်သည်။ ချာချာလည်မူးခြင်းအကြောင်းရင်းများကို_

  1. အတွင်းနားပြဿနာများ သို့မဟုတ် ဟန်ချက်ထိန်းညှိခြင်းနှင့် သက်ဆိုင်သည့် အာရုံကြောပြဿနာများကြောင့်ဖြစ်သော ချာချာလည်မူးခြင်း (Peripheral vertigo) နှင့်
  2. ဦးနှောက်တွင်းပြဿနာများကြောင့် ချာချာလည်မူးခြင်း (Central vertigo) ဟု အဓိကအမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။

အဖြစ်အများဆုံးအကြောင်းရင်းများမှာ_

  • ဦးခေါင်းလှုပ်ရှားမှုကြောင့် ရုတ်တရက်မူးဝေခြင်း (Benign Paroxysmal Positional Vertigo – BPPV)
    • အဖြစ်များသည့် အတွင်းနားဆိုင်ရာ ခေါင်းမူးရောဂါတစ်ခုဖြစ်သည်
    • နားအတွင်းပိုင်း အာရုံခံအစိတ်အပိုင်း (Utricle) တွင် Otoconia ဟုခေါ်သော သေးငယ်သည့် ကယ်လ်ဆီယမ်အမှုန်အမွှားများရှိသည်၊ ထိုအမှုန်များ အကြောင်းအမျိုးမျိုးကြောင့် မူလနေရာမှ ပြုတ်ထွက်ပြီး အတွင်းနားရှိ ခန္ဓာကိုယ်ဟန်ချက်ထိန်းသည့်နေရာတွင် စုစည်းသွားလျှင် မူးဝေခြင်းဖြစ်စေသည်
    • ဦးခေါင်းလှုပ်ရှားမှုပြုလုပ်တိုင်း ရုတ်တရက် ချာချာလည်အောင် မူးဝေလာတတ်သည်
    • BPPV သည် အကြောင်းရင်းမသိရှိဘဲ ဖြစ်ပွါးနိုင်ပြီး အသက်အရွယ်နှင့်လည်း ဆက်နွှယ်မှုရှိနိုင်သည်
  • ရောဂါပိုးဝင်ခြင်း
    ယေဘုယျအားဖြင့် အတွင်းနားတွင် ရေကျောက်၊ ဝက်သက်စသည့် ဗိုင်းရပ်စ်ရောဂါပိုးဝင်ခြင်းများနှင့် ဆက်စပ်မှုရှိသည်။ ထိုသို့အတွင်းနားတွင်းပိုးဝင်ခြင်းများကြောင့် အကြားအာရုံခံအင်္ဂါ အတွင်းသားရောင်ခြင်း (Labyrinthitis)၊ ဟန်ချက်ထိန်းညှိခြင်းနှင့် သက်ဆိုင်သည့် အာရုံကြောရောင်ခြင်း (Vestibular neuritis) တို့ဖြစ်နိုင်သည်။
  • ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)
    ထိုဖြစ်စဥ်တွင် ချာချာလည်မူးခြင်းသည် မိနစ်ပိုင်းမှ နာရီပိုင်းအထိ ကြာနိုင်သည်။
  • ဦးခေါင်း သို့မဟုတ် လည်ပင်းဒဏ်ရာရခြင်း
  • ဦးနှောက်အတွင်းရှိပြဿနာများ (ဥပမာ _ လေဖြတ်ခြင်း၊ ဦးနှောက်ပိုးဝင်ခြင်း)
  • ဆေးဝါးများ
    နားထိခိုက်ခြင်းကိုဖြစ်စေသော ဆေးဝါးများသုံးစွဲခြင်း (ဥပမာ _ အကိုက်အခဲပျောက်ဆေးများ၊ နှလုံးသွေးကြောဆိုင်ရာဆေးများ၊ အချို့သောပဋိဇီဝပိုးသတ်ဆေးများ)
  • အချို့သောရောဂါအခြေအနေများ (ဥပမာ _ ဆီးချိုရောဂါ၊ နှလုံးစည်းချက်မမှန်ခြင်း) စသည်တို့ကြောင့်ဖြစ်နိုင်သည်။

နားအူခြင်းနှင့် ချာချာလည်မူးခြင်းကို ဖြစ်စေသောအကြောင်းရင်းများတွင် အတွင်းနားနှင့် ဆက်စပ်အစိတ်အပိုင်းများသည် အဓိကဖြစ်သောကြောင့် အောက်ပါရောဂါအခြေအနေများတွင် နားအူခြင်းနှင့် ချာချာလည်မူးခြင်း နှစ်ခုလုံးဖြစ်စေသည်။

  • အတွင်းနားအတွင်း အရည်များ စုလာခြင်း (Meniere disease)
  • အကြားအာရုံခံအင်္ဂါ အတွင်းသားရောင်ခြင်း (Labyrinthitis)
  • အာရုံကြောအကျိတ်ဖြစ်ခြင်း (Acoustic Neuroma)
  • နားအတွင်းတွင် ပုံမှန်မဟုတ်သည့်အရိုးကြီးထွားခြင်း (Otosclerosis)
  • ခေါင်းတစ်ခြမ်းကိုက်ခြင်း
  • အချို့သောမျိုးဗီဇရောဂါများ (ဥပမာ – Usher ဆင်ဒရုန်း) စသည်တို့ဖြစ်သည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ
  • ဆူညံသံများနှင့် ထိတွေ့မှုများခြင်း (စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်သူများ၊ သီချင်းသံကျယ်လောင်စွာနားထောင်သူများ)
  • အသက်အရွယ်ကြီးသူများ၊ ယောက်ျားလေးများ
  • ဆေးလိပ်နှင့် အရက်သောက်သူများ
  • အချို့သောကျန်းမာရေးပြဿနာများ (အဝလွန်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ)
  • ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း
ရောဂါလက္ခဏာများ

နားအူခြင်းသည် တဝီဝီမြည်သံများ၊ ဆူဆူညံညံအသံများ၊ ညည်းသံများ၊ တရှူးရှူးမြည်သံများ၊ လေချွန်သံများ အစရှိသည့်အသံများအား ကြားနေခြင်းဖြစ်သည်။ ထိုဆူညံသံများသည် ပြင်ပမှအသံအစစ်မဟုတ်ဘဲ မိမိ၏နားအတွင်း၌သာ ကြားနေရခြင်းဖြစ်သည်။ ထိုကြားရသောအသံများသည် သတိမထားမိလောက်အောင် တိုးသောအသံများဖြစ်နိုင်သကဲ့သို့ အလွန်ကျယ်လောင်သဖြင့် ပတ်ဝန်းကျင်ရှိ အသံအစစ်များကို မကြားရသည်အထိ ဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် နှလုံးခုန်ချက်နှင့်အညီ တဝီဝီမြည်နေသည့် အသံများလည်း ကြားရနိုင်သည်။ နားအူခြင်းသည် မည်သူမဆိုဖြစ်နိုင်သော်လည်း အသက် (၄၀) နှင့် (၈၀) ကြား လူကြီးများတွင် အဖြစ်များသည်။ နားအူခြင်းသည် တောက်လျှောက်ဖြစ်နေနိုင်သလို ပေါ်လိုက်ပျောက်လိုက်လည်း ဖြစ်နိုင်သည်။ ပြင်းထန်သောနားအူခြင်းကို ခံစားရသောသူများသည် အာရုံစိုက်ရန်ခက်ခဲခြင်း၊ အိပ်ရန်ခက်ခဲခြင်းတို့ ဖြစ်နိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ စိတ်အလိုမကျခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ပါ ခံစားလာရနိုင်သည်။

ချာချာလည်မူးခြင်းသည် ဦးခေါင်းအနေအထားပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်ပြီး ရုတ်တရက်ဖြစ်ပေါ်တတ်သည်။ ပြင်းထန်သောချာချာလည်မူးခြင်းဖြစ်လျှင် ရောဂါလက္ခဏာများသည် ဆက်တိုက်ဖြစ်နေတတ်ပြီး ရက်ပေါင်းများစွာခံစားရနိုင်သည်။ တွဲ၍အတွေ့ရများသောလက္ခဏာများမှာ_

  • ပတ်၀န်းကျင်ရှိပစ္စည်းများ လည်နေသည်ဟု ခံစားရခြင်း
  • လှုပ်ရှားမှုပြုလုပ်လျှင် မူးခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • ဟန်ချက်မထိန်းနိုင်ခြင်း
  • အကြားအာရုံဆုံးရှုံးခြင်း၊ နားအူခြင်း
  • ခေါင်းကိုက်ခြင်း
  • ပုံရိပ်နှစ်ထပ်မြင်ခြင်း
  • လျင်မြန်သော မျက်လုံးအိမ်လှုပ်ရှားမှုများ ရုတ်တရက်ဖြစ်ပေါ်ခြင်း စသည်တို့ဖြစ်သည်။

အများအားဖြင့် အထက်ပါလက္ခဏာများသည် မိနစ်ပိုင်းမှ နာရီပိုင်းအထိကြာနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

အချို့သောရောဂါပြင်းထန်သည့်အခြေအနေများတွင် ရက်ပေါင်းများစွာကြာသည်အထိ ဆက်တိုက်ဖြစ်နေနိုင်သောကြောင့် နေ့စဥ်လူနေမှုဘဝတွင် အခက်အခဲများ ကြုံတွေ့ရနိုင်သည်။

  • နုံးခြင်း၊ စိတ်ဖိစီးမှုများခြင်း
  • အိပ်စက်ခြင်းနှင့်ပတ်သက်သော ပြဿနာများဖြစ်ခြင်း
  • အာရုံမစိုက်နိုင်ခြင်း
  • စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်မှုများခြင်း
  • ခေါင်းကိုက်ခြင်း
  • အလုပ်နှင့် မိသားစုဘဝတွင် အခက်အခဲများ ကြုံရနိုင်ခြင်း တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ချာချာလည်မူးခြင်းနှင့် နားအူခြင်း ဝေဒနာများသည် အချိန်မရွေး ကြုံတွေ့ရတတ်သော်လည်း အချို့သောအခြေအနေများတွင် နောက်ခံအာရုံကြော သို့မဟုတ် ပြင်းထန်သော အတွင်းနားရောဂါများ၏ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်သောကြောင့် ပေါ့ဆ၍မရပါ။ အထူးသဖြင့် အောက်ပါလက္ခဏာရပ်များကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် နား၊ နှာခေါင်း၊ လည်ပင်း အထူးကုဆရာဝန်များနှင့် စနစ်တကျ ပြသတိုင်ပင်ရန် လိုအပ်သည်။

  • ချာချာလည်မူးခြင်း သို့မဟုတ် နားအူခြင်းဝေဒနာ ရုတ်တရက် ပြင်းထန်စွာ ဖြစ်ပွါးခြင်း
  • မူးဝေခြင်းနှင့်အတူ မကြာခဏ ပျို့အန်ခြင်း ခံစားရခြင်း
  • နားအတွင်း တစ်ဆို့ဆို့ဖြစ်ပြီး ဖိအားအလွန်များနေသကဲ့သို့ ခံစားရခြင်း
  • အကြားအာရုံ တဖြည်းဖြည်း လျော့နည်းလာခြင်း သို့မဟုတ် ရုတ်တရက် နားမကြားရတော့ခြင်း

မိသားစုဆရာဝန်မှ လူနာ၏ လက်ရှိကျန်းမာရေးအခြေအနေကို သေချာစွာ စစ်ဆေးစမ်းသပ်ပေး၍ လိုအပ်ပါက သက်ဆိုင်ရာ နား၊ နှာခေါင်း၊ လည်ပင်း အထူးကုဆရာဝန်ကြီးများ သို့မဟုတ် အာရုံကြောအထူးကုဆရာဝန်ကြီးများထံသို့ အချိန်မီ စနစ်တကျ လွှဲပြောင်းကုသပေးလိမ့်မည်။

ချက်ချင်း ဆေးရုံအရေးပေါ်ဌာနသို့ သွားရောက်ရမည့် အသက်အန္တရာယ်စိုးရိမ်ရသော လက္ခဏာများ

ချာချာလည်မူးခြင်းသည် ဦးနှောက်အတွင်း သွေးယိုခြင်း သို့မဟုတ် လေဖြတ်ခြင်းကဲ့သို့သော ပြင်းထန်သည့် ဦးနှောက်နှင့် အာရုံကြောပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် မူးဝေခြင်းနှင့်အတူ အောက်ပါလက္ခဏာများ တွဲဖက်ကြုံတွေ့ရပါက ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်း သွားရောက်ရမည်ဖြစ်သည်။

  • စကားပြောရာတွင် ဗလုံးဗထွေးဖြစ်ခြင်း၊ လျှာလေးခြင်း သို့မဟုတ် အမြင်အာရုံ ရုတ်တရက် ဝေဝါးသွားပြီး ပုံရိပ်နှစ်ထပ် မြင်ရခြင်း
  • မျက်နှာ၊ လက် သို့မဟုတ် ခြေထောက်များ ရုတ်တရက် ထုံကျဥ်ပြီး ခန္ဓာကိုယ်တစ်ခြမ်း အားနည်းသွားခြင်း
  • လမ်းလျှောက်ရန် အလွန်ခက်ခဲခြင်း၊ ခန္ဓာကိုယ် ဟန်ချက် လုံးဝမထိန်းနိုင်ဘဲ ပြုတ်ကျခြင်း
  • အရင်က မခံစားဖူးသော ပြင်းထန်သည့် ခေါင်းကိုက်ခြင်းနှင့် လည်ပင်းတောင့်တင်းခြင်းများ တွဲ၍ဖြစ်ပွါးခြင်း
ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်သည် လူနာ၏ရောဂါရာဇဝင်ကို သေချာစွာမေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေခြင်းကို စတင်မည်ဖြစ်သည်။ ဝေဒနာကို ထိရောက်စွာ ကုသနိုင်ရန်နှင့် ဖြစ်ပွါးရသည့် နောက်ခံအကြောင်းအရင်း အတိအကျကို သိရှိနိုင်ရန်အတွက် အောက်ပါစစ်ဆေးမှုများကို လိုအပ်သလို ပြုလုပ်ရလေ့ရှိသည်။

  1. ခန္ဓာကိုယ် ဟန်ချက်ထိန်းစနစ် စစ်ဆေးခြင်း (Balance and Vestibular Tests)
    မူးဝေခြင်းသည် အတွင်းနားရှိ ဟန်ချက်ထိန်းစနစ် မူမမှန်ခြင်းကြောင့်ဖြစ်သည်ကို သေချာစေရန် အောက်ပါအတိုင်း စစ်ဆေးရတတ်သည်။
    • အခြေခံ ဟန်ချက်စစ်ဆေးမှုများ – မတ်တတ်ရပ်၍ ဟန်ချက်ထိန်းနိုင်စွမ်းကို ဆန်းစစ်သော Romberg’s test နှင့် မျက်စိမှိတ်၍ ခြေလှမ်းလှမ်းခိုင်းကာ စစ်ဆေးသော Fukuda-Unterberger test တို့ ပါဝင်သည်
    • ခေတ်မီ အဆင့်မြင့်စစ်ဆေးမှုများ (Video Head Impulse Test – vHIT) – မျက်လုံးအိမ်လှုပ်ရှားမှုကို ဗီဒီယိုမှန်ပြောင်းဖြင့် ကြည့်ရှုကာ အတွင်းနား ဟန်ချက်ထိန်းစနစ်၏ လုပ်ဆောင်ချက်ကို ပိုမိုတိကျစွာ တိုင်းတာနိုင်သည့် ခေတ်မီနည်းပညာများကိုလည်း ထည့်သွင်းအသုံးပြုလျက်ရှိသည်
  2. နားအကြားအာရုံ စစ်ဆေးခြင်း (Audiometry)
    နားအူခြင်းနှင့် ချာချာလည်မူးခြင်းတို့သည် အကြားအာရုံ ချို့ယွင်းလာခြင်း သို့မဟုတ် အတွင်းနားရောဂါများနှင့် ဆက်စပ်နေခြင်း ရှိမရှိကို သိရှိနိုင်ရန် နားကြားစွမ်းရည်တိုင်းတာသည့် စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်သည်။
  3. ပုံရိပ်ဖော် ဓာတ်မှန်ရိုက်ခြင်း (Imaging)
    ဝေဒနာဖြစ်ပွါးရခြင်းသည် အတွင်းနားအပြင် ဦးနှောက်အတွင်းပိုင်းပြဿနာများ၊ အာရုံကြောအကျိတ် သို့မဟုတ် သွေးကြောဆိုင်ရာ ချို့ယွင်းချက်များကြောင့် ဖြစ်နေပါက ရှာဖွေနိုင်ရန် အောက်ပါဓာတ်မှန်များကို ရိုက်ကူးရလေ့ရှိသည်
    • ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
    • သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
  4. အခြားအခြေခံဓာတ်ခွဲစစ်ဆေးမှုများ (Laboratory Tests)
    ဆီးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်း မမျှတခြင်း၊ ကိုယ်ခံအားစနစ် မူမမှန်ခြင်း သို့မဟုတ် သွေးတိုးရောဂါစသည့် အခြားသော နောက်ခံကျန်းမာရေး အခြေအနေများ ရှိမရှိကို ဆန်းစစ်ရန်အတွက် လိုအပ်ပါက သွေးစစ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးမှုများကိုလည်း ဆောင်ရွက်ရမည်။
ကုသခြင်း

ဝေဒနာများ ဖြစ်ပေါ်စေသည့် နောက်ခံအခြေအနေပေါ် မူတည်၍ ကုသမှုပေးရမည်ဖြစ်သည်။ နားအူခြင်းနှင့် ချာချာလည်မူးခြင်းသည် အခြားနောက်ခံရောဂါများကြောင့် ဖြစ်ပါက ထိုရောဂါများကို စနစ်တကျ ကုသရန် အရေးကြီးပြီး တစ်ခါတစ်ရံတွင် ခွဲစိတ်ကုသမှုများပါ လိုအပ်နိုင်သည်။

နားအူခြင်း (Tinnitus) အတွက် ကုသနိုင်သည့် နည်းလမ်းများ
  • ပိတ်နေသော နားဖာချေးများ ဖယ်ရှားခြင်း – နားလမ်းကြောင်း ပိတ်ဆို့မှုကို စနစ်တကျ ရှင်းလင်းပေးခြင်း
  • နားကြားကိရိယာနှင့် အစားထိုးကိရိယာများ သုံးစွဲခြင်း – အကြားအာရုံ ဆုံးရှုံးသူများတွင် နားအူသံထက် ပြင်ပအသံကို ပိုမိုကြားနိုင်စေရန် နားကြားကိရိယာ (Hearing Aids) တပ်ဆင်ခြင်း သို့မဟုတ် အတွင်းနား အစားထိုးကိရိယာ (Cochlear implants) တပ်ဆင်ခြင်း
  • ဆေးဝါးများ ပြုပြင်ပြောင်းလဲခြင်း – လက်ရှိသောက်သုံးနေသော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်၍ ဆေးလျှော့ခြင်း သို့မဟုတ် ဆေးပြောင်းခြင်း
  • နောက်ခံ သွေးကြောရောဂါများကို ကုသခြင်း – သွေးကြောကျဉ်းခြင်း သို့မဟုတ် သွေးကြောပုံပျက်ခြင်း စသည့် အခြေအနေများကို ထိရောက်စွာ ကုသမှုပေးခြင်း
  • အသံကုထုံးဖြင့် ကုသခြင်း (Sound Therapy) – စမ်းရေစီးသံ၊ လှိုင်းသံ စသည့် သဘာဝအသံများ ထုတ်ပေးသော စက်များကို အိပ်ရာဘေးတွင် ထားရှိအသုံးပြုခြင်းဖြင့် နားအူသံကို အာရုံမရောက်အောင် ကူညီပေးခြင်း
  • အမူအကျင့်နှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးခြင်း (Cognitive Behavioural Therapy – CBT) – အသိအမြင် အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (CBT) နှင့် Tinnitus Retraining Therapy (TRT) နည်းလမ်းများဖြင့် ကုသခြင်း (ခေတ်မီ ဆေးဘက်ဆိုင်ရာ တိုးတက်မှုများအရ ဤစိတ်ကုထုံးများကို စမတ်ဖုန်းအက်ပ်များမှတစ်ဆင့် ဒီဂျစ်တယ်ကုထုံးအဖြစ် အိမ်တွင် အလွယ်တကူ လေ့ကျင့်နိုင်သည်)
  • ခေတ်ပေါ် ဇီဝအာရုံကြော လှုံ့ဆော်ကုထုံး (Bimodal Neuromodulation) – အသံကုထုံးနှင့်အတူ လျှာကို လျှပ်စစ်လှုံ့ဆော်မှု ပေးခြင်းဖြင့် နားအူခြင်းကို ထိရောက်စွာ လျှော့ချပေးသည့် ခေတ်မီစက်ကိရိယာများ (ဥပမာ – Lenire) ကိုအသုံးပြုခြင်း
  • ဆေးဝါးများဖြင့် အထောက်အကူပြုခြင်း – ဆေးဝါးများသည် နားအူခြင်းကို တိုက်ရိုက် ပျောက်ကင်းစေခြင်း မဟုတ်ဘဲ နားအူခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပူပန်မှုများကို လျှော့ချရန်နှင့် ကောင်းစွာ အိပ်ပျော်စေရန် ဆရာဝန်ညွှန်ကြားချက်ဖြင့် ပေးခြင်းဖြစ်သည်
ချာချာလည်မူးခြင်း (Vertigo) အတွက် ကုသနိုင်သည့် နည်းလမ်းများ
  • ဟန်ချက်ထိန်း လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း – ဟန်ချက်မထိန်းနိုင်ခြင်းနှင့် မူးဝေခြင်းများကို ရေရှည်သက်သာစေရန်အတွက် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ (Vestibular Rehabilitation) ပြုလုပ်ပေးခြင်း
  • ဦးခေါင်းလှုပ်ရှားမှု ကုထုံး ပြုလုပ်ခြင်း (Epley Maneuver) – ဦးခေါင်းအနေအထားကြောင့် ဖြစ်သော မူးဝေခြင်း (BPPV) အတွက် နားအတွင်းပိုင်းရှိ ပြုတ်ထွက်နေသော အမှုန်လေးများကို မူလနေရာသို့ ပြန်လည်ရောက်ရှိစေသည့် လေ့ကျင့်ခန်းဖြစ်သည်
  • ဆေးဝါးများဖြင့် ကုသခြင်း – ချာချာလည်မူးခြင်းကို ဖြစ်စေသည့် နောက်ခံအခြေအနေများနှင့် လက္ခဏာများကို ကုသပေးခြင်းဖြစ်သည် (ဥပမာ – အတွင်းနားပိုးဝင်ခြင်းများအတွက် ပဋိဇီဝပိုးသတ်ဆေးများ၊ ရောင်ရမ်းမှု သက်သာစေရန် စတီးရွိုက်ဆေးများ၊ အတွင်းနား အရည်စုခြင်းအတွက် ဆီးဆေးများနှင့် မူးဝေခြင်း သက်သာစေရန် ဟစ်စ်တမင်းဆန့်ကျင်ဆေးများ ပေးခြင်းဖြစ်သည်)
  • ခွဲစိတ်ကုသခြင်း – အချို့သော ပြင်းထန်သည့် အခြေအနေများ (ဥပမာ – အကြားအာရုံကြော အကျိတ်များ ဖယ်ရှားခြင်း) တွင် ခွဲစိတ်ကုသမှု ပြုလုပ်ရတတ်သည်

Epley Maneuver (ဦးခေါင်းလှုပ်ရှားမှုကြောင့် မူးဝေခြင်း သက်သာစေရန် လေ့ကျင့်ခန်း)

ဤလေ့ကျင့်ခန်းကို ဦးခေါင်းအနေအထား ပြောင်းလဲချိန် (ဥပမာ – အိပ်ရာမှ ထစဉ်၊ လှဲချစဉ်၊ ဦးခေါင်းငုံ့လိုက်စဉ်) တွင် ရုတ်တရက် ချာချာလည်မူးတတ်သော Benign Paroxysmal Positional Vertigo (BPPV) ဝေဒနာရှင်များအတွက် အဓိကအသုံးပြုသည်။

Epley Maneuver လုပ်ဆောင်ရမည့် အဆင့်ဆင့်လမ်းညွှန်

  • ကုတင်ပေါ်တွင် ခါးနှင့် ဦးခေါင်းကို မတ်မတ်ထားပြီး ခြေထောက်ဆန့်၍ ထိုင်ပါ
  • မိမိ၏ ဦးခေါင်းကို မူးဝေခြင်း ပိုမိုခံစားရသည့်ဘက်သို့ (၄၅) ဒီဂရီ လှည့်ပါ
  • ၎င်းနောက် အနောက်သို့ လျင်မြန်စွာ လှဲချလိုက်ပြီး ဦးခေါင်းကို ကုတင်အစွန်းတွင် အနည်းငယ် ချထားကာ မူးဝေသည့်ဘက်သို့ (၉၀) ဒီဂရီ ရောက်အောင် ဆက်လက်လှည့်ထားပါ (ထိုခဏတွင် မူးဝေခြင်း ခေတ္တပိုဆိုးလာနိုင်သည်)
  • ထို့နောက် မိမိ၏ ဦးခေါင်းကို ဆန့်ကျင်ဘက်သို့ တဖြည်းဖြည်းချင်း (၉၀) ဒီဂရီ လှည့်ပြောင်းပါ
  • ၎င်းနောက် မိမိ၏ ခန္ဓာကိုယ်ကိုပါ ဦးခေါင်းလှည့်ထားသည့်ဘက်သို့ တစ်ပြေးညီဖြစ်အောင် ဘေးစောင်းလိုက်လှည့်ပါ
  • ထိုအနေအထားတွင် ခေတ္တမျှ နေပြီးနောက်မှ ဖြည်းဖြည်းချင်း မတ်မတ်ပြန်ထထိုင်ပါ

ဤလေ့ကျင့်ခန်း ပြုလုပ်ချိန်သည် (၅) မိနစ် မှ (၁၀) မိနစ်ခန့် ကြာမြင့်နိုင်ပြီး ဝေဒနာ ပိုမိုသက်သာစေရန် ထပ်ခါထပ်ခါ ပြုလုပ်ပေးရမည်။ ရောဂါလက္ခဏာများ (၁) ရက်တိတိ လုံးဝသက်သာသွားသည်အထိ တစ်ရက်လျှင် အများဆုံး (၃) ကြိမ်အထိ ပြုလုပ်နိုင်ပြီး တစ်ကြိမ်နှင့်တစ်ကြိမ်အကြားတွင် (၁၅) မိနစ်ခန့် အနားယူသင့်သည်။

အရေးကြီးသော အကြံပြုချက်များ

  • ဤလေ့ကျင့်ခန်းကို ပထမဆုံးအကြိမ် ပြုလုပ်ရာတွင် ဆရာဝန် သို့မဟုတ် ကျွမ်းကျင်ပညာရှင်၏ လမ်းညွှန်ပြသမှုဖြင့်သာ ပြုလုပ်ရမည်
  • လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် (၂) ရက်အတွင်း ခေါင်းကို တတ်နိုင်သမျှ မတ်မတ် ထားရှိပါ
  • ခေါင်းကို လျင်မြန်စွာ လှုပ်ရှားရမည့် အပြုအမူများ (ဥပမာ – ရေကူးခြင်း) ကို ရှောင်ကြဉ်ပါ
  • လိုအပ်ပါက ခေါင်းလှုပ်ရှားမှု နည်းစေရန်အတွက် လည်ပင်းထိန်းကော်လာ (Neck Collar) ကို အသုံးပြုနိုင်သည်
  • အိပ်စက်သည့်အခါ မူးဝေခြင်းမဖြစ်သည့် (ကောင်းသည့်ဘက်ခြမ်း) သို့ လှည့်၍ အိပ်ပါ
  • မိမိတွင် နားအတွင်း ဒဏ်ရာ သို့မဟုတ် လည်ပင်းဒဏ်ရာ ရာဇဝင်များ ရှိပါက ဤလေ့ကျင့်ခန်းကို မပြုလုပ်မီ ဆရာဝန်နှင့် အသေအချာ ဦးစွာတိုင်ပင်ရမည်
ကာကွယ်ခြင်း

အများအားဖြင့် နားအူခြင်းနှင့် ချာချာလည်မူးခြင်းသည် ကာကွယ်၍မရသော အခြေအနေများကြောင့် ဖြစ်သည်။ သို့သော် အောက်ပါ အချို့သောအချက်များကို လိုက်နာခြင်းဖြင့် ရောဂါလက္ခဏာများ သက်သာစေနိုင်သည်။

  • ကျယ်လောင်သောအသံများနှင့်ထိတွေ့မှုကို လျှော့ချခြင်း
  • ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ စက်ရုံ အလုပ်ရုံများတွင် အလုပ်လုပ်နေစဥ် နားအကာအကွယ်သုံးခြင်း
  • သီချင်းနားထောင်ချိန်တွင် အသံလျှော့၍ နားထောင်ခြင်း
  • နှလုံးသွေးကြောဆိုင်ရာရောဂါများကို စနစ်တကျကုသခြင်း
  • အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းများ လျှော့ချခြင်း
  • ချာချာလည်မူးချိန်တွင် ငြိမ်သက်စွာထိုင်ခြင်း၊ လဲလျောင်းနေခြင်း
  • လုပ်ငန်းဆောင်တာများအား တဖြည်းဖြည်းချင်းမှ ပြန်လည်လုပ်ဆောင်ခြင်း
  • ရုတ်တရက်အနေအထားပြောင်းခြင်းအား ရှောင်ကြဥ်ခြင်း
  • အလင်းရောင်စူးစူးများကြည့်ခြင်းမှ ရှောင်ကြဥ်ခြင်း

References:

  1. Cleveland Clinic. (n.d.). Tinnitus. Retrieved May 31, 2026, from https://my.clevelandclinic.org/health/symptoms/14164-tinnitus
  2. Cleveland Clinic. (n.d.). Vertigo. Retrieved May 31, 2026, from https://my.clevelandclinic.org/health/symptoms/21769-vertigo
  3. Healthdirect Australia. (n.d.). Vertigo. Retrieved May 31, 2026, from https://www.healthdirect.gov.au/vertigo
  4. Healthline. (n.d.). Tinnitus and vertigo. Retrieved May 31, 2026, from https://www.healthline.com/health/tinnitus-and-vertigo
  5. Mayo Clinic. (n.d.). Tinnitus: Symptoms and causes. Retrieved May 31, 2026, from https://www.mayoclinic.org/diseases-conditions/tinnitus/symptoms-causes/syc-20350156
  6. National Institute on Deafness and Other Communication Disorders. (n.d.). Tinnitus. Retrieved May 31, 2026, from https://www.nidcd.nih.gov/health/tinnitus
  7. Patient. (n.d.). Vertigo. Retrieved May 31, 2026, from https://patient.info/signs-symptoms/dizziness/vertigo

Published: 3 July 2025

Last updated: 21 August 2026

Share

26 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.