ဦးနှောက်ပြည်တည်နာဆိုသည်မှာ ဦးနှောက်အတွင်းပိုးဝင်ရာမှ ရောင်ရမ်းမှုဖြစ်စေပြီး ပြည်များစုလာခြင်းဖြစ်သည်။ အမြှေးပါးဖြင့် ကာရံထားသော ထိုပြည်အစုအဝေးကို ဦးနှောက်အတွင်းတစ်နေရာ (သို့မဟုတ်) နေရာများစွာတွင် တွေ့နိုင်သည်။ ဖြစ်ပေါ်သည့် နေရာပေါ်မူတည်၍ ဦးနှောက်နှင့်အာရုံကြောများ၏ လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဦးနှောက်ပြည်တည်နာသည် အများအားဖြင့် ဘက်တီးရီးယားပိုးများ၊ မှိုပိုးများကြောင့် ဖြစ်လေ့ရှိသည်။ ယေဘုယျအားဖြင့် အောက်ပါတို့မှတစ်ဆင့် ဦးနှောက်ပြည်တည်နာ ဖြစ်နိုင်သည်။
- ဦးနှောက်အမြှေးရောင်ရောဂါ၊ နားပြည်ယိုခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ နားအနောက်ရှိအရိုးတွင် ပိုးဝင်ခြင်း၊ သွားနှင့်မေးရိုးတွင် ပိုးဝင်ခြင်း၊ မျက်နှာနှင့်ဦးရေပြားတွင် ပိုးဝင်ခြင်း၊ ဦးခွံရိုးကျိုး ဒဏ်ရာရခြင်း စသည်တို့မှ ဦးနှောက်တွင်းသို့ ဘက်တီးရီးယားပိုးများ ဆက်လက်ပျံ့နှံ့ခြင်း
- သွေးတွင်းပိုးဝင်ရာမှတစ်ဆင့် ဦးနှောက်သို့ပျံ့လာခြင်း – အထူးသဖြင့် ကိုယ်ခံအားကျဆင်းနေသူများ (ဥပမာ – အိတ်ချ်အိုင်ဗွီ HIV ရောဂါပိုးရှိသူများ၊ ကင်ဆာဆေးသွင်း ကုသမှုခံယူထားသူများ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးမှု ပြုလုပ်ထားသူများ)တွင် အဖြစ်များသည်
- နှလုံးပိုးဝင်ရာမှတစ်ဆင့် ဦးနှောက်သို့ပျံ့လာခြင်း – နှုတ်ခမ်း၊ လျှာ၊ လက်သည်း ပြာတတ်သော မွေးရာပါ နှလုံးရောဂါများတွင် အတွေ့ရများသည်
ရောဂါလက္ခဏာများ
အတွေ့ရများသောလက္ခဏာများမှာ
- ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- အပြုအမူနှင့်စကားပြောဆိုပုံ ပြောင်းလဲခြင်း
- လမ်းလျှောက်ရာတွင် ပြဿနာရှိခြင်း
- ခြေလက်များ တောင့်လာခြင်း
- မှိန်းခြင်း၊ တက်ခြင်း စသည်တို့ဖြစ်သည်။
လသားအရွယ် ကလေးငယ်များတွင်မူ
- ဖျားခြင်း
- ငယ်ထိပ်ဖောင်းခြင်း
- မှိန်းနေခြင်း
- ပုံမှန်ထက်ဂျီကျခြင်း
- အသံစူးစူးဖြင့်ငိုခြင်း
- မပျို့ဘဲအန်ခြင်း
- တက်ခြင်း အစရှိသည့် လက္ခဏာများ တွေ့နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- ဦးနှောက်ပြည်တည်နာ တစ်ကြိမ်မကဖြစ်နိုင်ခြင်း (အထူးသဖြင့် ကိုယ်ခံအားနည်းသူများနှင့် မွေးရာပါ နှလုံးရောဂါရှိသူများ)
- ဦးနှောက်ဖိအား အလွန်များလာပြီး အသက်ဆုံးရှုံးနိုင်ခြင်း
- ဦးနှောက်အမြှေးပါးရောင်ခြင်း
- အတက်ရောဂါဖြစ်ခြင်း
- ဦးနှောက်ထိခိုက်ခြင်းကြောင့် ကိုယ်တစ်ခြမ်းအားနည်းခြင်း၊ အာရုံကြောအားနည်းခြင်း၊ အသိဉာဏ်နှင့်အပြုအမူပိုင်းဆိုင်ရာ ထိခိုက်ခြင်းတို့ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ဦးနှောက်ပြည်တည်နာ လက္ခဏာများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင်မေးမြန်းခြင်း စမ်းသပ်ခြင်းတို့ ပြုလုပ်ပြီးနောက် ဦးခေါင်းပြည်တည်နာဟု သံသယရှိပါက လိုအပ်သည့် သွေးစစ်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း ၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ သွေးပိုးမွေးခြင်း စသည်တို့ ပြုလုပ်နိုင်သည်။
ကုသခြင်း
ရောဂါကုသရာတွင် ကလေး၏အသက်၊ ကျန်းမာရေးအခြေအနေ၊ ရောဂါအတိမ်အနက်တို့ပေါ် မူတည်၍ ဆုံးဖြတ်ရမည်ဖြစ်သည်။ ဦးခေါင်းပြည်တည်နာကို ကုသရာတွင် အရေးအကြီးဆုံးသည် ရောဂါကို စောစီးစွာသိရှိရန်ပင်ဖြစ်သည်။ ကုသခြင်းတွင် ခွဲစိတ်ကုသခြင်းနှင့်ဆေးဖြင့်ကုသခြင်းတို့ ရှိသည်။
ခွဲစိတ်ကုသခြင်း
ခွဲစိတ်ကုသခြင်းသည် ဦးနှောက်ပြည်တည်နာရောဂါအတွက် အဓိကကုသမှုဖြစ်သည်။ ပြည်တည်နာသည် အရွယ်အစားကြီးပါက ခွဲစိတ်ရန်လိုအပ်သည်။ ခွဲစိတ်ပြီးနောက် ရရှိလာသော ပြည်ကို ပိုးမွေးခြင်း ပြုလုပ်နိုင်သည်။ ခွဲစိတ်ပြီးနောက်တွင်လည်း ပဋိဇီဝပိုးသတ်ဆေးများကို ရက်ပြည့်အောင် ဆက်လက်သောက်သုံးရမည်။ ခွဲစိတ်ရာတွင် နည်းလမ်းနှစ်မျိုးဖြင့်ပြုလုပ်နိုင်သည်။
- ပြည်စုပ်ထုတ်ခြင်း (aspiration)
ပြည်တည်နာနေရာကိုကြည့်၍ ဦးခေါင်းခွံရိုးတွင် အပေါက်ဖောက်ကာ ပြည်ကိုစုပ်ထုတ်ခြင်းဖြစ်သည် - ဦးခေါင်းခွံရိုး တစ်စိတ်တစ်ပိုင်းဖယ်၍ ပြည်ထုတ်ခြင်း (craniotomy)
ပြည်တည်နာကို ဦးခေါင်းခွံရိုးတွင် အပေါက်ဖောက်၍ စုပ်ထုတ်ရန် မဖြစ်နိုင်သောအခြေအနေများ သို့မဟုတ် ပြည်တည်နာများ မကြာခဏ ပြန်ဖြစ်တတ်သော အခြေအနေများတွင် ဦးခေါင်းခွံရိုး တစ်စိတ်တစ်ပိုင်းကို ဖယ်၍ ပြည်ထုတ်ခြင်းကို ပြုလုပ်နိုင်သည်၊ ပြည်တည်နာများ ဖယ်ရှားပြီးလျှင် ဦးခေါင်းခွံရိုးအား ပြန်၍ပိတ်သည်၊ နောက်ဆက်တွဲပြဿနာများအနေဖြင့် မျက်နှာရောင်ခြင်း၊ သွေးခြည်ဥခြင်း၊ ခေါင်းကိုက်ခြင်းနှင့် သွေးခဲဖြစ်ခြင်းတို့ ဖြစ်နိုင်သည်
ဆေးဖြင့်ကုသခြင်း
ခွဲစိတ်ကုသရန်ခက်ခဲသော အောက်ပါဦးနှောက်ပြည်တည်နာများကို ဆေးဝါးများဖြင့်ကုသရသည်။
- ပြည်တည်နာသည်အရွယ်အစားသေးငယ်ခြင်း
- ဦးနှောက်အတွင်း နေရာအနှံ့ ပြည်တည်နာ အများအပြားရှိခြင်း
- ခွဲစိတ်ရန် ခက်ခဲသော ဦးနှောက်အတွင်းပိုင်းထဲတွင် ပြည်တည်နာဖြစ်နေခြင်း
- ပြည်တည်နာနှင့်တွဲ၍ ဦးနှောက်အမြှေးပါးရောင်ခြင်း
- ပြည်တည်နာနှင့်တွဲ၍ ဦးနှောက်အတွင်းအရည်များစုနေခြင်း (Hydrocephalus) စသည်တို့ဖြစ်သည်။
ဆေးဝါးများတွင် ပဋိဇီဝပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ အတက်ကျဆေးများ၊ ဦးနှောက်အတွင်းဖိအား လျော့ကျစေသော ဆေးဝါးများ ပါဝင်သည်။ ကလေး၏ရောဂါလက္ခဏာပေါ်မူတည်၍ ရက်ပြည့်အောင် ကုသရမည်။ ကလေးပြန်သက်သာလာသည့်နောက်ပိုင်းတွင် ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာကုထုံးနှင့် စကားပြောခြင်းဆိုင်ရာ ကုထုံးတို့ဖြင့် လေ့ကျင့်ပေးရန်လိုအပ်သည်။
ကာကွယ်ခြင်း
ဦးနှောက်ပြည်တည်နာရောဂါသည် နားပြည်တည်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ သွားနှင့်မေးရိုးတွင် ပိုးဝင်ခြင်း၊ မျက်နှာနှင့်ဦးရေပြားတွင် ပိုးဝင်ခြင်းရောဂါများကြောင့် ဖြစ်နိုင်သဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာစွာပြုလုပ်ခြင်း၊ ရောဂါလက္ခဏာများရှိပါက သေချာစွာကုသမှု ခံယူခြင်းဖြင့် လျှော့ချနိုင်သည်။ ကိုယ်ခံအားနည်းသည့် ကလေးများတွင်မူ ရောဂါပိုး အလွယ်တကူ ဝင်ရောက်နိုင်သောကြောင့် လူစုလူဝေးနေရာများအား ရှောင်ကြဥ်ခြင်း၊ ကိုယ်ခံအားကောင်းအောင်နေခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။ ရောဂါပိုးဝင်ရောက်လာပါက စောစီးစွာကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေနိုင်သည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.