Optic Neuritis (မျက်စိအာရုံကြော ရောင်ရမ်းခြင်း)

Optic Neuritis (မျက်စိအာရုံကြော ရောင်ရမ်းခြင်း)

မျက်စိအာရုံကြော ရောင်ရမ်းခြင်း (Optic neuritis) ကြောင့် မျက်လုံးနှင့် ဦးနှောက်ကို ဆက်သွယ်ပေးသော မျက်စိအာရုံကြော (Optic nerve) တစ်လျှောက် ဖြတ်သန်းသွားသည့် အချက်ပြမှုများကို ထိခိုက်စေသည်။ ထိုသို့ဖြစ်ခြင်းကြောင့် မျက်လုံးနာကျင်ခြင်း၊ အမြင်အာရုံ ပြောင်းလဲခြင်း သို့မဟုတ် ဆုံးရှုံးခြင်းများ ဖြစ်ပေါ်လာသည်။ အာရုံကြော ရောင်ရမ်းခြင်းသည် မျက်လုံးတစ်ဖက်တည်းတွင် ဖြစ်ပေါ်နိုင်သကဲ့သို့ မျက်လုံးနှစ်ဖက်စလုံးတွင်လည်း တစ်ပြိုင်တည်း ဖြစ်ပေါ်နိုင်သည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ

ကိုယ်ခံအားစနစ်မှ မျက်စိအာရုံကြောကို ဖုံးအုပ်ထားသော အဆီလွှာ (Myelin sheath) ကို မှားယွင်းစွာ တိုက်ခိုက်မိသောကြောင့် ရောင်ရမ်းထိခိုက်ခြင်းများ ဖြစ်ပေါ်လာသည်။ ပုံမှန်အားဖြင့် အာရုံကြောဖုံး အဆီလွှာသည် လျှပ်စစ်လှိုင်းများကို မျက်လုံးမှ ဦးနှောက်သို့ လျင်မြန်စွာ သွားလာနိုင်ရန် ကူညီပေးပြီး ဦးနှောက်တွင် အမြင်အာရုံ အချက်အလက်များအဖြစ် ပြောင်းလဲပေးသည်။ မျက်စိအာရုံကြော ရောင်ရမ်းသည့်အခါ ထိုဖြစ်စဉ် ပြတ်တောက်သွားပြီး အမြင်အာရုံ ထိခိုက်ခြင်း ဖြစ်ပေါ်လာသည်။ မျက်စိအာရုံကြော ရောင်ရမ်းခြင်း ဖြစ်ပေါ်ရသည့် တိကျသော အကြောင်းရင်းကို မသိရှိသေးသော်လည်း အောက်ဖော်ပြပါ အကြောင်းရင်းများနှင့် မကြာခဏ ဆက်စပ်လေ့ရှိသည်။

  1. ကိုယ်ခံအားနှင့် ရောင်ရမ်းခြင်းဆိုင်ရာ အခြေအနေများ
    သုတေသန ပညာရှင်များက ကိုယ်ခံအားနှင့် ရောင်ရမ်းခြင်းဆိုင်ရာ အခြေအနေများသည် မျက်စိအာရုံကြော ရောင်ရမ်းခြင်းကို အဓိကဖြစ်ပေါ်စေသည့် အကြောင်းရင်းဖြစ်သည်ဟု ယူဆကြသည်။
    • အာရုံကြောဖုံးအဆီလွှာ ပျက်စီးသောရောဂါ (Multiple Sclerosis – MS)
      ဤရောဂါသည် မျက်စိအာရုံကြော ရောင်ရမ်းခြင်းနှင့် အဓိကဆက်နွယ်နေသော အခြေအနေတစ်ခုဖြစ်သည်။ မျက်စိအာရုံကြော ရောင်ရမ်းခြင်းသည် MS ရောဂါရှိကြောင်း ပြသသည့် ပထမဆုံး လက္ခဏာအဖြစ် ပေါ်လာတတ်သည်။ မျက်စိအာရုံကြော ရောင်ရမ်းသူများ၏ (၅၀) ရာခိုင်နှုန်းခန့်သည် (၁၅) နှစ်အတွင်း MS ရောဂါ ဖြစ်ပွားလာနိုင်ကြောင်း တွေ့ရှိရသည်။
    • မျက်စိအာရုံကြောနှင့် ကျောရိုးအာရုံကြောမကြီး ရောင်ရမ်းခြင်း (Neuromyelitis Optica – NMO)
      ၎င်းသည် အမြင်အာရုံကြောနှင့် ကျောရိုးကို ထိခိုက်စေသည့် ပြင်းထန်သော ရောင်ရမ်းမှုဖြစ်သည်။
    • MOGAD (Myelin Oligodendrocyte Glycoprotein Antibody Disorder)
      MOG ပဋိပစ္စည်းနှင့် ဆက်စပ်သည့် မျက်စိအာရုံကြော၊ ကျောရိုးအာရုံကြောမကြီး သို့မဟုတ် ဦးနှောက် ရောင်ရမ်းခြင်းဖြစ်သည်။
  2. ရောဂါပိုးဝင်ခြင်း
    • ဗိုင်းရပ်စ်ပိုးဝင်ခြင်း – ရေယုန်ဗိုင်းရပ်စ်၊ HIV နှင့် ဝက်သက် ဗိုင်းရပ်စ်ပိုးများ (ကလေးများတွင် ပိုတွေ့ရသည်)
    • ဘက်တီးရီးယားပိုးဝင်ခြင်း – တီဘီရောဂါပိုးနှင့် ကာလသားရောဂါပိုးများ
    • မှိုပိုးဝင်ခြင်း – Candidiasis၊ Cryptococcosis နှင့် Aspergillosis
    • ကပ်ပါးပိုးဝင်ခြင်း – Toxoplasmosis
  3. ဆေးဝါးများနှင့် အဆိပ်အတောက်များ
    • ပဋိဇီဝပိုးသတ်ဆေးများ – တီဘီရောဂါကုသဆေးများ ဖြစ်သော Ethambutol နှင့် Isoniazid၊ ဆာလဖာ ပါဝင်သော ပဋိဇီဝပိုးသတ်ဆေးများ
    • နှလုံးဆေးဝါးများ – Amiodarone နှင့် Digoxin
    • ငှက်ဖျားဆေးဝါးများ – Chloroquine နှင့် Hydroxychloroquine
    • ကင်ဆာဆေးဝါးများ – Methotrexate၊ Vincristine နှင့် Tamoxifen
    • ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်
  4. အခြားသော အကြောင်းရင်းများ
    • မျက်စိအာရုံကြော သွေးစီးဆင်းမှု လုံလောက်အောင် မရရှိခြင်း
    • ဗီတာမင် ချို့တဲ့ခြင်း (အထူးသဖြင့် ဗီတာမင် B12 ချို့တဲ့ခြင်း)
    • ကင်ဆာအကျိတ်များနှင့် ဦးနှောက်အတွင်း အရည်များ စုခြင်း (Hydrocephalus) ကြောင့် မျက်စိအာရုံကြော ပိမိခြင်း
    • အမျိုးအစား (၂) ဆီးချိုရောဂါကြောင့် မျက်စိအာရုံကြော ထိခိုက်ခြင်း
မျက်စိအာရုံကြော ရောင်ရမ်းခြင်း ဖြစ်နိုင်ခြေများသော အခြေအနေများ
  • အသက်အရွယ် – အသက် (၂၀) နှင့် (၄၀) ကြားတွင် အဖြစ်များသည်
  • ကျား/မ – အမျိုးသမီးများတွင် အမျိုးသားများထက် ပို၍အဖြစ်များသည်
  • မျိုးဗီဇ – မျိုးဗီဇ ပြောင်းလဲမှုများသည် ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်
  • လူမျိုး – လူဖြူမျိုးနွယ်စုများတွင် ပို၍အဖြစ်များသည်၊ (အာရှ မျိုးနွယ်စုများသည် မျက်စိအာရုံကြော ရောင်ရမ်းပြီးနောက် MS ရောဂါ ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးသည်)
  • နေထိုင်ရာဒေသ – ကမ္ဘာ့အီကွေတာနှင့် ဝေးသောနေရာများတွင် နေထိုင်သူများတွင် အနည်းငယ် ပို၍ဖြစ်ပွါးတတ်သည်
  • ကိုယ်ခံအားရောဂါများ – SLE ကဲ့သို့ ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့် ရောဂါရှိသူများတွင် ပို၍အဖြစ်များသည်
ရောဂါလက္ခဏာများ

မျက်စိအာရုံကြော ရောင်ရမ်းခြင်းသည် အများအားဖြင့် မျက်လုံးတစ်ဖက်တည်းတွင် ဖြစ်ပေါ်လေ့ရှိသော်လည်း မျက်လုံးနှစ်ဖက်စလုံးတွင်လည်း ဖြစ်ပေါ်နိုင်သည်။ ခံစားရနိုင်သော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • မျက်လုံးနာကျင်ခြင်း
    • လူနာအများစုတွင် မျက်လုံးနာကျင်ခြင်းကို ခံစားရပြီး မျက်လုံးလှုပ်ရှားသည့်အခါ ဝေဒနာပိုမိုဆိုးရွားနိုင်သည်
    • တစ်ခါတစ်ရံ မျက်လုံးအနောက်ဘက်တွင် နက်ရှိုင်းစွာ နာကျင်ကိုက်ခဲမှုကို ခံစားရတတ်သည်
  • အမြင်အာရုံဆုံးရှုံးခြင်း
    • အများစုတွင် ယာယီအမြင်အာရုံ လျော့နည်းမှုကို ခံစားရလေ့ရှိသည်
    • အမြင်အာရုံဝေဝါးခြင်းသည် ခန္ဓာကိုယ်အပူချိန် မြင့်တက်လာသောအချိန်များ (ဥပမာ _ ရေနွေးဖြင့် ရေချိုးပြီးနောက် သို့မဟုတ် လေ့ကျင့်ခန်း ပြင်းထန်စွာ ပြုလုပ်ပြီးနောက်) တွင် ပိုမိုသိသာလာနိုင်သည်
    • သိသာထင်ရှားသော အမြင်အာရုံဆုံးရှုံးမှုသည် နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာပြီး ရက်သတ္တပတ် အနည်းငယ်မှ လပိုင်းအတွင်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာတတ်သော်လည်း အချို့သူများတွင် ရာသက်ပန် အမြင်အာရုံဆုံးရှုံးမှု ဖြစ်ပေါ်နိုင်သည်
  • မြင်ကွင်းပြတ်တောက်ခြင်း (Vision field loss)
    • အလယ်ဗဟိုမြင်ကွင်း သို့မဟုတ် ဘေးပတ်လည်မြင်ကွင်းများ အမြင်အာရုံဆုံးရှုံးမှု ဖြစ်ပေါ်နိုင်သည်
  • အရောင်များကို ခွဲခြားသိမြင်နိုင်စွမ်း ဆုံးရှုံးခြင်း
    • အရောင်များကို ခံစားသိမြင်နိုင်စွမ်း ထိခိုက်စေပြီး အရောင်များသည် ပုံမှန်ထက် မှိန်ဖျော့နေသည်ဟု သတိပြုမိနိုင်သည်
  • တောက်ပသော အလင်းများမြင်ခြင်း
    • အချို့သူများတွင် မျက်လုံးလှုပ်ရှားသည့်အခါ တောက်ပသော သို့မဟုတ် မှိတ်တုပ်မှိတ်တုပ် ဖြစ်နေသော အလင်းတန်းများကို မြင်ရနိုင်သည်
နောက်ဆက်တွဲပြဿနာများ

မျက်စိအာရုံကြော ရောင်ရမ်းခြင်းကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • မျက်စိအာရုံကြော ထိခိုက်ပျက်စီးခြင်း – ရောင်ရမ်းမှုကြောင့် အာရုံကြောဆဲလ်များ ရေရှည်ထိခိုက်သွားနိုင်သည်
  • ရာသက်ပန် အမြင်အာရုံဆုံးရှုံးခြင်း – အမြင်အာရုံ ပြန်လည်ကောင်းမွန်လာသော်လည်း အချို့သူများတွင် ပုံမှန်အတိုင်း ပြည့်ဝစွာ ပြန်မမြင်ရတော့ခြင်း သို့မဟုတ် အရောင်ခွဲခြားနိုင်စွမ်း လျော့နည်းသွားခြင်းတို့ ကျန်ရှိနေနိုင်သည်
  • ဆေးဝါးကုသမှု၏ ဘေးထွက်ဆိုးကျိုးများ – ကုသရာတွင် အသုံးပြုသော စတီးရွိုက် (Steroid) ဆေးဝါးများကြောင့် ရောဂါပိုးဝင်လွယ်ခြင်း၊ သွေးတွင်းသကြားဓာတ်များခြင်း၊ အရိုးပွခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများနှင့် ကိုယ်အလေးချိန်တက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်
ဆေးရုံ၊ ‌ဆေးခန်းပြသရန်

မျက်စိအာရုံကြောရောင်ရမ်းခြင်းကြောင့် ရာသက်ပန်အမြင်အာရုံဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပြီး အချို့မှာ ပြင်းထန်သော ရောဂါအခြေအနေများနှင့် ဆက်စပ်နိုင်သဖြင့် အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လျှင်သော်လည်းကောင်း ရောဂါလက္ခဏာများ ပိုဆိုးလာခြင်း သို့မဟုတ် ကုသမှုခံယူသော်လည်း မသက်သာခြင်းတို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူရန် လိုအပ်သည်။ ထို့ပြင် မျက်လုံးနှစ်ဖက်လုံး အမြင်အာရုံဆုံးရှုံးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ ခြေလက်များ ထုံကျဥ်ခြင်း၊ အားနည်းခြင်း အစရှိသောလက္ခဏာများ ဖြစ်ပေါ်ပါက ဦးနှောက်အာရုံကြောဆိုင်ရာ ပြဿနာများဖြစ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

မျက်စိအာရုံကြော ရောင်ရမ်းခြင်းကို သံသယရှိပါက မျက်စိအထူးကုဆရာဝန်သည် အောက်ဖော်ပြပါ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ‌‌ရောဂါရှာဖွေတွေ့ရှိနိုင်သည်။

  1. ရောဂါရာဇဝင် အသေးစိတ် မေးမြန်းခြင်း
  2. မျက်လုံးစမ်းသပ်စစ်ဆေးခြင်း
    • အမြင်စွမ်းရည် စမ်းသပ်စစ်ဆေးခြင်း (Visual acuity)
    • မြင်ကွင်း စမ်းသပ်စစ်ဆေးခြင်း (Visual field)
    • အရောင်မြင်နိုင်စွမ်း စစ်ဆေးခြင်း (Ability to see color)
    • သူငယ်အိမ်တုံ့ပြန်မှု စစ်ဆေးခြင်း (Pupil reflexes)
    • အလင်းတန်းကျဥ်းမှန်ပြောင်းဖြင့် စမ်းသပ်စစ်ဆေးခြင်း (Slit lamp exam)
    • မျက်လုံး၏ အတွင်းဖက် အစိတ်အပိုင်းများကို ကြည့်ရှုစစ်ဆေးသည့် ကိရိယာဖြင့် စမ်းသပ်စစ်ဆေးခြင်း (Ophthalmoscopy)
  3. အခြားသော စစ်ဆေးမှုများ
    • အမြင်အာရုံကြောအချက်ပြမှု စစ်ဆေးခြင်း (Visual evoked potentials)
    • မျက်လုံးကို အလွှာလိုက်စစ်ဆေးနိုင်ပြီး အရေးကြီးသော အစိတ်အပိုင်းများကိုအသေးစိတ် တိုင်းတာနိုင်သည့် ပုံရိပ်ဖော်စစ်ဆေးခြင်း (Optical coherence tomography)
    • သံလိုက်ဓာတ်မှန် ရိုက်ခြင်း (MRI)
      • မျက်စိအာရုံကြောရောင်ခြင်းကို ရှာဖွေတွေ့ရှိနိုင်ခြင်း
      • အာရုံကြောဖုံးအဆီလွှာ ပျက်စီးသော ရောဂါ (Multiple Sclerosis) ၏ အဓိကလက္ခဏာဖြစ်သော ဦးနှောက်ထိခိုက်မှုကို တွေ့ရှိနိုင်ခြင်း
      • မျက်စိအာရုံကြောနှင့် ဦးနှောက်ကျောရိုးအာရုံကြောမကြီးကို ထိခိုက်နိုင်သည့် အခြားသော ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်ခြင်း (NMO၊ MOGAD)
  4. ဓာတ်ခွဲစစ်ဆေးခြင်း
    • သွေးနှင့်ဆီးတို့တွင် ရောဂါပိုးများ ရှာဖွေစစ်ဆေးခြင်း
    • သွေးထဲတွင် ပဋိပစ္စည်းများ စစ်ဆေးခြင်း (NMO၊ MOGAD တို့နှင့် သက်ဆိုင်သော ပဋိပစ္စည်းများ စစ်ဆေးခြင်း)
    • ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture – CSF examination)
ကုသခြင်း

မျက်စိအာရုံကြော ရောင်ရမ်းခြင်းသည် အလိုအလျောက် ပြန်လည်သက်သာ ကောင်းမွန်လာနိုင်သော်လည်း အမြင်အာရုံ ထိခိုက်မှု ပြင်းထန်သော အခြေအနေများတွင် အောက်ပါ ကုသမှုနည်းလမ်းများကို အသုံးပြုရန် လိုအပ်သည်။

စတီးရွိုက်ဆေးဝါးများ (Steroids) ဖြင့် ကုသခြင်း
ရောင်ရမ်းမှုကို လျှော့ချပေးခြင်းဖြင့် မျက်စိအာရုံကြော ထိခိုက်ပျက်စီးမှုကို လျော့နည်းစေသည်။ ၎င်းသည် နာကျင်မှုကို သက်သာစေပြီး အမြင်အာရုံ ပြန်လည်ရရှိစေရန် အထောက်အကူပြုသည်။ ပုံမှန်အားဖြင့် စတီးရွိုက်ဆေးဝါးများကို သွေးကြောထဲသို့ ထိုးဆေးအနေဖြင့် ပမာဏများများကို (၃)ရက်မှ (၅)ရက်ခန့်ပေး၍ ကုသလေ့ရှိသည်။ ထို့နောက်တွင် သောက်ဆေးအဖြစ် ပြောင်းလဲကာ ဆရာဝန် ညွှန်ကြားသည့်အတိုင်း ပမာဏကို တဖြည်းဖြည်းချင်း လျှော့ချသွားရမည်။ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ ကိုယ်အလေးချိန်တက်ခြင်း၊ သွေးပေါင်ချိန်နှင့် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း၊ အစာအိမ်နာခြင်းနှင့် ညအိပ်မပျော်ခြင်းတို့ဖြစ်သည်။

သွေးရည်ကြည် လဲလှယ်ကုသခြင်း (Plasma Exchange)
စတီးရွိုက်ဆေးဝါးများဖြင့် ကုသသော်လည်း မသက်သာဘဲ ပြင်းထန်သော အမြင်အာရုံ ဆုံးရှုံးမှုများ ဆက်လက် ဖြစ်ပေါ်နေပါက ဤနည်းလမ်းကို အသုံးပြုသည်။ သွေးထဲရှိ ရောင်ရမ်းမှုကို ဖြစ်စေသော ပဋိပစ္စည်း (Antibodies) များကို ဖယ်ရှားရန် သွေးရည်ကြည် လဲလှယ်ခြင်းဖြစ်သည်။ အထူးသဖြင့် NMO သို့မဟုတ် MOGAD ကဲ့သို့သော ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့် ရောဂါများတွင် အကျိုးရှိနိုင်သည်။

IVIG (Intravenous Immunoglobulin) ဖြင့် ကုသခြင်း
နောက်ဆုံးပေါ် ကုသမှု အချက်အလက်များအရ သွေးကြောမှတစ်ဆင့် သွင်းရသော ပဋိပစ္စည်း အိုင်ဗွီအိုင်ဂျီ (IVIG) ဆေးသွင်းကုသခြင်းကိုလည်း အချို့သော ပြင်းထန်သည့် အခြေအနေများတွင် အသုံးပြုနိုင်သည်။ ၎င်းသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ မိမိအာရုံကြောကို ပြန်လည်တိုက်ခိုက်နေခြင်းကို ဟန့်တားပေးရန် အထောက်အကူပြုသည်။

ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းကို ကုသခြင်း
  • ဘက်တီးရီးယားပိုးဝင်ခြင်း _ ပဋိဇီဝပိုးသတ်ဆေးများ (Antibiotics) ပေး၍ ကုသခြင်း
  • ဗီတာမင် ချို့တဲ့ခြင်း _ ဗီတာမင် B12 ကဲ့သို့သော လိုအပ်သည့် အာဟာရဓာတ်များကို ဖြည့်စွက်ပေးခြင်း

အာရုံကြောဖုံးအဆီလွှာ ပျက်စီးသောရောဂါ (MS) ကို ကာကွယ်ကုသခြင်း
မျက်စိအာရုံကြော ရောင်ရမ်းခြင်းရှိပြီး သံလိုက်ဓာတ်မှန် (MRI) တွင် ဦးနှောက်ထိခိုက်မှု လက္ခဏာများ တွေ့ရှိပါက MS ရောဂါဖြစ်ပွါးမှုကို နှောင့်နှေးစေရန် သို့မဟုတ် ကာကွယ်ရန်အတွက် အာရုံကြောစနစ်ကို ထိန်းညှိပေးသော ဆေးဝါးများ (ဥပမာ – Interferon beta) နှင့် ကုသမှု ခံယူရမည်။ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ စိတ်ဓာတ်ကျခြင်း၊ ဆေးထိုးသည့်နေရာ ယားယံခြင်းနှင့် တုပ်ကွေးကဲ့သို့ လက္ခဏာများ ခံစားရခြင်းတို့ဖြစ်သည်။

ရောဂါရလဒ် ခန့်မှန်းချက်

မျက်စိအာရုံကြော ရောင်ရမ်းခြင်း ဖြစ်ပွားသူ အများစုသည် (၆)လအတွင်း ပုံမှန်အမြင်အာရုံနီးပါးကို ပြန်လည်ရရှိကြသည်။ သို့သော် ရောဂါပြန်လည်ဖြစ်ပွါးသူများတွင် MS၊ NMO သို့မဟုတ် MOGAD ကဲ့သို့သော ရောဂါအခြေခံများ ရှိနေနိုင်ခြေ ပိုများသည်။ အမြင်အာရုံကြောကို စောစီးစွာ ကုသမှုခံယူခြင်းသည် ရေရှည်တွင် အမြင်အာရုံ ပြန်လည်ကောင်းမွန်ရန်အတွက် အလွန်အရေးကြီးသည်။

ကာကွယ်ခြင်း

မျက်စိအာရုံကြော ရောင်ရမ်းခြင်းနှင့် ထိခိုက်ပျက်စီးခြင်းတို့သည် များသောအားဖြင့် ကြိုတင်ခန့်မှန်း၍မရသော အကြောင်းရင်းများကြောင့် ဖြစ်ပွါးလေ့ရှိသည်။ သို့ဖြစ်၍ ဖြစ်ပေါ်စေသော အကြောင်းရင်းများအားလုံးကို လုံးဝကာကွယ်တားဆီးနိုင်သည့် နည်းလမ်းမရှိသေးသော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေများကို လျှော့ချပေးနိုင်သည်။

  • ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ရှောင်ကြဉ်ခြင်း _ အငွေ့ရှူခြင်းနှင့် ဆေးရွက်ကြီးငုံခြင်း အပါအဝင် ဆေးရွက်ကြီးထွက်ပစ္စည်းများ အသုံးပြုခြင်းကို ရှောင်ကြဉ်ရမည်
  • ရောဂါပိုးဝင်ရောက်မှုကို စောစီးစွာကုသခြင်း _ ကိုယ်ခန္ဓာတွင် ရောဂါပိုးဝင်ရောက်ခြင်း ဖြစ်ပေါ်ပါက မျက်စိအာရုံကြောများထံသို့ မပြန့်ပွါးမီ ဆေးကုသမှုကို အချိန်မီခံယူရမည်
  • ဆေးဝါးများကို စနစ်တကျ သောက်သုံးခြင်း _ မိမိသောက်သုံးနေသော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အတိအကျ သောက်သုံးရမည်ဖြစ်ပြီး၊ ဆရာဝန်ညွှန်ကြားချက်မရှိသော ဆေးဝါးများကို လုံးဝရှောင်ကြဉ်ရမည်
  • အာဟာရပြည့်ဝစွာ စားသောက်ခြင်း _ ဗီတာမင် ချို့တဲ့မှု (အထူးသဖြင့် ဗီတာမင် B12) ကြောင့် အာရုံကြောထိခိုက်ခြင်းကို ရှောင်ကြဉ်ရန် အာဟာရပြည့်ဝသော အစားအစာများကို ရွေးချယ်စားသောက်ရမည်
  • အဆိပ်အတောက်များ ရှောင်ကြဉ်ခြင်း _ အရက်ကို အလွန်အကျွံ မသောက်သုံးရန်နှင့် အမြင်အာရုံကို ရုတ်တရက် ကွယ်စေနိုင်သည့် မီသနော (Methanol) ကဲ့သို့သော အဆိပ်အတောက်ဖြစ်စေသည့် ပစ္စည်းများကို သတိပြုရှောင်ကြဉ်ရမည်
  • ရှိရင်းစွဲရောဂါများကို ထိန်းချုပ်ခြင်း _ နာတာရှည် ကိုယ်ခံအားမူမမှန် တုံ့ပြန်ရောဂါများ (ဥပမာ – SLE) သို့မဟုတ် ရောင်ရမ်းမှုဆိုင်ရာ ပြဿနာများရှိပါက ထိရောက်သော ကုသမှုကို ပုံမှန်ခံယူနေရမည်

မျက်စိအာရုံကြော ရောင်ရမ်းခြင်းသည် နောက်ခံရောဂါကြီးများ၏ ရှေ့ပြေးလက္ခဏာဖြစ်နိုင်သောကြောင့် အမြင်အာရုံ ထူးခြားစွာ ပြောင်းလဲခြင်း သို့မဟုတ် မျက်လုံးလှုပ်ရှားလျှင် နာကျင်ခြင်းများ ရှိပါက မျက်စိအထူးကုဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်သည်။

References:

  1. Cleveland Clinic. (n.d.). Optic neuritis. Retrieved December 2, 2025, from https://my.clevelandclinic.org/health/diseases/14256-optic-neuritis
  2. Mayo Clinic. (n.d.). Optic neuritis: Symptoms and causes. Retrieved December 2, 2025, from https://www.mayoclinic.org/diseases-conditions/optic-neuritis/symptoms-causes/syc-20354953
  3. Mayo Clinic. (n.d.). Optic neuritis: Diagnosis and treatment. Retrieved December 2, 2025, from https://www.mayoclinic.org/diseases-conditions/optic-neuritis/diagnosis-treatment/drc-20354958
  4. Johns Hopkins Medicine. (n.d.). Optic neuritis. Retrieved December 2, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/optic-neuritis

Published: 23 January 2026

Share

23 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Hyperacusis (နားအကြားအာရုံခံစားမှု လွန်ကဲခြင်း)
Apr 24, 2026
Diseases and Conditions

Hyperacusis (နားအကြားအာရုံခံစားမှု လွန်ကဲခြင်း)

နားအကြားအာရုံခံစားမှု လွန်ကဲခြင်း (Hyperacusis) သည် သာမန်အသံများကိုပင်...

Medial Collateral Ligament Injury (ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ထိခိုက်ဒဏ်ရာရခြင်း)
Apr 24, 2026
Diseases and Conditions

Medial Collateral Ligament Injury (ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ထိခိုက်ဒဏ်ရာရခြင်း)

ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ထိခိုက်ဒဏ်ရာရခြင်း (Medial Collateral...

Venous Stasis Dermatitis (သွေးပြန်ကြောပိတ်ဆို့မှုကြောင့် အရေပြားရောင်ရမ်းခြင်း)
Apr 24, 2026
Diseases and Conditions

Venous Stasis Dermatitis (သွေးပြန်ကြောပိတ်ဆို့မှုကြောင့် အရေပြားရောင်ရမ်းခြင်း)

သွေးပြန်ကြောပိတ်ဆို့မှုကြောင့် အရေပြားရောင်ရမ်းခြင်းသည်...