Chorioamnionitis (ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်း)

Chorioamnionitis (ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်း)

ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်း (Chorioamnionitis) သည် သန္ဓေသားကို ဝန်းရံထားသော ရေမြွှာရည်၊ အချင်းအမြှေးပါး၊ အချင်းတစ်ရှူးများထိ ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်းဖြစ်သည်။ ဘက်တီးရီးယားပိုးများသည် ဆီးလမ်းကြောင်း၊ အူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နိုင်သကဲ့သို့ ပြင်ပမှလည်း ဝင်ရောက်နိုင်သည်။ ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်းသည် ကိုယ်ဝန်ဆောင်စဥ် အရေးပေါ် အခြေအနေတစ်ခုဖြစ်ပြီး၊ မိခင်ရောကလေးပါ အသက်အန္တရာယ်ရှိနိုင်သည့်အတွက် အချိန်မီကုသမှုခံယူရန် လိုအပ်သည်။ လမစေ့ဘဲမွေးဖွားသူ (၄၀) မှ (၇၀) ရာခိုင်နှုန်းသည် ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်းကြောင့်ဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မိန်းမကိုယ်၊ စအို၊ အစာဟောင်းအိမ်မှတစ်ဆင့် သားအိမ်ထိ ရောဂါပိုးများ ရောက်ရှိနိုင်သလို ရေမြွှာရည်အိတ်ပေါက်လျှင် သားအိမ်မှလည်း စတင်၍ ရောဂါပိုးဝင်နိုင်သည်။ အဓိကဘက်တီးရီးယားပိုးမှာ အီးကိုလိုင်း (E coli)၊ Streptococcus အုပ်စုဘီ (Group B Strep)၊ Ureaplasma နှင့် Mycoplasma hominis ဘက်တီးရီးယားများဖြစ်သည်။

ရေမြွှာရည်ရောဂါပိုးဝင်စေသော အကြောင်းရင်းများမှာ အောက်ပါတို့ဖြစ်သည်။

  • လမစေ့မီ ဗိုက်နာခြင်း (Premature Labour)
  • ကလေးမမွေးဖွားမီ (၂၄) နာရီထက်ကျော်လွန်ပြီး ရေမြွှာရည်ပေါက်နေခြင်း
  • ကလေးမွေးဖွားချိန် ပုံမှန်ထက်ကြာခြင်း (Prolong labour)
  • လိင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါပိုးရှိခြင်း
  • Streptococcus အုပ်စုဘီ ဘက်တီးရီးယားပိုးရှိခြင်း
  • ‌ရေမြွှာရည်ပေါက်ပြီးနောက် သို့မဟုတ် ဖောက်ပြီးနောက် မိန်းမကိုယ်အတွင်းသို့ စမ်းသပ်မှု မကြာခဏပြုလုပ်ခြင်း
  • မိန်းမကိုယ်အတွင်းမှနေ၍ သန္ဓေသားကျန်းမာရေး စောင့်ကြည့်မှု ပြုလုပ်ခြင်း
  • ခန္ဓာကိုယ်ခုခံအားနည်းနေခြင်း
  • သားအိမ်ခေါင်းတိုခြင်း
  • အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးသုံးစွဲခြင်းတို့ဖြစ်သည်။
ရောဂါလက္ခဏာများ

ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်းဖြစ်ပေါ်ပါက ကိုယ်ဝန်ဆောင်မိခင်တွင် အောက်ပါလက္ခဏာများ ခံစားရနိုင်သည်။

  • ဖျားခြင်း (ကိုယ်အပူချိန် ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် အထက်ရှိခြင်း)
  • မိခင်နှလုံးခုန်မြန်ခြင်း (တစ်မိနစ် နှလုံးခုန်နှုန်း ၁၀၀ အထက်ရှိခြင်း)
  • သားအိမ်နာကျင်ခြင်း၊ ထိကိုင်ရုံမျှဖြင့်နာကျင်ခြင်း (Tender or painful uterus)
  • မိန်းမကိုယ်မှ ပုံမှန်မဟုတ်သောအနံ့အသက်ရှိသည့် အရည်များဆင်းခြင်း
  • ရေမြွှာရည် အနံ့နံခြင်း
  • ချွေးထွက်ခြင်း
  • သန္ဓေသားနှလုံးခုန်မြန်ခြင်း (တစ်မိနစ် သန္ဓေသားနှလုံးခုန်နှုန်း ၁၆၀ အထက်ရှိခြင်း)
နောက်ဆက်တွဲပြဿနာများ

ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်းကို ကောင်းစွာကုသမှုမခံယူလျှင် သို့မဟုတ် ရေမြွှာရည်ရောဂါပိုးဝင်ခြင်း ပြင်းထန်လျှင် အောက်ပါနောက်ဆက်တွဲပြဿနာများကြုံတွေ့ရနိုင်သည်။

ကိုယ်ဝန်ဆောင်မိခင်နောက်ဆက်တွဲပြဿနာများ
  • တင်ပါးဆုံရိုးကွင်းအတွင်းသာမက ဝမ်းဗိုက်အတွင်း ရောဂါပိုးပျံ့လာခြင်း
  • ဝမ်းခေါင်းအမြှေးပါး ပိုးဝင်ရောင်ရမ်းခြင်း (Peritonitis)
  • သားအိမ်အတွင်းနံရံ ရောဂါပိုးဝင်ရောင်ရမ်းခြင်း (Endometritis)
  • မွေးပြီးနောက် သားအိမ်ကောင်းစွာမကျုံ့နိုင်ဘဲ သွေးသွန်ခြင်း
  • အဆုတ် သို့မဟုတ် တင်ပါးဆုံရိုးကွင်းအတွင်း သွေးခဲခြင်း
  • အဆုတ်ပျက်စီးခြင်းကြောင့် ရုတ်တရက်မောကျပ်ခြင်း လက္ခဏာစု (Acute Respiratory Distress Syndrome)
  • အသက်အန္တရာယ်ရှိသည်အထိ ပိုးဆိပ်ပျံ့ခြင်း (Sepsis)
  • ရှားပါးသော်လည်း မိခင်အသက်သေဆုံးနိုင်ခြင်း
မွေးကင်းစကလေးနောက်ဆက်တွဲပြဿနာများ
  • ပြင်းထန်သော ပိုးဆိပ်ပျံ့ခြင်း (Sepsis)
  • ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ခြင်း (Meningitis)
  • အဆုတ်ရောင်ရောဂါဖြစ်ခြင်း (Pneumonia)
လမစေ့ဘဲမွေးသောကလေး၏ နောက်ဆက်တွဲပြဿနာများ
  • အဆုတ်နှင့် လေပြွန်ငယ်များရှိ ဆဲလ်များ ထိခိုက်သော နာတာရှည်အဆုတ်ရောဂါဖြစ်ခြင်း (Bronchopulmonary dysplasia)
  • ဦးနှောက်ပုံမှန်လုပ်ဆောင်မှုမရှိခြင်း (Abnormal Brain Function)
  • စီပီရောဂါဖြစ်ခြင်း (Cerebral palsy)
ဆေးရုံ၊ ဆေးခန်းပြသရန်

ကိုယ်ဝန်ဆောင်စဥ် ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်းလက္ခဏာများ ခံစားနေရသည်ဟု သံသယရှိလျှင် ကိုယ်ဝန်စောင့်ရှောက်‌ပေးနေသော မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ချက်ချင်းဆက်သွယ်၍ စမ်းသပ်စစ်ဆေးမှု ခံယူပါ။ သို့မှသာ လိုအပ်သောကုသမှုများ ရရှိပြီး၊ နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်မည်ဖြစ်သည်။

ရောဂါရှာဖွေခြင်း

မိမိ၏မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုဆရာဝန်မှ ခံစားရသောလက္ခဏာများကို မေးမြန်းခြင်း၊ ကျန်းမာရေးရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်၍ ရေမြွှာရည် ရောဂါပိုးဝင်ခြင်းကို အတည်ပြုမည်။ ထို့နောက် ဆီး၊ သွေးနှင့် မိန်းမကိုယ်အရည်များကို ယူ၍ ဓာတ်ခွဲခန်းတွင် အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်း၊ ပိုးမွေးမြူ၍ စစ်ဆေးခြင်းစသည်တို့ ပြုလုပ်မည်။ လိုအပ်ပါက အာထရာဆောင်းရိုက်၍ သန္ဓေသားကျန်းမာရေးကို ဆက်လက်စစ်ဆေးကြည့်ရှုမည်။

ကုသခြင်း

ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်းသည် မိခင်ရောကလေးအတွက်ပါ အလွန်အရေးကြီးသော အခြေအနေဖြစ်သောကြောင့် ဆောလျင်စွာ ကုသမှုခံယူရမည်ဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်အား ပဋိဇီဝပိုးသတ်ဆေးများကို သွေးပြန်ကြောမှတစ်ဆင့်သွင်း၍ ရောဂါပိုးကုသခြင်းကို ဦးစွာပြုလုပ်ရမည်။ အချို့သောအခြေအနေများတွင် ရောဂါပိုးပျံ့နှံ့မှု ပြင်းထန်ပါက သားဖွားမီးယပ် အထူးကုဆရာဝန်၏ စစ်ဆေးဆုံးဖြတ်ချက်အရ ကိုယ်ဝန်ကို စောစီးစွာမွေးဖွားရခြင်း ရှိနိုင်သည်။ သို့မှသာ မိခင်ရော ကလေးပါ နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်မည်ဖြစ်သည်။ ထို့နောက် မွေးဖွားလာသည့် မွေးကင်းစကလေး၌လည်း ရောဂါပိုးကူးစက်နိုင်ခြေ မြင့်မားသောကြောင့် ကလေး၏ သွေးပြန်ကြောမှတစ်ဆင့် ပဋိဇီဝပိုးသတ်ဆေးများပေး၍ ဆက်လက်ကုသရန် လိုအပ်သည်။

ကာကွယ်ခြင်း

ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်းကို ကာကွယ်ရန် အလုံးစုံ မဖြစ်နိုင်သော်လည်း အောက်ပါနည်းလမ်းများကို လိုက်နာကျင့်သုံးခြင်းဖြင့် ပိုးဝင်ခြင်းအန္တရာယ်ကို လျှော့ချနိုင်သည်။

  • ဗိုက်မနာမီ သို့မဟုတ် လမစေ့မီ စောစီးစွာရေမြွှာရည်ပေါက်လျှင် သားဖွားမီးယပ် အထူးကုဆရာဝန်မှ ညွှန်ကြားသည့်အတိုင်း ပဋိဇီဝပိုးသတ်ဆေး သောက်သုံးပါ
  • ရေမြွှာရည်ပေါက်ပြီးနောက် မိန်းမကိုယ်ထဲ စမ်းသပ်သည့် အကြိမ်အ‌ရေအတွက်ကို ကန့်သတ်ပြီး မလိုအပ်ဘဲ မစမ်းရပါ
  • ကိုယ်ဝန်တတိယ (၃) လပတ်တွင် Streptococcus အုပ်စု ဘီ ဘက်တီးရီးယားပိုး ရှိမရှိ စစ်ဆေးပါ
  • ရေမြွှာရည်ရောဂါပိုးဝင်သည်ဟု သံသယရှိလျှင် မိမိ၏ ကျန်းမာရေးစောင့်ရှောက်သူထံ ဆက်သွယ်၍ စမ်းသပ်စစ်ဆေး ကျန်းမာရေးစောင့်ရှောက်မှု ချက်ချင်း ခံယူခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ပါ

References:

  1. Cleveland Clinic. (n.d.). Chorioamnionitis. Retrieved December 19, 2025, from https://my.clevelandclinic.org/health/diseases/12309-chorioamnionitis
  2. WebMD. (n.d.). What is chorioamnionitis? Retrieved December 19, 2025, from https://www.webmd.com/baby/what-is-chorioamnionitis

Published: 30 December 2025

Share

30 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

Metatarsalgia (ခြေဖဝါးရှေ့ပိုင်း နာကျင်ခြင်း)
Jul 29, 2026
Diseases and Conditions

Metatarsalgia (ခြေဖဝါးရှေ့ပိုင်း နာကျင်ခြင်း)

ခြေဖဝါးရှေ့ပိုင်းနာကျင်ခြင်း (Metatarsalgia) သည် ခြေချောင်းများ၏...

Avascular Necrosis of Femoral head (ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း)
Jul 29, 2026
Diseases and Conditions

Avascular Necrosis of Femoral head (ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း)

ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း (Avascular Necrosis...

Chronic Suppurative Otitis Media (နာတာရှည် နားပြည်ယိုခြင်း)
Jul 28, 2026
Diseases and Conditions

Chronic Suppurative Otitis Media (နာတာရှည် နားပြည်ယိုခြင်း)

နာတာရှည် နားပြည်ယိုခြင်း (Chronic Suppurative Otitis Media) သည်...