Tracheoesophageal Fistula – TEF (လေပြွန်နှင့် အစာရေမျိုပြွန်ကြားတွင် ပုံမမှန်ပြွန်လမ်းကြောင်း ဖြစ်ပေါ်ခြင်း)

Tracheoesophageal Fistula – TEF (လေပြွန်နှင့် အစာရေမျိုပြွန်ကြားတွင် ပုံမမှန်ပြွန်လမ်းကြောင်း ဖြစ်ပေါ်ခြင်း)

အစာရေမျိုပြွန်နှင့် လေပြွန်မကြီးကြားတွင် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဖြစ်ပေါ် ဆက်သွယ်နေခြင်းသည် မွေးရာပါအခြေအနေတစ်ခုဖြစ်သည်။ အစာရေမျိုပြွန်သည် ရှည်လျားသည့် ပြွန်ကဲ့သို့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပါးစပ်နှင့်အစာအိမ်ကို ဆက်သွယ်ပေးသည်။ လေပြွန်မကြီးသည် အရိုးနုများဖြင့်ပြုလုပ်ထားသည့် ပြွန်တစ်ချောင်းဖြစ်ပြီး အသံအိုးနှင့် အဆုတ်လေပြွန်များကို ဆက်သွယ်ပေးသည်။ လေပြွန်မကြီးသည် အသက်ရှူသွင်းသည့်အချိန်တွင် လေကို ပူနွေးစိုစွတ်စေရန် ပြုလုပ်ပေးပြီး လေပြွန်ငယ်များနှင့် အဆုတ်ထံ သယ်ယူပို့ဆောင်ပေးသည်။ ပုံမှန်အားဖြင့် လေပြွန်မကြီးသည် အရှေ့ဘက်တွင်ရှိပြီး အစာရေမျိုပြွန်သည် အနောက်ဘက်တွင် မျဥ်းပြိုင်သဖွယ် တည်ရှိနေကာ ထိုပြွန်နှစ်ခုကြားတွင် ဆက်သွယ်မှုမရှိဘဲ ပြွန်တစ်ခုစီအနေဖြင့် သီးခြားဖြစ်ပေါ်သည်။ ထို့သို့မဟုတ်ဘဲ လေပြွန်မကြီးနှင့် အစာရေမျိုပြွန်ကြားတွင် ပုံမမှန်သော ပြွန်လမ်းကြောင်း ဖြစ်ပေါ်လာပါက အစာစားခြင်းနှင့် အသက်ရှူခြင်း လုပ်ငန်းစဥ်နှစ်ခုလုံးကို ထိခိုက်စေနိုင်သည်။ ထိုသို့ ပုံမမှန်လမ်းကြောင်းဆက်သွယ်မှုသည် တစ်နေရာ သို့မဟုတ် တစ်နေရာထက်ပို၍ ဖြစ်ပေါ်နိုင်သည်။

လေပြွန်နှင့် အစာရေမျိုပြွန်ကြားတွင် ပုံမမှန်ပြွန်လမ်းကြောင်းဖြစ်‌ပေါ်ခြင်းသည် အများအားဖြင့် အစာရေမျိုပြွန် ပိတ်နေခြင်း (Oesophageal atresia – EA/OA) နှင့် အတူတွဲ၍တွေ့ရလေ့ရှိသည်။ ထိုအခြေအနေများကို မွေးပြီးမကြာမီ သို့မဟုတ် တစ်ခါတစ်ရံ မမွေးခင် စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် တွေ့ရှိနိုင်သည်။ အခြေအနေနှစ်ခုလုံးသည် အသက်အန္တရာယ်ရှိနိုင်သောကြောင့် ခွဲစိတ်ကုသမှု ဆောလျင်စွာ ရယူရန်လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပုံမှန်သန္ဓေသားဖွံ့ဖြိုးမှုတွင် လေပြွန်နှင့် အစာရေမျိုပြွန်သည် ပြွန်တစ်ခုတည်းအနေဖြင့် စတင်ဖွံ့ဖြိုးလာသည်။ ကိုယ်ဝန်ပတ် (၄)ပတ် မှ (၈)ပတ်တွင် သန္ဓေသား၏ လေပြွန်နှင့် အစာရေမျိုပြွန်ကြားတွင် နံရံတစ်ခုဖြစ်ပေါ်လာပြီး ပြွန်နှစ်ခုအနေဖြင့် ကွဲသွားသည်။ ထိုနံရံသည် ကောင်းမွန်စွာ ဖြစ်ပေါ်လာခြင်းမရှိပါက ပုံမမှန်ပြွန်လမ်းကြောင်းများ ဖြစ်ပေါ်လာနိုင်သည်။ ထိုအခြေအနေသည် အရှင်မွေးကလေး (၃၅၀၀ – ၅၀၀၀) တွင် (၁) ယောက် ဖြစ်နိုင်သည်။ အဓိကအားဖြင့် အောက်ပါအခြေအနေ (၂)မျိုး တွေ့ရှိရသည်။

  1. အစာရေမျိုပြွန်ပိတ်နေခြင်း
    အစာရေမျိုပြွန်သည် ကိုယ်ဝန်ဆောင်ကာလတွင် ကောင်းမွန်စွာ ဖွံ့ဖြိုးမှု မရှိခြင်းကြောင့်ဖြစ်သည်။ အစာရေမျိုပြွန်သည် တစ်ဆက်တည်းမဖြစ်တော့ဘဲ အပိုင်းနှစ်ပိုင်း ဖြစ်ပေါ်သည်။ ထိုနှစ်ပိုင်းသည် အချင်းချင်း ဆက်သွယ်မှုမရှိဘဲ အပေါ်ပိုင်းသည် လည်ချောင်းနှင့် ဆက်နေပြီး၊ အောက်ပိုင်းသည် အစာအိမ်နှင့် ဆက်နေသည်။ ထိုသို့နှစ်ပိုင်းကွဲနေခြင်းကြောင့် ကလေးမှ မျိုချလိုက်သော အစားအစာများ၊ အရည်များသည် အစာရေမျိုပြွန်မှတစ်ဆင့် အစာအိမ်သို့ ရောက်ရှိနိုင်ခြင်း မရှိတော့ချေ။
  2. အစာရေမျိုပြွန်နှင့် လေပြွန်မကြီးကြားတွင် ပုံမမှန်ပြွန်လမ်းကြောင်းဖြစ်ခြင်း
    ထိုသို့ ပုံမမှန်ပြွန်လမ်းကြောင်းဖြင့် ဆက်နေသည့်အတွက် မျိုချလိုက်သော အစာများ၊ ရေများသည် အဆုတ်အတွင်းသို့ ရောက်ရှိသွားနိုင်ပြီး အဆုတ်ရောင်ခြင်းအပါအဝင် အခြားသောပြဿနာများကိုလည်း ဖြစ်စေသည်။ အချို့အခြေအနေများတွင် ရှူသွင်းလိုက်သောလေများသည် အစာအိမ်အတွင်းသို့ ရောက်ရှိသွားသည်။
    အဓိကအားဖြင့် အမျိုးအစား (၅) မျိုးခွဲခြားနိုင်သည်။
    • Type A (Pure EA)
      စုစုပေါင်း၏ (၈) ရာခိုင်နှုန်းခန့်တွင် တွေ့ရှိနိုင်သည်။ အစာရေမျိုပြွန်ပိတ်နေခြင်းတစ်ခုသာ ရှိပြီး ပုံမမှန်ပြွန်လမ်းကြောင်း ဖြစ်ပေါ်နေခြင်းမရှိပါ။ အစာရေမျိုပြွန်အပေါ်ပိုင်းအဆုံးသည် အိတ်ကဲ့သို့ဖြစ်နေပြီး အစာအိမ်နှင့် ဆက်သွယ်နေခြင်းမရှိပါ။ အစာရေမျိုပြွန်အစွန်းနှစ်ဖက်ကြားတွင် နေရာလွတ်သည် ကြီးမားကျယ်ပြန့်စွာရှိနေသည်။
    • Type B (EA with proximal TEF)
      အတွေ့ရနည်းသော အမျိုးအစားဖြစ်ပြီး၊ စုစုပေါင်း၏ (၂) ရာခိုင်နှုန်းခန့်သာ တွေ့ရသည်။ အစာရေမျိုပြွန်၏ အပေါ်ပိုင်းသည် လေပြွန်မကြီးနှင့်ဆက်၍ ပုံမမှန်ပြွန်လမ်းကြောင်းဖြစ်နေသည်။ အစာရေမျိုပြွန်၏အောက်ပိုင်းသည် အစာအိမ်နှင့် ဆက်နေသော်လည်း ထိပ်ဝသည် အိတ်ကဲ့သို့ပိတ်နေသည်။
    • Type C (EA with distal TEF)
      အတွေ့ရများဆုံး အမျိုးအစားဖြစ်ပြီး စုစုပေါင်း၏ (၈၅) ရာခိုင်နှုန်းခန့်တွင် တွေ့နိုင်သည်။ ဤအမျိုးအစားတွင် အစာရေမျိုပြွန်၏ အပေါ်ပိုင်းအဆုံးသည် အိတ်ကဲ့သို့ပိတ်နေပြီး အစာအိမ်နှင့် ဆက်သွယ်နေခြင်းမရှိပါ၊ အစာရေမျိုပြွန်အောက်ပိုင်း၏ ထိပ်ဝသည် လေပြွန်မကြီးနှင့် ဆက်၍ ပုံမမှန်ပြွန်လမ်းကြောင်းဖြစ်နေသည်။
    • Type D (EA with double TEF)
      အရှားပါးဆုံးသော အမျိုးအစားဖြစ်ပြီး (၁) ရာခိုင်နှုန်းခန့်သာရှိသည်။ အစာရေမျိုပြွန်၏ အပေါ်ပိုင်းသည် အိတ်ကဲ့သို့ပိတ်နေပြီး အစာရေမျိုပြွန် အောက်ပိုင်းနှင့်လည်း အချင်းချင်း ဆက်သွယ်မှုမရှိပါ။ အပေါ်ပိုင်းနှင့် အောက်ပိုင်းနှစ်ခုလုံးသည် လေပြွန်မကြီးနှင့် အသီးသီး ဆက်၍ ပုံမမှန် ပြွန်လမ်းကြောင်းများ ဖြစ်ပေါ်နေသည်။
    • Type E (H-TEF)
      အစာရေမျိုပြွန်သည် ပုံမှန်အတိုင်းဖွံ့ဖြိုးမှုရှိပြီး အစာအိမ်နှင့် ဆက်နေသည်။ သို့သော် အစာရေမျိုပြွန်နှင့် လေပြွန်မကြီးကြားတွင် ပုံမမှန်ပြွန်လမ်းကြောင်းတစ်ခုဖြစ်နေပြီး H ပုံသဏ္ဌာန် ဆက်သွယ်ထားသည်။ စုစုပေါင်း၏ (၄) ရာခိုင်နှုန်းခန့်တွင် တွေ့ရသည်။
တွဲ၍တွေ့ရှိနိုင်သော ရောဂါအခြေအနေများ
  • Trisomy 13, Trisomy 18, Trisomy 21
    မွေးရာပါ ပုံမမှန် မျိုးဗီဇအခြေအနေများဖြစ်သည်။ ပုံမှန်ခရိုမိုဆုမ်း ၂၃ စုံ (၄၆ ခု) ရှိရမည့်အစား ခရိုမိုဆုမ်း နံပါတ် ၁၃ သို့မဟုတ် ၁၈ သို့မဟုတ် ၂၁ တွင် အပိုတစ်ခုပါလာသောကြောင့် ရောဂါလက္ခဏာများ တွေ့ရခြင်းဖြစ်သည်။
  • အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများ
    ရင်-ဝမ်းခြားကြွက်သားကိုဖြတ်၍ မွေးရာပါ အူကျွံခြင်း (CDH)၊ အူသိမ်ကောင်းစွာဖွံ့ဖြိုးမှုမရှိဘဲ ပိတ်နေခြင်း (Duodenal atresia)၊ မွေးရာပါ စအိုပေါက်မပါခြင်း (Imperforate anus)
  • မွေးရာပါ နှလုံးပြဿနာများ
    ချို့ယွင်းချက်လေးမျိုး စုပေါင်းဖြစ်ပေါ်နေသော‌ မွေးရာပါနှလုံးရောဂါ (Tetralogy Of Fallot)၊ နှလုံး ဘယ်၊ ညာ အောက်ခန်းနံရံတွင် အပေါက်ပါခြင်း (Ventricular Septal Defect)၊ နှလုံးသွေးကြောအပိုပါခြင်း (Patent Ductus Arteriosus)
  • ဆီးလမ်းကြောင်းဆိုင်ရာပြဿနာများ
    မြင်းခွာပုံသဏ္ဌာန်ကျောက်ကပ်ဖြစ်နေခြင်း၊ ကျောက်ကပ်ရေအိတ်တည်‌ရောဂါ၊ ကျောက်ကပ်မပါခြင်း၊ မွေးရာပါ ဆီးထွက်ပေါက် နေရာလွဲခြင်း (Hypospadius)
  • ကြွက်သားနှင့် အရိုးအဆစ်ဆိုင်ရာ ပြဿနာများ
    ခြေချောင်း၊ လက်ချောင်းများ အပိုပါခြင်း (Polydactyly)၊ ပူးနေခြင်း (Webbing)၊ ကျောရိုးစောင်းခြင်း (Scoliosis)
  • VACTERL ရောဂါလက္ခဏာစု
    ကိုယ်ခန္ဓာအတွင်းရှိ ကိုယ်တွင်းအင်္ဂါစနစ်များစွာကို ထိခိုက်စေသော ရောဂါလက္ခဏာစုဖြစ်ပြီး ကျောရိုးချို့ယွင်းချက်များ၊ အစာ‌‌ဟောင်းအိမ်နှင့် စအိုလမ်းကြောင်းတစ်လျှောက် မူမမှန်ဖြစ်ခြင်း၊ မွေးရာပါနှလုံးရောဂါများ၊ အစာရေမျိုပြွန်နှင့် လေပြွန်၊ ကျောက်ကပ်၊ ခြေလက်များ မူမမှန်ဖြစ်ခြင်းများ ပါဝင်သည်။
ရောဂါလက္ခဏာများ

အစာရေမျိုပြွန်နှင့် လေပြွန်မကြီးကြား ပုံမမှန်ပြွန်လမ်းကြောင်း ဖြစ်နေသောကလေးအများစုသည် အစာရေမျိုပြွန် ပိတ်နေသည့်အခြေအနေနှင့် တွဲ၍ရှိခြင်းကြောင့် မမွေးဖွားမီ ကိုယ်ဝန်ဆောင်အာထရာဆောင်းတွင် အောက်ပါအချက်များကိုတွေ့နိုင်သည်။

  • ရေမြွှာရည်များခြင်း
    ပုံမှန်အားဖြင့် သန္ဓေသားသည် ရေမြွှာရည်များကို ရှူသွင်း၍ မျိုချသည်။ အစာရေမျိုပြွန် ပိတ်နေသောကလေးသည် ရေမြွှာရည်များကို မျိုချနိုင်ခြင်းမရှိသောကြောင့် သားအိမ်အတွင်း ရေမြွှာရည်ပမာဏ ပိုများလာစေသည်
  • သန္ဓေသား၏အစာအိမ်သေးနေခြင်း
    သန္ဓေသားသည် ရေမြွှာရည်များကို မျိုချနိုင်ခြင်းမရှိသောကြောင့် အစာအိမ်အတွင်း မည်သည့်အရာမှမရှိဘဲဖြစ်နေတတ်သည်၊ ထို့ကြောင့် အာထရာဆောင်းတွင် သန္ဓေသား၏ အစာအိမ်ကို မမြင်ရခြင်း သို့မဟုတ် အရွယ်အစား သေးငယ်လွန်းခြင်းတို့ကို တွေ့နိုင်သည်
  • အစာရေမျိုပြွန်အပေါ်ပိုင်းဖောင်းနေခြင်း
    သန္ဓေသားသည် ရေမြွှာရည်များကို မျိုချသော်လည်း အောက်သို့ဆက်လက်ရွေ့လျားရန် အစာရေမျိုပြွန်နှင့် အစာအိမ်အကြား ဆက်သွယ်ထားသော လမ်းကြောင်းမရှိဘဲဖြစ်တတ်သည်၊ ထိုအခါ အစာရေမျိုပြွန်ပိုက်အတွင်း ရေမြွှာရည်များ ပြည့်လာပြီး အစာရေမျိုပြွန်အပေါ်ပိုင်းသည် ဖောင်းနေနိုင်သည်။

ကလေးမွေးပြီးပြီးချင်းတွင်ပင် အောက်ပါအချက်များကိုတွေ့ရနိုင်သည်။ အတွေ့ရအများဆုံးသော လက္ခဏာများမှာ_

  • အသက်ရှူရခက်ခြင်း
  • နို့စို့ရန် ကြိုးစားသည့်အချိန် သို့မဟုတ် မျိုချသည့်အချိန်တွင် သီးခြင်း၊ ချောင်းဆိုးခြင်း၊ ပြာခြင်းတို့ဖြစ်သည်။

အခြားတွေ့နိုင်သောလက္ခဏာများမှာ_

  • အမြုပ်ပါသော တံတွေးများ အလွန်အမင်းထွက်ခြင်း
  • နို့ကောင်းစွာမစို့နိုင်ခြင်း
  • လေများစုနေသောကြောင့် ဝမ်းဗိုက်ဖောင်းနေခြင်း
  • အစာစားသည့်အချိန်တွင် ပြာခြင်း
  • ပါးစပ်မှတစ်ဆင့် အစာအိမ်အတွင်းသို့ နှာခေါင်းပိုက်ထည့်၍ မရခြင်းတို့ပါဝင်သည်

ပုံမမှန်ပြွန်လမ်းကြောင်းဖြစ်ခြင်း တစ်မျိုးတည်းသာရှိပါက မွေးပြီးပြီးချင်း လက္ခဏာများ ပြလေ့မရှိပါ။ အချို့တွင် ချောင်းအနည်းငယ်ဆိုးခြင်းအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ အနည်းငယ်သာ ပြတတ်သောကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာမှသာ သိရှိနိုင်သည်။ ကလေးသည် အစာများကို အစာအိမ်သို့ရောက်သည်အထိ ကောင်းစွာမျိုချနိုင်သော်လည်း ပုံမမှန်ပြွန်လမ်းကြောင်းမှတစ်ဆင့် အရည်များသည် လေပြွန်နှင့် အဆုတ်အတွင်းသို့ ရောက်ရှိနိုင်သောကြောင့် ချောင်းဆိုးခြင်း၊ ပြာခြင်း၊ မကြာခဏအဆုတ်ပိုးဝင်ခြင်း၊ အဆုတ်ရောင်ခြင်းများ ဖြစ်နိုင်သည်။ ထို့ပြင် အခြားသော မွေးရာပါ ချို့ယွင်းချက်များကြောင့် ဖြစ်ပေါ်လာသည့် လက္ခဏာများကိုလည်း တွေ့ရှိရနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

မွေးကင်းစကလေးတွင် အထက်ပါလက္ခဏာများ တွေ့ရှိပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အရေးပေါ်ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။ ကိုယ်ဝန်ဆောင်အာထရာဆောင်းတွင် အစာရေမျိုပြွန်ပိတ်သည့် လက္ခဏာများ သံသယရှိပါက ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဆေးကုသမှုများနှင့် ဆေးဝါးကိရိယာများ ပြည့်စုံသည့် ဆေးရုံများ၌သာ မီးဖွားရန်စီစဥ်သင့်သည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာ အထူးကုဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် လူနာကို စမ်းသပ်စစ်ဆေးခြင်းများအပြင် Tracheoesophageal Fistula (TEF) ရှိမရှိ အတည်ပြုရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။

  1. ကိုယ်ဝန်ဆောင်စဉ် စစ်ဆေးခြင်း (Prenatal Screening)
    ကိုယ်ဝန်ဆောင် အာထရာဆောင်း (Ultrasound) ရိုက်စဉ်အတွင်း မိခင်၌ ရေမြွာရည် များလွန်းခြင်း (Polyhydramnios) နှင့် သန္ဓေသား၏ အစာအိမ်ကို ပုံရိပ်ဖော်၍ မရခြင်း (အစာရေမျိုပြွန် ပိတ်နေသဖြင့် အစာအိမ်ထဲသို့ အရည်မရောက်ခြင်း) စသည့် သံသယဖြစ်ဖွယ် လက္ခဏာများကို တွေ့ရှိနိုင်သည်။
  2. မွေးကင်းစကလေးအား စစ်ဆေးခြင်း (Postnatal Diagnosis)
    • နှာခေါင်းပိုက်ထည့်၍ ဓာတ်မှန်ရိုက်ခြင်း (X-rays with a Nasogastric Tube)
      ကလေး၏ နှာခေါင်းမှတစ်ဆင့် အစာရေမျိုပြွန်အတွင်းသို့ နှာခေါင်းပိုက် (NG Tube) ထည့်သွင်းကြည့်ခြင်းဖြစ်သည်။ အစာရေမျိုပြွန် ပိတ်နေပါက ပိုက်သည် အစာအိမ်အတွင်းသို့ ဆက်မသွားနိုင်ဘဲ လိပ်တက်လာမည်ဖြစ်ရာ ဓာတ်မှန်ရိုက်ကြည့်ခြင်းဖြင့် ပိတ်နေသည့်နေရာကို အတည်ပြုနိုင်သည်။ ထို့ပြင် ဓာတ်မှန်၌ အစာအိမ်အတွင်း လေအများအပြား တွေ့ရှိပါက လေပြွန်နှင့် အစာရေမျိုပြွန်ကြား ပုံမမှန် ဆက်သွယ်နေကြောင်း (Fistula ရှိကြောင်း) သိရှိနိုင်သည်။
    • မှန်ပြောင်းကြည့်ခြင်း (Rigid Bronchoscopy and Esophagoscopy)
      သေးငယ်သော ကင်မရာပါသည့် ပြွန်ချောင်းကို အသုံးပြု၍ ကလေး၏ လေပြွန်နှင့် အစာရေမျိုပြွန်အတွင်းပိုင်းကို တိုက်ရိုက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ ဤနည်းဖြင့် ပြွန်လမ်းကြောင်း ဆက်စပ်မှုရှိသည့်နေရာနှင့် အစာရေမျိုပြွန် အပိုင်းနှစ်ပိုင်းကြား အကွာအဝေးကို တိကျစွာ သိရှိနိုင်သည်။
    • ဘေရီယမ်ဆေးရည်အသုံးပြု၍ ဓာတ်မှန်ရိုက်ခြင်း (Esophagram)
      အစာရေမျိုပြွန် ပိတ်မနေဘဲ လေပြွန်နှင့် ပုံမမှန် ဆက်သွယ်မှုသာ ရှိနေသည့် (H-type TEF) ဟုယူဆပါက ဤနည်းကို အသုံးပြုသည်။ မျိုချလိုက်သော ဆေးရည်များသည် လေပြွန်လမ်းကြောင်းအတွင်းသို့ စိမ့်ဝင်ခြင်း ရှိမရှိကို ဓာတ်မှန်ဗီဒီယိုဖြင့် ကြည့်ရှုစစ်ဆေးနိုင်သည်။
  3. နောက်ဆက်တွဲ တွဲဖက်ရောဂါများ ရှာဖွေခြင်း
    TEF သည် အခြားသော မွေးရာပါ ချို့ယွင်းချက်များနှင့် တွဲ၍ဖြစ်ပေါ်နိုင်သဖြင့် အောက်ပါတို့ကိုပါ စစ်ဆေးရန် လိုအပ်သည်။
    • ဝမ်းဗိုက်အာထရာဆောင်း (Abdominal Ultrasound) – ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများ ရှာဖွေရန်
    • အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက် (Echocardiogram) – မွေးရာပါ နှလုံးရောဂါ ရှိမရှိ စစ်ဆေးရန်
    • မျိုးဗီဇစစ်ဆေးခြင်း (Genetic Testing) – မျိုးရိုးဗီဇဆိုင်ရာ ရောဂါစုများ ရှိမရှိ စစ်ဆေးရန်
ကုသခြင်း

Tracheoesophageal Fistula (TEF) အတွက် အဓိကကုသမှုမှာ ခွဲစိတ်ပြုပြင်ခြင်းပင်ဖြစ်သည်။ လူနာတစ်ဦးနှင့်တစ်ဦး၏ ရောဂါပြင်းထန်မှုအပေါ် မူတည်၍ ခွဲစိတ်မှုကို တစ်ကြိမ်တည်းဖြင့် ပြီးစီးနိုင်သကဲ့သို့ အကြိမ်များစွာ ခွဲစိတ်ရန်လည်း လိုအပ်နိုင်သည်။ ခွဲစိတ်မှုကို သမားရိုးကျ ရင်ဘတ်ဖွင့်၍ ခွဲစိတ်ခြင်း သို့မဟုတ် မှန်ပြောင်းအသုံးပြု၍ ခွဲစိတ်ခြင်း (Thoracoscopic surgery) နည်းလမ်းများဖြင့် ပြုလုပ်နိုင်သည်။

ခွဲစိတ်မည့် နည်းလမ်းကို ဆုံးဖြတ်ရာတွင် အောက်ပါအချက်များပေါ် မူတည်သည်

  • ပုံမမှန် ပြွန်လမ်းကြောင်း တည်ရှိသည့်နေရာနှင့် ကလေး၏ အသက်ရှူခြင်းအပေါ် သက်ရောက်မှု
  • ကလေး၏ နောက်ခံကျန်းမာရေးနှင့် နေ့စေ့လစေ့ မွေးဖွားခြင်း ရှိမရှိ အခြေအနေ

ခွဲစိတ်မှုမပြုလုပ်မီ ပြင်ဆင်ခြင်း
ခွဲစိတ်မှုမတိုင်မီ ကလေး၏ အခြေအနေကို သေချာစွာ စစ်ဆေးပြင်ဆင်ရသည်။ အစာသီးခြင်းကြောင့် အဆုတ်ရောင်ခြင်းကဲ့သို့ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် ပါးစပ်မှ အစာကျွေးခြင်းကို ချက်ချင်းရပ်ဆိုင်းထားရမည်။ လိုအပ်သော အာဟာရနှင့် ဆေးဝါးများကို သွေးကြောမှတစ်ဆင့်သာ ပေးရမည်။ တံတွေးနှင့် အရည်များ အဆုတ်ထဲမဝင်စေရန် အစာရေမျိုပြွန်အတွင်း နှာခေါင်းပိုက်ထည့်၍ အမြဲမပြတ် စုပ်ထုတ်ပေးနေရမည်။ အချို့ကလေးများတွင် အာဟာရရရှိရန် ဝမ်းဗိုက်အရေပြားမှတစ်ဆင့် အစာအိမ်အတွင်းသို့ တိုက်ရိုက်ပိုက်ထည့်ခြင်း (Gastrostomy) ကို ဦးစွာပြုလုပ်ရနိုင်သည်။ လိုအပ်ပါက အောက်ဆီဂျင်ပေးခြင်းနှင့် အသက်ရှူအားကူစက် တပ်ဆင်ခြင်းများကိုပါ ပြုလုပ်ရသည်။

ခွဲစိတ်မှု ပြုလုပ်ခြင်း
ခွဲစိတ်နေစဉ်အတွင်း ကလေး၏ အသက်ရှူလမ်းကြောင်း ပွင့်နေစေရန် အသက်ရှူပိုက်ကို ထည့်သွင်းထားရသည်။ ခွဲစိတ်မှုကို ကလေး၏ ရင်ဘတ်၊ လည်ပင်း သို့မဟုတ် နောက်ကျောတွင် ခွဲကြောင်းပေး၍ ပြုလုပ်သည်။ ပြုလုပ်ရမည့် ခွဲစိတ်မှုအမျိုးအစားပေါ် မူတည်၍ ခွဲကြောင်းရှည် တစ်ကြောင်းတည်းပေးခြင်း သို့မဟုတ် အပေါက်ငယ်များစွာ ဖောက်၍ ပြုလုပ်ခြင်းတို့ကို ရွေးချယ်သည်

  1. ပုံမမှန်ပြွန်လမ်းကြောင်းကို ပြုပြင်ခြင်း (TEF Repair without EA)
    ဤအမျိုးအစားတွင် အစာရေမျိုပြွန်နှင့် လေပြွန်ကြားရှိ ပုံမမှန်ပြွန်လမ်းကြောင်းကို ခွဲစိတ်ခန်းသုံး ချုပ်ကြိုးများဖြင့် ပိတ်၍ ပြုပြင်သည်။ ဤတစ်ဆင့်တည်းဖြင့် ကလေးကို ပုံမှန်အတိုင်း အသက်ရှူနိုင်စေရန်နှင့် အစာမျိုချနိုင်စေရန် လုပ်ဆောင်ပေးနိုင်သည်။
  2. အစာရေမျိုပြွန်ပိတ်ခြင်းနှင့် ပြွန်လမ်းကြောင်းကို တွဲ၍ပြုပြင်ခြင်း (TEF with EA)
    ပုံမမှန်လမ်းကြောင်းကို ပိတ်ဆို့ဖယ်ရှားပြီးနောက် အစာရေမျိုပြွန် ပိတ်နေခြင်းကို ဆက်လက်ပြုပြင်ရမည်။ အဓိကရည်ရွယ်ချက်မှာ လည်ချောင်းမှ အစာအိမ်သို့ အစာများ ကောင်းမွန်စွာ စီးဆင်းနိုင်စေရန် အစာရေမျိုပြွန် အပေါ်ပိုင်းနှင့် အောက်ပိုင်းကို ပြန်လည်ဆက်သွယ်ပေးရန်ဖြစ်သည်။
    • တစ်ကြိမ်တည်းပြုပြင်ခြင်း (Primary Repair)
      အစာရေမျိုပြွန် အစွန်းနှစ်ဖက်သည် ဝေးကွာမှုမရှိပါက ၎င်းတို့အား တစ်ခါတည်း ပြန်လည်ချိတ်ဆက်ပေးသည့် (Oesophageal anastomosis) နည်းလမ်းကို အသုံးပြုသည်။
    • အဆင့်ဆင့်ပြုပြင်ခြင်း (Staged Repair)
      အစွန်းနှစ်ဖက် အလွန်ဝေးကွာနေပါက အဆင့်ဆင့် ခွဲစိတ်ရမည်။ ဦးစွာ တံတွေးနှင့်ချွဲများ စုပ်ထုတ်ရန် အစာရေမျိုပြွန်အပေါ်ပိုင်းကို လည်ပင်း သို့မဟုတ် ရင်ဘတ်တွင် အပေါက်ဖောက်ပေးထားရမည် (Oesophagostomy)။ နောက်ပိုင်းတွင်မှ အဆိုပါအပေါက်ကို ပြန်ပိတ်၍ အစာအိမ်၊ အူသိမ် သို့မဟုတ် အူမကြီး၏ တစ်စိတ်တစ်ပိုင်းကို အသုံးပြုကာ အစာရေမျိုပြွန်အစားထိုးခြင်း (Oesophageal replacement) ကို လုပ်ဆောင်ရသည်။

ခွဲစိတ်ပြီးနောက် ကုသမှုများ
ခွဲစိတ်ပြီးနောက် ကလေးကို မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU) တွင် ထားရှိ၍ အနီးကပ် စောင့်ကြည့်ရသည်။ အသက်ရှူအားကူစက်နှင့် ရင်ဘတ်တွင်းမှ အရည်ထွက်ပိုက်များကို လိုအပ်သလို အသုံးပြုရမည်။ ကလေး၏အခြေအနေ တည်ငြိမ်လာပါက နှာခေါင်းပိုက်မှတစ်ဆင့် အစာကျွေးခြင်းကို စတင်ပြီး နောက်ပိုင်းတွင် မိခင်နို့ သို့မဟုတ် နို့ဘူးတိုက်ခြင်းသို့ တဖြည်းဖြည်း ပြောင်းလဲရသည်။

ခွဲစိတ်ပြီးနောက် အောက်ပါအခြေအနေများ ဖြစ်ပေါ်လျှင် လိုအပ်သလို ဆက်လက်ကုသရသည်။

  • သွေးထွက်ခြင်းနှင့် အနာပိုးဝင်ခြင်း
  • ပြုပြင်ထားသောနေရာမှ အစာ၊ အရည်နှင့် လေများ စိမ့်ထွက်ခြင်း

ခွဲစိတ်ပြီးနောက်ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ
Tracheoesophageal Fistula (TEF) ကို မွေးကင်းစတွင် ခွဲစိတ်ပြုပြင်ပြီးနောက် အချို့သော ကလေးငယ်များတွင် အောက်ပါပြဿနာများ ဆက်လက်ကျန်ရှိနေနိုင်သည်

  1. စားချဉ်ပြန်ခြင်း (Gastroesophageal Reflux)
    ၎င်းသည် အတွေ့ရအများဆုံး နောက်ဆက်တွဲပြဿနာဖြစ်သည်။ အစာအိမ်အတွင်းရှိ အက်ဆစ်များနှင့် အစာများ အပေါ်သို့ ပြန်တက်လာခြင်းကြောင့် အောက်ပါတို့ကို ခံစားရနိုင်သည်။
    • ရင်ပူခြင်းနှင့် အစာများ ပြန်တက်ခြင်း
    • ပါးစပ်ထဲတွင် ခါးသက်သောအရသာ ခံစားရခြင်းနှင့် လည်ချောင်းနာခြင်း
    • သွားနှင့် သွားဖုံးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခြင်း
    • အစာမျိုချရ ခက်ခဲခြင်း၊ ချောင်းဆိုးခြင်းနှင့် အဆုတ်ပိုး ခဏခဏဝင်ခြင်း
      စောစီးစွာ ကုသမှုမခံယူပါက အစာရေမျိုပြွန် ရောင်ရမ်းခြင်းနှင့် ကျဉ်းသွားခြင်းတို့ ဖြစ်နိုင်သည့်အတွက် ခွဲစိတ်ပြီးနောက်တွင် နှစ်အနည်းငယ်အထိ အစာအိမ်ဆေးများကို ပေးထားရန် လိုအပ်သည်။ ဆေးများဖြင့် မသက်သာပါက ထပ်မံခွဲစိတ်ပြုပြင်ရနိုင်သည်။
  2. အစာရေမျိုပြွန်ကျဉ်းခြင်း (Esophageal Stricture)
    ခွဲစိတ်ထားသည့် နေရာတွင် အမာရွတ်တစ်ရှူးများ ဖြစ်လာပြီး အစာရေမျိုပြွန်လမ်းကြောင်း ကျဉ်းမြောင်းလာတတ်သည်။ ထိုသို့ ဖြစ်လာခြင်းကြောင့်
    • အစာမျိုချရ ခက်ခဲခြင်း
    • ချောင်းဆိုးခြင်းနှင့် နို့သီးခြင်းများ ဖြစ်ပေါ်နိုင်သည်
      ထိုသို့ဖြစ်ပါက အစာရေမျိုပြွန်ကို ပြန်လည်ချဲ့ပေးရန် (Dilation) လိုအပ်သည်။ ၎င်းကို ကျဉ်းနေသည့် နေရာသို့ ဘောလုံး (Balloon) ထည့်၍ ဖြည်းညင်းစွာ ကျယ်လာစေရန် ပြုလုပ်သည့် နည်းလမ်းဖြင့် ကုသလေ့ရှိသည်။
  3. အသက်ရှူခြင်းနှင့်ဆိုင်သည့် ပြဿနာများ
    ခွဲစိတ်ပြီးနောက်ပိုင်းတွင် အောက်ပါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်သည်။
    • နာတာရှည် ချောင်းဆိုးခြင်း
    • အဆုတ်ရောင်ခြင်းနှင့် ပန်းနာရင်ကျပ် ဖြစ်ခြင်း
    • လေပြွန်မကြီးပျော့ခြင်း (Tracheomalacia) – လေပြွန်နံရံများ အားနည်းလာသဖြင့် အသက်ရှူရ ခက်ခဲခြင်းနှင့် အသက်ရှူသည့်အခါ အသံမြည်ခြင်းတို့ ဖြစ်နိုင်သည်။
  4. အခြားခွဲစိတ်မှုဆိုင်ရာ နောက်ဆက်တွဲများ
    • ခွဲစိတ်ပြုပြင်ထားသောနေရာမှ အစာ၊ အရည်နှင့် လေများ စိမ့်ထွက်ခြင်း (Anastomotic leak)
    • အစာရေမျိုပြွန်နှင့် လေပြွန်ကြားတွင် ပုံမမှန်လမ်းကြောင်း ပြန်ပွင့်သွားခြင်း (Recurrent fistula)
    • ခွဲစိတ်ဒဏ်ရာ သွေးထွက်ခြင်းနှင့် အနာပိုးဝင်ခြင်း
ကာကွယ်ခြင်း

မွေးရာပါရောဂါဖြစ်သည့်အတွက် အတိအကျ ကာကွယ်ရန် နည်းလမ်းမရှိပါ။ အရေးကြီးဆုံးမှာ အထက်ပါ ရောဂါလက္ခဏာများကို စောစီးစွာသိရှိ၍ ညွှန်ကြားချက်များအတိုင်း ကုသမှုခံယူခြင်းအားဖြင့် နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေနိုင်သည်။

References:

  1. Children’s Hospital Los Angeles. (n.d.). Tracheoesophageal fistula. Retrieved December 12, 2025, from https://www.chla.org/tracheoesophageal-fistula
  2. Cleveland Clinic. (n.d.). Tracheoesophageal fistula. Retrieved December 12, 2025, from https://my.clevelandclinic.org/health/diseases/23395-tracheoesophageal-fistula
  3. Columbus Children’s Hospital / Nationwide Children’s. (n.d.). Tracheoesophageal fistula and esophageal atresia. Retrieved December 12, 2025, from https://www.nationwidechildrens.org/conditions/health-library/tracheoesophageal-fistula-and-esophageal-atresia
  4. Hopkins Medicine. (n.d.). Tracheoesophageal fistula (with esophageal atresia). Retrieved December 12, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/esophageal-atresia/tracheoesophageal-fistula
  5. The Children’s Hospital of Philadelphia. (n.d.). Esophageal atresia and tracheoesophageal fistula (EATEF). Retrieved December 12, 2025, from https://www.chop.edu/conditions-diseases/esophageal-atresia-and-tracheoesophageal-fistula-eatef
  6. Manchester University NHS Foundation Trust. (n.d.). Oesophageal atresia and tracheo-oesophageal fistula (OA and TOF). Retrieved December 12, 2025, from https://mft.nhs.uk/rmch/services/manchester-centre-for-neonatal-surgery/conditions-we-treat-at-mcns/oesophageal-atresia-and-tracheo-oesophageal-fistula-oa-and-tof/
  7. Royal Children’s Hospital Melbourne. (n.d.). Oesophageal atresia and tracheo-oesophageal fistula. Retrieved December 12, 2025, from https://www.rch.org.au/transition/brochures/Oesophageal_atresia_and_Tracheo-oesophageal_Fistula/

Published: 29 December 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

29 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Intestinal Malrotation and Volvulus (မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းနှင့် အူခေါက်ခြင်း)
Jan 26, 2026
Diseases and Conditions

Intestinal Malrotation and Volvulus (မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းနှင့် အူခေါက်ခြင်း)

မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းသည် သန္ဓေသားဖွံ့ဖြိုးစဉ်...

Sacrococcygeal Teratoma – SCT (မွေးရာပါမြီးညှောင့်ရိုးအကျိတ်)
Jan 26, 2026
Diseases and Conditions

Sacrococcygeal Teratoma – SCT (မွေးရာပါမြီးညှောင့်ရိုးအကျိတ်)

မွေးကင်းစကလေးငယ်များတွင် အတွေ့ရအများဆုံးဖြစ်သည့် ကျောရိုး၏အောက်ခြေ၊...

Nipah virus infection (နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါ)
Jan 26, 2026
Diseases and Conditions

Nipah virus infection (နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါ)

နီပါးဗိုင်းရပ်စ်သည် တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်စေသော ကူးစက်ရောဂါ...