Faltering growth in children (ကလေးများ ကြီးထွားဖွံ့ဖြိုးမှု နှေးခြင်း သို့မဟုတ် ရပ်တန့်နေခြင်း)

Faltering growth in children (ကလေးများ ကြီးထွားဖွံ့ဖြိုးမှု နှေးခြင်း သို့မဟုတ် ရပ်တန့်နေခြင်း)

ကလေးများ ကြီးထွားဖွံ့ဖြိုးမှု နှေးခြင်းဆိုသည်မှာ ကလေးတစ်ယောက်သည် သူ့အသက်အရွယ်အလိုက် ရှိသင့်သော ကိုယ်အလေးချိန်မရှိခြင်း သို့မဟုတ် ကိုယ်အလေးချိန် တဖြည်းဖြည်းကျဆင်းလာခြင်း စသည့်အခြေအနေများကို ဆိုလိုသည်။ တစ်နှစ်အောက်အရွယ်နှင့် လမ်းလျှောက်စအရွယ် ကလေးများတွင် ပိုမိုတွေ့ရလေ့ရှိပြီး ဖြစ်စေသော အကြောင်းရင်းများစွာရှိသည်။ စောစီးစွာ ရောဂါရှာဖွေ၍ ကုသပေးခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများစွာကို ကာကွယ်နိုင်သည်။

ကလေးများ ကြီးထွားဖွံ့ဖြိုးမှုနှေးခြင်းကို သတ်မှတ်ရန်အတွက် အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုးရှိသည်။ ယေဘုယျအားဖြင့် ကလေးတစ်ဦး၏ ကိုယ်အလေးချိန်ကို အသက်နှင့် ကျား/မ အလိုက် သတ်မှတ်ထားသော ကြီးထွားမှုစံနှုန်းပြဇယား (Growth Chart) တွင် ထည့်သွင်းတိုင်းတာကြည့်ရှုသည်။ ထိုသို့တိုင်းတာရာတွင် ကလေး၏ ကိုယ်အလေးချိန်သည် ၎င်း၏ အသက်နှင့် ကျား/မ အလိုက် သက်ဆိုင်သည့် (၅) ရာခိုင်နှုန်းမျဉ်း (5th percentile) အောက်တွင် ရောက်ရှိနေပါက ထိုကလေး (Child below the 5th percentile for sex and corrected age)ကို ကြီးထွားဖွံ့ဖြိုးမှုနှေးသော ကလေးအဖြစ် သတ်မှတ်သည်။

အခြားအဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ_

  • အရပ်အလိုက် ကိုယ်အလေးချိန်ကို ရေးဆွဲဖော်ပြထားသော စံသတ်မှတ်ထားသည့် ဇယားပါ ဂရပ်လိုင်းများတွင် အောက်ဆုံးလိုင်း၏ အောက်တွင်ရှိခြင်း (Weight for length below the 5th percentile)
  • ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (Body Mass Index – BMI) ကို အသက်အလိုက် ရေးဆွဲဖော်ပြထားသော စံသတ်မှတ်ထားသည့် ဇယားပါ ဂရပ်လိုင်းများတွင် အောက်ဆုံးလိုင်း၏ အောက်တွင် ရှိခြင်း (Body mass index for age below the 5th percentile)
  • အချိန်ကြာလာသည်နှင့်အမျှ ကလေး၏ ကြီးထွားမှုနှုန်း သိသိသာသာ လျော့နည်းလာခြင်း (ဥပမာ _ ကလေး၏ အသက်အလိုက် ကိုယ်အလေးချိန် သို့မဟုတ် အရပ်အလိုက် ကိုယ်အလေးချိန်ကို ဆက်တိုက်တိုင်းတာလာရာ၌ တိုင်းတာမှုသည် မူလကိုယ်အလေးချိန်ထက် ဂရပ်လိုင်းနှစ်ခုအောက်သို့ ကျဆင်းသွားခြင်း [Weight for age or weight for length/height falls by two major percentiles]) စသည်ဖြင့်အမျိုးမျိုးသတ်မှတ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကလေးများ ကြီးထွားဖွံ့ဖြိုးမှု နှေးရခြင်း အဓိကအကြောင်းရင်းမှာ စားသုံးသည့် အစာအာဟာရများမှ ခန္ဓာကိုယ်အတွက် ကယ်လိုရီ (Calories) လုံလောက်စွာ မရရှိခြင်းဖြစ်သည်။ ကလေး၏ အသက်အရွယ်အလိုက် ကယ်လိုရီလုံလောက်အောင် ရရှိနိုင်သောအစားအစာများ ကွာခြားသကဲ့သို့ ဖြစ်ရသော အကြောင်းရင်းများ ကွဲပြားနိုင်သည်။

အသက်အရွယ်အလိုက် ကယ်လိုရီ နည်းပါးရခြင်း အကြောင်းရင်းများ
  • ကလေးငယ်များတွင်
    • နို့တိုက်မိခင်မှ ထွက်သော နို့ပမာဏ နည်းပါးခြင်း
    • ကလေးသည် နို့စို့ရာတွင် အခက်အခဲများ ရှိခြင်း
    • ဖော်မြူလာနို့မှုန့်ကို စနစ်တကျ မှန်ကန်စွာ မဖျော်စပ်ခြင်း
    • တစ်နေ့တာအတွက် စုစုပေါင်းလိုအပ်သော နို့ပမာဏ လုံလောက်စွာ မရရှိခြင်း
  • ကလေးကြီးများတွင်
    • အစားအသောက် အလွန်ရှောင်ခြင်း၊ ကန့်သတ်စားခြင်း (Avoidant or Restrictive Food Intake Disorder) နှင့် အခြားစားသောက်မှု ပုံမမှန်ခြင်းဆိုင်ရာရောဂါများ
    • မကောင်းသော စားသောက်မှု အလေ့အကျင့်များ ရှိခြင်း (ဥပမာ _ တီဗီကြည့်၍ ထမင်းစားခြင်းနှင့် ပုံမှန် မနက်စာ၊ နေ့လယ်စာ၊ ညစာ စားသောက်ချိန် သတ်သတ်မှတ်မှတ် မထားခြင်း)
  • အသက်အရွယ်တိုင်းအတွက်
    • စားနပ်ရိက္ခာ မလုံလောက်ခြင်း (Food Insecurity) သို့မဟုတ် အာဟာရရှိသော အစားအစာများ ဝယ်ယူရာတွင် အကန့်အသတ်ရှိခြင်း
    • ကလေးများအား ပြုစုစောင့်ရှောက်နေသော မိဘများ၏ အစားအသောက်ဆိုင်ရာ ဗဟုသုတနည်းပါးခြင်းနှင့် ပြင်ဆင်ကျွေးမွေးမှု နည်းစနစ်မကျခြင်း
    • မိဘများ၏ စိတ်ပိုင်းဆိုင်ရာလက္ခဏာများဖြစ်သော ကလေးများအပေါ် ငြင်းပယ်ခြင်း၊ ရှောင်ဖယ်ခြင်း သို့မဟုတ် ရန်လိုဒေါသထွက်ခြင်းများကြောင့် ကလေးတွင်ပါစိတ်ခံစားမှု ဝေဒနာများဖြစ်ပေါ်လာခြင်း (Emotional deprivation)
    • မိဘများ၏ စီးပွါးရေးဆိုင်ရာ ပြဿနာများကြောင့် နေထိုင်စားသောက်မှု အခြေအနေများ ထိခိုက်ခြင်း
    • ကူးစက်ရောဂါများ၊ ကပ်ပါးပိုးများ သို့မဟုတ် အဆိပ်အတောက်များ နှင့် မကြာခဏ ထိတွေ့ခြင်း စသည်တို့ကြောင့်လည်း ကြီးထွားဖွံ့ဖြိုးမှုနောက်ကျနိုင်သည်။
အခြားအကြောင်းရင်းများ

ကယ်လိုရီလုံလောက်စွာ မရရှိခြင်းအပြင် ကလေးများ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးခြင်းကို ဖြစ်စေနိုင်သော အခြားအကြောင်းရင်းများမှာ_

  1. ခန္ဓာကိုယ်မှ အာဟာရဓာတ် စုပ်ယူမှု မလုံလောက်ခြင်း (Inadequate nutrient absorption)
    စားသုံးလိုက်သော အစားအစာများမှ အာဟာရဓာတ်များကို ကလေး၏ ခန္ဓာကိုယ်မှ စနစ်တကျ ချေဖျက်၍ မစုပ်ယူနိုင်ခြင်းကြောင့်ဖြစ်နိုင်သည်။ ဥပမာအားဖြင့်_
    • အစာအိမ်အူလမ်းကြောင်းတစ်လျှောက် ခန္ဓာဗေဒဖွဲ့စည်းပုံများ မွေးရာပါ မူမမှန်ခြင်း
      • မွေးရာပါ သည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးဘဲ ပိတ်နေခြင်း (Biliary atresia)
      • အစာအိမ်ထွက်ပေါက်ကြွက်သားထူလာပြီး ကျဥ်းမြောင်းခြင်း (Pyloric stenosis)
      • အစာရေမျိုပြွန်နှင့် လေပြွန်မကြီး ကြားတွင် မူမမှန်လမ်းကြောင်း ဖြစ်ပေါ်နေခြင်း (Tracheoesophageal fistula)
    • Gluten ပရိုတင်းနှင့် ဓာတ်မတည့်သောရောဂါ (Celiac disease)
    • အသက်ရှူလမ်းကြောင်းနှင့် အစာအိမ်အူလမ်းကြောင်းများကို ထိခိုက်သော Cystic fibrosis ရောဂါ
    • နာတာရှည် အူရောင်ရမ်းနာရောဂါများ (Inflammatory bowel diseases)
    • နို့တွင်ပါဝင်သော ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း (Milk Protein Allergy) စသည့် အခြေအနေများကြောင့် ဖြစ်နိုင်သည်။
  2. ခန္ဓာကိုယ်မှ ဇီဝကမ္မလိုအပ်ချက် များလာခြင်း (Increased metabolic demand)
    ကလေး၏ ခန္ဓာကိုယ်မှ ပုံမှန်လုပ်ဆောင်ချက်များ ပြုလုပ်နိုင်ရန် မျှော်မှန်းထားသည်ထက် ကယ်လိုရီပိုမို လိုအပ်သောအခြေအနေများ ရှိခြင်းကြောင့်လည်း ကြီးထွားဖွံ့ဖြိုးမှုနှုန်း နှေးနိုင်သည်။ ဥပမာအားဖြင့်_
    • မွေးရာပါ နှလုံးရောဂါများ (Congenital heart diseases)
    • မွေးရာပါ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ (Congenital lung disorders)
    • နာတာရှည် ကျောက်ကပ်ရောဂါများ (Chronic kidney disease)
    • အစာမျိုချခြင်းဆိုင်ရာ ကြွက်သားများထိခိုက်နိုင်သော အာရုံကြောရောဂါများ (Neuromuscular disorders)
    • စီပီရောဂါ (Cerebral palsy)
    • သွေးအားနည်းရောဂါနှင့် အခြားသွေးရောဂါများ (Anaemia)
    • ကင်ဆာရောဂါ (Cancer)
    • HIV ရောဂါ
    • တီဘီရောဂါ (Tuberculosis)
    • သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းရောဂါ (Hyperthyroidism)
    • မွေးရာပါ သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်း (Congenital hypothyroidism)၊ ကြီးထွားမှုဆိုင်ရာဟော်မုန်းချို့တဲ့ခြင်း (Growth hormone deficiency)
    • မွေးရာပါ မျိုးဗီဇဆိုင်ရာ ရောဂါများ (Down syndrome, Turner syndrome)
    • မွေးရာပါ ဇီဝကမ္မ‌ဗေဒဖောက်ပြန်ခြင်းဆိုင်ရာရောဂါများ (Inborn errors of metabolism) စသည်တို့ကြောင့်ဖြစ်နိုင်သည်။
ရောဂါလက္ခဏာများ

အများအားဖြင့် မိဘများနှင့် ကလေးအား အနီးကပ်စောင့်ရှောက်သူများမှ လက္ခဏာများကို သတိထားမိလေ့ရှိသည်။

  • ရှိသင့်သည့် ကိုယ်အလေးချိန်သို့ မရောက်ခြင်း
  • အရပ် ရှည်မလာခြင်း
  • ပုံမှန်ထက်ပို၍ ငိုခြင်း၊ အီခြင်း၊ ဂျီကျခြင်း
  • ပုံမှန်ထက်ပို၍ အိပ်ခြင်း (နို့စို့နေစဉ် အိပ်ပျော်သွားသည်အထိ ဖြစ်ခြင်း) သို့မဟုတ် အိပ်ချိန်အလွန်နည်းခြင်း
  • လူအများနှင့် ပေါင်းသင်းဆက်ဆံရာတွင် တုံ့ပြန်မှု နည်းခြင်း သို့မဟုတ် မရှိခြင်း
  • အသက်အရွယ်အလိုက် ရှိသင့်သော ဖွံ့ဖြိုးမှုများ မရှိခြင်း သို့မဟုတ် နောက်ကျခြင်း
    • ကိုယ်ကာယလှုပ်ရှားမှု စွမ်းရည်များ (ဥပမာ _ မှောက်ခြင်း၊ တွားသွားခြင်း၊ ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းနှင့် လမ်းလျှောက်ခြင်းစသည်) နှင့် လူမှုဆက်ဆံရေးဆိုင်ရာစွမ်းရည်များ နောက်ကျခြင်း
    • ဆယ်ကျော်သက်အရွယ်ကလေးများတွင် လူပျိုဖော်၊ အပျိုဖော်ဝင်ချိန် နောက်ကျခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

ကြီးထွားဖွံ့ဖြိုးမှု နှေးသောကလေးများတွင် အချိန်မီကုသမှုမခံယူဘဲ နာတာရှည်ဖြစ်ပါက အောက်ပါနောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်သည်။ လေ့လာတွေ့ရှိချက်များအရ ကလေးအသက် (၂) နှစ်အောက်တွင် ကြီးထွားဖွံ့ဖြိုးမှုနှေးခြင်းကို စောစီးစွာကုသမှု ရရှိပါက နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်မှု လျော့နည်းနိုင်ခြေရှိသည်။ အဖြစ်များသော နောက်ဆက်တွဲဆိုးကျိုးများမှာ_

  • ကိုယ်ခံအားနည်း၍ ရောဂါပိုးများ မကြာခဏဝင်ရောက်ခြင်း (Infections)
  • ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်ခြင်းကြောင့် ဉာဏ်ရည် မသန်စွမ်းမှု (Intellectual disability) ဖြစ်ပေါ်ခြင်း
  • လူကြီးဖြစ်လာချိန်တွင် နှလုံးရောဂါ (Cardiovascular Disease) နှင့် ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါစု (Metabolic Syndrome) ကဲ့သို့သော နာတာရှည်ရောဂါများဖြစ်ခြင်း
  • အရွယ်ရောက်ပြီးချိန်တွင် မျှော်မှန်းထားသည်ထက် အရပ်ပုခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ကလေးများတွင် အထက်ပါ လက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံးပြသတိုင်ပင်သင့်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကုဆရာဝန်မှ

  • ကလေး၏ ကိုယ်အလေးချိန်၊ အရပ်နှင့် ဦးခေါင်းလုံးပတ်တို့ကို တိုင်းတာကာ စံသတ်မှတ်ထားသော ကြီးထွားမှုပြဇယားများ (Standardized growth charts) နှင့် နှိုင်းယှဥ်ကြည့်ခြင်းဖြင့် ကြီးထွားဖွံ့ဖြိုးမှု နှေးခြင်းကို ခွဲခြားသိရှိနိုင်သည်
  • ထို့နောက် ဖြစ်စေသောအကြောင်းရင်းများကို ရှာဖွေရန် မိသားစုနှင့်ကလေး၏ စားသောက်မှုပုံစံ၊ ကလေး၏ ယခင်ကျန်းမာရေးမှတ်တမ်းနှင့် အခြားအချက်အလက် (ဥပမာ _ စားနပ်ရိက္ခာ လုံလောက်မှု ရှိမရှိ) တို့ကို မေးမြန်းမည်။ ထို့အချက်များတွင်
    • ကလေးအား မိခင်နို့ တိုက်ကျွေးရာတွင် အဆင်မပြေမှုများ ရှိမရှိ
    • ဖော်မြူလာနို့မှုန့်တိုက်နေပါက ဖျော်စပ်ပုံ မှန်ကန်ခြင်း ရှိမရှိ
    • ကလေးကို ဖြည့်စွက်စာကျွေးသည့် နည်းလမ်းများ မှန်မမှန်၊ အာဟာရမျှတခြင်း ရှိမရှိ
    • ကလေးသည် အစားအစာများကို ကြိုက်နှစ်သက်မှု ရှိမရှိ၊ အစားအသောက်ရွေးလွန်းခြင်း ရှိမရှိ
    • အစားစားချိန်တွင် သီးခြင်း၊ ချောင်းဆိုးခြင်း၊ ကျော့ကော့၍ ငိုခြင်း၊ အီခြင်းများ ရှိမရှိ စသည့်အချက်များ ပါဝင်သည်
  • ကလေးအား အသေးစိတ်စမ်းသပ်စစ်ဆေးရာတွင် ပုံမှန် နှလုံး၊ အဆုတ်၊ ဝမ်းဗိုက်စစ်ဆေးခြင်းများ အပါအဝင် သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်း၊ အရေပြားကျန်းမာရေး၊ အာဟာရချို့တဲ့မှု၏ လက္ခဏာများဖြစ်သော ဆံပင်၊ ကြွက်သားများ အခြေအနေနှင့် အရေပြားအောက် အဆီတစ်ရှူးတို့၏ အခြေအနေများ ပါဝင်သည်
  • အများအားဖြင့် ဓာတ်ခွဲစစ်ဆေးမှုများ (သွေး၊ ဆီး သို့မဟုတ် ဝမ်းစစ်ဆေးခြင်း) အမြဲပြုလုပ်ရန် မလိုအပ်သော်လည်း ဖြစ်စေသော အကြောင်းရင်းကို ရှာဖွေရန် တစ်ခါတစ်ရံ လိုအပ်နိုင်သည်။
ကုသခြင်း

ကလေးတစ်ဦးသည် အခြားသော ဖွံ့ဖြိုးမှုဆိုင်ရာ လက္ခဏာများနှင့် ကျန်းမာရေး ကောင်းမွန်နေပြီး ကိုယ်အလေးချိန်သာ ခေတ္တခဏ တက်မလာပါက ၎င်းကို စိုးရိမ်စရာမရှိသည့်အခြေအနေဟု သတ်မှတ်ကာ ပုံမှန်စောင့်ကြည့်ရန်သာ လိုအပ်သည်။

ကလေးများ ကြီးထွားဖွံ့ဖြိုးမှု နှေးခြင်းအတွက် ကုသခြင်းသည် ကလေးအတွက် လိုအပ်သော အာဟာရဓာတ်များနှင့် ကယ်လိုရီများ အလုံအလောက် ရရှိစေရန် အဓိကလုပ်ဆောင်မည်ဖြစ်သည်။ မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကုဆရာဝန်မှ အောက်ပါအချက်များကိုအကြံပြုမည်ဖြစ်သည်။

  • မိခင်နို့တိုက်ကျွေးရာတွင် သက်ဆိုင်ရာဆရာဝန်နှင့် ကျွမ်းကျင်သူများ၏ အကူအညီရယူခြင်း
    • မိခင်နို့တိုက်ကျွေးရာတွင် ပြဿနာ၊ အခက်အခဲ တစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာဆရာဝန်နှင့် ကျွမ်းကျင်သူများထံမှ အကူအညီ ရယူခြင်းဖြင့် ကလေးအတွက် အာဟာရ အပြည့်အဝ ရရှိစေနိုင်သည်
  • ဖော်မြူလာနို့မှုန့်ဖြင့် ဖြည့်စွက်ပေးခြင်း
    • မိခင်နို့တိုက်ရန် အခက်အခဲရှိသည့် အခြေအနေများတွင် ဖော်မြူလာနို့မှုန့်တိုက်ရန် လိုအပ်လာပါက မည်သည့်အမျိုးအစားကို ရွေးချယ်ရမည်၊ မည်သို့ ဖျော်စပ်အသုံးပြုရမည်ကို ဆရာဝန်များ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာရမည်ဖြစ်သည်
  • က‌လေးအတွက် ညီညွတ်မျှတသော အာဟာရအစီအစဉ်များ ရေးဆွဲခြင်း
    • ကလေးတစ်ဦးအတွက် လိုအပ်သော အာဟာရဓာတ်များအားလုံးကို မျှတစွာ ရရှိစေရန် အာဟာရစားသုံးမှု အစီအစဉ်များကို အာဟာရပညာရှင်များနှင့် တိုင်ပင်၍ လမ်းညွှန်ချက်အတိုင်း လိုက်နာရမည်

အခြားအကြောင်းရင်းခံများအတွက် ကုသမှု

  • အကယ်၍ ကလေးတွင် အခြားအကြောင်းရင်းခံတစ်ခုခု ရှိနေပါက ထိုအကြောင်းရင်းကို သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်လွှဲပြောင်းကာ ကုသမှု‌ပေးခြင်းဖြင့် ကြီးထွားဖွံ့ဖြိုးမှု နှေးခြင်းကို သက်သာစေနိုင်သည်၊ လိုအပ်ပါက အာဟာရပညာရှင်များ (Dietitians)၊ ကလေးစိတ်ပညာရှင်များ (Child psychologists) ကဲ့သို့ ပညာရှင်များထံလည်း လွှဲပြောင်း၍ ပူးပေါင်းကုသမှုများ ပေးနိုင်သည်
  • စားနပ်ရိက္ခာ မလုံလောက်ခြင်းစသည့် ပြဿနာများကို ကူညီဖြေရှင်းရန်အတွက် သက်ဆိုင်ရာ ရပ်ရွာအဖွဲ့အစည်းများ၏ အကူအညီကိုလည်း ရယူရန် အကြံပြုနိုင်သည်
  • ကလေးအများစုအတွက် အထက်ပါကုသမှုများအတိုင်း သက်ဆိုင်ရာဆရာဝန်များ၊ ပညာရှင်များ၏ ပံ့ပိုးမှုနှင့် အိမ်တွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်စောင့်ကြည့်ခြင်း၊ ပုံမှန် ရက်ချိန်းပြန်လည် ပြသခြင်းတို့ဖြင့် ပြန်လည်သက်သာလာနိုင်သည်
ဆေးရုံတက်ကုသခြင်း

တစ်ခါတစ်ရံ ကိုယ်အလေးချိန်အလွန်နည်းသော ကလေးများတွင် ကယ်လိုရီနှင့် အာဟာရ စားသုံးမှုကို အနီးကပ်စောင့်ကြည့်ရန် နှင့် ကြီးထွားမှု နှောင့်နှေးခြင်း၏ တိကျသော အကြောင်းရင်းကို ဖော်ထုတ်ရန်အတွက် ဆေးရုံတွင် စောင့်ရှောက်မှု လိုအပ်နိုင်သည်။

ကလေးတွင် အောက်ပါအခြေအနေများ ရှိပါက ဆေးရုံတက်၍ ကုသမှု ခံယူသင့်သည်။

  • ကလေးတွင် ပြင်းထန်သော အခြေခံအကြောင်းရင်း အခြေအနေတစ်ခု ရှိနေခြင်း
  • ကလေးတွင် ပြင်းထန်သော အာဟာရချို့တဲ့မှု (severe malnutrition) သို့မဟုတ် ပြင်းထန်သော ရေဓာတ်ခန်းခြောက်မှု (severe dehydration) ရှိနေခြင်း
  • ကလေး၏ အခြေအနေကို အိမ်တွင် စီမံခန့်ခွဲရန် ခက်ခဲနေခြင်း
  • ကလေးသည် မည်သည့်အာဟာရအမျိုးအစားများကို တိကျစွာ ရရှိနေကြောင်း စောင့်ကြည့်တိုင်းတာလိုခြင်း
  • အာဟာရဆိုင်ရာ ကုသမှုများကိုအိမ်တွင်စောင့်ကြည့်ကုသနေသော်လည်း တုံ့ပြန်မှု မရှိခြင်း
  • အိမ်တွင်ထားရှိရန် အခြေအနေနှင့် နှိုင်းယှဥ်လျှင် ကလေးအတွက် ဆေးရုံသည် ပိုမို ဘေးကင်းသော နေရာဖြစ်ခြင်း စသည့်အခြေအနေများတွင် ဆေးရုံတက်၍ ကုသမှုပေးရန် လိုအပ်သည်။
ကာကွယ်ခြင်း

ကလေးများ ကြီးထွားဖွံ့ဖြိုးမှု နှေးခြင်းကို ကာကွယ်ရန်

  • မိခင်သည် ကိုယ်ဝန်ဆောင်ဘဝမှစ၍ ကျန်းမာရေးစောင့်ရှောက်မှုများကို ပုံမှန်ခံယူလိုက်နာခြင်း
  • ကလေးမွေးဖွားပြီးနောက် ကလေး၏ ကိုယ်အလေးချိန် ဖွံ့ဖြိုးတိုးတက်မှုများ ရှိမရှိနှင့် အခြားရောဂါများ ရှိမရှိ ပုံမှန်စစ်ဆေးခြင်း
  • ကာကွယ်ဆေးများ ပုံမှန်ထိုးနှံခြင်း
  • အာဟာရဓာတ်များနှင့် ကယ်လိုရီများ လုံလောက်စွာ ရရှိရေးအတွက် အကြံဉာဏ်များ ရယူခြင်း
  • သံသယလက္ခဏာများတွေ့ရှိပါက မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကု ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြသခြင်းတို့ကို လုပ်ဆောင်နိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Failure to thrive. Retrieved November 13, 2025, from https://my.clevelandclinic.org/health/diseases/failure-to-thrive
  2. Johns Hopkins Medicine. (n.d.). Failure to thrive. Retrieved November 13, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/failure-to-thrive
  3. Children’s Hospital of Philadelphia. (n.d.). Failure to thrive. Retrieved November 13, 2025, from https://www.chop.edu/conditions-diseases/failure-thrive
  4. Smith, A. E., Shah, M., & Badireddy, M. (2023). Failure to thrive [StatPearls]. In StatPearls Publishing. Retrieved November 13, 2025, from https://www.ncbi.nlm.nih.gov/books/NBK459287/
  5. Homan, G. J. (2016). Failure to thrive: A practical guide. American Family Physician, 94(4), 295–299. Retrieved November 13, 2025, from https://www.aafp.org/pubs/afp/issues/2016/0815/p295.html

Published: 24 December 2025

Share

24 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Intestinal Malrotation and Volvulus (မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းနှင့် အူခေါက်ခြင်း)
Jan 26, 2026
Diseases and Conditions

Intestinal Malrotation and Volvulus (မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းနှင့် အူခေါက်ခြင်း)

မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းသည် သန္ဓေသားဖွံ့ဖြိုးစဉ်...

Sacrococcygeal Teratoma – SCT (မွေးရာပါမြီးညှောင့်ရိုးအကျိတ်)
Jan 26, 2026
Diseases and Conditions

Sacrococcygeal Teratoma – SCT (မွေးရာပါမြီးညှောင့်ရိုးအကျိတ်)

မွေးကင်းစကလေးငယ်များတွင် အတွေ့ရအများဆုံးဖြစ်သည့် ကျောရိုး၏အောက်ခြေ၊...

Nipah virus infection (နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါ)
Jan 26, 2026
Diseases and Conditions

Nipah virus infection (နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါ)

နီပါးဗိုင်းရပ်စ်သည် တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်စေသော ကူးစက်ရောဂါ...