အောနားလက္ခဏာစု (Horner syndrome) ဆိုသည်မှာ ဦးနှောက်နှင့် ဦးခေါင်း၊ လည်ပင်းဆီသို့ ဆက်သွယ်ထားသော အာရုံကြော လမ်းကြောင်းများ ပြတ်တောက်ခြင်းကြောင့် ဖြစ်ပေါ်သော ရှားပါးသည့် အခြေအနေတစ်ခုဖြစ်သည်။ ထိုလမ်းကြောင်းများသည် အမြန်တုံ့ပြန်မှုအာရုံကြောစနစ် (Sympathetic nervous system) တွင် ပါဝင်ပြီး မျက်လုံးနှင့် မျက်ခွံကြွက်သားလှုပ်ရှားမှုများ၊ မျက်နှာချွေးထွက်ခြင်းတို့ကို ထိန်းချုပ်ပေးထားသည်။ များသောအားဖြင့် မျက်နှာတစ်ခြမ်း၌ မျက်ခွံတွဲကျခြင်း၊ မျက်လုံးသူငယ်အိမ် ကျဥ်းခြင်းနှင့် ချွေးထွက်နည်းခြင်း သို့မဟုတ် ချွေးမထွက်ခြင်း စသည့်လက္ခဏာများ ပါဝင်သည်။ အောနားလက္ခဏာစုကို Bernard-Horner syndrome or oculosympathetic palsy ဟုလည်းခေါ်သည်။
လေဖြတ်ခြင်း၊ အကျိတ်မှ အာရုံကြောများပေါ် ဖိမိခြင်းနှင့် အာရုံကြောမကြီး ထိခိုက်မိခြင်းတို့ကြောင့် အောနားလက္ခဏာစုကို ဖြစ်စေနိုင်သလို တစ်ခါတစ်ရံ အကြောင်းရင်းခံ မရှိဘဲလည်း ဖြစ်နိုင်သည်။ ဖြစ်စေသော အကြောင်းရင်းခံရောဂါကို ကုသခြင်းအားဖြင့် အာရုံကြောလမ်းကြောင်းများ ပြန်လည်ကောင်းမွန်လာပြီး အောနားလက္ခဏာများကို သက်သာစေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အောနားလက္ခဏာစုသည် အမြန်တုံ့ပြန်မှု အာရုံကြောစနစ် (Sympathetic nervous system) အတွင်းရှိ အာရုံကြောလမ်းကြောင်းတစ်ခု ပျက်စီးခြင်းကြောင့် ဖြစ်ပွါးရခြင်းဖြစ်သည်။ ထိုအာရုံကြောစနစ်သည် နှလုံးခုန်နှုန်း၊ သူငယ်အိမ် အရွယ်အစား၊ ချွေးထွက်ခြင်း၊ သွေးပေါင်ချိန်နှင့် ပတ်ဝန်းကျင်ပြောင်းလဲမှုများကို လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်း စသည့် ကိုယ်ခန္ဓာလုပ်ဆောင်ချက်များကို ထိန်းညှိပေးသည်။
အောနားရောဂါတွင် ထိခိုက်သော အာရုံကြောလမ်းကြောင်းတစ်လျှောက်ရှိ အာရုံကြောဆဲလ်များပေါ် မူတည်၍ အုပ်စုအဆင့် (၃) ဆင့် ခွဲခြားနိုင်ပြီး ထိုသို့ဖြစ်စေသော အကြောင်းရင်းများမှာလည်း ကွဲပြားနိုင်သည်။
ပထမအဆင့် အာရုံကြောဆဲလ်များ (First-order neurons)
ဤအာရုံကြောလမ်းကြောင်းသည် ဦးနှောက်အောက်ခြေမှ စတင်ပြီး ကျောရိုးဆစ်အပေါ်ပိုင်းအထိ ရှည်လျားသည်။ ထိုလမ်းကြောင်းတစ်လျှောက်တွင် ထိခိုက်မိ၍ အောနားလက္ခဏာများ ဖြစ်ပေါ်စေသော အကြောင်းရင်းများမှာ_
- လေဖြတ်ခြင်း (Stroke) (ဥပမာ_ Lateral medullary syndrome)
- ဦးနှောက်အကျိတ်များ (Hypothalamus tumor)
- မွေးရာပါ ဦးနှောက်တစ်စိတ်တစ်ပိုင်း ကျောရိုးအတွင်းသို့ ကျွံခြင်း (Chiari malformation)
- အာရုံကြောဖုံး အဆီလွှာ (myelin) ပျက်စီးစေသော ရောဂါများ (Multiple sclerosis)
- ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဦးနှောက်ရောင်ရောဂါ
- လည်ပင်းကျောရိုးမကြီး ထိခိုက်ဒဏ်ရာရခြင်း (Spinal cord injury)
- ကျောရိုးမကြီးအတွင်း အရည်အိတ်တည်ခြင်း (Syringomyelia) စသည်တို့ဖြစ်သည်။
ဒုတိယအဆင့် အာရုံကြောဆဲလ်များ (Second-order neurons)
ထိုအာရုံကြောလမ်းကြောင်းသည် ကျောရိုးဆစ်မှ စတင်ကာ ရင်ဘတ်အပေါ်ပိုင်းကို ဖြတ်သန်း၍ လည်ပင်း၏ဘေးဘက်သို့ ဝင်ရောက်သည်။ လည်ပင်းနှင့် ရင်ဘတ်အပေါ်ပိုင်းတွင် ဖြစ်သောရောဂါများကြောင့် အဆိုပါလမ်းကြောင်းအား ထိခိုက်ပျက်စီးစေနိုင်သည်။ ဥပမာအားဖြင့်_
- အဆုတ်အပေါ်ပိုင်း ကင်ဆာအကျိတ် (Lung cancer)
- လက်ပိုင်းဆိုင်ရာအာရုံကြောအစုအဝေး ထိခိုက်ခြင်း (Brachial plexus injury)
- အာရုံကြောဖုံးအဆီလွှာဆဲလ်များမှ ဖြစ်သောအကျိတ် (Schwannoma)
- သွေးလွှတ်ကြောမကြီး (aorta) နှင့်ဆက်စပ်သော ရောဂါများ
- ရင်ခေါင်းခွဲစိတ်မှုများ (Thoracic surgery)
- လည်ပင်းနှင့် ရင်ဘတ်ကို ထိခိုက်မိခြင်း (Traumatic injury to neck and chest) စသည်တို့ဖြစ်သည်။
တတိယအဆင့် အာရုံကြောဆဲလ်များ (Third-order neurons)
ထိုအာရုံကြောလမ်းကြောင်းသည် လည်ပင်းဘေးဘက်တစ်လျှောက်မှ စတင်၍ မျက်နှာအရေပြား၊ မျက်လုံးသူငယ်အိမ်နှင့် မျက်ခွံကြွက်သားများဆီသို့ ဦးတည်ပြီး ကြွက်သားလှုပ်ရှားမှုများကို ထောက်ပံ့ပေးသည်။ ထိုလမ်းကြောင်းများကို ထိခိုက်ပျက်စီးစေနိုင်သော အကြောင်းရင်းများမှာ_
- လည်ပင်းဘေးဘက်ရှိ လည်ပင်းသွေးလွှတ်ကြော (Carotid artery) ထိခိုက်ခြင်း၊ သွေးကြောထုံးဖြစ်ခြင်း၊ သွေးကြောပေါက်ပြဲခြင်း
- လည်ပင်းဘေးဘက်ရှိ လည်ပင်းသွေးပြန်ကြော (Jugular vein) ပျက်စီးခြင်း
- ဦးခေါင်းခွံအောက်ခြေအနီး အကျိတ်ဖြစ်ခြင်း၊ ပိုးဝင်ရောင်ရမ်းခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်း
- နားအလယ်ပိုင်းရောင်ရမ်းခြင်း (Otitis media)
- ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine)
- အလွန်ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Cluster headache)
- နားထင်သွေးကြောရောင်ရမ်းခြင်း (Temporal arteritis)
ကလေးများတွင် မွေးရာပါအောနားလက္ခဏာစု ဖြစ်စေသော အဓိကအကြောင်းရင်းများမှာ_
- မွေးဖွားချိန်တွင် လည်ပင်း သို့မဟုတ် ပခုံးကို ထိခိုက်ဒဏ်ရာရခြင်း
- သွေးလွှတ်ကြောမကြီး (Aorta) တွင် မွေးရာပါ ချို့ယွင်းခြင်း
- အာရုံကြောကင်ဆာအကျိတ်များ (Neuroblastoma) စသည်တို့ကြောင့်ဖြစ်သည်။
အထက်ပါအကြောင်းရင်းများစွာ ရှိသော်လည်း တစ်ခါတစ်ရံတွင် ဖြစ်ပွါးရခြင်း အကြောင်းရင်းကို ရှာဖွေမရသော အခြေအနေရှိတတ်ပြီး ၎င်းကို အကြောင်းရင်းမသိရသော အောနားလက္ခဏာစု (idiopathic Horner syndrome) ဟု ခေါ်သည်။
ရောဂါလက္ခဏာများ
အောနားလက္ခဏာစုသည် မည်သည့်အသက်အရွယ်မဆို ဖြစ်နိုင်သည်။ များသောအားဖြင့် မျက်နှာတစ်ဘက်တည်းတွင်သာ ဖြစ်တတ်ပြီး တွေ့ရများသော လက္ခဏာများမှာ_
- မျက်လုံးသူငယ်အိမ် အကျဥ်းအကျယ်မလုပ်နိုင်ဘဲ အမြဲကျဥ်းနေခြင်း (Miosis)
- မျက်လုံးနှစ်ဖက် သူငယ်အိမ်အရွယ်အစား မတူညီခြင်း (Anisocoria)
- အလင်းနည်းသောအချိန် သူငယ်အိမ် ကျယ်မှု နှေးခြင်း သို့မဟုတ် မရှိခြင်း (Delayed dilatation)
- အပေါ်မျက်ခွံ တွဲကျခြင်း (Ptosis)
- ဖြစ်သည့်ဘက်ရှိ မျက်လုံးသည် အနည်းငယ် နောက်သို့ ချိုင့်ဝင်နေခြင်း (Enophthalmos)
- ဖြစ်သည့်ဘက် မျက်နှာတွင် ချွေးထွက်နည်းခြင်း သို့မဟုတ် ချွေးလုံးဝမထွက်ခြင်း (Anhidrosis)
မျက်ခွံတွဲကျခြင်းနှင့် သူငယ်အိမ်ကျဥ်းခြင်းတို့ကြောင့် အရာဝတ္ထုများကို ကြည့်ရခက်နိုင်သော်လည်း အမြင်အာရုံထိခိုက်ခြင်း မရှိတတ်ပါ။ တစ်ခါတစ်ရံ လက္ခဏာများသည် မသိသာသောကြောင့် စမ်းသပ်ချိန်၌ မတွေ့ရှိခြင်းလည်း ဖြစ်နိုင်သည်။
ထို့ပြင် ဖြစ်စေသောအကြောင်းရင်းရောဂါများ၏ လက္ခဏာများကို တွဲလျက်တွေ့ရသည်။ ဥပမာအားဖြင့်_
- လေဖြတ်ခြင်းကြောင့် ခြေလက်များ မလှုပ်ရှားနိုင်ခြင်း၊ ထုံကျဥ်ခြင်း၊ စကားပြော လုံးထွေးခြင်း
- ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း
- ရုတ်တရက်ခေါင်းထိုးကိုက်ခြင်း၊ ရုတ်တရက် လည်ပင်းတစ်ဝိုက် နာကျင်ခြင်း
- အမြင်အာရုံ ချို့ယွင်းခြင်း
- ထိခိုက်ဒဏ်ရာရရှိဖူးခြင်းတို့ ဖြစ်ကြသည်။
ကလေးငယ်များတွင်မူ အောက်ပါလက္ခဏာများကို တွဲ၍တွေ့နိုင်သည်။
- အသက်တစ်နှစ်အောက်ကလေးများတွင် လက္ခဏာရှိသည့်ဘက်မှ မျက်လုံးသူငယ်အိမ် အရောင်ဖျော့ခြင်း
- ရာသီဥတုပူချိန်၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ချိန်နှင့် စိတ်လှုပ်ရှားမှု ပြင်းထန်ချိန်တွင် ဖြစ်သည့်ဘက်ရှိ မျက်နှာအရောင် ပြောင်းလဲခြင်း
နောက်ဆက်တွဲပြဿနာများ
နောက်ဆက်တွဲပြဿနာများသည် များသောအားဖြင့် ဖြစ်စေသော အကြောင်းရင်းများကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ဥပမာ_ လေဖြတ်ခြင်းကြောင့် ကြွက်သားများ သိမ်သွားခြင်း၊ ခေါင်းကိုက်ရောဂါများကြောင့် မျက်စိအမြင်အာရုံထိခိုက်ခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါလက္ခဏာများ ရှိပါက မိသားစုဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ပြသရန် လိုအပ်သည်။ အောနားလက္ခဏာများ သေချာအောင် စမ်းသပ်ရန်၊ ဖြစ်စေသော အရေးကြီးအကြောင်းရင်းခံရောဂါများကို ရှာဖွေကုသရန် လိုအပ်သည်။ အောက်ပါအချက်များရှိပါက ဆေးရုံ၊ဆေးခန်းသို့ အရေးပေါ်ပြသရန် လိုအပ်သည်။
- လက္ခဏာများ ရုတ်တရက်ဖြစ်ပေါ်လာခြင်း
- ထိခိုက်ဒဏ်ရာရရှိပြီးနောက် ဖြစ်ပေါ်ခြင်း
- အမြင်အာရုံထိခိုက်ခြင်း
- မူးဝေခြင်း
- စကားပြော မပီသလုံးထွေးခြင်း
- လမ်းလျှောက်ရခက်ခဲခြင်း
- ကြွက်သားအားနည်းခြင်း
- ရုတ်တရက် ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ လည်ပင်းတစ်ဝိုက်နာကျင်ခြင်း
ရောဂါရှာဖွေခြင်း
အောနားလက္ခဏာစုကို ရောဂါအတည်ပြုရန် ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ မျက်လုံးစစ်ဆေးခြင်း၊ မျက်လုံးသူငယ်အိမ် စစ်ဆေးခြင်း၊ အာရုံကြောများကို စစ်ဆေးခြင်း၊ လိုအပ်ပါက သူငယ်အိမ်အကျဥ်းအကျယ် ဖြစ်စေသော မျက်စဥ်းဆေးများကို အသုံးပြု၍ သူငယ်အိမ်ကို စစ်ဆေးခြင်း စသည်တို့ ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် အာရုံကြောလမ်းကြောင်းတွင် ထိခိုက်သော အဆင့်နေရာနှင့် ဖြစ်စေသော အကြောင်းရင်းခံများကို ရှာဖွေနိုင်ရန် လိုအပ်သော အောက်ပါစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။
- သံလိုက်ဓာတ်မှန် (MRI) – ဦးနှောက်၊အာရုံကြောမကြီးနှင့် ပတ်သက်သောရောဂါများ ရှာဖွေရန်
- သွေးကြောသံလိုက်ဓာတ်မှန် (MRA) – ဦးနှောက်နှင့်လည်ပင်းရှိ သွေးကြောရောဂါများကို ရှာဖွေရန်
- လည်ပင်းသွေးကြော အာထရာဆောင်း (Carotid ultrasound) – လည်ပင်းသွေးလွှတ်ကြော၊ သွေးပြန်ကြောများကို စစ်ဆေးရန်
- ရင်ဘတ်ဓာတ်မှန် (CXR) – အဆုတ်တွင် အကျိတ်ရှိ မရှိ စစ်ဆေးရန်
- ကွန်ပျူတာဓာတ်မှန် (CT scan) – ရင်ခေါင်းအတွင်းရှိ အဆုတ်ရောဂါနှင့် အခြားရောဂါများကို ရှာဖွေရန်
- သွေးစစ်ဆေးခြင်း – ပိုးဝင်ခြင်း ရှိမရှိ စစ်ဆေးရန် Complete blood count, ESR စစ်ခြင်း
ကုသခြင်း
အောနားလက္ခဏာစုအတွက် တိကျသောကုသမှု မရှိပါ။ ဖြစ်စေသော အကြောင်းရင်းရောဂါများကို ကုသရန် အရေးကြီးသည်။ ဖြစ်ပေါ်စေသော အကြောင်းရင်း အမျိုးမျိုးပေါ် မူတည်၍ ကုသမှုများသည်လည်း များစွာကွဲပြားနိုင်သည်။ တစ်ခါတစ်ရံ ရောဂါအခံကို ထိရောက်စွာ ကုသလိုက်ပါက အာရုံကြောများ ပြန်လည်ကောင်းမွန်ပြီး လက္ခဏာများ ပျောက်ကင်းနိုင်ခြေရှိသည်။ အကြောင်းရင်းမတွေ့သော အခြေအနေများတွင်မူ လက္ခဏာများကို စောင့်ကြည့်ရန်သာလိုအပ်ပြီး နာကျင်ခြင်း၊ သက်သောင့်သက်သာမရှိခြင်း စသည့်အခြေအနေများတွင် မျက်ခွံခွဲစိတ်ခြင်း၊ မျက်လုံးသူငယ်အိမ် ကျယ်စေသော မျက်စဥ်းဆေးများ ပေးခြင်းတို့ဖြင့် သက်သာအောင် ကုသနိုင်သည်။
ရောဂါရလဒ်
အောနားလက္ခဏာစုသည် ဖြစ်စေသောအကြောင်းရင်းပေါ် မူတည်၍ ရောဂါရလဒ် ကွာခြားနိုင်သည်။ မျက်ခွံနှင့် မျက်လုံးလက္ခဏာများသည် များသောအားဖြင့် မပြင်းထန်သောကြောင့် အမြင်အာရုံနှင့် နေ့စဥ်ပုံမှန် လှုပ်ရှားသွားလာမှုများအပေါ် များစွာထိခိုက်စေခြင်းမရှိသဖြင့် သာမန်လူတစ်ဦးကဲ့သို့ သွားလာနိုင်သည်။
အကယ်၍ ဖြစ်ပေါ်စေသော အကြောင်းရင်းသည် အာရုံကြောဖုံးအဆီလွှာ ပျက်စီးသော Multiple sclerosis ရောဂါကဲ့သို့ နာတာရှည်ရောဂါဖြစ်ပါက အောနားလက္ခဏာများသည်လည်း နာတာရှည်ဖြစ်နေမည်ဖြစ်ပြီး ဆန့်ကျင်ဘက်အနေဖြင့် နားတွင်း ပိုးဝင်ခြင်းရောဂါကဲ့သို့ ခေတ္တမျှသာဖြစ်ပြီး ထိရောက်စွာကုသရန် လွယ်ကူသောရောဂါ ဖြစ်ပါက သေချာကုသခြင်းဖြင့် အောနားလက္ခဏာများ သက်သာပျောက်ကင်းနိုင်သည်။
ကာကွယ်ခြင်း
ဖြစ်ပေါ်စေသော အကြောင်းရင်းများစွာ ရှိသောကြောင့် အောနားလက္ခဏာများ မဖြစ်အောင် ကာကွယ်နိုင်သည့် နည်းလမ်း မရှိသေးပါ။ သို့ရာတွင် လည်ပင်းထိခိုက်မိခြင်းကြောင့် လည်ပင်းသွေးလွှတ်ကြောများ ပေါက်ပြဲခြင်း စသည်တို့ကို ကာကွယ်ရန် လည်ပင်းကို ကာကွယ်သော လုံခြုံမှုနည်းလမ်းများကို စနစ်တကျလိုက်နာခြင်းဖြင့် ထိခိုက်ဒဏ်ရာများကြောင့် အောနားလက္ခဏာစု ဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်သည်။
References:
- Cleveland Clinic. (n.d.). Horner’s syndrome. Retrieved October 22, 2025, from https://my.clevelandclinic.org/health/diseases/17836-horners-syndrome
- Mayo Clinic. (n.d.). Horner syndrome: Symptoms & causes. Retrieved October 22, 2025, from https://www.mayoclinic.org/diseases-conditions/horner-syndrome/symptoms-causes/syc-20373547
- Mayo Clinic. (n.d.). Horner syndrome: Diagnosis & treatment. Retrieved October 22, 2025, from https://www.mayoclinic.org/diseases-conditions/horner-syndrome/diagnosis-treatment/drc-20373551
- EyeWiki. (n.d.). Horner syndrome. Retrieved October 22, 2025, from https://eyewiki.org/Horner_Syndrome
- StatPearls. (2023). Horner syndrome. In StatPearls. National Center for Biotechnology Information. Retrieved October 22, 2025, from https://www.ncbi.nlm.nih.gov/books/NBK500000/
Published: 3 December 2025
.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
