Bromhidrosis (ကိုယ်နံ့ သို့မဟုတ် ချိုင်းနံ့နံခြင်း)

Bromhidrosis (ကိုယ်နံ့ သို့မဟုတ် ချိုင်းနံ့နံခြင်း)

ခန္ဓာကိုယ်မှ မနှစ်မြို့ဖွယ် အနံ့အသက်များထွက်ရှိခြင်းသည် လူတိုင်းနီးပါး ခံစားဖူးသည့် အခြေအနေဖြစ်သည်။ ဆေးပညာ‌အရ Bromhidrosis ဟုခေါ်ပြီး အသိသာဆုံးနေရာသည် ချိုင်းနံ့နံခြင်းဖြစ်သည်။ ကိုယ်နံ့နံခြင်းသည် ခန္ဓာကိုယ်ရှိ ချွေးဂလင်းများမှ ထုတ်သော ချွေးနှင့် အရေပြားမျက်နှာပြင်ရှိ ဘက်တီးရီးယားများ၏ အပြန်အလှန် ဓာတ်ပြုသက်ရောက်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ချွေးသည် အနံ့မရှိသော်လည်း၊ ၎င်းအား ဘက်တီးရီးယားများမှ ဖြိုခွဲလိုက်သည့်အခါမှ အနံ့ဆိုးများ ထွက်ပေါ်လာစေသည်။ ချိုင်းနံ့နံခြင်းသည် နေ့စဥ်လူနေမှုဘဝကိုသာမက စိတ်ပိုင်းဆိုင်ရာအတွက်လည်း သက်ရောက်မှုများရှိသောကြောင့် ဂရုပြုထိန်းသိမ်းရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခန္ဓာကိုယ်မှ ချွေးကိုထုတ်လုပ်ပေးသော ချွေးဂလင်းနှစ်မျိုးရှိသည်။ အက်ခရိုင်းချွေးဂလင်းများ (Eccrine sweat glands) နှင့် အေပိုခရိုင်းချွေးဂလင်းများ (Apocrine sweat glands) တို့ဖြစ်သည်။

  1. အက်ခရိုင်းချွေးဂလင်းများ (Eccrine sweat glands)
    ၎င်းဂလင်းများသည် ချွေးကို အရေပြားမျက်နှာပြင်သို့ တိုက်ရိုက်ထုတ်လွှတ်ပေးသည်။ ၎င်းသည် ပုံမှန်အားဖြင့် အနံ့မထုတ်လုပ်ပါ။ ထိုချွေးများ ရေငွေ့ပျံသွားသောအခါ ခန္ဓာကိုယ်ကို အေးမြစေပြီး ကိုယ်အပူချိန်ကို ထိန်းညှိပေးသည်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် သို့မဟုတ် ရာသီဥတုပူပြင်းခြင်းကြောင့် ခန္ဓာကိုယ်အပူချိန် တက်လာသည့်အခါ အရေပြားမှ ချွေးများ အငွေ့ပျံခြင်းဖြင့် အေးမြစေသော အကျိုးသက်ရောက်မှု ရရှိသည်။ အက်ခရိုင်းချွေးဂလင်းများသည် လက်ဖဝါးနှင့် ခြေဖဝါးများလည်း အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးနီးပါးတွင် ရှိသည်။ အက်ခရိုင်းချွေးဂလင်းများမှ ထွက်သောချွေးသည် ပုံမှန်အားဖြင့် အနံ့မရှိသော်လည်း၊ အချို့အစားအစာများ (ဥပမာ _ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကာရီမှုန့်နှင့် အရက်) သို့မဟုတ် အချို့ဆေးဝါးများ (penicillins) သုံးစွဲခြင်းတို့ကြောင့် အနံ့ပြောင်းလဲမှု ဖြစ်ပေါ်စေနိုင်သည်။
  2. အေပိုခရိုင်းချွေးဂလင်းများ (Apocrine sweat glands)
    ၎င်းဂလင်းများသည် အမွေးအမှင်များ၏ အခြေတွင် ရှိသော အမွေးအိတ်ငယ် (hair follicle) များအတွင်းသို့ ချိတ်ဆက်၍ပွင့်သည်။ အေပိုခရိုင်းချွေးဂလင်းများကို ချိုင်းကြားနှင့် ပေါင်ခြံတို့တွင် တွေ့ရှိနိုင်သည်။ ဤဂလင်းများမှ ထုတ်လုပ်သော ချွေးသည် အရေပြားပေါ်ရှိ ဘက်တီးရီးယားများနှင့် ထိတွေ့သောအခါ အနံ့ထွက်နိုင်သည်။ အေပိုခရိုင်းဂလင်းများသည် လူပျိုဖော်၊ အပျိုဖော်ဝင်ချိန် (ဆယ်ကျော်သက်အရွယ်) သို့ မရောက်မချင်း စတင်အလုပ်မလုပ်သေးသောကြောင့် ကလေးငယ်များတွင် ကိုယ်နံ့နံ့ခြင်းကို မတွေ့ရခြင်းဖြစ်သည်။
    ဤအေပိုခရိုင်းချွေးဂလင်းများမှ ထွက်ရှိသော ချွေးတွင် ပရိုတင်း၊ အဆီနှင့် စတီးရွိုက်ကဲ့သို့သော ဒြပ်ပေါင်းများ ပါဝင်သည်။ ၎င်းတို့သည် မူလက အနံ့မရှိသော်လည်း အရေပြားပေါ်ရှိ ဘက်တီးရီးယားများ (ဥပမာ _ Corynebacterium မျိုးစိတ်များ) နှင့် ထိတွေ့မိပါက ဓာတ်ပြုနိုင်သည်။ ဘက်တီးရီးယားများသည် ချွေးတွင်ပါသော ဒြပ်ပေါင်းများကို အငွေ့ပျံနိုင်သော အဆီဓာတ်ပေါင်းများ (Volatile Fatty Acids) အဖြစ် ဇီဝပြောင်းလဲမှု ပြုလုပ်လိုက်သည့်အခါ မနှစ်မြို့ဖွယ် အနံ့ဆိုးများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဖြစ်နိုင်ခြေ မြင့်မားသူများ (High-Risk Groups)

အောက်ပါအခြေအနေများတွင် ချိုင်းနံ့နံခြင်းကို ပိုမိုခံစားရနိုင်သည်။

  • ကိုယ်အလေးချိန်များသူများ (Obesity) – အရေပြားအစိုဓာတ် ထိန်းသိမ်းမှု ပိုများခြင်းကြောင့် ဘက်တီးရီးယားများ ပေါက်ပွားရန် ပိုမိုလွယ်ကူခြင်း
  • အပျိုဖော်၊ လူပျိုဖော်ဝင်စ အရွယ်များ (Adolescence) – ဟော်မုန်းပြောင်းလဲမှုများကြောင့် ချွေးလင်းများ စတင်အသက်ဝင်လှုပ်ရှားလာခြင်း
  • ချွေးထွက်လွန်သူများ (Hyperhidrosis) – ချွေးထွက်များခြင်းကြောင့် ချိုင်းနေရာ စိုစွတ်မှု တိုးလာခြင်း
  • ရောဂါအခံ ရှိသူများ – ဆီးချိုရောဂါ (Diabetes Mellitus)၊ အသည်းရောဂါ (Liver disease)၊ ကျောက်ကပ်ရောဂါ (Kidney disease) နှင့် အရေပြားရောဂါအချို့ (ဥပမာ – Erythrasma) ရှိသူများ
  • တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပါးသူများ (Poor Hygiene) – ဘက်တီးရီးယားများ အလွယ်တကူ စုပုံနိုင်ခြင်းကြောင့် ဖြစ်သည်။
ရောဂါလက္ခဏာများ

Bromhidrosis ၏ အဓိက လက္ခဏာရပ်မှာ ချိုင်းနေရာ သို့မဟုတ် အပိုခရိုင်း ချွေးဂလင်းများရှိသည့် အခြားနေရာများမှ ပြင်းထန်သော မနှစ်မြို့ဖွယ်အနံ့ဆိုးများ ထွက်ရှိခြင်းဖြစ်သည်။ ဤအနံ့ဆိုးသည် တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ပြီးနောက် မကြာမီ ပြန်လည်ဖြစ်ပေါ်လာလေ့ရှိသည်။

နောက်ဆက်တွဲပြဿနာများ

ချိုင်းနံ့နံခြင်း (Bromhidrosis) သည် ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာရေးကို ကြီးမားစွာ ထိခိုက်စေခြင်း မရှိသော်လည်း၊ ၎င်း၏ သက်ရောက်မှုများသည် လူမှုရေး (Social) နှင့် စိတ်ပိုင်းဆိုင်ရာ (Psychological) အပေါ်တွင် သိသာထင်ရှားသော အနုတ်လက္ခဏာပြ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။

  1. လူမှုရေးနှင့် အလုပ်အကိုင်ဆိုင်ရာ သက်ရောက်မှုများ (Social and Professional Impact)
    ချိုင်းနံ့နံခြင်းသည် လူတစ်ဦးချင်းစီ၏ နေ့စဉ်ဘဝ အပြန်အလှန်ဆက်သွယ်မှုများနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိသည်။
    • လူမှုဆက်ဆံရေး ရှောင်ရှားခြင်း (Social Isolation)
      အနံ့ဆိုးကို စိုးရိမ်သောကြောင့် လူမှုရေးပွဲများ၊ အုပ်စုလိုက် လုပ်ဆောင်မှုများ သို့မဟုတ် လူစည်ကားရာ နေရာများကို တတ်နိုင်သမျှ ရှောင်ရှားလာခြင်းကြောင့် အထီးကျန်ခြင်းကို ပိုမိုခံစားရစေနိုင်သည်။
    • ပတ်ဝန်းကျင်မှ ဝေးကွာစေခြင်း (Stigmatization)
      အခြားသူများက မနှစ်မြို့ဖွယ် အနံ့အသက်ကို ရှောင်ရှားရန် ကြိုးစားသောအခါ၊ Bromhidrosis ခံစားရသူသည် ရှက်ရွံ့ခြင်းနှင့် အပယ်ခံဖြစ်ခြင်းတို့ကို ခံစားရနိုင်သည်။
    • အလုပ်အကိုင်ဆိုင်ရာ ထိခိုက်မှု (Professional Hindrance)
      ရုံးပတ်ဝန်းကျင် သို့မဟုတ် ဖောက်သည်များနှင့် တိုက်ရိုက်ထိတွေ့ရသော အလုပ်နေရာများတွင် အနံ့ဆိုးသည် အလုပ်ခန့်အပ်မှုအတွက် ဆုံးဖြတ်ချက်များ နှင့် လုပ်ငန်းခွင် စွမ်းဆောင်ရည်အပေါ်တွင် သွယ်ဝိုက်သောအားဖြင့် ဆိုးကျိုးသက်ရောက်စေနိုင်သည်။
  2. စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ ပြဿနာများ (Psychological and Emotional Issues)
    • ယုံကြည်မှု ကျဆင်းခြင်း (Reduced Self-Esteem)
      ကိုယ်မှ အနံ့ဆိုးထွက်နေသည်ဟု အမြဲတစေ စိုးရိမ်နေခြင်း (Self-Consciousness) ကြောင့် မိမိကိုယ်ကို ယုံကြည်မှု သိသိသာသာ လျော့ကျသွားနိုင်သည်။
    • စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု (Stress and Anxiety)
      ချွေးထွက်ခြင်းနှင့် အနံ့ဆိုးထွက်ခြင်းကို ထိန်းချုပ်ရန် အလွန်အကျွံ စိုးရိမ်ပူပန်ခြင်းသည် စိတ်ဖိစီးမှုကို ပိုမိုဖြစ်ပေါ်စေသည်၊ စိတ်ဖိစီးမှုများလေလေ၊ အပိုခရိုင်းချွေးဂလင်း (Apocrine Glands) များသည် ပိုမိုအလုပ်လုပ်ပြီး ချွေးပိုထွက်ကာ အနံ့ပိုဆိုးလာလေလေ (Vicious Cycle) ဖြစ်သည်။
    • စိတ်ကျရောဂါ (Depression)
      ရေရှည်တွင် လူမှုရေးအရ ရှောင်ရှားခံရခြင်း၊ တစ်ကိုယ်ရေ ယုံကြည်မှု ဆုံးရှုံးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်းတို့သည် စိတ်ကျရောဂါသို့ ဦးတည်သွားနိုင်သည်။
    • ခန္ဓာကိုယ်ပြင်ပရုပ်သွင်ကို စိုးရိမ်သောရောဂါ (Body Dysmorphic Disorder – BDD)
      အချို့သော ပုဂ္ဂိုလ်များတွင် အနံ့အသက် အနည်းငယ်မျှသာ ရှိသော်လည်း ပြင်းထန်သည်ဟု ထင်မြင်ယူဆကာ Obsessive-Compulsive ပုံစံဖြင့် အချိန်များစွာကို သန့်ရှင်းရေးနှင့် ကာကွယ်ခြင်းများ ပြုလုပ်နေတတ်သည်။
  3. အရေပြားဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ (Dermatological Complications)
    အနံ့ဆိုးကို ဖုံးကွယ်ရန် သို့မဟုတ် ကုသရန် ကြိုးပမ်းရာမှ အရေပြား ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
    • အရေပြား ဓာတ်မတည့်ခြင်း (Contact Dermatitis)
      ချွေးထိန်းဆေး (Antiperspirants) သို့မဟုတ် အနံ့ထိန်းဆေး (Deodorants) များတွင် ပါဝင်သော ဓာတုပစ္စည်းများသည် ချိုင်းအရေပြားကို ယားယံခြင်း (Irritation)၊ အနီရောင်အကွက်များ ထွက်ခြင်း သို့မဟုတ် ဓာတ်မတည့်မှုများ ဖြစ်ပေါ်စေနိုင်သည်။
    • ပိတ်ဆို့မှုများ (Occlusion)
      ချွေးထိန်းဆေး (Antiperspirants) များအသုံးပြုခြင်းဖြင့် ချွေးပြွန်များအား ပိတ်ဆို့မှုသည် ရံဖန်ရံခါ ချွေးပြွန်ရောင်ရမ်းခြင်း သို့မဟုတ် အမွေးအိတ်ရောင်ရမ်းခြင်း (Folliculitis) ကို ဖြစ်ပေါ်စေနိုင်သည်။
ရောဂါရှာဖွေခြင်း

ကိုယ်နံ့ သို့မဟုတ် ချိုင်းနံ့နံခြင်း (Bromhidrosis) ဟုသတ်မှတ်ရန် များသောအားဖြင့် လူနာ၏ ရောဂါရာဇဝင်၊ အနံ့ဆိုး၏ ပြင်းထန်မှုနှင့် ၎င်း၏ ထူးခြားသောအနံ့ကို စစ်ဆေးခြင်းဖြင့် ဆုံးဖြတ်နိုင်သည်။

  • အမြင်ဖြင့် စစ်ဆေးခြင်း (Visual Inspection) – ချိုင်းနေရာရှိ အဝတ်အစားများပေါ်တွင် ဝါညိုရောင် သို့မဟုတ် မီးခိုးရောင် အစွန်းအထင်းများ ရှိမရှိ စစ်ဆေးလေ့ရှိသည်

Bromhidrosis ကို ရှာဖွေရာတွင် သီးခြားဆေးစစ်ရန် မလိုအပ်ပါ။ သို့သော် အနံ့ဆိုးသည် အခြားသော ကျန်းမာရေးပြဿနာများ (ဥပမာ _ ဆီးချို၊ ကျောက်ကပ် သို့မဟုတ် အသည်းရောဂါ) ကြောင့် ဖြစ်သည်ဟု သံသယရှိပါက သို့မဟုတ် အရေပြားရောဂါ (ဥပမာ – Trichomycosis Axillaris) တို့ကို ခွဲခြားနိုင်ရန်အတွက် အခြေခံသွေးစစ်ဆေးမှုများ သို့မဟုတ် အရေပြားတစ်ရှူးများကို ဓာတ်ခွဲခန်းတွင် ပိုးမွေးစစ်ဆေးမှု (Skin Culture) များကို ပြုလုပ်ရန် လိုအပ်နိုင်သည်။

ကုသခြင်း

ချိုင်းနံ့နံခြင်းအတွက် ကုသမှုများစွာရှိသည်။ အဓိကအားဖြင့် အနံ့ဆိုးကို ဖြစ်စေသော ဘက်တီးရီးယားနှင့် ချွေးထွက်ရှိမှုကို ထိန်းချုပ်ရန် ရည်ရွယ်သည်။

လိမ်းဆေးများ (Topical Agents)

ပိုးသတ်ဆေးပါသော လိမ်းဆေးများ (ဥပမာ – Clindamycin သို့မဟုတ် Erythromycin) ကို အသုံးပြု၍ ချိုင်းရှိ ဘက်တီးရီးယားအရေအတွက်ကို လျှော့ချသည်။ Aluminum Chloride Hexahydrate ပါဝင်သော ပြင်းအားမြင့် ချွေးထိန်းဆေးများကို ချွေးထွက်မှု လျှော့ချရန် အသုံးပြုသည်။

Botox ထိုးဆေး

ချိုင်းအရေပြားအတွင်းသို့ Botox ကို ထိုးသွင်းခြင်းဖြင့် ချွေးဂလင်းများ၏ လုပ်ငန်းဆောင်တာကို ယာယီပိတ်ဆို့ပေးသည်။

ခွဲစိတ်ကုသမှု (Surgical Interventions)

အခြားနည်းလမ်းများဖြင့် အဆင်မပြေပါက လေဆာရောင်ခြည် (Laser Ablation)၊ မိုက်ခရိုဝေ့ဖ် စွမ်းအင် (Microwave Energy) သို့မဟုတ် ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြင့် အနံ့ဆိုးထွက်စေသော အပိုခရိုင်းဂလင်းများကို အမြဲတမ်း ဖယ်ရှားနိုင်သည်။

ကာကွယ်ခြင်း

ချိုင်းနံ့နံခြင်း သက်သာပျောက်ကင်းစေရန် အောက်ပါအတိုင်း စနစ်တကျ လိုက်နာသင့်သည်။

  1. စနစ်တကျ ရေချိုးခြင်း – ဘက်တီးရီးယားသေစေသော ဆပ်ပြာဖြင့် ချိုင်းနေရာကို သေသေချာချာ ဆေးကြော၍ ခြောက်သွေ့အောင် ထားပါ
  2. ချိုင်းမွှေး ဖယ်ရှားခြင်း – ချွေးနှင့်ဘက်တီးရီးယားများ ခိုအောင်းနိုင်သောကြောင့် ချိုင်းအမွှေးများကို ပုံမှန် ရိတ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း ပြုလုပ်ပါ
  3. အဝတ်အစား ရွေးချယ်မှု – လေဝင်လေထွက်ကောင်းသော ချည်သားကဲ့သို့သော အဝတ်အစားများ ဝတ်ဆင်ပြီး၊ ချွေးထွက်ပါက ချက်ချင်း လဲလှယ်ပါ
  4. အစားအသောက် ထိန်းသိမ်းခြင်း – အနံ့ဆိုးကို ဖြစ်ပေါ်စေနိုင်သော အစားအစာများနှင့် အချိုရည်များ (ဥပမာ _ ကဖိန်းဓာတ်၊ အရက်) ကို လျှော့သောက်ပါ

References:

  1. Cleveland Clinic. (n.d.). Body odor: Causes and treatment. Retrieved November 7, 2025, from https://my.clevelandclinic.org/health/symptoms/17865-body-odor
  2. DermNet NZ. (n.d.). Bromhidrosis. Retrieved November 7, 2025, from https://dermnetnz.org/topics/bromhidrosis
  3. MSD Manuals. (n.d.). Bromhidrosis and other sweating disorders. Retrieved November 7, 2025, from https://www.msdmanuals.com/professional/dermatologic-disorders/sweating-disorders/bromhidrosis
  4. Malik, A. S., Porter, C. L., & Feldman, S. R. (2023). Bromhidrosis treatment modalities: A literature review. Journal of the American Academy of Dermatology, 89(1), 81–89. https://doi.org/10.1016/j.jaad.2021.01.030
  5. Semkova, K., Gergovska, M., Kazandjieva, J., & Tsankov, N. (2015). Hyperhidrosis, bromhidrosis, and chromhidrosis: Fold (intertriginous) dermatoses. Clinical Dermatology, 33(4), 483–491. https://doi.org/10.1016/j.clindermatol.2015.04.013

Published: 3 December 2025

Share

3 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Oesophageal varices (အစာရေမျိုပြွန် သွေးကြောထုံးများ)
Jan 29, 2026
Diseases and Conditions

Oesophageal varices (အစာရေမျိုပြွန် သွေးကြောထုံးများ)

အစာရေမျိုပြွန် သွေးကြောထုံးခြင်းသည် အသည်းခြောက်ခြင်း၏ ပြင်းထန်သော...

Carpal Tunnel Syndrome (လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း)
Jan 29, 2026
Diseases and Conditions

Carpal Tunnel Syndrome (လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း)

လက်ကောက်ဝတ်အတွင်းရှိ အာရုံကြောသွားရာလမ်းကြောင်းအတွင်း...

Sensitive Teeth (သွားကျဥ်ခြင်း)
Jan 28, 2026
Diseases and Conditions

Sensitive Teeth (သွားကျဥ်ခြင်း)

သွားကျဥ်ခြင်းဝေဒနာသည် သွား၏အကာအကွယ် ကြွေလွှာ ပါးလွှာခြင်းကြောင့်...