ကမ္ဘာတစ်ဝန်းတွင် အစာအိမ်ကင်ဆာသည် အဖြစ်အများဆုံး ကင်ဆာများထဲမှ တစ်ခုဖြစ်သည်။ အစာအိမ်ကင်ဆာသည် အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမိုအဖြစ်များပြီး အသက် (၅၅) နှစ်အထက် လူများတွင် ဖြစ်ပွါးလေ့ရှိသည်။ အစာအိမ်ကင်ဆာကို အစောပိုင်းအဆင့်တွင် စောစီးစွာသိရှိပါက ပျောက်ကင်းအောင် ကုသနိုင်ခြေများသော်လည်း ကင်ဆာ ပိုမိုပြန့်ပွါးနေပါက ပျောက်ကင်းနိုင်ခြေ နည်းပါးသည်။
အစာအိမ်ကင်ဆာ အမျိုးအစားများ
ဂလင်းဆဲလ်ကင်ဆာ အမျိုးအစား (Adenocarcinoma)
အစာအိမ်ကင်ဆာများ၏ အများစု (၉၀% မှ ၉၅%ခန့်) သည် ဂလင်းဆဲလ်ကင်ဆာ (adenocarcinoma) အမျိုးအစားဖြစ်သည်။ ဤကင်ဆာများသည် အစာအိမ်၏ အတွင်းဆုံးအလွှာ (mucosa) ရှိ ဂလင်းဆဲလ်များမှ ပေါက်ဖွားလာခြင်းဖြစ်သည်။
ဂလင်းဆဲလ်ကင်ဆာ တွင် အဓိက အမျိုးအစား (၂) မျိုးရှိသည်။ ၎င်းတို့မှာ_
- အူလမ်းကြောင်းဆဲလ်သဏ္ဌာန် ပြောင်းလဲသွားသော အစာအိမ်ကင်ဆာ (intestinal type) သည် အနည်းငယ် ပိုကောင်းသော ရောဂါအလားအလာ (prognosis) ရှိသည်၊ ဤကင်ဆာဆဲလ်များတွင် ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုထုံးဖြင့် ကုသနိုင်သည့် မျိုးဗီဇပြောင်းလဲမှုများ ရှိနေတတ်သည်
- ပျံ့နှံ့သော အမျိုးအစား (diffuse type) သည် ပိုမိုလျင်မြန်စွာ ကြီးထွားပျံ့နှံ့တတ်သည်၊ ၎င်းသည် အဖြစ်နည်းသော်လည်း ကုသရန် ပိုမိုခက်ခဲသည်
အစာအိမ်အူလမ်းကြောင်းနံရံရှိ ကြားခံဆဲလ်များမှဖြစ်သော အကျိတ်များ (Gastrointestinal stromal tumors – GISTs)
ဤအကျိတ်များသည် အစာအိမ်နံရံရှိ interstitial cells of Cajal ဟုခေါ်သော ကြားခံဆဲလ်များမှ ဖြစ်ပွါးသည့် ရှားပါးအကျိတ်များဖြစ်သည်။ GISTs သည် အစာခြေလမ်းကြောင်း၏ မည်သည့်နေရာတွင်မဆို စတင် ဖြစ်ပွါးနိုင်သော်လည်း အစာအိမ်တွင် အများဆုံး ဖြစ်ပွါးသည်။ အူလမ်းကြောင်း၊ ဝမ်းတွင်းအဆီပြင်၊ ဝမ်းခေါင်းနံရံအမြှေးပါး စသည့် အခြား ကိုယ်တွင်းအင်္ဂါများတွင်လည်း အကျိတ်တည်ခြင်း သို့မဟုတ် ပျံ့နှံ့ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
ဟော်မုန်းထုတ်လုပ်သည့် အာရုံခံဆဲလ်အကျိတ်များ (Neuroendocrine tumors – NETs)
အစာအိမ် သို့မဟုတ် အစာခြေလမ်းကြောင်း၏ ဟော်မုန်းထုတ်လုပ်နိုင်သော အာရုံခံဆဲလ်များမှ စတင်ဖြစ်ပွါးသည်။ Carcinoid tumours ဟုလည်း ခေါ်သည်။ NETs အများစုသည် ဖြည်းညှင်းစွာ ကြီးထွားလေ့ရှိပြီး အခြားအင်္ဂါများသို့ မပျံ့နှံ့တတ်သော်လည်း အချို့သည် လျင်မြန်စွာ ကြီးထွားပျံ့နှံ့နိုင်သည်။
ပြန်ရည်ကျိတ်ကင်ဆာ (Lymphomas)
Lymphocytes ဟုခေါ်သော ကိုယ်ခံအားစနစ်ဆဲလ်များမှ စတင်ဖြစ်ပွါးသည်။ ပြန်ရည်ကျိတ်ကင်ဆာများသည် ခန္ဓာကိုယ်၏ အခြားနေရာများတွင် စတင်ဖြစ်ပွါးလေ့ရှိသော်လည်း အချို့မှာမူ အစာအိမ်နံရံတွင် စတင်ဖြစ်ပွါးနိုင်သည်။
အခြားကင်ဆာများ (Other cancers)
Squamous cell carcinomas၊ small cell carcinomas နှင့် leiomyosarcomas ကဲ့သို့သော အခြားကင်ဆာအမျိုးအစားများလည်း အစာအိမ်တွင် စတင်ဖြစ်ပွါးနိုင်သော်လည်း အလွန်ရှားပါးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အစာအိမ်ဆဲလ်များတွင် မျိုးဗီဇပြောင်းလဲမှု (genetic mutation) များ ဖြစ်ပေါ်ကာ ဆဲလ်များ ထိန်းချုပ်မရဘဲ လျင်မြန်စွာ ကြီးထွား ပွါးများလာခြင်းကြောင့် ဖြစ်ပေါ်လာသည်။ ထိုသို့ ဖြစ်ရသည့် တိကျသော အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အောက်ပါအချက်များသည် အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေသည့် အကြောင်းရင်းများ ဖြစ်သည်။
အစာအိမ်ကင်ဆာ ဖြစ်ပွါးနိုင်ခြေများစေသည့် အကြောင်းရင်းများ
- အသက်အရွယ်ကြီးလာခြင်း (အများစုမှာ ၅၅ နှစ် သို့မဟုတ် ၆၅ နှစ်အထက်တွင် ဖြစ်သည်)
- အစာအိမ်ရောဂါပိုးဝင်ခြင်း (Helicobacter pylori infection) – အစာအိမ်နံရံတွင် အစာအိမ်ပိုး ရေရှည်ရှိနေခြင်းသည် ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေသည်
- အငန်ဓာတ်များသော၊ အချဉ်ဖောက်ထားသော သို့မဟုတ် မီးကင်ထားသော အစားအစာများကို အလွန်အကျွံ စားသုံးခြင်း
- အသီးအနှံနှင့် ဟင်းသီးဟင်းရွက် စားသုံးမှု နည်းပါးခြင်း
- ဆေးလိပ်သောက်ခြင်း
- အဝလွန်ခြင်း
- သွေးအမျိုးအစား – သွေးအမျိုးအစား A ရှိသူများတွင် အနည်းငယ် ပို၍ဖြစ်ပွါးနိုင်သည်
- မိသားစုတွင် မျိုးရိုးလိုက်တတ်သည့် ရောဂါများ ရှိခြင်း (ဥပမာ – Lynch syndrome၊ familial adenomatous polyposis (FAP) ရောဂါ၊ Peutz-Jeghers syndrome၊ juvenile polyposis syndrome နှင့် hereditary diffuse အစာအိမ်ကင်ဆာအမျိုးအစား)
မိမိတွင် အောက်ဖော်ပြပါ ရောဂါအခြေအနေများ ရှိပါက အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်။
ရောဂါလက္ခဏာများ
အစာအိမ်ကင်ဆာသည် စတင်ဖြစ်ပွါးချိန် (အစောပိုင်းအဆင့်) တွင် ရောဂါလက္ခဏာ မပြသတတ်ပါ။ အစာအိမ်ကင်ဆာ ရောဂါလက္ခဏာများမှာ_
- အစာမကြေခြင်း
- ရင်ပူခြင်း
- အစာစားချင်စိတ် မရှိခြင်း
- အစာအနည်းငယ်သာ စားရုံဖြင့် ဗိုက်ပြည့်သွားသကဲ့သို့ ခံစားရခြင်း
- အစာစားပြီးနောက် ဝမ်းဗိုက်အပေါ်ပိုင်းတွင် နာကျင်ခြင်း
- လေပွသကဲ့သို့ မအီမသာ ခံစားရခြင်း
- အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် လျော့ကျလာခြင်း
- ပျို့အန်ခြင်း
- ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းသွားခြင်း
- သွေးအန်ခြင်း
- ဝမ်းဗိုက်တွင် အလုံးစမ်းမိခြင်း
- ပုံမှန်ထက် ပို၍ပင်ပန်းနွမ်းနယ်ခြင်း (ကင်ဆာမှ သွေးယိုစိမ့်ပါက သွေးအားနည်းခြင်းကြောင့်လည်း ဖြစ်နိုင်သည်)
- အစာမျိုရခက်ခဲခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ လက္ခဏာများ ခံစားရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ အထက်ဖော်ပြပါ လက္ခဏာများသည် အစာအိမ်ကင်ဆာအပြင် အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာစသည့် အခြားအဖြစ်များသော ရောဂါများကြောင့်လည်း ဖြစ်နိုင်သောကြောင့် အဆိုပါရောဂါများအားလည်း ထည့်သွင်းစဉ်းစားကာ စစ်ဆေးကုသမည်ဖြစ်သည်။
သို့သော် အန္တရာယ်ရှိသော လက္ခဏာများ (ဥပမာ _ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း) ရှိပါက မိသားစုဆရာဝန်နှင့် ချက်ချင်း ပြသရန် အရေးကြီးသည်။ မိသားစုဆရာဝန်မှ ရောဂါရှာဖွေစစ်ဆေးပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်ထံသို့ ညွှန်းပို့ပေးမည်ဖြစ်သည်။
ရောဂါရှာဖွေခြင်း
လူနာ၏ ရောဂါရာဇဝင် (အစာအိမ်ကင်ဆာ သံသယလက္ခဏာများနှင့် ကင်ဆာပိုမိုဖြစ်ပွါးနိုင်သော အချက်များစသည်)ကို မေးမြန်းပြီး ဝမ်းဗိုက်စမ်းသပ်ခြင်း နှင့် လက်ချောင်းဖြင့် စအိုအတွင်း စစ်ဆေးခြင်း (Digital rectal examination) စသည့် လူနာစမ်းသပ်မှုများ ပြုလုပ်မည်။
ထို့နောက် အစာအိမ်ကင်ဆာကို သံသယရှိပါက ရောဂါအတည်ပြုနိုင်ရန် အောက်ဖော်ပြပါ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
- အစာအိမ် မှန်ပြောင်းကြည့်ရှူစစ်ဆေးခြင်း (Gastroscopy/Upper GI endoscopy)
အစာအိမ်ကင်ဆာရောဂါရှာဖွေစစ်ဆေးရာတွင် အသုံးအများဆုံး နည်းလမ်းဖြစ်သည်။ - အသားစယူစစ်ဆေးခြင်း (Biopsy)
အစာအိမ်မှန်ပြောင်းကြည့်နေစဉ်အတွင်း အကျိတ်၊ အနာ သို့မဟုတ် ကင်ဆာသံသယဖြစ်ဖွယ် အစာအိမ်နံရံမှ အသားစနမူနာ ယူ၍ ဓာတ်ခွဲခန်း၌ ကင်ဆာဆဲလ်များ ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။ ဓာတ်ခွဲခန်းအဖြေရရှိရန် (၁ – ၂) ပတ်ခန့် ကြာမြင့်နိုင်သည်။ - သွေးစစ်ဆေးမှုများ
သွေးစစ်ဆေးမှုများသည် အစာအိမ်ကင်ဆာကို တိုက်ရိုက်ရှာဖွေရန် အသုံးမပြုသော်လည်း အစာအိမ်ကင်ဆာ၏ လက္ခဏာများနှင့် ကျောက်ကပ်၊ အသည်းကဲ့သို့သော ကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်နိုင်စွမ်းကို သိရှိရန် အထောက်အကူပြုသည် (ဥပမာ _ သွေးနီဥပမာဏနည်းခြင်းသည် အစာအိမ်ကင်ဆာကြောင့် သွေးယိုစိမ့်နေခြင်းကို ညွှန်ပြသည်)။
ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging)
အစာအိမ်ကင်ဆာရောဂါရှာဖွေပြီးနောက် ကင်ဆာ ပျံ့နှံ့မှုအတိုင်းအတာကို သိရှိရန် ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging scan) များ ပြုလုပ်သည်။ ယင်းလုပ်ငန်းစဉ်ကို ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging) ဟုခေါ်သည်။
ကင်ဆာရောဂါကုထုံးများ ရွေးချယ်ရာတွင်လည်းကောင်း၊ ခွဲစိတ်ကုသရာတွင်လည်းကောင်း လွန်စွာအထောက်အကူပြုသည်။ များသောအားဖြင့် အစာအိမ်ကင်ဆာ ခွဲစိတ်မှုအပြီးမှသာ ကင်ဆာအဆင့်ကို အတိအကျ သတ်မှတ်နိုင်သည်။
ကင်ဆာရောဂါအဆင့်သတ်မှတ်ရာတွင်_
- ကင်ဆာအကျိတ်သည် အစာအိမ်နံရံအလွှာ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝ ထိုးဖောက်ဝင်ရောက်သွားခြင်း ရှိမရှိ
- အစာအိမ် အနီးတဝိုက်ရှိ ပြန်ရည်ကျိတ်များသို့ ကင်ဆာ ပျံ့နှံ့ခြင်း ရှိမရှိနှင့်
- ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့သွားခြင်း (metastasis) ရှိမရှိ စသည်တို့ပေါ်တွင် မူတည်သည်။
အများအားဖြင့် အစာအိမ်ကင်ဆာသည် ပြန်ရည်ကျိတ်များ၊ အသည်း သို့မဟုတ် ဝမ်းဗိုက်အတွင်းရှိ ကိုယ်တွင်းအင်္ဂါများကို ဖုံးအုပ်ထားသော အမြှေးပါး (peritoneum) စသည်တို့သို့ ပျံ့နှံ့ရောက်ရှိတတ်သည်။
ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging scan)
အာထရာဆောင်း (USG)၊ သံလိုက်ဓာတ်မှန် (MRI)၊ ကွန်ပြူတာဓာတ်မှန် (CT scan) နှင့် ပီအီးတီစကင်န် (PET scan) စသည်တို့ကို အလျဥ်းသင့်သလို အသုံးပြု၍ ကင်ဆာအကျိတ်၏ အရွယ်အစား၊ တည်နေရာနှင့် ပျံ့နှံ့မှုများကို ရှာဖွေစစ်ဆေးသည်။
အာထရာဆောင်းပါသော အစာအိမ်မှန်ပြောင်းကို အသုံးပြုခြင်းဖြင့် ကင်ဆာအကျိတ် ပျံ့နှံ့ရောက်ရှိနေသည့် အစာအိမ်နံရံအလွှာအဆင့်ဆင့်ကို သိရှိနိုင်သည်။ ထို့အပြင် အစာအိမ်အနီးတဝိုက်ရှိ ကင်ဆာပျံ့နှံ့ရောက်ရှိနေနိုင်သော ပြန်ရည်ကျိတ်များအား အသားစယူစစ်ဆေးနိုင်သည်။
ဝမ်းဗိုက်အတွင်းရှိ ကိုယ်တွင်းအင်္ဂါများကို မှန်ပြောင်းဖြင့် ကင်ဆာပျံ့နှံ့မှု ရှိမရှိ စစ်ဆေးခြင်း (Staging Laparoscopy)
ကင်ဆာ ပျံ့နှံ့မှုရှိမရှိ တိကျစွာ သိရှိနိုင်ရန် မခွဲစိတ်မီ ဝမ်းဗိုက်အတွင်းသို့ မှန်ပြောင်းထည့်၍ ကြည့်ရှုစစ်ဆေးရန် လိုအပ်နိုင်သည်။
ကုသခြင်း
အစာအိမ်ကင်ဆာသည် များသောအားဖြင့် ခွဲစိတ်ဖယ်ရှားရန် လိုအပ်သည်။ အစာအိမ်ကင်ဆာ အစောပိုင်းအဆင့်တွင် စစ်ဆေးတွေ့ရှိပါက ခွဲစိတ်မှုဖြင့် ပျောက်ကင်းရန် အခွင့်အလမ်း ကောင်းမွန်သည်။ ကင်ဆာအဆင့် မြင့်မားလေလေ ကင်ဆာ ပျောက်ကင်းရန် အခွင့်အလမ်း နည်းပါးလေလေ ဖြစ်သော်လည်း ကုသမှုများသည် ကင်ဆာကြီးထွားပျံ့နှံ့နှုန်းကို နှေးကွေးစေပြီး လူနာ၏ သက်တမ်းကို ဆွဲဆန့်ပေးနိုင်သည်။
ကင်ဆာ၏ တည်နေရာ၊ အဆင့်၊ လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ရွေးချယ်မှုအပေါ် မူတည်၍ လူနာအတွက် အသင့်တော်ဆုံး ကုထုံးများကို ရွေးချယ်သည်။ မခွဲစိတ်မီ သို့မဟုတ် ခွဲစိတ်ပြီးချိန်တွင် ဓာတ်ရောင်ခြည်ကုထုံး (Radiation Therapy) နှင့် ကင်ဆာဆေးသွင်းကုထုံး (Chemotherapy) ကဲ့သို့သော အခြားကုသမှုများကို ညွှန်ကြားနိုင်သည်။
- ခွဲစိတ်ကုသခြင်း
- အစာအိမ်ကင်ဆာအဆင့်ပေါ် မူတည်၍
- အစာအိမ် မှန်ပြောင်းဖြင့် ကင်ဆာ ဖြတ်ထုတ်ခြင်း (Endoscopic procedures)
- ဝမ်းဗိုက်မှန်ပြောင်းထည့် ခွဲစိတ်ခြင်း (Laparoscopic surgery)
- ဝမ်းဗိုက်ဖွင့် ခွဲစိတ်ခြင်း (Open surgery) စသည့် ခွဲစိတ်နည်း အမျိုးမျိုးရှိသည်။
- အစာအိမ်မှန်ပြောင်းဖြင့် ကင်ဆာ ဖြတ်ထုတ်ခြင်း (Endoscopic mucosal resection)
- အစာအိမ်မှန်ပြောင်းကြည့်ပြီး မှန်ပြောင်းမှတစ်ဆင့် အထူးပြုလုပ်ထားသော ကိရိယာများဖြင့် ကင်ဆာအကျိတ် သို့မဟုတ် အနာ နှင့်အတူ အစာအိမ်အတွင်းနံရံ အချွဲလွှာအနည်းငယ်ကို ဖြတ်ထုတ်ဖယ်ရှားခြင်းဖြစ်သည်
- အစာအိမ်အတွင်းနံရံ အချွဲလွှာတွင်သာ တည်ရှိနေသည့် အလွန်သေးငယ်သော အဆင့် (၁) ကင်ဆာအကျိတ်များတွင် အသုံးပြုနိုင်သည်။
- အစာအိမ် ခွဲစိတ်ဖြတ်ထုတ်ခြင်း (Gastrectomy)
- အစာအိမ်တစ်စိတ်တစ်ပိုင်း ခွဲစိတ်ဖြတ်ထုတ်ခြင်း (Subtotal Gastrectomy)
ကင်ဆာကျိတ်ရှိသော အစာအိမ်အစိတ်အပိုင်းနှင့်အတူ အကျိတ်ပတ်လည်ရှိ ကင်ဆာကျိတ်ကင်းစင်သော တစ်ရှူးအနည်းငယ်ကို ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြစ်သည်။ ထို့နောက် ပုံမှန် အစာလမ်းကြောင်းအဖြစ် အစာအိမ် နှင့် အူသိမ်ကို ပြန်လည်ဆက်ပေးမည်ဖြစ်သည်။ - အစာအိမ်တစ်ခုလုံး ဖယ်ရှားခြင်း (Total Gastrectomy)
အစာအိမ်တစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားပြီး အစာရေမျိုကို အူသိမ်နှင့် ပြန်ဆက်ပေးခြင်းဖြစ်သည်။
- အစာအိမ်တစ်စိတ်တစ်ပိုင်း ခွဲစိတ်ဖြတ်ထုတ်ခြင်း (Subtotal Gastrectomy)
- အစာအိမ်ကင်ဆာကြောင့် ဖြစ်ပေါ်သော လက္ခဏာများ ပျောက်ကင်းရန် ခွဲစိတ်ခြင်း
- ကင်ဆာအဆင့် မြင့်မားသော အကျိတ်များ သို့မဟုတ် အသိနောက်ကျသော ကင်ဆာအကျိတ်များတွင် ပြုလုပ်ရလေ့ရှိသည်
- ကင်ဆာအကျိတ်မှ သွေးယိုစိမ့်ခြင်း၊ ကင်ဆာအနာကြောင့် အစာအိမ်ပေါက်ခြင်းနှင့် အစာအိမ်ထွက်ပေါက်တွင် ကင်ဆာအကျိတ်ဖြင့် ပိတ်ဆို့ခြင်း စသည့် အခြေအနေများတွင် ခွဲစိတ်ခြင်းဖြစ်သည်
- အစာအိမ်ကင်ဆာအဆင့်ပေါ် မူတည်၍
- ကင်ဆာဆေးသွင်း ကုသခြင်း (Chemotherapy)
- များသောအားဖြင့် ခွဲစိတ်မှုအပြီးတွင် ပေးလေ့ရှိသည်၊ ခွဲစိတ်မှုအပြီး ကျန်ရှိနေနိုင်သော ကင်ဆာဆဲလ်များကို သေစေပြီး ကင်ဆာပြန်ဖြစ်နိုင်ခြေကို လျှော့ချပေးသည်
- ခွဲစိတ်မှုမတိုင်မီတွင် ကင်ဆာအရွယ်အစားကို သေးငယ်စေရန်အတွက်လည်း အသုံးပြုနိုင်သည်
- ခွဲစိတ်၍မရသော ကင်ဆာများ သို့မဟုတ် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့နေသော ကင်ဆာများအတွက် လက္ခဏာများကို သက်သာစေရန် အသုံးပြုနိုင်သည်
- တစ်ခါတစ်ရံတွင် ဓာတ်ရောင်ခြည်ကုထုံးနှင့် ပေါင်းစပ်၍ အသုံးပြုသည်
ကင်ဆာဆေးသွင်းကုသရာတွင် - သွေးပြန်ကြောအတွင်းသို့ ဆေးသွင်းကုသခြင်း
- ကင်ဆာသောက်ဆေးဖြင့် ကုသခြင်းနှင့်
- ခွဲစိတ်ကုသပြီးချိန် ဝမ်းခေါင်းအတွင်းသို့ ကင်ဆာဆေးရည် ထည့်သွင်းထားခဲ့ခြင်းစသည့် ကုသနည်းများ ရှိသည်။
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
- ခွဲစိတ်မှုမတိုင်မီတွင် ကင်ဆာအရွယ်အစားကို သေးငယ်စေရန် အသုံးပြုနိုင်သည်
- ခွဲစိတ်မှု မပြုလုပ်နိုင်ပါက ကင်ဆာအကျိတ်ကြောင့် ဖြစ်သော ပြင်းထန်သည့် နာကျင်မှု စသည့် ကင်ဆာလက္ခဏာများကို သက်သာစေရန် အသုံးပြုနိုင်သည်
- တစ်ခါတစ်ရံတွင် ကင်ဆာဆေးဝါးများနှင့်အတူ (Chemotherapy) တစ်ပြိုင်တည်း အသုံးပြုသည်
- ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted Therapy)
- များသောအားဖြင့် ကင်ဆာဆေးဝါးများနှင့် ပေါင်းစပ်၍ အသုံးပြုသည်
- အစာအိမ်ကင်ဆာအဆင့် မြင့်မားသူများတွင် အသုံးပြုသည်
- ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
- ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် ကိုယ်ခံအားစနစ်ကိုလှုံ့ဆော်ပေးသော ဆေးဝါးများကို အသုံးပြုသည်
- အစာအိမ်ကင်ဆာအဆင့် မြင့်မားသူများတွင် အသုံးပြုသည်
- ခံစားနေရသောဝေဒနာများ ညင်သာစေရန် ဘက်စုံပြုစုကုသမှု (Palliative care)
- ပြင်းထန်သော ကင်ဆာနာကျင်မှုနှင့် အခြားခံစားရသော ဝေဒနာများ သက်သာစေရန် ပြုစုကုသပေးခြင်းဖြင့် ကင်ဆာဝေဒနာရှင်များ၏ ဘဝနေထိုင်မှု အရည်အသွေး ပိုမိုကောင်းမွန်စေသည်
ကာကွယ်ခြင်း
အစာအိမ်ကင်ဆာကို လုံးဝကာကွယ်နိုင်သည့် နည်းလမ်း မရှိသော်လည်း၊ အောက်ပါ လူနေမှုပုံစံနှင့် ကျန်းမာရေး စောင့်ရှောက်မှု နည်းလမ်းများကို လိုက်နာခြင်းဖြင့် ကင်ဆာ ဖြစ်ပွားနိုင်ခြေကို သိသာစွာ လျှော့ချနိုင်သည်။
- ဆေးလိပ်နှင့် ဆေးရွက်ကြီး ရှောင်ကြဉ်ခြင်း
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်းကို လုံးဝ ရှောင်ကြဉ်ပါ။ ၎င်းသည် အစာအိမ်ကင်ဆာ ဖြစ်ပွားရခြင်း၏ အဓိကအန္တရာယ်ဖြစ်စေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ - ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးခြင်း
- လတ်ဆတ်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၊ ဂျုံစပါး (Whole-grain cereals) များစွာ ပါဝင်သည့် မျှတသော အစားအစာများကို နေ့စဉ် မှန်မှန် စားသုံးပါ။
- အငန်ဓာတ် များသော (ဥပမာ _ ဆားနယ်ထားသော ငါးပိ/ငါးခြောက်၊ အငန်ပြင်းသော သရေစာများ) နှင့် မီးကင်ထားသော (Smoked) အစားအစာများကို ကန့်သတ်စားသုံးပါ
- ကျန်းမာသော ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
အဝလွန်ခြင်းကို ရှောင်ရှားရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားရန် လိုအပ်သည်။ - ပိုးကူးစက်မှုများကို ကုသခြင်း
အစာအိမ်အနာကို ဖြစ်စေနိုင်သော Helicobacter pylori (H. pylori) ပိုး ကူးစက်ခံရပါက၊ ပိုးသေဆေးများဖြင့် စနစ်တကျ ကုသမှု ခံယူခြင်းသည် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချရာတွင် အထောက်အကူပြုသည်။ - အစာအိမ်ရောဂါ လက္ခဏာများကို စောစီးစွာ ကုသခြင်း
အစာအိမ်နာ သို့မဟုတ် အစာအိမ်ရောင်ရမ်းခြင်း (Gastritis) ကဲ့သို့သော အစာအိမ်ရောဂါ လက္ခဏာများ ခံစားရပါက ချက်ချင်း ဆရာဝန်နှင့် ပြသ၍ ကုသမှု ခံယူပါ။ - မိသားစုတွင် အစာအိမ်ကင်ဆာ ရာဇဝင် (Family History) ရှိသူများသည် ကင်ဆာမဖြစ်မီ စောစီးစွာ ရှာဖွေနိုင်သည့် စစ်ဆေးမှုများ (Screening) ပြုလုပ်ရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ
References:
- Patient.info. (n.d.). Stomach cancer (gastric cancer). Retrieved October 26, 2025, from https://patient.info/cancer/stomach-cancer-gastric-cancer
- Mayo Clinic. (n.d.). Stomach cancer: Symptoms & causes. Retrieved October 26, 2025, from https://www.mayoclinic.org/diseases-conditions/stomach-cancer/symptoms-causes/syc-20352438
- Mayo Clinic. (n.d.). Stomach cancer: Diagnosis & treatment. Retrieved October 26, 2025, from https://www.mayoclinic.org/diseases-conditions/stomach-cancer/diagnosis-treatment/drc-20352443
- Cleveland Clinic. (n.d.). Stomach cancer. Retrieved October 26, 2025, from https://my.clevelandclinic.org/health/diseases/15812-stomach-cancer
Published: 21 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
