Bruxism (Teeth Grinding) (သွားကြိတ်ခြင်း)

Bruxism (Teeth Grinding) (သွားကြိတ်ခြင်း)

သွားကြိတ်ခြင်းသည် ရည်ရွယ်ချက်မရှိဘဲ သွားများကို ဖိကြိတ်ခြင်း၊ ပွတ်တိုက်ခြင်းဖြစ်ပြီး မျက်နှာနှင့် မေးရိုးရှိ ကြွက်သားများကို အကြိမ်များစွာ လှုပ်ရှားမှုဖြစ်စေသည်။ သွားကြိတ်ခြင်းသည် နိုးနေချိန်တွင် ဖြစ်နိုင်သကဲ့သို့ အိပ်နေချိန်များတွင်လည်း ဖြစ်ပွါးနိုင်သည်။ အများစုသည် သွားများကို ဖိကြိတ်ခြင်း၊ ပွတ်တိုက်ခြင်းကို ရံဖန်ရံခါသာ ပြုလုပ်လေ့ရှိသည်။ ရံဖန်ရံခါ သွားကြိတ်ခြင်းသည် အန္တရာယ် မဖြစ်နိုင်သော်လည်း အမြဲပြုလုပ်နေပါက သွားများကို ပျက်စီးစေနိုင်သကဲ့သို့ အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်း ဖြစ်စေနိုင်သည်။

သွားကြိတ်ခြင်းကို အောက်ပါအတိုင်း နှစ်မျိုးခွဲခြားနိုင်သည်။

  • နိုးနေချိန်တွင်ဖြစ်သော သွားကြိတ်ခြင်း
    စိုးရိမ်ပူပန်မှုများ၊ စိတ်ဖိစီးမှုများ၊ ‌ဒေါသထွက်ခြင်း၊ စိတ်အလိုမကျခြင်းများကြောင့် ဖြစ်လေ့ရှိသည်။ အာရုံစူးစိုက်မှုများချိန်၊ အတွေးလွန်ချိန်များတွင် သတိမထားမိဘဲ ပြုလုပ်မိလေ့ရှိသည်။
  • အိပ်စက်နေချိန်တွင်ဖြစ်သော သွားကြိတ်ခြင်း
    အိပ်စက်ချိန်တွင် ဖြစ်တတ်သည့် ပြဿနာများနှင့် ဆက်စပ်လေ့ရှိပြီး အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဖြစ်ပေါ်ရသောအကြောင်းရင်းကို အတိအကျမသိနိုင်ပါ။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် မျိုးဗီဇပြဿနာများ ပေါင်းစပ်မှုကြောင့် ဖြစ်သည်ဟု ယူဆရသည်။

သွားကြိတ်ခြင်းဖြစ်စေနိုင်သော အကြောင်းရင်းများမှာ_

  • သွားပေါက်ခြင်း
    ထိုအခြေအနေသည် ကလေးငယ်များတွင်၊ အထူးသဖြင့် သွားပေါက်ချိန်များတွင် ဖြစ်ပေါ်လေ့ရှိသည်။ အသစ်ထွက်လာသော သွားများနှင့် နေသားမကျသေးခြင်းကြောင့် ဖြစ်ပွါးရသည်ဟု ယူဆကြသည်။ သို့ရာတွင် ကလေးဘဝတွင် သွားများနှင့် မေးရိုးများသည် လျင်မြန်စွာကြီးထွားသောကြောင့် သွားကြိတ်ခြင်းသည် ရေရှည်ပြဿနာများဖြစ်လေ့မရှိဘဲ အလိုအလျောက် ပျောက်ကင်းနိုင်သည်။
  • သွားမညီခြင်း
    အချို့သောသူများတွင် သွားများသည် မညီမညာဖြစ်နေခြင်း (သို့မဟုတ်) သွားကျိုးနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ပါးစပ်အတွင်းတွင် သက်သောင့်သက်သာမရှိခြင်းကြောင့် သွားကြိတ်ခြင်းကို ဖြစ်စေနိုင်သည်။
  • စိတ်ဖိစီးမှုများခြင်း
    လူကြီးများတွင် သွားကြိတ်ခြင်းကို ဖြစ်စေသော အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်။ ထိုအခြေအနေတွင် သွားကြိတ်ခြင်းသည် နိုးနေချိန်တွင်သာမက အိပ်စက်နေချိန်တွင်လည်း ဖြစ်နိုင်သည်။
  • စိတ်ကျန်းမာရေးအခြေအနေများ
    စိတ်ပူပန်မှုများခြင်း၊ စိတ်ကျခြင်းနှင့်လည်း ဆက်စပ်မှုရှိသည်။
  • ဦးနှောက်နှင့် အာရုံကြောဆိုင်ရာအခြေအနေများ
    ပါကင်ဆန်ရောဂါကဲ့သို့သော အခြေအနေများသည် အိပ်ပျော်နေစဥ် ခန္ဓာကိုယ်လှုပ်ရှားမှုများ ဖြစ်ပေါ်ကာ သွားကြိတ်ခြင်းကိုလည်း ဖြစ်စေနိုင်သည်။
  • ဆေးများ၏နောက်ဆက်တွဲပြဿနာများ
    သွားကြိတ်ခြင်းသည် အချို့သောဆေးဝါးများ (ဥပမာ _ စိတ်ကျရောဂါဆေးဝါးများ၊ စိတ်ရောဂါကုဆေးဝါးများ) ၏ ‌နောက်ဆက်တွဲပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။
  • အိပ်စက်ချိန်တွင်ဖြစ်တတ်သော ပြဿနာများ
    အိပ်စက်ချိန်လမ်းလျှောက်ခြင်း၊ အိပ်စက်ချိန်တွင် အသက်ရှူခေတ္တရပ်ခြင်း စသည့်ပြဿနာများနှင့်လည်း ဆက်စပ်မှုရှိသည်။ အိပ်စက်ချိန်တွင် အသက်ရှူခေတ္တရပ်ခြင်းကြောင့် မကြာခဏ ပြန်နိုးလာပြီး အိပ်စက်မှုအရည်အသွေး ကျဆင်းခြင်း၊ အိပ်ရေးမဝခြင်း စသည်တို့ ဖြစ်စေသည်။
သွားကြိတ်ခြင်း ဖြစ်နိုင်ခြေများသော အခြေအနေများ
  • ကလေးငယ်များ
  • ယှဥ်ပြိုင်လိုစိတ်ပြင်းထန်သော၊ ပုံမှန်ထက်ပို၍တက်ကြွသော ကိုယ်ရည်ကိုယ်သွေးအမျိုးအစားရှိသူများ
  • ကဖိန်းဓာတ်သုံးစွဲမှုများခြင်း
  • အရက်သောက်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • စိတ်ကြွစေသောဆေးများအသုံးပြုခြင်း (ဥပမာ _ ကိုကိန်း၊ အမ်ဖက်တမင်း)
  • အချို့သောစိတ်ရောဂါကုဆေးများ (ဥပမာ – SSRIs)
  • မိသားစုမျိုးရိုးရှိခြင်း
  • အချို့သောကျန်းမာရေးပြဿနာများ (ပါကင်ဆန်ရောဂါ၊ စားချဥ်ပြန်ရောဂါ၊ အတက်ရောဂါ)
  • အိပ်စက်ချိန်တွင် ဖြစ်နိုင်သော ပြဿနာများ (အိပ်စက်ချိန် အသက်ရှူခေတ္တရပ်ခြင်း၊ အိပ်စက်ချိန် ထိတ်လန့်ခြင်း၊ အိပ်စက်ချိန် လမ်းလျှောက်ခြင်း)
ရောဂါလက္ခဏာများ

အများစုသည် အိပ်စက်ချိန်များတွင် ဖြစ်လေ့ရှိသောကြောင့် ထိုသို့ပြုလုပ်မိခြင်းကို သတိထားမိလေ့ မရှိပါ။ အချို့တွင် သွားနှင့်ပတ်သက်သည့် လက္ခဏာများပေါ်လာမှသာ သတိထားမိသည်လည်း ရှိသည်။ တွေ့နိုင်သောလက္ခဏာများမှာ_

  • သွားများ ပဲ့ခြင်း၊ သွားမျက်နှာပြင်များ ပြားနေခြင်း၊ သွားများ နဲ့နေခြင်း
  • သွားကြွေလွှာ ပျက်စီးခြင်း
  • သွားနာခြင်း၊ သွားကျဥ်ခြင်း
  • မေးရိုးကြွက်သားများ တောင့်တင်းခြင်း
  • မေးရိုးအဆုံးထိ ဖွင့်၍၊ ပိတ်၍မရခြင်း
  • မေးရိုး၊ မျက်နှာ၊ လည်ပင်းတွင် နာကျင်ခြင်း
  • နားကိုက်သကဲ့သို့ခံစားရခြင်း
  • နားထင်နေရာတွင် ကိုက်ခဲခြင်း
  • အစာစားလျှင် နာကျင်ခြင်း
  • ပါးစောင်ကို ဝါးမိနေခြင်း
  • အိပ်စက်ခြင်းနှင့် ပတ်သက်သည့်ပြဿနာများဖြစ်ခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

ရံဖန်ရံခါ သွားကြိတ်တတ်သူအများစုတွင် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ် လေ့မရှိပါ။ သို့သော် အလွန်ပြင်းထန်သော သွားကြိတ်ခြင်းများတွင်_

  • သွားများပျက်စီးခြင်း
  • မေးရိုးများထိခိုက်ခြင်း
  • သွားပြုပြင်ပစ္စည်းများ ပျက်စီးခြင်း (သွားဖာသည့်ပစ္စည်းများ၊ သွားစွပ်များ၊ သွားတုအံကပ်များ)
  • စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်သကဲ့သို့ ခံစားရခြင်း
  • နားထင်မေးရိုးအဆစ်တွင် ပြဿနာဖြစ်ခြင်း (မေးရိုးတွင် အသံမြည်ခြင်း၊ မေးရိုးအဆစ်လွဲခြင်း) စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာအထူးကုဆရာဝန်မှ လက္ခဏာများ မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းဖြင့် သွားကြိတ်ခြင်းနှင့် သွားကြိတ်ရခြင်းအကြောင်းရင်းကို သိရှိနိုင်သည်။ ယေဘုယျအားဖြင့် ပုံရိပ်ဖော်စစ်ဆေးမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ အထူးပြုလုပ်ရန် မလိုအပ်ပါ။ သို့သော် အချို့သောအခြေအနေများတွင် လိုအပ်ပါက အိပ်စက်မှုစစ်ဆေးခြင်း (Polysomnography) ကဲ့သို့သော စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

ကုသခြင်း

သွားကြိတ်ခြင်းအများစုသည် ကုသမှုပေးရန် မလိုအပ်ပါ။ က‌လေးငယ်များသည် အများစုတွင် ကုသမှုပေးရန် မလိုအပ်ဘဲ ပျောက်ကင်းနိုင်သည်။ လူကြီးများတွင်လည်း အများစုသည် ကုသမှု လိုအပ်သည်အထိ ဆိုးရွားခြင်းမရှိပါ။ သို့ရာတွင် သွားကြိတ်ခြင်းသည် ပြင်းထန်ပါက ကုသမှုပေးနိုင်သည့် နည်းလမ်းများမှာ သွားပြုပြင်ကုသမှုများ၊ စိတ်ဖိစီးမှုများနှင့် ကြွက်သားလှုပ်ရှားမှုဆိုင်ရာ ကုထုံးများနှင့် လိုအပ်ပါက ဆေးဝါးများဖြင့် ကုသခြင်းတို့ ပါဝင်သည်။ ထိုသို့ကုသမှုပေးခြင်းဖြင့် သွားများထပ်မံပျက်စီးခြင်းကို ကာကွယ်ပေးပြီး မေးရိုးနာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်းများကို သက်သာစေသည်။ သွားကြိတ်ခြင်းသည် စိတ်ကျန်းမာရေး (သို့မဟုတ်) အခံရောဂါ အခြေအနေများကြောင့် ဖြစ်ပါက ထိုအခြေအနေများကို သက်သာစေရန် ကုသမှုပေးရမည်။

သွားပြုပြင်ကုသမှုများ
  • ပါးစပ်အကာအကွယ်တပ်ခြင်း
    အကာအကွယ်ပစ္စည်းများကို သွားပေါ်တွင်စွပ်ထားခြင်းဖြင့် အိပ်စက်ချိန်တွင် အပေါ်သွားနှင့် အောက်သွားကို ခြားထားပေးသောကြောင့် အံကြိတ်ခြင်း၊ သွားကြိတ်ခြင်းကြောင့် ဖြစ်သော ပျက်စီးမှုများကို ကာကွယ်နိုင်သည်။ ပါးစပ်အကာအကွယ်ပစ္စည်းများကို ပလတ်စတစ်အမာ (သို့မဟုတ်) ပျော့ပြောင်းသောပစ္စည်းများကို အသုံးပြု၍ ပြုလုပ်သည်။
  • သွားများပြုပြင်ခြင်း
    သွားများပျက်စီးခြင်း (သို့မဟုတ်) ကောင်းမွန်စွာမဝါးနိုင်ခြင်းတို့ ဖြစ်လာပါက သွားများကို ညှိပေးခြင်းများ ပြုလုပ်ရန်လိုအပ်သည်။ သွားများ၏ အစာကြိတ်ဝါးသည့် မျက်နှာပြင်များကို ညှိ၍ ပုံစံပြန်ဖော်ပေးခြင်း (သို့မဟုတ်) သွားစွပ်များ စွပ်ခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။
အခြားကုထုံးများ
  • စိတ်ဖိစီးမှုများ သို့မဟုတ် စိုးရိမ်စိတ်များကို ကုသမှုပေးခြင်း
    စိတ်ဖိစီးမှုများ၊ စိုးရိမ်စိတ်များ သက်သာစေရန် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှု သက်သာစေသော လေ့ကျင့်ခန်းများ (ယောဂ၊ တရားထိုင်ခြင်း) ပြုလုပ်ခြင်းတို့ကို လမ်းညွှန်နိုင်သည်။
  • အပြုအမူ၊ အလေ့အကျင့်များကို ထိန်းချုပ်ပြောင်းလဲခြင်း
    နေ့ဘက်အချိန် သွားကြိတ်တတ်သူများသည် သတိထား၍ အမူအကျင့်များ ပြုပြင်ခြင်းဖြင့် သွားပျက်စီးခြင်းကို သက်သာစေနိုင်သည်။ မေးရိုးနှင့် ပါးစပ်အနေအထားတို့ကို လေ့ကျင့်ပေးခြင်း၊ သွားကြိတ်မိချိန်များကို မှတ်ထားခြင်း စသည့်အလေ့အကျင့်များဖြင့် ပြုပြင်ထိန်းချုပ်နိုင်သည်။
  • မေးရိုးလှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း
    မေးရိုးကြွက်သား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် မေးရိုးလှုပ်ရှားမှုများကို ပျော့ပြောင်းသွက်လက်စေပြီး သွားကြိတ်ခြင်းကြောင့် ဖြစ်ပေါ်သောနာကျင်ခြင်းကိုလည်း သက်သာစေနိုင်သည်။
    • မေးရိုး တည်ငြိမ်စေရန် လေ့ကျင့်ခြင်း
      အပေါ်သွားနှင့် အောက်သွားများကို မထိစေဘဲ နှုတ်ခမ်းစေ့ပါ၊ လျှာထိပ်ကို အပေါ်သွားများ၏နောက်နားရှိ အပေါ်အာခေါင်တွင် သွားများနှင့် မထိစေဘဲ ထောက်ထားပါ။ ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ်ထားပါ။ တစ်နေ့လျှင် အကြိမ်များစွာ ပြုလုပ်နိုင်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် မေးရိုးကို အနားပေးသော လေ့ကျင့်ခန်းဖြစ်သောကြောင့် မေးရိုးတင်းခြင်းကို သက်သာစေသည်။
    • မေးရိုးလှုပ်ရှားမှု သွက်လက်ချောမွေ့စေရန် လေ့ကျင့်ခြင်း
      မေးစေ့ကို လက်မ၊ လက်ညှိုးတို့ဖြင့် ထိန်းထားပြီး ပါးစပ်ကို ဖြည်းညင်းစွာ အဖွင့်၊အပိတ်လုပ်ခိုင်းပါ။ ပါးစပ် အဖွင့်၊ အပိတ်ပြုလုပ်ချိန်တွင် လက်မ၊ လက်ညှိုးတို့ဖြင့် မေးစေ့ကို ဖိထားပြီး ထိုဖိအားကို ဆန့်ကျင်၍ အဖွင့်၊ အပိတ်ပြုလုပ်စေခြင်းဖြင့် မေးရိုးကြွက်သားများကို သန်မာစေပြီး မေးရိုးလှုပ်ရှားမှုကို ချောမွေ့စေသည်။ တစ်ကြိမ်ပြုလုပ်လျှင် (၁၀) မိနစ်ခန့်ဖြင့် တစ်နေ့ (၃) ကြိမ် ပြုလုပ်နိုင်သည်။
ဆေးကုသမှုများ
  • ကြွက်သားပျော့ပျောင်းစေသော ဆေးများပေးခြင်း
    အချို့လူနာများတွင် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ကြွက်သားပျော့ပျောင်းစေသော ဆေးများကို သုံးစွဲနိုင်သည်။
  • ဘိုတောက်စ်ထိုးခြင်း (Botox)
    အလွန်ပြင်းထန်သော သွားကြိတ်ခြင်းများတွင် ဘိုတောက်စ်ထိုးခြင်းအားဖြင့် မေးရိုးကြွက်သားများကို ပျော့ပျောင်းသွားစေပြီး သွားကြိတ်ခြင်းကို သက်သာစေသည်။
  • စိတ်ဖိစီးမှုများ၊ စိုးရိမ်စိတ်များအတွက် ဆေးပေးခြင်း
    စိတ်ကျရောဂါကုသဆေးများ၊ စိတ်ငြိမ်ဆေးများကို လိုအပ်ပါက စိတ်ကျန်းမာရေးဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်သည်။
သွားကြိတ်ခြင်းဖြစ်စေသော အကြောင်းရင်းခံများကို ကုသမှုပေးခြင်း
  • ဆေးများ၏ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ခြင်း
    ဆေးများ၏ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်၍ ဆေးပမာဏချိန်ညှိခြင်း၊ ဆေးပြောင်းပေးခြင်းများ ပြုလုပ်ရန် လိုအပ်သည်။
  • အိပ်စက်ခြင်းနှင့် ပတ်သက်သည့်ပြဿနာများ
    ဥပမာ _ အိပ်မောကျချိန် အသက်ရှူလမ်းကြောင်းပိတ်ခြင်းကြောင့် အသက်ရှူရပ်ခြင်းရောဂါရှိပါက ထိုအခြေနေအတွက် ကုသမှုပေးခြင်းဖြစ်သည်။
  • နောက်ခံကျန်းမာရေးအခြေအနေများ
    ဥပမာ _ ပါကင်ဆန်ရောဂါကြောင့် သွားကြိတ်ခြင်းကိုဖြစ်စေပါက ထိုအခြေအနေကို သက်သာစေရန် ကုသမှုပေးခြင်းဖြစ်သည်။
ကာကွယ်ခြင်း

လူနေမှုပုံစံများကို ပြောင်းလဲခြင်းအားဖြင့် သွားကြိတ်ခြင်းကို သက်သာစေသည်။ ၄င်းတို့မှာ_

  • စိတ်ဖိစီးမှုများကို လျှော့ချခြင်း
    တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ရေနွေးနွေးဖြင့်ချိုးခြင်း၊ ယောဂကျင့်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်စေပြီး သွားကြိတ်ခြင်းကို သက်သာစေသည်။
  • အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ခြင်း
  • ကဖိန်းဓာတ်သုံးစွဲမှု (ဥပမာ – ကော်ဖီ၊ လက်ဖက်ရည် ‌သောက်သုံးမှု) လျှော့ချခြင်း
  • ကောင်းမွန်စွာအိပ်စက်မှုကို အထောက်အကူပြုသည့် ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အထများ၊ အပြုအမူများ၊ ပတ်ဝန်းကျင်အခြေအနေများ (Sleep hygiene) ရရှိစေခြင်း
  • မာကျောသော၊ စေးကပ်သောအစာများ ဝါးခြင်းကို ရှောင်ကြဥ်ခြင်း
  • ပီကေဝါးခြင်းကို ရှောင်ကြဥ်ခြင်း
  • သွားပုံမှန်စစ်ဆေးမှုပြုလုပ်ခြင်းတို့ဖြစ်သည်။

References:

  1. Hopkins Medicine. (n.d.). Bruxism. Retrieved September 30, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/bruxism Johns Hopkins Medicine
  2. Lewsley, J. (2024,). Bruxism (teeth grinding): Causes and management. Medical News Today. Retrieved September 30, 2025, from https://www.medicalnewstoday.com/articles/190180 Medical News Today
  3. WebMD. (n.d.). Teeth grinding (bruxism). Retrieved September 30, 2025, from https://www.webmd.com/oral-health/teeth-grinding-bruxism
  4. Cleveland Clinic. (n.d.). Teeth grinding (bruxism). Retrieved September 30, 2025, from https://my.clevelandclinic.org/health/diseases/10955-teeth-grinding-bruxism
  5. Mayo Clinic. (2024). Teeth grinding (bruxism): Symptoms & causes. Retrieved September 30, 2025, from https://www.mayoclinic.org/diseases-conditions/bruxism/symptoms-causes/syc-20356095 Mayo Clinic
  6. Mayo Clinic. (n.d.). Bruxism: Diagnosis & treatment. Retrieved September 30, 2025, from https://www.mayoclinic.org/diseases-conditions/bruxism/diagnosis-treatment/drc-20356100

Published: 23 September 2025

Share

23 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

More articles
Metatarsalgia (ခြေဖဝါးရှေ့ပိုင်း နာကျင်ခြင်း)
Jul 29, 2026
Diseases and Conditions

Metatarsalgia (ခြေဖဝါးရှေ့ပိုင်း နာကျင်ခြင်း)

ခြေဖဝါးရှေ့ပိုင်းနာကျင်ခြင်း (Metatarsalgia) သည် ခြေချောင်းများ၏...

Avascular Necrosis of Femoral head (ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း)
Jul 29, 2026
Diseases and Conditions

Avascular Necrosis of Femoral head (ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း)

ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း (Avascular Necrosis...

Chronic Suppurative Otitis Media (နာတာရှည် နားပြည်ယိုခြင်း)
Jul 28, 2026
Diseases and Conditions

Chronic Suppurative Otitis Media (နာတာရှည် နားပြည်ယိုခြင်း)

နာတာရှည် နားပြည်ယိုခြင်း (Chronic Suppurative Otitis Media) သည်...