အရွယ်ရောက်ပြီးသူ လူကြီးတစ်ယောက်၏ ပုံမှန်နှလုံးခုန်နှုန်းသည် တစ်မိနစ်တွင် အကြိမ်ရေ (၆၀) မှ (၁၀၀) ကြားတွင်ရှိသည်။ နှလုံးခုန်နှုန်းသည် တစ်မိနစ်တွင် အကြိမ်ရေ (၁၀၀) အထက်ဖြစ်ခဲ့လျှင် နှလုံးခုန်မြန်ခြင်း (Tachycardia) ဟုခေါ်သည်။ ပြင်းထန်သောလှုပ်ရှားမှု (လေ့ကျင့်ခန်းပြုလုပ်ခြင်း) ကြောင့် ဖြစ်ပေါ်လာသော နှလုံးခုန်နှုန်းမြန်ခြင်းသည် ပုံမှန်ဖြစ်ပြီး အထူးစိုးရိမ်ရန် မလိုအပ်ပါ။
ကလေးများတွင်မူ ပုံမှန်နှလုံးခုန်နှုန်း အကြိမ်အရေအတွက်သည် လူကြီးများနှင့်မတူဘဲ အသက်အရွယ်ပေါ် မူတည်၍ အောက်ပါအတိုင်း အနည်းငယ်ကွာခြားမှုရှိသည်။
| ကလေးအသက်အရွယ် | တစ်မိနစ်ရှိ ပုံမှန်နှလုံးခုန်နှုန်း အကြိမ်အရေအတွက် |
|---|---|
| မွေးကင်းစမှ အသက်တစ်နှစ်အထိ | ၁၀၀ – ၁၆၀ |
| အသက် (၁ – ၃) နှစ်ကြား | ၉၀ – ၁၅၀ |
| အသက် (၃ – ၅) နှစ်ကြား | ၈၀ – ၁၄၀ |
| အသက် (၅ – ၁၂) နှစ်ကြား | ၇၀ – ၁၂၀ |
| အသက် (၁၂ – ၁၈) နှစ်ကြား ဆယ်ကျော်သက်များ | ၆၀ – ၁၀၀ |
နှလုံးတစ်ကြိမ်ခုန်ခြင်းသည် နှလုံးတစ်ကြိမ်အလုပ်လုပ်ခြင်း (သွေးလက်ခံ၍ သွေးပြန်ညှစ်ထုတ်ခြင်း) ဖြစ်သည်။ နှလုံးခုန်နှုန်းအလွန်မြန်ပါက နှလုံးခုန်ချိန်အကြား နှလုံးအတွင်းသို့ သွေးဖြည့်ချိန် မလုံလောက်သောကြောင့် နှလုံး၏ သွေးပြန်ညှစ်ထုတ်ပေးသော လုပ်ငန်းကို ထိခိုက်လာသည်။ တစ်ခါတစ်ရံတွင် နှလုံးခုန်မြန်ခြင်းသည် ပြင်းထန်သော ကျန်းမာရေးအရင်းခံအခြေအနေများ (ဥပမာ _ နှလုံးအမောဖောက်ခြင်း၊ ရှောခ့်ဖြစ်ခြင်း၊ လေဖြတ်ခြင်း) ကြောင့်လည်း ဖြစ်နိုင်သဖြင့် လိုအပ်လျှင် အချိန်မီရောဂါရှာဖွေကုသမှု ခံယူနိုင်ရန် အရေးကြီးသည်။
နှလုံးခုန်နှုန်းမြန်ရသောအကြောင်းရင်းများ
ပုံမှန်အခြေအနေတွင် နှလုံးသည် ညာဘက်သွေးဝင်ခန်း (Right atrium) တွင် ရှိသော Sinoatrial (SA) node မှ ထွက်လာသော စည်းချက်မှန်သည့် လျှပ်စီးကြောင်းလှုံ့ဆော်မှုများကြောင့် ပုံမှန်နှုန်းဖြင့် ခုန်နေသည်။ SA node သည် ထိုလှုံ့ဆော်မှုများကို မြန်စေခြင်း၊ နှေးစေခြင်းဖြင့် နှလုံးခုန်နှုန်းကို ထိန်းချုပ်နေသည်။ အကယ်၍ ကြောက်လန့်ခြင်း၊ စိုးရိမ်ခြင်း၊ စိတ်လှုပ်ရှားမှုများခြင်း သို့မဟုတ် လေ့ကျင့်ခန်းပြုလုပ်ခြင်းစသည့် အခြေအနေများတွင် လျှပ်စီးကြောင်းလှုံ့ဆော်မှုများကို အမြန်ထုတ်ပေးခြင်းကြောင့် နှလုံးခုန်နှုန်းမြန်လာသည်။ ထိုအခြေအနေကို Sinus tachycardia ဟုခေါ်၍ ပြန်လည်အနားယူချိန် သို့မဟုတ် စိတ်ပြန်လည်တည်ငြိမ်ချိန်၌ နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်လေ့ရှိသည်။
ထို့အပြင် နှလုံးခုန်နှုန်းမြန်ခြင်းကို ဖြစ်ပေါ်စေနိုင်သော အောက်ပါအကြောင်းရင်းများစွာ ရှိသော်လည်း တစ်ခါတစ်ရံတွင် တိကျသောအကြောင်းရင်း ရှာမတွေ့ပါ။
- ရုတ်တရက် နှလုံးအမောဖောက်ခြင်း (Heart attack)
- နှလုံးရောဂါအခံရှိခြင်း (Structural heart diseases and Congenital heart defects)
- နှလုံးသွေးကြောကျဥ်းရောဂါရှိခြင်း (Coronary artery disease) စသည့် နှလုံးရောဂါများကြောင့် ဖြစ်နိုင်သကဲ့သို့
- သိုင်းရွိုက်ဟော်မုန်းများခြင်း (Hyperthyroid)
- အဖျားတက်ခြင်း
- သွေးအားနည်းခြင်း (Anaemia)
- သွေးတိုးခြင်း၊ သွေးပေါင်ကျခြင်း
- ခန္ဓာကိုယ်တွင် ရေဓာတ်နည်းခြင်း (Dehydration)
- သွေးတွင်းအချိုဓာတ် ကျဆင်းခြင်း
- သွေးတွင်းရှိ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် စသည့်သတ္တုဓာတ်များ မညီမျှခြင်း
- အချို့သောဆေးဝါးများ သောက်သုံးခြင်း (ဥပမာ _ နှာစေးချောင်းဆိုးပျောက်ဆေး၊ ရင်ကျပ်ပန်းနာသက်သာဆေး၊ ဗိုက်အောင့်ပျောက်ဆေး၊ စိတ်ငြိမ်ဆေးများ)
- ကော်ဖီအလွန်အကျွံသောက်သုံးခြင်း
- ဆေးလိပ်သောက်သုံးခြင်း
- အရက်ကို အလွန်အကျွံသောက်သုံးခြင်း၊ အရက်စွဲသူများ အရက်ဖြတ်ထားခြင်း
- စိတ်ကြွမူးယစ်ဆေးဝါးများ သုံးစွဲခြင်း
- အမျိုးသမီးများတွင် ကိုယ်ဝန်ရှိချိန်နှင့်
- စိတ်ဖိစီးမှုများခြင်းစသည့် နှလုံးကြောင့်မဟုတ်သော အခြားအကြောင်းရင်းများကြောင့်လည်း နှလုံးခုန်မြန်ခြင်း ဖြစ်နိုင်သည်။
အမျိုးအစားများ
နှလုံးခုန်နှုန်းမြန်ခြင်းသည် နှလုံးအခန်းလေးခုတွင် မည်သည့်အခန်းမှမဆို စတင်ဖြစ်ပေါ်နိုင်သည်။ ထိုနေရာများရှိ နှလုံးတွင်းလျှပ်စီးလမ်းကြောင်းများနှင့် ပတ်သက်သည့် ပြဿနာများကြောင့် ဖြစ်ပေါ်နိုင်သည်။
- Supraventricular tachycardia (SVT)
နှလုံးသွေးဝင်ခန်း (Atria) မှ စတင်ဖြစ်ပေါ်သည်။ ဥပမာ – Wolff-Parkinson-White (WPW) syndrome၊ Atrial fibrillation (AF) နှင့် Premature atrial contractions (PACs) တို့ဖြစ်သည်။ - Ventricular tachycardias (VT)
နှလုံးသွေးလွှတ်ခန်း (Ventricles) မှ စတင်ဖြစ်ပေါ်သည်။ ဥပမာ – Ventricular fibrillation (VF) နှင့် Torsades de Pointes တို့ဖြစ်သည်။
ကလေးငယ်များတွင်တွေ့ရသော နှလုံးခုန်နှုန်းမြန်ခြင်း အကြောင်းရင်းများ
ကလေးငယ်များတွင် အမျာအားဖြင့် အဖျားတက်ခြင်း၊ သွေးအားနည်းခြင်း၊ သိုင်းရွိုက်ဟော်မုန်းများခြင်း စသည့်အခြေအနေများတွင် နှလုံးခုန်နှုန်းမြန်တတ်ပြီး သက်ဆိုင်ရာဆေးဝါးကုသမှုများဖြင့် ပြန်လည်သက်သာစေနိုင်သည်။ အချို့ကလေးများတွင်မူ နှလုံးတွင်းလျှပ်စီးလမ်းကြောင်းများနှင့် ပတ်သက်သောရောဂါများလည်း ရှိသည်။ အဖြစ်များသော ရောဂါများမှာ_
- Supraventricular tachycardia (SVT)
- Wolff-Parkinson-White Syndrome (WPW) _ မွေးရာပါနှလုံးရောဂါများနှင့် တွဲလျက်တွေ့ရသည်
- Ventricular tachycardia (VT)
- Catecholaminergic Polymorphic Ventricular Tachycardia (CPVT) _ မျိုးရိုးလိုက်တတ်သောရောဂါ ဖြစ်သည်
- Long QT Syndrome (LQTS) _ မျိုးရိုးလိုက်တတ်သောရောဂါ ဖြစ်သည်
- Postural Orthostatic Tachycardia Syndrome (POTS) စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
အချို့သောသူများတွင် ရောဂါလက္ခဏာမပြဘဲ ရှိနေနိုင်ပြီး နှလုံးခုန်နှုန်းမြန်ခြင်းကို အထွေထွေကျန်းမာရေးစစ်ဆေးခြင်း (Medical checkup) ပြုလုပ်သည့်အချိန်များတွင်မှ ရှာဖွေတွေ့ရှိရတတ်သည်။ လူတစ်ဦးနှင့်တစ်ဦး ရောဂါလက္ခဏာ ပြင်းထန်မှု ကွာခြားနိုင်သည်။ ယေဘုယျအားဖြင့် အတွေ့ရများသော လက္ခဏာများမှာ_
- ရင်တုန်ခြင်း (Palpitation)
- အသက်ရှူမဝခြင်း (Shortness of Breath)
- ရင်ဘတ်အောင့်ခြင်း (Chest pain)
- ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း
- မောပန်းလွယ်ခြင်း၊ နုံးခြင်း
- မူးမေ့ခြင်း၊ မူးလဲခြင်း
- အာရုံစူးစိုက်ရန်ခက်ခဲခြင်း တို့ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
နှလုံးခုန်အလွန်မြန်လာသောအခါ နှလုံးမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးလုံလောက်အောင် မပို့ဆောင်နိုင်သဖြင့် ကိုယ်တွင်းအင်္ဂါများနှင့် တစ်ရှူးများ အောက်ဆီဂျင် လုံလောက်အောင် မရရှိနိုင်သောကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
- သွေးခဲများဖြစ်ပေါ် ခြင်း (Blood clots)
- နှလုံးသွေးကြောပိတ်၍ ရုတ်တရက်အမောဖောက်ခြင်း (Heart attack)
- ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း (Stroke)
- နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart failure)
- ရုတ်တရက်နှလုံးရပ်ခြင်း (Sudden cardiac death) တို့ဖြစ်ကြသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်ခြင်း၊ ရင်တုန်ခြင်းဝေဒနာခံစားရခြင်း၊ ဆယ်ကျော်သက်နှင့် လူကြီးများတွင် နှလုံးခုန်နှုန်းကို တစ်မိနစ်ကြာ တိုင်းတာသောအခါတွင် အကြိမ်ရေ (၁၀၀) အထက် အမြဲရောက်နေခြင်း၊ အနားယူသော်လည်း နှလုံးခုန်နှုန်းမြန်ခြင်း မသက်သာခြင်းတို့ ရှိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ မိသားစုဆရာဝန်မှ သက်ဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်လျှင် အထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးလိမ့်မည်။
ရင်တုန်ခြင်းဝေဒနာအပြင် ရင်ဘတ်အောင့်လာခြင်း၊ အသက်ရှူမဝခြင်း၊ မောလာခြင်း၊ ခြေလက်အားနည်းခြင်း၊ မိုက်ခနဲဖြစ်ခြင်း၊ ခေါင်းမူးခြင်း၊ သတိလစ်ခြင်း ဖြစ်ပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
နှလုံးခုန်နှုန်း မြန်စေနိုင်သော အကြောင်းရင်းကို ရှာဖွေရန် လူနာ၏ ရောဂါရာဇဝင်များမေးမြန်းခြင်း၊ လူနာအား သေချာစွာ စမ်းသပ်စစ်ဆေးခြင်း၊ လူနာ၏နှလုံးခုန်သံကို နားကြပ်ဖြင့် နားထောင်ခြင်းတို့ ဦးစွာပြုလုပ်ရန် လိုအပ်သည်။ တိကျသေချာသော အကြောင်းရင်းကို သိရှိနိုင်ရန်အတွက် အောက်ဖော်ပြပါ စစ်ဆေးမှုများကို ဆရာဝန်ညွန်ကြားသည့်အတိုင်း ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
- အီးစီဂျီဆွဲခြင်း (ECG or EKG)
- Holter ECG monitor ဖြင့်တိုင်းတာခြင်း (ခန္ဓာကိုယ်တွင် သေးငယ်သော စက်ကိုတပ်ဆင်၍ ၂၄နာရီ မှ ၄၈နာရီအတွင်း နှလုံးခုန်နှုန်းကို တိုင်းတာစောင့်ကြည့်ခြင်း)
- အဝေးထိန်းစနစ်ဖြင့် စောင့်ကြည့်နိုင်သော နောက်ဆုံးပေါ် ကျန်းမာရေးစောင့်ကြည့်ကိရိယာများ တပ်ဆင်၍ စောင့်ကြည့်ခြင်း (ဥပမာ – Smartwatch ကဲ့သို့ Wearable devicesများ)
- ထိုကိရိယာများသည် နှလုံးခုန်နှုန်းမြန်ခြင်းကို သိရှိနိုင်ပြီး ဝတ်ဆင်ထားသူများအား အချက်ပေးနိုင်သည်၊ သို့ရာတွင် ရောဂါရှာဖွေအတည်ပြုခြင်းကို သက်ဆိုင်ရာဆရာဝန်မှသာ အမြဲတမ်းပြုလုပ်သင့်သည်။
- အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (CXR)
- နှလုံး သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Cardiac MRI)
- နှလုံး ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan of the heart)
- နှလုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (Coronary Angiogram)
- နှလုံးစည်းချက်မမှန်ခြင်းကို အသေးစိတ်လေ့လာခြင်း (Electrophysiological study)
- လေ့ကျင့်ခန်းပြုလုပ်နေချိန်တွင် နှလုံးခုန်သည့်စည်းချက်ကို လေ့လာခြင်း (Exercise Stress test)
- လှဲအိပ်နေရာမှ မတ်တတ်ရပ်သည့် အနေအထားသို့ ပြောင်းသည့်အချိန်တွင် ဖြစ်ပေါ်လာသော နှလုံးခုန်နှုန်းစည်းချက်ကို မှတ်ယူစစ်ဆေးခြင်း (Tilt table test)
ကုသခြင်း
နှလုံးခုန်နှုန်းမြန်ခြင်းကို ကုသရာတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့် ဖြစ်ပေါ်ရသော အကြောင်းရင်းများပေါ် မူတည်၍ အောက်ဖော်ပြပါနည်းလမ်းများဖြင့် ကုသနိုင်သည်။
- အရေးပေါ်ကုသခြင်း
နှလုံးခုန်အလွန်မြန်နေပါက နှလုံးခုန်နှုန်း ပြန်နှေးစေရန် ဆေးရုံအရေးပေါ်ဌာနတွင် အောက်ပါနည်းလမ်းများဖြင့် အရေးပေါ်ကုသနိုင်သည်။- နှလုံးခုန်နှုန်းကို ထိန်းချုပ်ရာတွင် ကူညီပေးသည့်အာရုံကြော (Vagus nerve) ကို လှုံ့ဆော်ခြင်း
- အသက်ကို ညှစ်ရှူထုတ်ခြင်း (Valsalva Maneuver)
- နှာခေါင်းမှ လေကို အသက်ဝအောင် ရှူသွင်းပါ
- ထို့နောက် ပါးစပ်နှင့် နှာခေါင်းကို ပိတ်၍ လေအပြင်သို့ ပြန်မထွက်စေဘဲ (၁၅)စက္ကန့် မှ (၂၀)စက္ကန့်ခန့် အသက်ကို အားဖြင့် ညှစ်ရှူထုတ်ပါ (ထိုနေရာတွင် နှာခေါင်းမပိတ်ဘဲ ပါးစပ်မှ ဆေးထိုးအပ်ရှိ ပြွန်အလွတ်ထဲသို့ မှုတ်ထုတ်ခြင်းလည်း ပြုလုပ်နိုင်သည်)
- (၁၅) စက္ကန့် ပြည့်လျှင် ပါးစပ်မှ လေကို ပုံမှန်အတိုင်း ရှူထုတ်ပါ
- ထိုနည်းလမ်းကို စုစုပေါင်း (၃) ကြိမ်အထိ ပြုလုပ်နိုင်သည်
- ထိုသို့ပြုလုပ်ချိန်တွင် အသက်အရွယ်ကြီးသူများတွင် မျက်နှာနီလာနိုင်သော်လည်း ခံနိုင်ရည်ရှိပါက လုပ်ဆောင်နိုင်သည်
- မျက်နှာပေါ်တွင် ရေခဲထုပ်တင်ခြင်း (Ice pack to the Face)
- ထိုနည်းလမ်းကို ကလေးငယ်များအတွက် ပို၍အသုံးပြုသည်
- ရေခဲနှင့် ရေအနည်းငယ်ကို အိတ်သန့်သန့်ထဲတွင်ထည့်၍ ကလေး၏မျက်နှာပေါ်တွင် စက္ကန့် (၁၀) မှ (၂၀) ထိ ထားပြီး ပြန်ဖယ်ပါ
- ထို့နောက် နှလုံးခုန်နှုန်းကို ပြန်စစ်ဆေးပါ
- ထိုနည်းလမ်းကို (၃) ကြိမ်အထိ ပြုလုပ်နိုင်သည်
- သတိထားရန်မှာ မျက်နှာပေါ်တွင် အချိန်အကြာကြီးမထားရန်နှင့် မျက်နှာအရေပြားကို မထိခိုက်စေရန်ဖြစ်သည်
- အသက်ကို ညှစ်ရှူထုတ်ခြင်း (Valsalva Maneuver)
- အထက်ပါနည်းလမ်းများကို ဆရာဝန်များထံမှ စနစ်တကျသင်ယူထားပါက မိမိကိုယ်တိုင် အိမ်တွင် အရေးပေါ် ပြုလုပ်နိုင်သည်။ သို့သော် ထိုနည်းလမ်းများဖြင့် သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းသွားရန် လိုအပ်သည်။
- နှလုံးခုန်နှုန်းမလျော့ပါက ဆေးရုံတွင် ထိုးဆေးများကို အသုံးပြု၍ နှလုံးခုန်နှုန်းနှေးအောင် ပြုလုပ်ခြင်း
- ထိုသို့ပြုလုပ်ရာမှ နှလုံးခုန်မြန်ခြင်း မသက်သာလျှင် သို့မဟုတ် လိုအပ်သည့်အခြေအနေများတွင် နှလုံးရှော့ခ်ရိုက်သည့်စက်ကို အသုံးပြု၍ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်အောင် ပြုလုပ်ခြင်းများ ပြုလုပ်ရသည်။
- နှလုံးခုန်နှုန်းကို ထိန်းချုပ်ရာတွင် ကူညီပေးသည့်အာရုံကြော (Vagus nerve) ကို လှုံ့ဆော်ခြင်း
- ဖြစ်ပေါ်စေသော ရောဂါအကြောင်းရင်းကို ကုသခြင်း
ဥပမာ _ သိုင်းရွိုက်ရောဂါကုသခြင်း၊ သွေးတွင်းရှိ သတ္တုဓာတ်များကို ချိန်ညှိခြင်း၊ ဆေးဝါးများကိုချိန်ညှိခြင်း၊ သွေးအားနည်းရောဂါကိုကုသခြင်း စသည်တို့ဖြစ်သည်။ - နောက်တစ်ကြိမ် ထပ်မံမဖြစ်စေရန် ကုသကာကွယ်ခြင်း
- နှလုံးခုန်နှုန်းမြန်ခြင်းကို ထိန်းချုပ်ရန် သောက်ဆေးများဖြင့် ထိန်းချုပ်ကုသခြင်း
- Beta blockers (ဥပမာ – Atenolol, Metoprolol, Bisoprolol, Carvedilol)
- Calcium channel blockers (ဥပမာ – Verapamil, Diltiazem)
- နှလုံးခုန်နှုန်းစည်းချက် ထိန်းညှိပေးသောဆေးများ (Antiarrhythmic medicines) (ဥပမာ – Amiodarone)
- သွေးမခဲဆေးများ (Blood thinners or anticoagulants) (ဥပမာ – Warfarin, DOAC)
- လျှပ်စစ်ပတ်လမ်းကို ဖြတ်တောက်ခြင်း (Catheter ablation)
ဤကုထုံးသည် လျှပ်စီးကြောင်းအပို ပါဝင်သောကြောင့် နှလုံးခုန်နှုန်းမြန်သောအခြေအနေများကို ကုသရာတွင် အသုံးပြုသည်။ ပါးလွှာ၍ ပျော့ပျောင်းသောပြွန်ကို ပေါင်ခြံရှိ သွေးလွှတ်ကြောမှတစ်ဆင့် နှလုံးအထိရောက်အောင် ထည့်သွင်းသည်။ ၎င်းပြွန်ထိပ်တွင်ရှိသော အာရုံခံကိရိယာဖြင့် လျှပ်စီးဓာတ် ပိုမိုထုတ်လုပ်သောနေရာသို့ အပူစွမ်းအင် သို့မဟုတ် အအေးစွမ်းအင်ပေးခြင်းဖြင့် လျှပ်စီးဓာတ်ထုတ်လုပ်ခြင်းကို လျှော့ချပေးပြီး နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးသည်။ - အလိုအလျောက်နှလုံးခုန်စက် (Pacemaker) စက်ထည့်ပေးခြင်း
အလိုအလျောက် နှလုံးခုန်စက် (Pacemaker) ကို ရင်ဘတ်ရှိ အရေပြားအောက်တွင် ခွဲစိတ်၍ထည့်ထားခြင်းဖြင့် နှလုံးခုန်နှုန်းမမှန်သည့်အခါ ထိုစက်မှ နှလုံးခုန်စည်းချက် မှန်စေရန် လျှပ်စီးကြောင်းများ ပို့လွှတ်၍ ထိန်းညှိပေးသည်။ - နှလုံးရှော့ခ်ရိုက်သည့်ကိရိယာကို နှလုံးအတွင်းထည့်သွင်းခြင်း (Implantable cardioverter defibrillator [ICD])
၎င်းကုသနည်းတွင် နှလုံးရှော့ခ်ရိုက်သည့် ကိရိယာကို ညှပ်ရိုးအနီးရှိ အရေပြားအောက်တွင် ခွဲစိတ်၍မြှုပ်ထားပေးသည်။ ကိရိယာသည် နှလုံးခုန်နှုန်းစည်းချက်ကို အဆက်မပြတ်စောင့်ကြည့်ကာ နှလုံးခုန်စည်းချက်မမှန်လျှင် နှလုံးကိုရှော့ခ်ရိုက်ပေးခြင်းဖြင့် စည်းချက် ပြန်လည်ထိန်းညှိပေးသည်။ - ခွဲစိတ်ကုသနည်းများ
- နှလုံးအပေါ် ရှိ သွေးဝင်ခန်းကို အနည်းငယ်ခွဲစိတ်ပြုပြင်ခြင်းဖြင့် အနာဖေးတက်စေပြီး မူမမှန်သောလျှပ်စီးမှုကို ဟန့်တားပေးသည် (Maze procedure)
- နှလုံးကို ဖွင့်၍ ခွဲစိတ်ကုသခြင်း – အထက်တွင် ဖော်ပြခဲ့သောနည်းလမ်းများဖြင့် မသက်သာလျှင် နှလုံးကိုဖွင့်၍ ခွဲစိတ်ကုသခြင်းဖြင့် နှလုံးခုန်မြန်စေသော လျှပ်စီးကြောင်းအပိုကို ဖျက်ဆီးနိုင်သည်
- နှလုံးခုန်နှုန်းမြန်ခြင်းကို ထိန်းချုပ်ရန် သောက်ဆေးများဖြင့် ထိန်းချုပ်ကုသခြင်း
ကာကွယ်ခြင်း
အကောင်းဆုံးကာကွယ်နည်းမှာ နှလုံးကိုကျန်းမာအောင် ဂရုစိုက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အောက်ဖော်ပြပါအချက်များကို လိုက်နာခြင်းဖြင့် နှလုံးကျန်းမာရေး ကောင်းမွန်အောင် ပြုလုပ်နိုင်သည်။
- သွေးတိုးရောဂါနှင့် သွေးတွင်းအဆီဓာတ်များခြင်းကို သေချာစွာ ကုသမှုခံယူခြင်း
- ဆေးလိပ်နှင့် ဆေးရွက်ကြီးပါဝင်သော အရာများကို ရှောင်ကြဥ်ခြင်း
- ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
- အာဟာရပြည့်ဝပြီး လတ်ဆတ်သော အစားအသောက်များကို စားသုံးခြင်း
- အရက်ပါဝင်သော ယမကာများနှင့် ကော်ဖီသောက်သုံးခြင်းကို လျှော့ချခြင်း သို့မဟုတ် ရှောင်ခြင်း
- ကွမ်းယာစားသုံးခြင်းကို လျှော့ချခြင်း သို့မဟုတ် ရှောင်ခြင်း
- မူးယစ်ဆေးဝါးများ သုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း
- အိပ်ချိန် အလုံအလောက်ထားခြင်း
- တစ်ရက်တွင် မိနစ် (၃၀) ခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း
- မည်သည့်ဆေးကိုမဆို မိမိသဘောဖြင့် သောက်သုံးခြင်းမပြုဘဲ ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ သောက်သုံးခြင်း
- နှလုံးခုန်မြန်ခြင်းကို ဆောလျင်စွာသိနိုင်ရန် အဝေးထိန်းစနစ်ဖြင့် စောင့်ကြည့်နိုင်သော ကျန်းမာရေးစောင့်ကြည့်ကိရိယာများကို ဝတ်ဆင်ခြင်း စသည်တို့ဖြစ်သည်။
References:
- Cleveland Clinic. (n.d.). Permanent pacemaker. Retrieved June 1, 2026, from https://my.clevelandclinic.org/health/treatments/17360-permanent-pacemaker
- Cleveland Clinic. (n.d.). Tachycardia. Retrieved June 1, 2026, from https://my.clevelandclinic.org/health/diseases/22108-tachycardia
- Mayo Clinic. (n.d.). Tachycardia: Diagnosis and treatment. Retrieved June 1, 2026, from https://www.mayoclinic.org/diseases-conditions/tachycardia/diagnosis-treatment/drc-20355133
- Mayo Clinic. (n.d.). Tachycardia: Symptoms and causes. Retrieved June 1, 2026, from https://www.mayoclinic.org/diseases-conditions/tachycardia/symptoms-causes/syc-20355127
- Silver, E. S., & Pass, R. H. (2024). Pediatric tachycardia: Recognition and management. Cleveland Clinic Journal of Medicine, 91(1), 23–31. https://www.ccjm.org/content/91/1/23
- WebMD. (n.d.). Children’s vital signs. Retrieved June 1, 2026, from https://www.webmd.com/children/children-vital-signs
Published: 21 June 2025
Last updated: 11 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.