အရေပြားရောင်ရမ်းခြင်း (Contact Dermatitis) သည် လူတိုင်းနီးပါး ကြုံတွေ့နိုင်သော အဖြစ်များသည့် အရေပြားပြဿနာတစ်ခုဖြစ်သည်။ နေ့စဉ်ဘဝတွင် အသုံးပြုနေသော ဆပ်ပြာ၊ အလှကုန်၊ အိမ်သုံးသန့်ရှင်းရေးပစ္စည်းများ၊ လက်ဝတ်ရတနာများနှင့် အချို့သောအပင်များ စသည်တို့နှင့် ထိတွေ့မိပါက အရေပြား ယားယံခြင်း၊ နီရဲရောင်ရမ်းခြင်းနှင့် အဖုအပိမ့်ထွက်ခြင်းစသည့် တုံ့ပြန်မှုများ ဖြစ်ပေါ်တတ်သည်။
အရေပြားရောင်ရမ်းခြင်းကို ဖြစ်ပွါးစေသော အကြောင်းရင်းနှင့် ခန္ဓာကိုယ်၏ တုံ့ပြန်ပုံအပေါ် မူတည်၍ အဓိကအားဖြင့် အောက်ပါအတိုင်း အမျိုးအစား (၃) မျိုး ခွဲခြားနိုင်သည်။
- ဓာတ်မတည့်မှုကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်း (Allergic Contact Dermatitis)
- ဤအမျိုးအစားသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် (Immune System) မှ အချို့သောပစ္စည်းများကို ဓာတ်မတည့်အရာအဖြစ် တုံ့ပြန်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်
- အဖြစ်များသော အရာများမှာ နီကယ်သတ္တု၊ အမွှေးနံ့သာပါဝင်သော ပစ္စည်းများနှင့် အချို့သောအပင်များ ဖြစ်ကြသည်
- ပုံမှန်အားဖြင့် အဆိုပါပစ္စည်းများနှင့် ထိတွေ့ပြီး နာရီအနည်းငယ်မှ ရက်အနည်းငယ်အတွင်းမှသာ အရေပြား ယားယံခြင်း၊ နီရဲရောင်ရမ်းခြင်းနှင့် အဖုအပိမ့်ထွက်ခြင်းစသော လက္ခဏာများ တဖြည်းဖြည်း ထွက်ပေါ်လာတတ်သည်
- အရေပြားကို ထိခိုက်စေသောပစ္စည်းများကြောင့်ဖြစ်သည့် အရေပြားရောင်ရမ်းခြင်း (Irritant Contact Dermatitis)
- ဤအမျိုးအစားသည် ပြင်းထန်သော ဓာတုပစ္စည်းများ သို့မဟုတ် မသန့်ရှင်းသောအရာများနှင့် တိုက်ရိုက်ထိတွေ့မိခြင်းကြောင့် အရေပြား၏ အပြင်ဘက်အလွှာ (ကာကွယ်ရေးလွှာ) ပျက်စီးသွားရာမှ ဖြစ်ပွါးခြင်းဖြစ်သည်
- အိမ်သုံးသန့်ရှင်းရေးဆေးရည်များ၊ အစွန်းချွတ်ဆေးများ၊ အက်စစ်များနှင့် ပြင်းထန်သော ဆပ်ပြာများကြောင့် ဖြစ်တတ်ပြီး၊ အဆိုပါပစ္စည်းများနှင့် ထိတွေ့မိပါက မိနစ်ပိုင်းအတွင်း သို့မဟုတ် ချက်ချင်း လက္ခဏာပြတတ်သည်
- အဓိကလက္ခဏာများမှာ ပူစပ်ပူလောင် ခံစားရခြင်း၊ အရေပြား ခြောက်သွေ့ကွဲအက်ခြင်းနှင့် နီရဲယားယံခြင်းတို့ဖြစ်သည်
- နေရောင်နှင့် ဓာတ်ပြုမှုကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်း (Photoallergic Contact Dermatitis)
- ဤအမျိုးအစားသည် အချို့သော အလှပြင်ပစ္စည်းများ သို့မဟုတ် နေရောင်ကာခရင်မ် (Sunscreen) ပါဝင်ပစ္စည်းများ အရေပြားပေါ်ရှိနေစဉ် နေရောင်ခြည် (ခရမ်းလွန်ရောင်ခြည်) နှင့် တိုက်ရိုက်ထိတွေ့မိမှသာ ဓာတ်ပြုမှုဖြစ်ပြီး လက္ခဏာပေါ်လာတတ်သည့် အခြေအနေမျိုးဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- ဓာတ်မတည့်မှုကြောင့်ဖြစ်သော အကြောင်းရင်းများ (Allergic Causes)
ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က အချို့သောပစ္စည်းများနှင့် ဓာတ်မတည့်ဘဲ တုံ့ပြန်ရာမှ ဖြစ်ပွါးခြင်းဖြစ်သည်။ (မှတ်ချက် – ဤအမျိုးအစားသည် ထိတွေ့ပြီး နာရီပိုင်း သို့မဟုတ် ရက်အနည်းငယ်ကြာမှသာ လက္ခဏာများ ထွက်ပေါ်တတ်သည်)- နီကယ်သတ္တု (Nickel) – လက်ဝတ်ရတနာများ၊ ခါးပတ်ချိတ်များ၊ နာရီကြိုးများနှင့် ဇစ်များ
- အမွှေးနံ့သာများ – အချို့သော ရေမွှေး၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် လိုးရှင်းများ
- အလှကုန်ပစ္စည်းများ – မိတ်ကပ်၊ မျက်နှာလိမ်းခရင်မ်နှင့် ဆံပင်ဆိုးဆေးများ
- ရာဘာနှင့် Latex – ဆေးရုံ၊ ဆေးခန်းသုံး ရာဘာလက်အိတ်များနှင့် အကာအကွယ်ပစ္စည်းများ
- လိမ်းဆေးများ – အချို့သော ပိုးသတ်ဆေးပါဝင်သည့် လိမ်းဆေးများနှင့် သက်သာစေသော ခရင်မ်အချို့
- အပင်အချို့၏ အဆိပ်စေးများ – အချို့သောအပင်များ၏ သစ်ရွက် သို့မဟုတ် သစ်စေးများနှင့် ထိတွေ့မိခြင်း
- အရေပြားကို ထိခိုက်စေသောပစ္စည်းများ (Irritant Causes)
ပြင်းထန်သောပစ္စည်းများနှင့် တိုက်ရိုက်ထိတွေ့ပြီး အရေပြားကာကွယ်ရေးလွှာ ပျက်စီးရာမှ ဖြစ်ပွါးခြင်းဖြစ်သည်။ (မှတ်ချက် – ဤအမျိုးအစားသည် ထိတွေ့မိပါက မိနစ်ပိုင်းအတွင်း သို့မဟုတ် ချက်ချင်း လက္ခဏာပြတတ်သည်)- ဆပ်ပြာများနှင့် သန့်စင်ဆေးများ – ဓာတုပစ္စည်း ပြင်းထန်စွာပါဝင်သော လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာများ
- အိမ်သုံးသန့်ရှင်းရေးဆေးရည်များ – အစွန်းချွတ်ဆေး (Bleach) နှင့် အိမ်သာဆေးရည်များ
- ဆောက်လုပ်ရေးပစ္စည်းများ – ဘိလပ်မြေ၊ အုတ်မှုန့်နှင့် ထုံးများ
- စိုက်ပျိုးရေးသုံးပစ္စည်းများ – ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ
- ပြင်းထန်ဓာတုဆေးဝါးများ – အက်စစ် (Acid) သို့မဟုတ် အယ်ကာလီ (Alkali) ပါဝင်သော အရည်များ
- လေထုညစ်ညမ်းမှု – ဖုန်မှုန့်များနှင့် ဓာတုဗေဒ အမှုန်အမွှားများ
- နေရောင်နှင့်ဓာတ်ပြုမှုကြောင့်ဖြစ်သော အကြောင်းရင်းများ (Photoallergic Causes)
အရေပြားပေါ်တွင် ပစ္စည်းအချို့ ရှိနေစဉ် နေရောင်ခြည်နှင့် ထိတွေ့မှသာ ဓာတ်ပြုမှုဖြစ်ပွားခြင်းဖြစ်သည်။ [မှတ်ချက် – နေရောင်ခြည် (UV light) နှင့် တိုက်ရိုက်ထိတွေ့မှသာ လက္ခဏာပြတတ်သည်]- အချို့သော နေရောင်ကာခရင်မ် (Sunscreen) များ
- အမွှေးနံ့သာနှင့် အလှပြင်ပစ္စည်းအချို့
ဖြစ်နိုင်ခြေများသော အခြေအနေများနှင့် လုပ်ငန်းခွင်များ (Risk Factors)
အောက်ပါလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသူများသည် တာရှည်ရေစိုခံရခြင်း၊ ဓာတုပစ္စည်းများနှင့် လက်အိတ်များကို အချိန်ကြာမြင့်စွာ ကိုင်တွယ်အသုံးပြုရခြင်းတို့ကြောင့် အရေပြားရောင်ရမ်းခြင်း ဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။
- ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ – ဆရာဝန်များ၊ သူနာပြုများနှင့် အထူးသဖြင့် သွားဘက်ဆိုင်ရာ ဆရာဝန်/ဆရာမများ
- အလှအပရေးရာ ကျွမ်းကျင်သူများ – ဆံပင်ညှပ်သမားများ၊ ဆံပင်ဆိုးဆေးနှင့် အလှကုန်ကိုင်တွယ်ရသူများ
- ဆောက်လုပ်ရေး လုပ်သားများ – ဘိလပ်မြေ၊ အိမ်သုတ်ဆေးနှင့် ဓာတုဆေးဝါးများနှင့် ထိတွေ့ရသူများ
- စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံသမားများ – ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် အပင်စေးများနှင့် ထိတွေ့ရသူများ
- အစားအသောက် ပြင်ဆင်ချက်ပြုတ်သူများ – စားဖိုမှူးများနှင့် မီးဖိုချောင်အကူများ (အစာပစ္စည်းများ၊ ရေနှင့် ခဏခဏထိတွေ့ရသူများ)
- စက်ပြင်နှင့် နည်းပညာသမားများ – စက်ဆီ၊ ချောဆီနှင့် သတ္တုပစ္စည်းများကို ကိုင်တွယ်ပြင်ဆင်ရသူများ
- သန့်ရှင်းရေး လုပ်ကိုင်သူများ – အိမ်သုံး၊ ရုံးသုံး ပြင်းထန်သော သန့်ရှင်းရေးဓာတုရည်များကို နေ့စဉ်ကိုင်တွယ်ရသူများ
ရောဂါလက္ခဏာများ
အရေပြားနှင့် ထိတွေ့မိသော အရာဝတ္ထုအမျိုးအစား၊ ထိတွေ့သည့်အချိန်နှင့် ခန္ဓာကိုယ်၏ တုံ့ပြန်ပုံပေါ် မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားနိုင်သည်။ ဤပြဿနာသည် ကလေး၊ လူကြီး အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်ပြီး သိပ်မပြင်းထန်ပါက ထိတွေ့မှုရှောင်ရှားပြီးနောက် (၂)ပတ် မှ (၃)ပတ်အတွင်း အလိုအလျောက် ပြန်လည်သက်သာသွားတတ်သည်။
- ထိတွေ့သောနေရာတွင် ဖြစ်ပေါ်လာနိုင်သည့် သာမန်လက္ခဏာများ
- နီရဲ၍ ယားယံခြင်း – အဓိက ခံစားရလေ့ရှိသော လက္ခဏာဖြစ်သည်
- အဖုအပိမ့်များနှင့် အရည်ကြည်ဖုများ ထွက်ခြင်း – အချို့မှာ အရည်ကြည်ဖုများ ပေါက်ပြီး အရည်တစိုစို ထွက်တတ်သည်
- ရောင်ရမ်းခြင်းနှင့် ပူစပ်ပူလောင်ဖြစ်ခြင်း – အရေပြား တင်းကျပ်ပူလောင်နေခြင်း
- အရေပြား ကွဲအက်ခြင်း – အသားအရေ ခြောက်သွေ့ခြင်း၊ အကြေးခွံကဲ့သို့ ကွာကျခြင်းနှင့် အသားရောင် ပြောင်းလဲခြင်း (အသားဖြူသူများတွင် နီရဲခြင်းကို ပိုမြင်သာပြီး အသားညိုသူများတွင် အညိုရောင်၊ မီးခိုးရောင် သို့မဟုတ် ခရမ်းရောင်အသွင် ပြောင်းလဲတတ်သည်)
- ချက်ချင်းကုသမှုခံယူရမည့် ပြင်းထန်သော လက္ခဏာများ
- ဖျားခြင်း – ခန္ဓာကိုယ်တွင်း သို့မဟုတ် အရေပြားတွင် ပိုးဝင်သည့်လက္ခဏာ ဖြစ်နိုင်သည်
- ပြည်တည်ခြင်း – ယားယံ၍ ကုတ်ဖဲ့ရာမှတစ်ဆင့် ဘက်တီးရီးယားပိုး ဝင်ရောက်သွားခြင်း
- ပြင်းထန်သော ဓာတ်မတည့်မှုလက္ခဏာများ – မျက်နှာ၊ နှုတ်ခမ်းနှင့် မျက်လုံးများ သိသိသာသာ ရောင်ရမ်းလာခြင်း၊ အသက်ရှူရခက်ခဲခြင်း သို့မဟုတ် အသက်ရှူကျပ်ခြင်း (အထူးသဖြင့် ဓာတ်မတည့်မှုကို လှုံ့ဆော်သော အပင်များ သို့မဟုတ် ဓာတုပစ္စည်းများ မီးလောင်ရာမှ ထွက်လာသည့် မီးခိုးငွေ့ကို ရှူမိသောအခါမျိုး သို့မဟုတ် ပြင်းထန်သော ဓာတ်မတည့်မှုအခြေအနေများတွင် တွေ့ရတတ်သည်)

နောက်ဆက်တွဲပြဿနာများ
အရေပြားရောင်ရမ်းခြင်းကို စနစ်တကျ မကုသဘဲ ထားပါက သို့မဟုတ် ထပ်ခါထပ်ခါ ပြင်းထန်စွာ ခံစားရပါက အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်သည်။
- အရေပြားပိုးဝင်ခြင်းနှင့် ပိုးဆိပ်တက်ခြင်း – ကုတ်ဖဲ့မိရာမှ ဘက်တီးရီးယားပိုးဝင်ပြီး အရေပြားရောင်ရမ်းမှု ပိုဆိုးလာခြင်း (ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းသော နာတာရှည်ရောဂါအခံရှိသူများတွင် ပိုမိုပြင်းထန်ပြီး သွေးတွင်းပိုးဆိပ်တက်သည်အထိ ဖြစ်နိုင်သည်)
- အရေပြားထူအမ်းပြီး အရောင်ပြောင်းလဲခြင်း (Neurodermatitis) – အချိန်ကြာမြင့်စွာ တောက်လျှောက် ကုတ်ဖဲ့နေရခြင်းကြောင့် အရေပြားက အကာအကွယ်အဖြစ် ထူအမ်းလာပြီး မည်းညိုရောင် သို့မဟုတ် အရောင်ပြောင်းသွားတတ်သည်
- ပြင်းထန်သော ဓာတ်မတည့်မှု (Anaphylaxis) – အလွန်ရှားပါသော်လည်း အချို့သော ပစ္စည်းများနှင့် ပြင်းထန်စွာ ဓာတ်မတည့်မှုကြောင့် သွေးပေါင်ကျခြင်း၊ သတိလစ်ခြင်းနှင့် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေအထိ ဖြစ်ပေါ်လာခြင်း
- ရှိပြီးသား အသက်ရှူလမ်းကြောင်းရောဂါများ ပိုဆိုးလာခြင်း – အချို့သော ဓာတ်မတည့်ပစ္စည်း အမှုန်အမွှားများကြောင့် ပန်းနာရင်ကျပ် (Asthma) လက္ခဏာများ ပေါ်လာခြင်း သို့မဟုတ် ပိုမိုဆိုးဝါးလာခြင်း
- နှင်းခူနာအဖြစ် ပြောင်းလဲခြင်း – ရှိပြီးသား နှင်းခူ (Eczema) လက္ခဏာများကို ပိုမိုကြွလာစေခြင်း
- လူမှုဘဝနှင့် စိတ်ကျန်းမာရေး ထိခိုက်ခြင်း – စွဲမြဲစွာ ယားယံနေခြင်းကြောင့် ညဘက် အိပ်ရေးပျက်ခြင်း၊ ထိုမှတစ်ဆင့် နေ့စဉ်ပုံမှန် လုပ်ငန်းဆောင်တာများတွင် အာရုံမစိုက်နိုင်ဘဲ အားအင်ချည့်နဲ့ခြင်း၊ ရေရှည်တွင် စိတ်ဖိစီးခြင်းနှင့် စိတ်ကျရောဂါ (Depression) အထိ ခံစားရနိုင်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အဖုအပိန့်များ (၃) ပတ်ကျော်သည့်တိုင်အောင် မပျောက်ကင်းလျှင်၊ မျက်နှာ၊ ပါးစပ်နှင့် လိင်အင်္ဂါအနားတစ်ဝိုက်တွင် ယားယံခြင်းများဖြစ်ပေါ်ခဲ့လျှင်၊ ပြင်းထန်သော ရောဂါလက္ခဏာများ ပေါ်ပေါက်လာလျှင်နှင့် အထက်ပါနောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာသည်ဟု သံသယရှိလာပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သော စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းနှင့် ဓာတ်ခွဲစမ်းသပ်မှုစစ်ဆေးခြင်းများ ပြုလုပ်၍ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
မိသားစုဆရာဝန်မှ လူနာ၏ ရောဂါရာဇဝင်၊ ခံစားရသော လက္ခဏာများနှင့် မကြာသေးမီက ထိတွေ့ခဲ့သည့် အရာဝတ္ထုရာဇဝင်များကို အခြေခံ၍ ရောဂါအမျိုးအစားကို သတ်မှတ်နိုင်သည်။ ဓာတ်မတည့်မှုကြောင့်ဖြစ်သော အခြေအနေဟု သံသယရှိပါက အရေပြားပေါ်တွင် မည်သည့်ပစ္စည်းက တုံ့ပြန်မှုဖြစ်စေသည်ကို သိရှိနိုင်ရန် ဓာတ်မတည့်မှုစစ်ဆေးခြင်း (Allergen Patch Test) ကို လိုအပ်သလို ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
အရေပြားရောင်ရမ်းခြင်း၏ အဓိကအကျဆုံးသော ကုသမှုမှာ မိမိနှင့် ဓာတ်မတည့်သောပစ္စည်းများ သို့မဟုတ် အရေပြားကို ထိခိုက်စေသော အရာများကို တတ်နိုင်သမျှ ရှောင်ရှားခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ လှုံ့ဆော်ပစ္စည်းများကို တိတိကျကျ ရှောင်ရှားနိုင်ပါက သာမန်အရေပြားရောင်ရမ်းခြင်းသည် အခြားကုသမှုကြီးကြီးမားမား မလိုအပ်ဘဲ (၂) ပတ် မှ (၃) ပတ်အတွင်း အလိုအလျောက် ပြန်လည်ပျောက်ကင်းသွားတတ်သည်။
ပြန်လည်သက်သာလာစေရန် စောင့်ဆိုင်းနေစဉ်အတွင်း ခံစားရသော လက္ခဏာများ လျော့ပါးစေရန် ဆရာဝန်ညွှန်ကြားချက်ဖြင့် အောက်ပါဆေးဝါးများကို အသုံးပြုနိုင်သည်။
- ယားယံခြင်းနှင့် ရောင်ရမ်းခြင်း သက်သာစေရန် – စတီးရွိုက် လိမ်းဆေးများ (Topical Corticosteroids) နှင့် ဟစ်စ်တမင်းဆန့်ကျင်ဆေး (Antihistamines) သောက်ဆေးများ
- ပြင်းထန်သော ရောဂါလက္ခဏာများအတွက် – အရေပြားရောင်ရမ်းမှု အလွန်ဆိုးဝါးပါက ဆရာဝန်မှ စတီးရွိုက် သောက်ဆေးများကို ကာလတို ညွှန်ကြားနိုင်သည်
- ပိုးဝင်သည့် လက္ခဏာများအတွက် – ကုတ်ဖဲ့ရာများမှတစ်ဆင့် ဘက်တီးရီးယားပိုး ဝင်ရောက်ပါက ပိုးသတ်ဆေး (Antibiotics) လိမ်းဆေး သို့မဟုတ် သောက်ဆေးများ
- အရေးပေါ် အသက်ကယ်ကုသမှု – အသက်ရှူကျပ်ခြင်း၊ မျက်နှာနှင့် လည်ချောင်းများ ရောင်ရမ်းခြင်းစသည့် ပြင်းထန်သော ဓာတ်မတည့်မှု (Anaphylaxis) လက္ခဏာများ ပေါ်ပေါက်လာပါက အရေးပေါ် အသက်ကယ်ဆေး (Adrenaline/Epinephrine) ထိုးနှံခြင်းနှင့် ဆေးရုံသို့ ချက်ချင်းပို့ဆောင်၍ အရေးပေါ်ကုသမှု ခံယူခြင်းတို့ လိုအပ်သည်။
အိမ်တွင်းကုထုံးများနှင့် သတိပြုရန်အချက်များ
- အအေးဝတ်ကပ်ခြင်း – သန့်ရှင်းသော ပိတ်စအေးအေး သို့မဟုတ် ရေခဲဝတ်ကို ကပ်ပေးခြင်းဖြင့် ယားယံခြင်းနှင့် ပူစပ်ပူလောင်ဖြစ်ခြင်းကို ဘေးကင်းစွာ လျှော့ချနိုင်သည်
- အရေပြားအစိုဓာတ်ထိန်းခြင်း – သန့်ရှင်းသော အုန်းဆီစစ်စစ် သို့မဟုတ် အမွှေးနံ့သာမပါသော အစိုဓာတ်ထိန်းခရင်မ် (Moisturizer) များကို လိမ်းပေးခြင်းဖြင့် အရေပြားခြောက်သွေ့ခြင်းကို သက်သာစေနိုင်သည်
- သဘာဝပစ္စည်းများ ကပ်ခြင်းကို သတိပြုရန် – မပြင်းထန်သော လက္ခဏာများအတွက် သခွားသီး သို့မဟုတ် အာလူးကဲ့သို့ သဘာဝပစ္စည်းများ ကပ်ပေးလေ့ရှိကြသော်လည်း အရေပြား ပေါက်ပြဲနေခြင်း၊ အရည်တစိုစိုထွက်ခြင်း သို့မဟုတ် ပြည်တည်နေခြင်းများရှိပါက Secondary Infection (နောက်ထပ် ဘက်တီးရီးယားပိုး ထပ်မံဝင်ရောက်ခြင်း) မဖြစ်စေရန်အတွက် အဆိုပါ အစားအစာများကို အရေပြားပေါ် တိုက်ရိုက်ကပ်ခြင်းမှ လုံးဝရှောင်ကြဉ်ရမည်
ကာကွယ်ခြင်း
အရေပြားရောင်ရမ်းခြင်းသည် ဓာတ်မတည့်သောအရာကို သတိထားရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်သည်။ အခြားထိရောက်သောကာကွယ်နည်းများမှာ_
- လိုအပ်ပါက ဓာတ်မတည့်သောအရာကို သိရှိရန် စစ်ဆေးပါ
- ဓာတ်မတည့်မှုများစစ်ဆေးခြင်း (ဥပမာ – Allergen Patch Test) ပြုလုပ်ပါ
- ကာကွယ်ရေးဆိုင်ရာပစ္စည်းများကို သုံးပါ
- လက်အိတ် (Latex-free လက်အိတ်များ)၊ အကာအကွယ်လက်အိတ်သုံးပါ
- နေရောင်ကာခရင်မ်လိမ်းပါ (Photoallergic Dermatitis ကာကွယ်ရန်)
- အရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ရန် အစိုဓာတ်ထိန်းခရင်မ် (Moisturizer) လိမ်းပါ
- ကလေးငယ်များအတွက် အသုံးအဆောင်ပစ္စည်းများကို အထူးဂရုစိုက်ပါ
- ဆပ်ပြာ၊ သန့်စင်ဆေးရည်၊ လက်ဝတ်ရတနာ၊ အင်္ကျီချိတ်များနှင့် ဓာတ်မတည့်မှုကို သတိထားပါ
- အလုပ်သမားများအတွက် အရေးကြီးသောအချက်များကို လိုက်နာပါ
- ဓာတုပစ္စည်းများ၊ ဆပ်ပြာ၊ ဆိုးဆေးများ ကိုင်တွယ်ရာတွင် လက်အိတ်စွပ်ပါ
- အလှကုန်နှင့် သန့်ရှင်းရေးပစ္စည်းများကို ဂရုတစိုက်သုံးပါ
- ယားယံပါက ကုတ်ဖဲ့ခြင်းကို ရှောင်ပါ (ပိုးဝင်နိုင်သည်)
References:
- Mayo Clinic. (n.d.). Contact dermatitis: Symptoms and causes. Retrieved May 20, 2026, from https://www.mayoclinic.org/diseases-conditions/contact-dermatitis/symptoms-causes/syc-20352742
- NHS. (n.d.). Contact dermatitis. Retrieved May 20, 2026, from https://www.nhs.uk/conditions/contact-dermatitis/
- Cleveland Clinic. (n.d.). Contact dermatitis. Retrieved May 20, 2026, from https://my.clevelandclinic.org/health/diseases/6173-contact-dermatitis
- Usatine, R. P., & Riojas, M. (2010). Diagnosis and management of contact dermatitis. American Family Physician, 82(3), 249–255. Retrieved May 20, 2026, from https://www.aafp.org/afp/2010/0801/p249
Published: 15 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.