Headache in children (ကလေးများ ခေါင်းကိုက်ခြင်း)

Headache in children (ကလေးများ ခေါင်းကိုက်ခြင်း)

ခေါင်းကိုက်ခြင်း (Headache in children) သည် ကလေးများနှင့် ဆယ်ကျော်သက်များတွင် ထင်မှတ်ထားသည်ထက် ပို၍အဖြစ်များသော လက္ခဏာတစ်ခုဖြစ်သည်။ ကိုယ်ပူခြင်း၊ အအေးမိခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အိပ်ရေးပျက်ခြင်းနှင့် မျက်လုံးပြဿနာများ စသည်ဖြင့် ခေါင်းကိုက်စေနိုင်သည့် အကြောင်းရင်းများစွာရှိသည်။ ကလေးများတွင် ခေါင်းကိုက်ရသော အကြောင်းရင်းများသည် အများအားဖြင့် ပြင်းထန်သော‌အခြေအနေများ မဟုတ်သော်လည်း တစ်ခါတစ်ရံ ပြင်းထန်သည့် အသက်အန္တရာယ်ရှိသော ခေါင်းကိုက်ခြင်းမျိုးလည်းရှိနိုင်သည်။ မကြာခဏခေါင်းကိုက်ခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ကလေးများ၏ နေ့စဥ်လုပ်ငန်းဆောင်တာများနှင့် ကျောင်းသင်ခန်းစာများ သင်ယူလေ့လာရာတွင် ဆိုးကျိုးသက်ရောက်မှုများ ရှိနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခေါင်းကိုက်ခြင်းကို အဓိကအုပ်စုနှစ်ခု ခွဲခြားနိုင်သည်။

  1. အကြောင်းရင်းခံ​ ရောဂါမရှိသော ခေါင်းကိုက်ခြင်း (Primary Headache)
    • အကြောင်းရင်းခံရောဂါတစ်ခုခု (ဥပမာ _ ဦးနှောက်အမြှေးရောင်၊ ဦးနှောက်အကျိတ်၊ မျက်စိရောဂါ စသည်) မရှိသော ခေါင်းကိုက်ခြင်းအမျိုးအစားဖြစ်သည်
    • ဦးခေါင်းတွင်းရှိ နာကျင်မှုကို အာရုံခံနိုင်သော အစိတ်အပိုင်းများ အထူးသဖြင့် ဦးနှောက်သွေးကြောများ၏ အာရုံခံစားမှုပုံမမှန်ခြင်း သို့မဟုတ် လွန်ကဲခြင်း၊ ဓာတ်ပစ္စည်းများပြောင်းလဲခြင်း စသည်တို့ကြောင့် ဖြစ်ပွါးသည်
    • အချို့တွင် ခေါင်းကိုက်ခြင်း ပိုမိုဖြစ်ပွါးနိုင်ခြေရှိသော မျိုးဗီဇများ ပါရှိတတ်သည်
    • ကလေးများတွင်_
      • ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) နှင့်
      • စိတ်ဖိစီးမှုကြောင့်ဖြစ်သော ခေါင်းကိုက်ရောဂါ (Tension Headache or Chronic non progressive headaches) တို့သည် အဖြစ်များသော ခေါင်းကိုက်ရောဂါများဖြစ်သည်
    • ထိုခေါင်းကိုက်ရောဂါများသည် နေ့စဉ် ပြုမူနေထိုင်မှုပုံစံပေါ် မူတည်၍လည်း ဖြစ်တတ်သည်
    • သို့သော် အသက် (၁၀) နှစ်အထက် ကလေးများတွင်‌ အလွန်ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်‌ရောဂါ (Cluster Headache) ကိုလည်း တွေ့ရတတ်ပြီး ကလေးငယ်များတွင် အတွေ့ရအလွန်နည်းသော အမျိုးအစားဖြစ်သည်၊ အထူးသဖြင့် ဆယ်ကျော်သက်ယောက်ျားလေးများတွင် ပိုအဖြစ်များသည်
    • ခေါင်းကိုက်ခြင်းသည် ရက်သတ္တပတ်အနည်းငယ်မှ လပိုင်းအထိကြာတတ်ပြီး (၂) နှစ်လျှင် တစ်ကြိမ် လက္ခဏာများ ပြန်ပေါ်လာတတ်သည်
  2. ရောဂါအကြောင်းရင်းခံများကြောင့် ခေါင်းကိုက်ခြင်း (Secondary Headache)
    • ရောဂါအကြောင်းရင်းခံ တစ်မျိုးမျိုးရှိသောကြောင့် ခေါင်းကိုက်ခြင်းအမျိုးအစားဖြစ်သည်၊ နောက်ခံရောဂါကို ကုသလိုက်လျှင် သက်သာပျောက်ကင်းနိုင်သည်
    • ဖြစ်စေသောအကြောင်းရင်းများတွင် မစိုးရိမ်ရသော အသေးစားရောဂါများအပြင် ဦးနှောက်အတွင်း ဖြစ်ပေါ်နေသော ပြင်းထန်ဆိုးဝါးသည့် အခြေအနေတစ်ခုခုကြောင့်လည်း ဖြစ်နိုင်သည်
    • ထိုအခါမျိုးတွင် ခေါင်းကိုက်သည့် အကြိမ်အရေအတွက်၊ ကြာမြင့်ချိန်နှင့် ပြင်းထန်မှုများ ပိုမိုများပြားလာနိုင်သည်
    • ထိုသို့ခေါင်းကိုက်ခြင်း အမျိုးအစားကို Chronic progressive headaches ဟုခေါ်ပြီး ဦးနှောက်အတွင်းမှ ဖြစ်နေသောရောဂါအကြောင်းရင်းခံကို ဆောလျင်စွာ ရှာဖွေစစ်ဆေးကုသမှု ခံယူသင့်သည်
    • ဤခေါင်းကိုက်ခြင်းအမျိုးအစားကို ဖြစ်စေနိုင်သော ရောဂါအခြေအနေများမှာ_
      • ဖျားနာခြင်းနှင့် ရောဂါပိုးဝင်ခြင်း _ အတွေ့များသောရောဂါများဖြစ်သည့် ရာသီတုပ်ကွေး၊ သာမန်အအေးမိခြင်း၊ နားပိုးဝင်ခြင်းတို့သည် ကလေးများတွင် ခေါင်းကိုက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများဖြစ်သည်
      • ဦးခေါင်းတွင်းပြဿနာများ _ တွေ့ရနည်းသော်လည်း
        • ဦးနှောက်အကျိတ် (Brain tumour)
        • ဦးနှောက်အမြှေးရောင်ခြင်း (Meningitis)
        • ဦးနှောက်ပြည်တည်နာ (Brain abscess)
        • ဦးခေါင်းဒဏ်ရာရခြင်း (Head injury)
        • ဦးခေါင်းတွင်းသွေးယိုခြင်း (Intracranial haemorrhage) စသည့်အခြေအနေများတွင် ခေါင်းကိုက်ခြင်းမျိုးဖြစ်တတ်သည်၊ ထိုအခြေအနေများတွင် အမြင်အာရုံပြဿနာရှိခြင်း၊ ထိုးအန်ခြင်း၊ မူးခြင်း၊ ဟန်ချက်မညီခြင်း၊ တက်ခြင်းစသည့် အခြားဦးနှောက်အာရုံကြောလက္ခဏာများ တွဲ၍ တွေ့ရနိုင်သည်
    • ဦးခွံရိုးပြင်ပရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း စသည့်နေရာများတွင် ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း
    • စိတ်ပိုင်းဆိုင်ရာအခြေအနေများ _ စိတ်ပူပန်မှုများ၊ စိတ်ဖိစီးမှုများ
    • အချို့သောအစားအသောက်များ _ နိုက်ထရိတ်ပါသော ကြာရှည်ခံအောင်ပြုလုပ်ထားသော အစားအစာများ (ဥပမာ_ဝက်ပေါင်ခြောက်)၊ ကဖိန်းဓာတ်များသော အစားအသောက်များ စသည်တို့ဖြစ်သည်။
ခေါင်းကိုက်နိုင်ခြေ မြင့်မားသူများ
  • မိသားစုမျိုးရိုးတွင် ခေါင်းကိုက်ရောဂါ (အထူးသဖြင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ) ရှိသူများ
  • အပျိုဖော်ဝင်စ မိန်းကလေးများနှင့်
  • ဆယ်ကျော်သက် မှ အသက် (၂၀) ဝန်းကျင် လူငယ်များတွင် ပိုမိုဖြစ်နိုင်ခြေများသည်ကို တွေ့ရသည်။
ရောဂါလက္ခဏာများ

ခေါင်းကိုက်စေသည့် ရောဂါအခြေအနေပေါ်တွင် မူတည်၍ ခံစားရသော လက္ခဏာများ ကွဲပြားသည်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine)
ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် ကလေးများ အသက်ငယ်စဥ်ကပင် စတင်ဖြစ်ပေါ် နိုင်ပြီး တူညီသော ခေါင်းကိုက်လက္ခဏာများရှိသည့် မိသားစုရာဇဝင်လည်း ရှိတတ်သည်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါဟု ဆိုသော်လည်း ကလေးများတွင် ခေါင်းတစ်ခြမ်းသာမက နှစ်ဖက်လုံး သို့မဟုတ် တစ်ခေါင်းလုံးကိုက်နိုင်သည်။ ခေါင်းတစ်ခါကိုက်လျှင် မိနစ်အနည်းငယ် မှ နာရီများစွာအထိ (အများအားဖြင့် ၂နာရီ မှ ၇၂နာရီအထိ) ကြာနိုင်ပြီး အနည်းဆုံး ငါးကြိမ်နှင့်အထက် လက္ခဏာများ ခံစားရသည်။ ခေါင်းမကိုက်သည့်အချိန်များတွင်မူ ကလေးသည် ပုံမှန်အတိုင်းရှိနေသည်။ ကလေးတွင် အတွေ့ရများသော လက္ခဏာများမှာ_

  • ခေါင်းတစ်ခြမ်း သို့မဟုတ် နှစ်ဖက်လုံး ကိုက်ခြင်း
  • ခေါင်းအတွင်း၌ တဒိန်းဒိန်းခံစားရခြင်း သို့မဟုတ် ထိုး၍ကိုက်ခြင်း
  • ခေါင်းကိုက်နေချိန်တွင် ပျို့ခြင်း၊ အန်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ ချွေးစေးပြန်၍ ဖြူဖျော့လာနိုင်ခြင်း
  • အလင်းရောင်နှင့် ဆူညံသံများကြောင့် ပို၍ကိုက်တတ်ခြင်း
  • လှုပ်ရှားမှုပြုလုပ်လျှင် ပိုဆိုးခြင်း
  • အိပ်ပျော်သွားလျှင် သက်သာခြင်း စသည်တို့ဖြစ်သည်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသော ကလေးများတွင် အမျိုးအစား (၂) မျိုး ထပ်မံခွဲခြားနိုင်သည်။

  • အကြိုလက္ခဏာများမရှိသော အမျိုးအစား (Migraine without aura) – အဖြစ်များပြီး ခေါင်းတစ်ခြမ်းကိုက်သော ကလေးများ၏ (၆၀ – ၈၅) ရာခိုင်နှုန်းခန့်တွင် တွေ့ရသည်
  • အကြိုလက္ခဏာများရှိသော အမျိုးအစား (Migraine with aura) – ခေါင်းတစ်ခြမ်းကိုက်သော ကလေးများ၏ (၁၅ – ၃၀) ရာခိုင်နှုန်းခန့်တွင် တွေ့ရတတ်သည်၊ ခေါင်းကိုက်ခြင်းမစမီ မိနစ် (၃၀) ခန့်အလိုတွင် အကြိုအာရုံလက္ခဏာများ (Aura) များ ကြိုတင်ခံစားရသော အမျိုးအစားဖြစ်သည် အကြိုလက္ခဏာများအနေဖြင့်
    • တောက်ပသော အလင်းအစက်အပြောက်များ၊ အလင်းလှိုင်းတွန့်များမြင်ခြင်း
    • အမြင်အာရုံလုံးဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်းပျောက်ကွယ်သွားခြင်း
    • နားအူခြင်း
    • ခြေထောက်၊ လက် တို့တွင် အပ်စူးသကဲ့သို့ ခံစားရခြင်း
    • မျက်နှာ သို့မဟုတ် ကိုယ်ခန္ဓာတစ်ခြမ်း ထုံခြင်း၊ အားနည်းခြင်း
    • စကားပြောခက်ခဲခြင်း
    • အနံ့များရခြင်း စသည်တို့ကို ကြိုတင်ခံစားရနိုင်သည်။ သို့သော် လူကြီးများတွင် ဖြစ်သော ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့်ယှဉ်လျှင် အထက်ပါလက္ခဏာများ ခံစားရခြင်းနည်းပါးသည်။

စိတ်ဖိစီးမှုကြောင့်ဖြစ်သောခေါင်းကိုက်ခြင်း (Tension Headache)
ကလေးဘဝတစ်လျှောက် ကျောင်းစာများ၊ အိမ်တွင်းရေးအခြေအနေများ စသည်တို့ကြောင့် စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုများရှိနိုင်ပြီး ထိုခေါင်းကိုက်ခြင်းမျိုးသည် မိနစ်ပိုင်း မှ ရက်အနည်းငယ်အထိ (မိနစ် ၃၀ မှ ၇ရက်အထိ) ကြာနိုင်သည်။ အတွေ့ရများသောလက္ခဏာများမှာ_

  • ဖြည်းဖြည်းချင်းစ၍ ခေါင်းကိုက်ခြင်း
  • ဦးခေါင်း၏နှစ်ဖက်စလုံးတွင် ကိုက်ခြင်း
  • ဦးခေါင်းပတ်လည် တင်းကြပ်စွာ စည်းနှောင်ခံထားရခြင်း သို့မဟုတ် ဖိထားသကဲ့သို့ ခံစားရခြင်း
  • ကလေး၏အိပ်စက်ခြင်း အလေ့အကျင့် ပြောင်းလဲမှုရှိခြင်း
  • ပြေးလွှားလှုပ်ရှားမှုပြုလုပ်လျှင် သိသာစွာဆိုးဝါးလာခြင်း မရှိခြင်း
  • ခေါင်းတစ်ခြမ်းကိုက်ရောဂါနှင့်ယှဉ်လျှင် အလွန်ပြင်းထန်စွာနာကျင်မှုမရှိခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတို့ အတွေ့ရနည်းခြင်းတို့အပြင်
  • အသက်အရွယ်အလွန်ငယ်သော ကလေးများတွင် ပြေးလွှားလှုပ်ရှားကစားခြင်းများ လျော့နည်းသွားပြီး ဆက်တိုက် ငြိမ်၍ အိပ်နေခြင်းများ တွေ့ရသည်။

ရောဂါအကြောင်းရင်းခံများကြောင့် ခေါင်းကိုက်ခြင်း (Secondary Headache)
ဖြစ်စေသည့်ရောဂါပေါ်မူတည်၍ တွဲ၍တွေ့ရသည့် လက္ခဏာများ ကွာခြားနိုင်သည်။ ဥပမာအားဖြင့် ဦးနှောက်ရောဂါများကြောင့် ခေါင်းကိုက်လျှင် ဦးနှောက်အာရုံကြောလက္ခဏာများဖြစ်သော တအားထိုးအန်ခြင်း၊ တက်ခြင်းစသည်တို့ တွဲ၍တွေ့နိုင်သည်။ ဦးခွံရိုးပြင်ပရှိ ခန္ဓာကိုယ်အစိတ်အပိုင်းများကြောင့် ခေါင်းကိုက်လျှင် မျက်စိ၊ နား၊ နှာခေါင်းစသည်တို့၏ လက္ခဏာများ တွဲ၍တွေ့ရသည်။

ကလေးများခေါင်းကိုက်ခြင်းတွင် အောက်ပါလက္ခဏာများနှင့်တွဲ၍တွေ့ရပါက အရေးကြီးသော၊ အန္တရာယ်ရှိသော ရောဂါအခြေအနေများကြောင့် ဖြစ်နိုင်သဖြင့် ထိုလက္ခဏာများကို သတိပေးလက္ခဏာများ (red flags) ဟုခေါ်သည်။

  • အသက် (၄) နှစ်အောက် ကလေးငယ်များတွင် သိသိသာသာခေါင်းကိုက်ခြင်း
  • ခေါင်းကိုက်ခြင်းကြောင့် အိပ်နေရာမှ လန့်နိုးခြင်း၊ အိပ်ရာထစ မနက်စောစောအချိန်များတွင် ပိုဆိုးခြင်း
  • ချောင်းဆိုး၊ နှာချေသည့်အချိန်တွင် ခေါင်းပိုကိုက်ခြင်း
  • ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းမရှိဘဲ မကြာခဏထိုးအန်ခြင်း
  • ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
  • ခေါင်းကိုက်ခြင်းသည် တစ်ရက်ထက်တစ်ရက် ပိုဆိုးလာခြင်း၊ ဆက်တိုက်ဖြစ်လာခြင်း
  • အမြင်အာရုံပြောင်းလဲခြင်း
  • အမူအကျင့်များပြောင်းလဲခြင်း
  • ကျောင်းစာသင်ယူနိုင်မှု၊ မှတ်ဉာဏ်စသည်တို့ သိသိသာသာကျဆင်းလာခြင်း
  • ခြေထောက် သို့မဟုတ် လက်များ အားနည်းခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း
  • လည်ပင်းတောင့်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း စသည့် အခြေအနေများနှင့် တွဲဖြစ်ခြင်း
  • ထိခိုက်ဒဏ်ရာရပြီးနောက်ပိုင်း ခေါင်းကိုက်ခြင်း
  • ခေါင်းကိုက်ခြင်းကြောင့် ကလေး၏ နေ့စဉ်သွားလာလှုပ်ရှားမှု၊ ကျောင်းတက်ခြင်း စသည်တို့ကို သိသိသာသာ ထိခိုက်လာခြင်းတို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

က‌လေးများတွင် ခေါင်းကိုက်ခြင်းဝေဒနာကို မကြာခဏခံစားရပါက ကျောင်းပျက်ခြင်း၊ နေ့စဉ် သွားလာလှုပ်ရှားမှုများ ထိခိုက်လာခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း စသည်တို့ဖြစ်လာနိုင်ပြီး ကလေးတွင်သာမက မိသားစု၏ ဘဝအရည်အသွေးကို များစွာထိခိုက်စေသည်။ ထို့ပြင်ခေါင်းကိုက်စေသော အရေးကြီး၊ အန္တရာယ်ရှိသည့် ရောဂါများ၏ နောက်ဆက်တွဲပြဿနာများကိုလည်း ခံစားရနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

ခေါင်းကိုက်သောကလေးများတွင် အထူးသဖြင့် အထက်ပါသတိပေးလက္ခဏာများ (red flags) ရှိပါက အရေးပေါ်အခြေအနေဖြစ်နိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

အထက်ပါရောဂါလက္ခဏာများအပြင် ခေါင်းကိုက်ခြင်းသည် ပိုဆိုးလာခြင်း၊ မကြာခဏဖြစ်ခြင်း၊ မိဘမှ မိမိကလေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်း စသည်တို့ဖြစ်လာပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်း ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ကလေး၏ ခေါင်းကိုက်ရခြင်းအကြောင်းရင်းကို မှန်ကန်စွာ သိရှိနိုင်ရန်နှင့် သင့်လျော်သော ကုသမှုကို ရွေးချယ်နိုင်ရန်အတွက် မိသားစုဆရာဝန်မှ လိုအပ်သော အချက်အလက်များကို စုဆောင်းမေးမြန်းမည်ဖြစ်သည်။ စစ်ဆေးချိန်တွင် အောက်ပါအချက်များ ပါဝင်သည်။

  1. ခေါင်းကိုက်ခြင်း၏ ရောဂါရာဇဝင် (Headache History)
    • ခေါင်းကိုက်ပုံနှင့် ပြင်းထန်မှု
    • ခေါင်းကိုက်သော ဦးခေါင်းနေရာ
    • ခေါင်းတစ်ကြိမ်ကိုက်လျှင်ကြာချိန်
    • တစ်နေ့လျှင်ဖြစ်သော အကြိမ်အရေအတွက်နှင့်
    • ပိုမိုဖြစ်လေ့ရှိသော အချိန်နှင့်အခြေအနေများ
    • သက်သာစေသော သို့မဟုတ် ပိုဆိုးစေသော အပြုအမူများနှင့် ဆေးဝါးများ စသည်တို့ကို အသေးစိတ် မေးမြန်းလိမ့်မည်
      • ခေါင်းကိုက်စေသော အကြောင်းရင်းများ (ဥပမာ _ အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အစာမစားဘဲနေခြင်း၊ ဖုန်း သို့မဟုတ် ကွန်ပျုတာ မျက်နှာပြင်ကို ကြာကြာကြည့်ခြင်း စသည်) ကိုပါ တစ်ပါတည်း သိရှိနိုင်ရန် Headache Diary (ခေါင်းကိုက်မှတ်တမ်းစာအုပ်) ကို ရေးမှတ်ထားရန် အကြံပြုနိုင်သည်
      • ထိုမှတ်တမ်းမှတစ်ဆင့် ခေါင်းကိုက်ခြင်း ရာဇဝင်အသေးစိတ်အပြင် အိပ်ရေးပျက်ချိန်၊ ပင်ပန်းလွန်းသောအချိန်များ၌ ပိုမိုအဖြစ်များခြင်း စသည့်ပုံစံများကိုပါ သိရှိနိုင်ရန် အထောက်အကူပြုသည်
  2. ကိုယ်ခန္ဓာစစ်ဆေးခြင်း (Physical Examination)
    ထို့နောက် ကလေး၏ ကိုယ်ခန္ဓာကို အောက်ပါအတိုင်း စစ်ဆေးလိမ့်မည်။
    • အရပ်အမြင့်
    • ကိုယ်အလေးချိန်
    • ခေါင်းပတ်လည်အရွယ်အစား – Head circumference (အထူးသဖြင့် ကလေးငယ်များတွင်တိုင်းသည်)
    • သွေးပေါင်ချိန်
    • ကိုယ်အပူချိန်
    • နှလုံးခုန်နှုန်းတို့အပြင်
      • မျက်လုံး
      • လည်ပင်း
      • ခေါင်း
      • ကျောရိုး (Spine) တို့ကိုလည်း စစ်ဆေးမည်။
  3. ဦးနှောက်အာရုံကြောစနစ်ကို အသေးစိတ်စစ်ဆေးခြင်း (Neurological Examination)
    ဦးနှောက်အာရုံကြောစနစ်နှင့် ဆက်စပ်သော ပြဿနာများ ရှိမရှိ သိရှိရန် ဆရာဝန်မှ အောက်ပါအချက်များကို စစ်ဆေးလိမ့်မည်။
    • အသိရှိမှု ပုံမှန်ဟုတ်မဟုတ် စစ်ဆေးခြင်း (GCS)
    • ဦးနှောက်မှထွက်သော အာရုံကြောများ၏ လုပ်ဆောင်ချက်များကို ခန္ဓာကိုယ်တွင် စစ်ဆေးခြင်း (Cranial nerve examination)
    • လှုပ်ရှားနိုင်စွမ်း စစ်ဆေးခြင်း (Motor examination)
    • အထိအတွေ့ခံစားနိုင်စွမ်း စစ်ဆေးခြင်း (Sensory examination) နှင့်
    • ခြေလက်များနှင့် ခန္ဓာကိုယ်၏ ပူးပေါင်းညှိနှိုင်းနိုင်စွမ်းနှင့် ဟန်ချက်ညီမှု စစ်ဆေးခြင်း (Coordination) တို့ကို ပြုလုပ်ခြင်းဖြင့် ဦးနှောက်နှင့် အာရုံကြောစနစ်တွင် မူမမှန်သော ပြောင်းလဲမှုများ ရှိနေခြင်းကို သိရှိနိုင်သည်။
  4. ဦးနှောက် ပုံရိပ်စမ်းသပ်မှုများ (Imaging Tests)
    • အထက်ပါစစ်‌ဆေးမှုများတွင်
      • ကလေးသည် ပုံမမှန်သော ကျန်းမာရေးပြဿနာများ မရှိဘဲ
      • ခေါင်းကိုက်ခြင်းသာ အဓိကလက္ခဏာဖြစ်ပါက အများအားဖြင့် ထပ်မံစမ်းသပ်မှုများ မလိုအပ်ပါ။
        သို့သော် တချို့အခြေအနေများတွင် ခေါင်းကိုက်ရခြင်း၏ အကြောင်းရင်းကို တိတိကျကျ သိရှိရန် သို့မဟုတ် အခြားပြင်းထန်သော ရောဂါများကို စောစီးစွာ သိရှိကုသရန် အောက်ပါစမ်းသပ်မှုများကို ပြုလုပ်နိုင်သည်။
      • သံလိုက်ဓာတ်မှန် (MRI/ Magnetic Resonance Imaging)
        သံလိုက်ဓာတ်မှန် (MRI) ရိုက်ကူးခြင်းဖြင့်
        • ဦးနှောက်အကျိတ် (Tumor)
        • ဦးနှောက်သွေးကြောပိတ်ခြင်း (Stroke)
        • သွေးကြောဖောင်းခြင်း (Aneurysm)
        • အာရုံကြောဆိုင်ရာရောဂါများ
        • ဦးနှောက်အတွင်းပိုင်းနှင့် သက်ဆိုင်သော အခြားရောဂါများကို ရှာဖွေဖော်ထုတ်နိုင်သည့်အပြင် ဦးနှောက်သို့ သွေးပို့နေသော သွေးကြောများကိုပါ ကြည့်ရှုနိုင်သည်။
      • ကွန်ပျူတာဓာတ်မှန် (CT Scan)
        CT Scan စမ်းသပ်မှုဖြင့်
        • ဦးနှောက်အကျိတ်
        • ကူးစက်ရောဂါများနှင့်
        • ခေါင်းကိုက်စေသော အခြားအရေးကြီးသော အခြေအနေများကို ရှာဖွေဖော်ထုတ်နိုင်သည်။
  5. ခါးဆစ်ကြားမှအရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar Puncture)
    ခေါင်းကိုက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများသည် ဘက်တီးရီးယားပိုးများကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း (Bacterial meningitis) နှင့် ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်သော ဦးနှောက်ရောင်ခြင်း (Viral encephalitis) တို့ကြောင့်ဖြစ်သည်ဟု သံသယရှိပါက ခါးဆစ်ကြားမှ CSF အရည်ထုတ်ယူစစ်ဆေးခြင်းကို ပြုလုပ်နိုင်သည်။ ထို CSF အရည်ကို ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် မည်သည့်ရောဂါပိုးကြောင့် ဖြစ်သည်ကိုပါ တိကျစွာ သိရှိနိုင်သည်။
ကုသခြင်း

ကလေးများ၏ ခေါင်းကိုက်ဝေဒနာကို ကုသရာတွင် အောက်ပါအချက်များကို ဆရာဝန်မှ ထည့်သွင်းစဉ်းစားလေ့ရှိသည်။

  • ကလေး၏ အသက်အရွယ်
  • ခေါင်းကိုက်သည့် အမျိုးအစား
  • ဖြစ်ပွါးသည့် အကြိမ်အရေအတွက်နှင့် ပြင်းထန်မှု
  • ခေါင်းကိုက်ရခြင်း၏ အကြောင်းရင်း

အကြောင်းရင်းခံမရှိသော ခေါင်းကိုက်ရောဂါများ (ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ စိတ်ဖိစီးမှုကြောင့် ဖြစ်သောခေါင်းကိုက်ရောဂါများ) အတွက် ဆေးဝါးများလိုအပ်နိုင်သည်။ မပြင်းထန်သော ခေါင်းကိုက်ခြင်းနှင့် တစ်ခါတစ်ရံ ခေါင်းကိုက်ခြင်းများအတွက် ကုသရန်နည်းလမ်းမှာ လုံလောက်စွာ အနားယူခြင်းပင်ဖြစ်သည်။ သာမန်အကိုက်အခဲပျောက်ဆေးများ (ဥပမာ_ပါရာစီတမော) သောက်သုံးနိုင်သည်။

အကယ်၍ ခေါင်းကိုက်ခြင်းသည် အခြားသောရောဂါအခြေအနေကြောင့်ဖြစ်လျှင် ဖြစ်စေသည့် အခံရောဂါကို ကုသရန်လိုသည်။ ဥပမာအားဖြင့် ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်လျှင် ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း၊ သွေးခဲ၊ အကျိတ်စသည်တို့ကြောင့်ဖြစ်လျှင် ခွဲစိတ်ကုသမှုများ ခံယူခြင်းစသည်တို့ ပြုလုပ်ရန်လိုသည်။

ကလေးများအတွက် ယေဘုယျအားဖြင့် အဓိကကုသမှုပုံစံ (၄) မျိုးဖြင့် ကုသပေးနိုင်သည်။

  • ဆေးဝါးများဖြင့် ကုသခြင်း
  • ခေါင်းကိုက်ခြင်းဆိုင်ရာ အသိပညာပေးခြင်း
  • လူနေမှုပုံစံ ပြောင်းလဲခြင်း
  • စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်း
  1. ဆေးဝါးများဖြင့်ကုသခြင်း (Medications)
    အကြောင်းရင်းခံမရှိသော ခေါင်းကိုက်ရောဂါများအတွက် ဆေးဝါးများကို အများဆုံး အသုံးပြုလေ့ရှိသည်။
    • လက္ခဏာများ လတ်တလော သက်သာစေရန် သောက်သုံးခြင်း (Symptomatic relief)
      • နာကျင်ခြင်း၊ ပျို့အန်ခြင်း အစရှိသည့် လက္ခဏာများကို သက်သာစေရန်ဖြစ်သည်
      • ဥပမာအားဖြင့် သာမန်အကိုက်အခဲပျောက်ဆေးများ (ဥပမာ_ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင်) တိုက်နိုင်သည်
      • အကိုက်အခဲပျောက်ဆေးများကို မိမိသဘောဖြင့် ကလေးအားတိုက်ခြင်းမပြုလုပ်ရပါ
      • ထို့ပြင် ထိုအကိုက်အခဲပျောက်ဆေးများကို တစ်လလျှင် (၂) ပတ်ထက်ပို၍ မသောက်သင့်ပါ
    • စဖြစ်လာသော ခေါင်းကိုက်ခြင်းကို ရပ်တန့်ရန် (Abortive therapy)
      • ခေါင်းတစ်ခြမ်းကိုက်ခြင်း၏ ကနဦးလက္ခဏာများ စတင်သည်နှင့် ဤဆေးကို သောက်သင့်သည်
      • ဆေးအာနိသင်ကြောင့် ခေါင်းကိုက်ခြင်း ဖြစ်စဉ်ကို ရပ်တန့်စေပြီး နာကျင်ခြင်း၊ ပျို့အန်ခြင်းနှင့် အလင်းရောင်မခံနိုင်ခြင်းတို့ကို ကာကွယ်ပေးသည်
      • သာမန်အကိုက်အခဲပျောက်ဆေးများအပြင် Triptans (ဥပမာ – sumatriptan သို့မဟုတ် frovatriptan) ကဲ့သို့သော ဆေးဝါးများ ပါဝင်သည်၊ သို့သော် Triptans ဆေးများကို တစ်လလျှင် ကိုးရက်ထက်ပို၍ မသောက်သင့်ပါ
  2. ခေါင်းကိုက်ခြင်းဆိုင်ရာ အသိပညာပေးခြင်း (Headache Education)
    ကလေး၏ ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေသော “လှုံ့ဆော်မှုများ (Triggers)” နှင့် ပတ်သက်၍ မိဘနှင့် ကလေးတို့ကို အသိပညာပေးသင့်သည်။ အဖြစ်များသော အကြောင်းရင်းများမှာ_
    • အိပ်ရေးပျက်ခြင်း
    • ကဖိန်းဓာတ်ပါသော အချိုရည်များ (လက်ဖက်ရည်၊ ကော်ဖီ၊ ဆိုဒါ)
    • ချောကလက်
    • နိုက်ထရိတ် (Nitrates) ပါသော အစားအစာများ (ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ဝက်ဆားနယ်)
    • Tyramine ပါသော သက်တမ်းရင့်ချိစ် (Cheese) အမျိုးအစားများ
    • ဟင်းခတ်မှုန့် (MSG) ပါသော အစားအစာများဖြစ်၍ ထိုအစားအစာများကို လျှော့စားရန် သို့မဟုတ် ရှောင်ကြဥ်ရန် လိုက်နာသင့်သည်။
  3. လူနေမှုပုံစံ ပြောင်းလဲခြင်း (Lifestyle Changes)
    မှားယွင်းသော နေထိုင်မှုအလေ့အထများသည် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်သည်။ ခေါင်းကိုက်နိုင်ခြေ လျှော့ချရန် သင့်ကလေးအနေဖြင့် အောက်ပါတို့ကို လုပ်ဆောင်သင့်သည်။
    • တစ်နေ့လျှင် အနည်းဆုံး (၈) နာရီ အိပ်စက်ခြင်း
    • တစ်နေ့လျှင် ‌ရေကို အနည်းဆုံး (၁) လီတာခွဲခန့် သောက်ခြင်း
    • ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို တစ်နေ့ သုံးနပ် ပုံမှန် စားပေးခြင်း
    • ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် ၃ ကြိမ်၊ တစ်ကြိမ်လျှင် (၃၀ – ၄၅) မိနစ်ခန့် ပြုလုပ်ခြင်းစသည်တို့သည် အကြောင်းရင်းခံမရှိသော ခေါင်းကိုက်ရောဂါများ ကုသရာတွင် ထိရောက်မှုရှိသည်
  4. စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်း (Stress Management)
    စိတ်ဖိစီးမှုလျှော့ချနည်းများကို သင်ယူခြင်းဖြင့် နာကျင်မှုကို လျှော့ချနိုင်သကဲ့သို့ ခေါင်းကိုက်သည့် အကြိမ်ရေကိုလည်း နည်းပါးစေနိုင်သည်။ နည်းလမ်းများမှာ_
    • အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်ခြင်း
    • သတိပဋ္ဌာန်ပွါးခြင်း သို့မဟုတ် တရားထိုင်ခြင်း
    • စိတ်ကူးဖြင့် အပန်းဖြေခြင်း (Mental imagery relaxation)
    • တေးဂီတဖြင့် ကုသခြင်း
    • နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းကို လက်ခံခြင်း (Counseling) စသည်တို့ဖြစ်သည်။
ကာကွယ်ခြင်း

ခေါင်းကိုက်ခြင်းကို ရာနှုန်းပြည့်ကာကွယ်ရန် မဖြစ်နိုင်သော်လည်း အောက်ဖော်ပြပါ ပြောင်းလဲမှုများကို လိုက်နာခြင်းဖြင့် ကလေးများ၏ ခေါင်းကိုက်ခြင်းကို တစ်စိတ်တစ်ပိုင်း ကာကွယ်နိုင်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း၏ ပြင်းထန်မှုကို လျော့နည်းစေနိုင်သည်။

  1. ကျန်းမာရေးအတွက် ကောင်းမွန်သော အလေ့အကျင့်များပြုလုပ်ပါ
    • အိပ်ရေးလုံလောက်စွာ အိပ်စက်ခြင်း
    • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ခြင်း
    • ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးခြင်း
    • နေ့စဉ် ရေကို လုံလောက်စွာ သောက်သုံးခြင်း
    • ကဖိန်းဓာတ်ပါဝင်သော ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်များကို ကန့်သတ်သောက်သုံးခြင်း
    • နိုက်ထရိတ်ပါသော ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ (ဝက်ပေါင်ခြောက်၊ ကြက်အူချောင်းစသည်) ကို ရှောင်ကြဥ်ခြင်း
  2. စိတ်ဖိစီးမှုကို လျှော့ချပါ
    စိတ်ဖိစီးမှုများခြင်းနှင့် လွန်ကဲသော နေ့စဉ်လုပ်ရမည့် အချိန်ဇယားများကြောင့် ကလေးတွင် ခေါင်းကိုက်ခြင်း မကြာခဏ ပို၍ဖြစ်နိုင်သည်။ ကလေး၏ ဘဝအတွင်းရှိ ပညာရေးလုပ်ဆောင်ချက်များနှင့် သူငယ်ချင်းများ သို့မဟုတ် အတန်းဖော်များနှင့် ဆက်ဆံရေးပြဿနာများကြောင့် ဖြစ်လာနိုင်သော စိတ်ဖိစီးမှုများကို သတိထား၍ စောင့်ကြည့်ပါ။ အကယ်၍ ခေါင်းကိုက်ခြင်းသည် စိုးရိမ်ပူပန်မှု (Anxiety) သို့မဟုတ် စိတ်ကျရောဂါ (Depression) နှင့် ဆက်စပ်နေသည်ဟု တွေ့ရှိပါက ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြောဆိုရန် စီစဥ်သင့်သည်။
  3. ခေါင်းကိုက်မှတ်တမ်းစာအုပ် (Headache Diary) ကို သုံး၍ မှတ်တမ်းတင်ပါ
    ခေါင်းကိုက်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းများ စနစ်တကျ မှတ်သားသိမ်းဆည်းခြင်းဖြင့် ခေါင်းကိုက်စေသော အကြောင်းရင်းများကို ခွဲခြမ်းစိတ်ဖြာ၍ သိရှိနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဤမှတ်တမ်းမှတစ်ဆင့် ကလေး၏ လက္ခဏာများကို နားလည်ရန်နှင့် ခေါင်းကိုက်ခြင်းကို ကာကွယ်နိုင်ရန် အထောက်အကူများစွာ ဖြစ်စေနိုင်သည်။ မှတ်တမ်းတွင် အောက်ပါအချက်များကို ရေးမှတ်ပါ။
    • ခေါင်းကိုက်မှု စတင်ဖြစ်ပေါ်သော အချိန်
    • ခေါင်းကိုက်ကြာချိန်
    • သက်သာစေသော အရာများ (အနားယူခြင်း၊ ဆေးသောက်ခြင်း စသည်) တို့အပြင်
    • ဆေးသောက်ပြီးနောက် သက်သာခြင်း ရှိမရှိ ကိုပါ မှတ်တမ်းတင်ထားပါ
  4. ခေါင်းကိုက်စေသော အကြောင်းရင်းများကို ရှောင်ကြဉ်ပါ
    • အိပ်ချိန်မလုံလောက်ခြင်း
    • စိတ်ဖိစီးမှုများခြင်း
    • ရေဓာတ် လုံလောက်စွာ သောက်သုံးမှု မရှိခြင်းစသည်တို့ကြောင့်လည်း ဖြစ်နိုင်သဖြင့် ဤအကြောင်းရင်းများကို သိရှိပြီး ရှောင်ကြဉ်နိုင်ပါက ခေါင်းကိုက်ခြင်းကို လျော့နည်းစေနိုင်သည်။
  5. ခေါင်းကိုက်ခြင်းမှ ကာကွယ်ရန် ပေးသော ဆေးဝါးများကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာအသုံးပြုပါ
    သက်ဆိုင်ရာဆရာဝန်မှ ခေါင်းကိုက်ခြင်း အကြိမ်ရေ အလွန်များသူများတွင် လက္ခဏာများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန် ကြိုတင်ကာကွယ်ဆေးများ သောက်ရန် အကြံပြုနိုင်သည်။ အချိန်မှန်မှန် သောက်သုံးပါက ခေါင်းကိုက်သည့် အကြိမ်အရေအတွက်နှင့် ပြင်းထန်မှုကို လျော့နည်းစေနိုင်သည်။ သက်သာဆေးသော ဆေးဝါးများတွင်_
    • စိတ်ကျရောဂါကုသဆေးများ (Antidepressants)
    • အတက်ထိန်းဆေးများ (Antiseizure medicines)
    • သွေးကျဆေး (Beta blockers) စသည်တို့ ပါဝင်သည်။

References:

  1. Mayo Clinic. (n.d.). Headaches in children: Diagnosis & treatment. Retrieved January 6, 2026, from https://www.mayoclinic.org/diseases-conditions/headaches-in-children/diagnosis-treatment/drc-20352104
  2. Cleveland Clinic. (n.d.). Migraines in children and adolescents. Retrieved January 6, 2026, from https://my.clevelandclinic.org/health/diseases/9637-migraines-in-children-and-adolescents
  3. Cleveland Clinic. (n.d.). Headaches in children. Retrieved January 6, 2026, from https://my.clevelandclinic.org/health/diseases/4225-headaches-in-children
  4. Royal Children’s Hospital. (n.d.). Headaches. Retrieved January 6, 2026, from https://www.rch.org.au/kidsinfo/fact_sheets/Headaches/
  5. Royal Children’s Hospital. (n.d.). Migraine. Retrieved January 6, 2026, from https://www.rch.org.au/kidsinfo/fact_sheets/Migraine/
  6. Harvard Health Publishing. (2017). 8 things to watch for when your child has a headache. Retrieved January 6, 2026, from https://www.health.harvard.edu/blog/8-things-to-watch-for-when-your-child-has-a-headache-2017051611761
  7. Johns Hopkins Medicine. (n.d.). Headaches in children. Retrieved January 6, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/headache/headaches-in-children

Published: 10 January 2025

Last updated: 10 February 2026

Share

26 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

See related articles
Clavicle Fracture (ညှပ်ရိုးကျိုးခြင်း)
Feb 28, 2026
Diseases and Conditions

Clavicle Fracture (ညှပ်ရိုးကျိုးခြင်း)

ညှပ်ရိုးကျိုးခြင်းအများစုကို မခွဲစိတ်ဘဲကုသသည့် နည်းလမ်းများဖြင့်...

Patau Syndrome (Trisomy 13) (ပါတောင်း ဆင်ဒရုန်း)
Feb 28, 2026
Diseases and Conditions

Patau Syndrome (Trisomy 13) (ပါတောင်း ဆင်ဒရုန်း)

ပါတောင်း ဆင်ဒရုန်း (Patau Syndrome) သည် ခန္ဓာကိုယ်အင်္ဂါအစုံတွင်...

Foot Drop (ခြေဖျားကော့မရခြင်း)
Feb 28, 2026
Diseases and Conditions

Foot Drop (ခြေဖျားကော့မရခြင်း)

ခြေဖျားကော့မရခြင်းသည် အာရုံကြော၊ ကြွက်သား သို့မဟုတ်...