Cervical Cancer (သားအိမ်ခေါင်းကင်ဆာ)

Cervical Cancer (သားအိမ်ခေါင်းကင်ဆာ)

သားအိမ်ခေါင်းကင်ဆာ (Cervical cancer) ဆိုသည်မှာ သားအိမ်၏အောက်ဆုံးပိုင်းဖြစ်သော သားအိမ်ခေါင်းတွင် ပုံမှန်မဟုတ်သောဆဲလ်များ ပွါးများလာပြီး ကင်ဆာအကျိတ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာပေါ်တွင် အဌမမြောက် အဖြစ်အများဆုံးသော ကင်ဆာဖြစ်ပြီး ကင်ဆာကြောင့် အများဆုံးသေဆုံးရမှုများတွင် နဝမမြောက်နေရာတွင်ရှိသည်။ မြန်မာအမျိုးသမီးများတွင် ရင်သားကင်ဆာပြီးလျှင် သားအိမ်ခေါင်းကင်ဆာသည် ဒုတိယမြောက်ဖြစ်ပွါးမှု အများဆုံးကင်ဆာဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကြွက်နို့ဗိုင်းရပ်စ်ပိုး အမျိုးအစားများသည် သားအိမ်ခေါင်းကင်ဆာအများစုကို ဖြစ်စေပြီး လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်သည်။ အဆိုပါဗိုင်းရပ်စ်ပိုး ဝင်ရောက်သည့်အခါ အန္တရာယ်မဖြစ်စေရန် ခန္ဓာကိုယ်ခုခံအားစနစ်မှ စနစ်တကျ ကာကွယ်ပေးသော်လည်း ၎င်းဗိုင်းရပ်စ်ပိုးသည် နှစ်အတော်ကြာ ရှင်သန်နိုင်သောကြောင့် အမျိုးသမီးတချို့တွင် သားအိမ်ခေါင်းရှိဆဲလ်များကို ကင်ဆာဆဲလ်အဖြစ်သို့ ပြောင်းလဲသွားစေခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပေါ်နိုင်သည်။

အောက်ဖော်ပြပါ အမျိုးသမီးများတွင် လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု ပိုများတတ်သည်။

  • လိင်ဆက်ဆံဖက်များခြင်းနှင့် လိင်ဆက်ဆံဖက်များသော အမျိုးသားနှင့်အတူနေခြင်း
  • အသက်အရွယ်ငယ်ငယ်နှင့် လိင်ဆက်ဆံမှုရှိခြင်း
  • လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သော အခြားသောရောဂါပိုးရှိခြင်း (ရေယုန်၊ ကယ်လ်မိုင်းဒီးယား၊ ဂနိုကာလသားရောဂါအိတ်ချ်အိုင်ဗွီရောဂါ)

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်သောသူများတွင် သားအိမ်ခေါင်းကင်ဆာဖြစ်စေသော ကြွက်နို့ဗိုင်းရပ်ပိုးသည် ပိုမိုကြာရှည်စွာ ရှင်သန်နိုင်သောကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်‌ပေါ်မှုကို များစေသည်။

ခန္ဓာကိုယ်ခုခံအားနည်းသူများ
အခြားသော ကျန်းမာ‌ရေးအခြေအနေများကြောင့် ခန္ဓာကိုယ်ခုခံအားနည်းနေသူများတွင် ကြွက်နို့ဗိုင်းရပ်စ်ပိုးရှိနေပါက သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ ပိုများသည်။

ရောဂါလက္ခဏာများ

သားအိမ်ခေါင်းကင်ဆာ စတင်ဖြစ်ပေါ်နေသည့်အချိန်တွင် မည်သည့်ရောဂါလက္ခဏာမျှ ခံစားရခြင်း မရှိတတ်ပါ။ ကင်ဆာအကျိတ် ကြီးထွားလာမှ အောက်ပါရောဂါလက္ခဏာများ စတင်ခံစားရတတ်သည်။

  • အမျိုးသားနှင့် လိင်ဆက်ဆံမှုပြုပြီးနောက် မိန်းမကိုယ်မှ သွေးဆင်းခြင်း
  • အမျိုးသားနှင့် လိင်ဆက်ဆံမှုပြုစဥ် နာကျင်ခြင်း
  • ဓမ္မတာ တစ်လနှင့်တစ်လကြား သွေးဆင်းခြင်း
  • မီးယပ်သွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်း
  • ရာသီသွေးဆင်းများခြင်းသာမက ရက်ရှည်ဆင်းခြင်း
  • အနံ့ဆိုးသော သွေးရည်ကြည်များ မိန်းမကိုယ်မှ ဆင်းခြင်း
  • တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်ခြင်း
နောက်ဆက်တွဲပြဿနာများ
  • ကင်ဆာဆဲလ်ပျံ့နှံ့သည့် နေရာများ၌ နာကျင်မှုခံစားရခြင်း
  • ဆီးသွားရခက်လာခြင်း၊ ဆီးမပေါက်နိုင်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ကျောက်ကပ်ပျက်စီးခြင်း
  • မိန်းမကိုယ်မှ သွေးဆင်းများပြီး သွေးအားနည်းခြင်း
  • သွေးရောင်ပါသောဆီး သွားခြင်း၊ စအိုမှ သွေးဆင်းခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများ ခံစားရလျှင်သော်လည်းကောင်း၊ သံသယရှိလျှင်သော်လည်းကောင်း ဆေးရုံဆေးခန်းသို့ ပြသ၍ အကြံဉာဏ်တောင်းခံခြင်း၊ ကုသမှုခံယူခြင်းများ ပြုလုပ်ရန် လိုအပ်သည်။

သားအိမ်ခေါင်းကင်ဆာအကြိုစစ်ဆေးခြင်း (Cervical cancer screening)
သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာအဆင့် မတိုင်မီ သားအိမ်ခေါင်းရှိဆဲလ်များ ပုံမှန်မဟုတ်သောပြောင်းလဲမှုကို သိရှိနိုင်သည်။ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း (Pap smear) နှင့် ကြွက်နို့ဗိုင်းရပ်စ်ပိုး မျိုးဗီဇစစ်ဆေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေးခြင်းကို ဆောင်ရွက်နိုင်သည်။

သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်းကို အသက် (၂၁) အရွယ်မှစတင်၍ (၃) နှစ် တစ်ကြိမ် ပုံမှန်စစ်ဆေးနိုင်သည်။ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်းသည် သားအိမ်ခေါင်းမှ ဆဲလ်များကို အမွှေးနုနုပါသောအတံ သို့မဟုတ် သစ်သားတံဖြင့်ယူသည်။ ထို့နောက် ၎င်းကို ဓာတ်ခွဲခန်း၌ ကင်ဆာဆဲလ် သို့မဟုတ် ပုံမှန်မဟုတ်သောဆဲလ်များ ရှိမရှိကို စစ်ဆေးခြင်းဖြစ်သည်။ ထိုသားအိမ်ခေါင်းအချွဲမြှေးကိုယူ၍ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်သော ကြွက်နို့ဗိုင်းရပ်စ်ပိုး မျိုးဗီဇ ရှိမရှိ စစ်ဆေးခြင်းကိုလည်း ပြုလုပ်နိုင်သည်။

ရောဂါရှာဖွေခြင်း

သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများ ခံစားရလျှင်သော်လည်းကောင်း၊ သံသယရှိလျှင်သော်လည်းကောင်း ဆေးရုံဆေးခန်းသို့ ပြသသည့်အခါ သက်ဆိုင်ရာဆရာဝန်မှ သားအိမ်ခေါင်းကို သေချာစွာ စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။

  • သားအိမ်ခေါင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (colposcopic examination)
    သားအိမ်ခေါင်းကို မှန်ပြောင်းဖြင့် အနီးကပ်ကြည့်ပြီး ကင်ဆာလက္ခဏာများ ရှိမရှိ အဆင့်ဆင့် စစ်ဆေးကြည့်ရှုမည်။ သံသယရှိသော အစိတ်အပိုင်းကို ချွန်ထက်သောကိရိယာတစ်မျိုးဖြင့် အသားစယူ၍ (punch biopsy) ရောဂါရှာဖွေရန် ဓာတ်ခွဲခန်းသို့ ပို့သည်။
  • သားအိမ်ခေါင်းအတွင်းပိုင်း အသားစစစ်ဆေးခြင်း (endocervical curettage)
    သေးငယ်သော လက်ဖက်ရည်ဇွန်းပုံကိရိယာ (curet) ဖြင့် သားအိမ်ခေါင်းအတွင်းပိုင်းရှိ အသားစကို ခြစ်ယူပြီး ရောဂါရှာဖွေရန် ဓာတ်ခွဲခန်းသို့ပို့သည်။
  • လျှပ်စစ်ဝါယာကွင်းဖြင့် အသားစဖြတ်ယူခြင်း (loop electrosurgical excision procedure)
    ဗို့အားနည်းသောလျှပ်စစ် ဝါယာကြိုးသေးသေးဖြင့် ပြုလုပ်ထားသောကွင်းဖြင့် သံသယရှိသော သားအိမ်ခေါင်းအစိတ်အပိုင်းကို ဖြတ်ယူခြင်းဖြစ်သည်၊ ထိုသို့ပြုလုပ်ခြင်းသည် မသက်မသာ နာကျင်ခံစားရမှု ဖြစ်စေနိုင်သောကြောင့် ပြုလုပ်မည့်အစိတ်အပိုင်းကို ထုံဆေးပေးရန် လိုအပ်သည်။
  • ထုလုံးချွန်ကတော့ပုံ အသားစဖြတ်ခြင်း (cone biopsy)
    သားအိမ်ခေါင်းအသားစကို ထူထူနက်နက် လိုချင်သည့်အခါ ဤနည်းကို အသုံးပြုရသည်၊ ကတော့ပုံအသားစဖြတ်ခြင်း ပြုလုပ်နေစဥ် မနာကျင်စေရန် အိပ်ပျော်နေသကဲ့သို့ ဖြစ်အောင် ဆေးဝါးများ အသုံးပြုရသောကြောင့် ဆေးရုံတွင် ပြုလုပ်ရသည်။
ကင်ဆာအမျိုးအစားခွဲခြားခြင်း

သားအိမ်ခေါင်းကင်ဆာ (၂) မျိုးရှိသည်။

  • သားအိမ်‌ခေါင်းအပြင်ပိုင်းရှိ ပြား၍ပါးလွှာသောဆဲလ်များ (ချပ်ပြားဆဲလ်များ) မှ ကင်ဆာဖြစ်ခြင်း (squamous cell carcinoma)
  • သားအိမ်ခေါင်းအတွင်းပိုင်းရှိ အကျိတ်ဆဲလ်များမှ ကင်ဆာဖြစ်ခြင်း (adenocarcinoma)
ကင်ဆာအဆင့်သတ်မှတ်ခြင်း

သားအိမ်ခေါင်းကင်ဆာအဆင့်များမှာ_

  • အဆင့် (၁) – သားအိမ်ခေါင်း၌သာ တည်ရှိခြင်း
  • အဆင့် (၂) – သားအိမ်ခေါင်းမှ မိန်းမကိုယ်အတွင်းနံရံအပေါ်ပိုင်း သို့မဟုတ် သားအိမ်ဘေးဘက်ထိ ပျံ့နှံ့ခြင်း (တင်ပါးဆုံအရိုးခွင် အတွင်းနံရံသို့ မရောက်သေးပါ)
  • အဆင့် (၃) – သားအိမ်ခေါင်းမှတစ်ဆင့် မိန်းမကိုယ်အတွင်းနံရံအောက်ပိုင်း၊ တင်ပါးဆုံအရိုးခွင် အတွင်းနံရံ၊ တင်ပါးဆုံရိုးကွင်းအတွင်းရှိ ပြန်ရည်ကျိတ်များအထိ ပျံ့နှံ့ခြင်း၊ ကျောက်ကပ် အလုပ်မလုပ်တော့ခြင်း၊ ကျောက်ကပ်ဖောင်းနေခြင်း
  • အဆင့် (၄) – ဆီးအိမ်၊ အစာဟောင်းအိမ် အတွင်းသား၊ အဆုတ်၊ အသည်း သို့မဟုတ် အခြား ကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံခြင်း
Cervical cancer image
ကင်ဆာပျံ့နှံ့သည့်နေရာများကို သိရှိနိုင်ရန်
  • အာထရာဆောင်း (USG)၊ ဓာတ်မှန် (X-ray)၊ သံလိုက်ဓာတ်မှန် (MRI)၊ ကွန်ပျူတာဓာတ်မှန် (CT scan) နှင့် ပီအီးတီစကင်န် (PET scan) စသည်တို့ကို အလျဥ်းသင့်သလို အသုံးပြု၍ ကင်ဆာဆဲလ်များ၏ အရွယ်အစား၊ တည်နေရာနှင့် ပျံ့နှံ့မှုများကို ရှာဖွေစစ်ဆေးနိုင်သည်
  • ဆီးအိမ်ကြည့်မှန်ပြောင်း (cystoscopy) နှင့် စအိုလမ်းကြောင်းကြည့်မှန်ပြောင်း (proctoscopy) ကို အသုံးပြု၍ ဆီးအိမ်နှင့် စအိုလမ်းကြောင်းတစ်လျှောက် ကင်ဆာပျံ့နှံ့သောလက္ခဏာ ရှိမရှိ တိုက်ရိုက်ကြည့်ရှု စစ်ဆေးနိုင်သည်
ကုသခြင်း

သားအိမ်ခေါင်းကင်ဆာကုထုံးများတွင် အောက်ပါတို့ပါဝင်သည်။

  • ခွဲစိတ်ကုသခြင်း
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
  • ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း
  • ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း
  • ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း

ခွဲစိတ်ကုသခြင်း
သားအိမ်ခေါင်းကင်ဆာရောဂါကို ခွဲစိတ်ကုနည်း အမျိုးမျိုးရှိသည်။ အစောဆုံးကင်ဆာအဆင့်များတွင် သေးငယ်သော ကင်ဆာအစိတ်အပိုင်းကို ဖြတ်ထုတ်ခြင်း (Cone biopsy)၊ သားအိမ်ကို ချန်ထားပြီး သားအိမ်ခေါင်းတစ်ခုလုံးနှင့် အနီးဝန်းကျင်ရှိ အသားစများဖြတ်ထုတ်ခြင်း (Trachelectomy) နည်းများဖြင့် ခွဲစိတ်ကုသနိုင်သည်။ ထိုသို့ကုသနည်းကို သားသမီးယူချင်သေးသော အမျိုးသမီးများတွင် အသုံးပြုသည်။

ကင်ဆာအဖုအကျိတ်ကြီးသော ကင်ဆာအဆင့် (၁) နှင့် သားအိမ်ခေါင်းမှတစ်ဆင့် မိန်းမကိုယ်အတွင်းနံရံ အပေါ်ပိုင်းထိသာ ပျံ့နှံ့နေသောကင်ဆာအဆင့် (၂) တွင် သားအိမ်နှင့် ဘေးဘက်ရှိ တစ်ရှူးများ၊ ယောနိလမ်းကြောင်း အပေါ်ပိုင်းနှင့် အနီးဝန်းကျင်ရှိ ပြန်ရည်ကျိတ်များကိုပါ ဖြတ်ထုတ်ခြင်း (Radical hysterectomy) ကို ပြုလုပ်ရသည်။ အဆိုပါ ခွဲစိတ်မှုများကို

  • ဝမ်းဗိုက်အောက်ပိုင်းတွင် ခွဲကြောင်းပေး၍ ခွဲစိတ်ခြင်း
  • ဝမ်းဗိုက်တွင် အပေါက်ငယ်များဖောက်၍ မှန်ပြောင်းထည့်သွင်းကာ ခွဲစိတ်ခြင်း စသည့်နည်းလမ်းများဖြင့် ပြုလုပ်နိုင်သည်။

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
ဓာတ်ရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ သားအိမ်ခေါင်းကင်ဆာဆဲလ်များကို သေစေခြင်းဖြစ်သည်။ ကင်ဆာဆဲလ်များသည် သားအိမ်ခေါင်းနှင့် မိန်းမကိုယ်အတွင်းနံရံ အ‌ပေါ်ပိုင်းကို ကျော်လွန်ပျံ့နှံ့နေပါက ပထမအဆင့်ကုသမှုအနေဖြင့် ကင်ဆာဆေးသွင်းကုထုံးနှင့်တွဲဖက်၍ ဓာတ်ရောင်ခြည်ကုထုံးကို ခံယူရသည်။ ခွဲစိတ်ကုသမှု ခံယူပြီးသော်လည်း ကင်ဆာပြန်ဖြစ်နိုင်ခြေ များသောသူများတွင် ဓာတ်ရောင်ခြည်ကုထုံး ဆက်ယူရသည်။ ဓာတ်ရောင်ခြည်ကုထုံးတွင်

  • ခန္ဓာကိုယ်အတွင်းရှိ ကင်ဆာတည်နေရာကို ခန္ဓာကိုယ်ပြင်ပမှ ဓာတ်ရောင်ခြည်ပြခြင်းနှင့်
  • ခန္ဓာကိုယ်အတွင်းရှိ ကင်ဆာတည်နေရာကို ယောနိလမ်းကြောင်းမှတစ်ဆင့် ဓာတ်ရောင်ခြည်ပြခြင်း ဟူ၍ (၂) မျိုးရှိသည်။

အချို့အခြေအနေများတွင် ယင်းကုထုံး (၂) မျိုးလုံးဖြင့် ကုသရန် လိုအပ်နိုင်သည်။ ဓာတ်ရောင်ခြည်ကုထုံးကြောင့် မီးယပ်သွေးဆုံးခြင်း ဖြစ်နိုင်သည်။

ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း
ကင်ဆာဆဲလ်များကို သေစေနိုင်သော သောက်ဆေး၊ ထိုးဆေးများကို အသုံးပြု၍ ကုသခြင်းဖြစ်သည်။ ကင်ဆာဆဲလ်များသည် သားအိမ်ခေါင်းနှင့် မိန်းမကိုယ်အတွင်းနံရံ အ‌ပေါ်ပိုင်းကို ကျော်လွန်ပျံ့နှံ့နေပါက ကင်ဆာဆေးသွင်းကုထုံးသည် ဓာတ်ရောင်ခြည်ကုထုံးအာနိသင်ကို ပိုမိုအကျိုးရှိစေသောကြောင့် ဓာတ်ရောင်ခြည်ကုထုံးနှင့်တွဲဖက်၍ ကင်ဆာဆေးသွင်းကုထုံးကို အသုံးပြုသည်။ ထို့ပြင် ခွဲစိတ်မှုမပြုလုပ်မီ ကင်ဆာအကျိတ် သေးကျုံ့စေရန်အတွက်လည်း ကင်ဆာဆေးသွင်းခြင်း ပြုလုပ်နိုင်သည်။ ခွဲစိတ်မှုပြုလုပ်ရန် မဖြစ်နိုင်တော့သော အခြေအနေနှင့် ကုသပြီးနောက် ပြန်ဖြစ်လာသော ကင်ဆာများတွင် ကင်ဆာဆေးသွင်း၍ ကုသရသည်။

ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted Therapy)
ကင်ဆာဆဲလ်များကို အဓိကချေမှုန်းသောဆေးများ အသုံးပြု၍ ကုသခြင်းဖြစ်သည်။ ၎င်းကုထုံးကို ကင်ဆာသည် သားအိမ်ခေါင်းမှ အခြားကိုယ်အင်္ဂါများသို့ ပျံ့နေသောအခါတွင် ကင်ဆာဆေးသွင်းကုထုံးနှင့် တွဲဖက်၍အသုံးပြုသည်။

ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
ခန္ဓာကိုယ်ခုခံအားကို ပြန်လည်အသုံးပြု၍ ကင်ဆာဆဲလ်များကို တိုက်ထုတ်ခြင်းဖြစ်သည်။ ခုခံအားဆဲလ်များကို ဗီဇပြုပြင်ပြီးဖြစ်စေ၊ အားကောင်းအောင်ဖြစ်စေ ပြုလုပ်ပြီး ကင်ဆာဆဲလ်များကို နှိမ်နင်းစေခြင်းဖြစ်သည်။ ကင်ဆာသည် သားအိမ်ခေါင်းမှ အခြားကိုယ်အင်္ဂါများသို့ ပျံ့နှံ့နေပြီး အခြားကုထုံးများဖြင့် ကုသခြင်း မအောင်မြင်တော့သည့်အခါတွင် ၎င်းကုထုံးကိုအသုံးပြုသည်။

ကာကွယ်ခြင်း

သားအိမ်ခေါင်းကင်ဆာဖြစ်ပေါ်မှုကို ကာကွယ်ရန် သားအိမ်ခေါင်းအချွဲမြှေး ပုံမှန်စစ်ဆေးခြင်းနှင့် ကြွက်နို့ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးထိုးခြင်း ပြုလုပ်သင့်သည်။

သားအိမ်ခေါင်းအချွဲမြှေး ပုံမှန်စစ်ဆေးခြင်းကို အသက် (၂၁) နှစ်အရွယ်မှ စတင်စစ်ဆေးနိုင်ပြီး သားအိမ်ခေါင်းကင်ဆာမတိုင်မီ အဆင့်အခြေအနေများကို ကြိုတင်တွေ့ရှိနိုင်သဖြင့် စောစီးစွာ ကုသမှုခံယူပါက သားအိမ်ခေါင်းကင်ဆာဖြစ်ပေါ်မှုကို ကာကွယ်နိုင်သည်။

ကြွက်နို့ဗိုင်းရပ်စ်ပိုးကာကွယ်ဆေးကို အသက် (၉)နှစ် မှ (၁၄)နှစ်ကြားတွင် နှစ်ကြိမ်ထိုးရန်လိုသည်။ တစ်ကြိမ်နှင့်တစ်ကြိမ်ကြားတွင် (၆) လ သို့မဟုတ် (၁) နှစ်ခြား၍ ထိုးနိုင်သည်။ အသက် (၁၅) နှစ်မှ စတင်ထိုးနှံဖြစ်ပါက အသက် (၂၆) နှစ်မတိုင်မီ သုံးကြိမ်ထိုးနိုင်သည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကြား တစ်လခြား၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကြား (၆) လခြား၍ ထိုးရမည်။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကြွက်နို့ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြင်းကို ကာကွယ်နိုင်ပြီး ထိုမှတစ်ဆင့် သားအိမ်ခေါင်းကင်ဆာနှင့် ကြွက်နို့ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်နိုင်သော အခြားသောကင်ဆာ‌ရောဂါများကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည်။

ထို့အတူ လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သောရောဂါများကို ကာကွယ်ရန် လိင်ဆက်ဆံချိန်တိုင်း ကွန်ဒုံးသုံးခြင်း၊ လိင်ဆက်ဆံဖော် မများအောင် ပြုမူနေထိုင်ခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပေါ်မှုကို လျှော့ချနိုင်သည်။ ဆေးလိပ်မသောက်ရန်၊ သောက်လက်စရှိသူများသည်လည်း ဆေးလိပ်ဖြတ်ရန် မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ အကြံဉာဏ်များရယူပါ။

ဆက်လက်ဖတ်ရှုရန်

References:

  1. MSD Manuals. (n.d.). FIGO staging of cervical carcinoma. Retrieved December 26, 2025, from https://www.msdmanuals.com/professional/multimedia/table/figo-staging-of-cervical-carcinoma
  2. Cleveland Clinic. (n.d.). Cervical cancer. Retrieved December 26, 2025, from https://my.clevelandclinic.org/health/diseases/12216-cervical-cancer
  3. Mayo Clinic. (n.d.). Cervical cancer: Symptoms and causes. Retrieved December 26, 2025, from https://www.mayoclinic.org/diseases-conditions/cervical-cancer/symptoms-causes/syc-20352501
  4. National Institutes of Health. (2025). Cancer of the cervix uteri: 2025 update. Retrieved December 26, 2025, from https://pmc.ncbi.nlm.nih.gov/articles/PMC9258644/
  5. World Health Organization. (2024). Global cancer burden growing — amidst mounting need for services. Retrieved December 26, 2025, from https://www.who.int/news/item/01-02-2024-global-cancer-burden-growing–amidst-mounting-need-for-services
  6. Centers for Disease Control and Prevention. (n.d.). Human papillomavirus vaccination: Administration and guidelines. Retrieved December 26, 2025, from https://www.cdc.gov/vaccines/vpd/hpv/hcp/administration.html

Published: 23 December 2024

Last updated: 14 January 2026

Share

26 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.