Covid 19 infection (ကိုဗစ် ၁၉ ရောဂါ)

Covid 19 infection (ကိုဗစ် ၁၉ ရောဂါ)

ကိုဗစ် ၁၉ ရောဂါ ဆိုသည်မှာ ပြင်းထန်အဆုတ်ရောင်‌ရောဂါကို ဖြစ်စေနိုင်သော ကိုရိုနာဗိုင်းရပ်စ် အမျိုးအစား (၂) (SARS-CoV-2) ကြောင့်ဖြစ်သည်။ (၂၀၁၉) နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပျံ့နှံ့လာပြီး ကူးစက်နှုန်း အလွန်လျင်မြန်သောကြောင့် (၂၀၂၀) ခုနှစ်တွင် ကမ္ဘာကပ်ရောဂါ ဖြစ်လာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းအရ (၂၀၂၃) ခုနှစ်၊ ဩဂုတ်လအထိ ကမ္ဘာတစ်ဝှမ်း၌ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ အတည်ပြုလူနာ (၇၆၉) သန်းရှိပြီး (၆.၉) သန်းသေဆုံးခဲ့သည်။ လူတစ်ဦးမှတစ်ဦးသို့ လေထဲမှ သေးငယ်သော အရည်မှုန်လေးများမှတစ်ဆင့် ဗိုင်းရပ်စ်ပိုး အများဆုံးကူးစက်ခြင်းဖြစ်သည်။ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရသူများသည် သာမန်ရောဂါလက္ခဏာမှစ၍ အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်သည်။

ယခုအချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကိုဗစ်-၁၉ ကို ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ်မှ ရုပ်သိမ်းခဲ့ပြီး ဖြစ်သော်လည်း ဗိုင်းရပ်စ်ပိုးသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ပြီး ရာသီအလိုက်ဖြစ်သော (Seasonal) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုကဲ့သို့ ဖြစ်လာသည်။

လက်ရှိ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုး မျိုးကွဲများ (Current Variants)
ဤဗိုင်းရပ်စ်ပိုးသည် စဉ်ဆက်မပြတ် မျိုးဗီဇပြောင်းလဲနေပြီး၊ လက်ရှိတွင် Omicron မျိုးကွဲ၏ မျိုးဆက်ခွဲများ (ဥပမာ – JN.1 မှ ဆင်းသက်လာသော XFG, NB.1.8.1) မျိုးကွဲများသည် ဆက်လက်ကူးစက်မှုများ ရှိနေသည်။ ဤမျိုးကွဲအများစုသည် ယခင်မျိုးကွဲများထက် ရောဂါလက္ခဏာ ပိုမိုပြင်းထန်စေသည်ဟု ခိုင်မာသော အထောက်အထား မတွေ့ရသေးသော်လည်း ကူးစက်ပျံ့နှံ့မှုနှုန်း မြန်ဆန်ဆဲဖြစ်သည်။

Covid 19 infection image
ဖြစ်ပေါ်ရသော အကြောင်းရင်းများ

ကိုဗစ် ၁၉ ရောဂါသည် ကိုရိုနာဗိုင်းရပ်စ်ပိုး အမျိုးအစား (၂) ကြောင့် ဖြစ်ပေါ်သော ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်သည် လင်းနို့၊ ကြောင်အစရှိသော တိရစ္ဆာန်များတွင် တွေ့ရှိရသော်လည်း ရောဂါပိုးကူးစက်ခြင်းမရှိပါ။ တစ်ခါတစ်ရံတွင် ဗိုင်းရပ်စ်ပိုးသည် မတူညီသော တိရစ္ဆာန်မျိုးနွယ်စုများထံသို့ ပျံ့နှံ့ကူးပြောင်းသွားသောကြောင့် မျိုးဗီဇပြောင်းလဲလာပြီး လူသားများထံသို့ ရောဂါပိုး စတင်ကူးစက်လာခြင်းဖြစ်သည်။ အဓိကအားဖြင့် ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးသည် နှာချေ၊ ချောင်းဆိုးခြင်း၊ ပူးပူးကပ်ကပ် အတူနေထိုင်ခြင်း၊ စကားပြောခြင်း၊ သီချင်းဆိုခြင်း စသည်တို့ကြောင့် လူတစ်ဦးမှ အခြားတစ်ဦးဆီသို့ ကူးစက်စေသည်။ ဗိုင်းရပ်စ်ပိုးသည် လေထဲရှိ အမှုန်စက်လေးများမှတစ်ဆင့် ရှူသွင်းမိသူ အခြားတစ်ဦးထံသို့ ကူးစက်နိုင်သကဲ့သို့ ဗိုင်းရပ်စ်ပိုး ကပ်ငြိနေသည့် လက်များမှတစ်ဆင့် မျက်နှာသို့ ကူးပြောင်းရောက်ရှိပြီး ပါးစပ်၊ နှာခေါင်း သို့မဟုတ် မျက်စိတို့မှ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာနိုင်သည်။ ထို့နောက် ဗိုင်းရပ်စ်ပိုးသည် နှာခေါင်းတစ်လျှောက်နှင့် လည်ပင်းအနောက်ဘက်ရှိ အမြှေးပါးများမှတစ်ဆင့် အဆုတ်တစ်ရှူးထဲသို့ ဝင်‌ရောက်ပွားများလာသည်။ ထိုမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ရှိ တစ်ရှူးများထံသို့ ပျံနှံ့သွားနိုင်သည်။

ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်နိုင်ခြေများသူများမှာ_

  • ကိုဗစ် ၁၉ ရောဂါ လက်ရှိပြန့်ပွားနေသော နေရာဒေသတွင် နေထိုင်သူ သို့မဟုတ် လတ်တလော ထိုဒေသသို့ ခရီးသွားခဲ့သူများ
  • ကိုဗစ် ၁၉ ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့မှုရှိသူများ [ရောဂါပိုးရှိသူနှင့် (၆) ပေအတွင်း (၁၅) မိနစ်ထက်ပို၍ ထိတွေ့မှုရှိသူများ]
  • အသက် (၆၀) အထက်နှင့် ရောဂါအခံရှိသူများ သို့မဟုတ် ကိုယ်ခံအားနည်းသူများ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ

ကိုဗစ် ၁၉ ရောဂါပိုး ခန္ဓာကိုယ်ထဲဝင်‌ရောက်ပြီး (၂)ရက် မှ (၂)ပတ်အတွင်း ရောဂါလက္ခဏာ စတင်ပြနိုင်သည်။ ကိုဗစ် ၁၉ ရောဂါလက္ခဏာများမှာ တစ်ယောက်နှင့်တစ်ယောက် ကွဲပြားနိုင်ပြီး အချို့သူများတွင် ရောဂါပိုးကူးစက်ခံရသော်လည်း ရောဂါလက္ခဏာ မပြသူများလည်းရှိသည်။ အထူးသဖြင့် ကလေးများတွင် ရောဂါလက္ခဏာများ ပြလေ့မရှိပါ။ သို့သော် ကိုဗစ် ၁၉ လူနာအများစုတွင် အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရတတ်သည်။

  • ဖျားခြင်း၊ ချမ်းတုန်ခြင်း
  • ချောင်းဆိုးခြင်း
  • အသက်ရှူကျပ်ခြင်း၊ မောခြင်း
  • နုံးနယ်ခြင်း
  • ကြွက်သားများ နာကျင်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အနံ့၊ အရသာ ပျောက်သွားခြင်း
  • လည်ပင်းနာခြင်း
  • နှာစေးခြင်း
  • ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်းတို့ကို ခံစားရလေ့ရှိသည်။

ကိုဗစ် ၁၉ ရောဂါ၏ လက္ခဏာများသည် ဖြစ်လေ့ဖြစ်ထရှိသည့် သာမန်လက္ခဏာများသာ ဖြစ်သော်လည်း ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်နေသည့် ကာလနှင့်ဒေသတွင် နေထိုင်သူများသည် ကိုဗစ် ၁၉ ရောဂါ စစ်ဆေးမှုကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။

အချို့သူများတွင် ရောဂါလက္ခဏာများ စတင်ပြသပြီး (၇)ရက် မှ (၁၄)ရက်အတွင်း ပိုမိုပြင်းထန်လာနိုင်သည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ (ကင်ဆာရောဂါ၊ ဆီးချိုရောဂါ)၊ ကိုယ်ခံအားနည်းသူများ (HIVရောဂါရှိသူများ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသထားသူများ)၊ ကိုယ်ဝန်ဆောင်များတွင် ပြင်းထန်သော ရောဂါလက္ခဏာများကို ခံစားရပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ

ကိုဗစ် ၁၉ ရောဂါခံစားနေရသူများတွင် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • အောက်ဆီဂျင် လုံလောက်အောင် မရရှိသောကြောင့် အသက်ရှူလမ်းကြောင်းနှင့် အဆုတ်လုပ်ငန်း ပျက်စီးခြင်း (Acute Respiratory Distress Syndrome)
  • ပိုးဆိပ်ပျံ့ပြီး ရှော့ခ်ရခြင်း (Sepsis and shock)
  • ခုခံအားစနစ် တုံ့ပြန်မှုလွန်ကဲ၍ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းခြင်း (Multisystem inflammatory syndrome)
  • သွေးခဲခြင်း (အဆုတ်သွေးကြောသွေးခဲပိတ်ခြင်း – Pulmonary embolism)၊ ခြေထောက်သွေးပြန်ကြော သွေးခဲပိတ်ခြင်း (Deep vein thrombosis)]
  • နှလုံးထိခိုက်ခြင်း
  • ကျောက်ကပ်ထိခိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

ကိုဗစ် ၁၉ ရောဂါပိုးဝင်ပြီးနောက် အချို့သူများတွင် ရောဂါလက္ခဏာများ လနှင့်ချီ၍ ဆက်လက်ခံစားနေရခြင်း သို့မဟုတ် လက္ခဏာအသစ်များ ဖြစ်ပေါ်လာခြင်း (ကိုဗစ်အလွန်ရောဂါ – Post-Covid-19 syndrome) ဖြစ်နိုင်သည်။ ဤကိုဗစ်အလွန်ရောဂါသည် ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲတွင် ကြာရှည်စွာကျန်ရှိနေခြင်း (viral persistence)၊ ပြောင်းလဲသွားသော ကိုယ်ခံအားစနစ်တုံ့ပြန်မှုနှင့် သွေးခဲခြင်းတို့ကြောင့် ဖြစ်‌ပေါ်လာကြောင်း လေ့လာတွေ့ရှိထားကြသည်။ ကိုဗစ်အလွန်ရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် အဓိကကျန်းမာရေး စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ၄င်း၏ အဓိကလက္ခဏာများဖြစ်သော မှတ်မိနိုင်စွမ်းအား လျော့ကျခြင်း (Brain fog)၊ နုံးနယ်ခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ကို ကုသရန်နှင့် ရောဂါရှာဖွေရန် သုတေသနများ ဆက်လက်လုပ်ဆောင်နေသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရလျှင် ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်၍ ကိုဗစ် ၁၉ ရောဂါ စစ်ဆေးခြင်းများပြုလုပ်ပြီး လိုအပ်သည့်ကုသမှုကို ခံယူရမည်။ ကိုဗစ် ၁၉ ရောဂါ ရှိသူနှင့် ထိတွေ့မှုရှိခဲ့လျှင်လည်း ဆရာဝန်ကို အသိပေးပြီး လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာရမည်။ အောက်ဖော်ပြပါ အရေးပေါ်လက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုခံယူရန် အရေးကြီးသည်။

  • အသက်ရှူ မဝခြင်း၊ မောခြင်း
  • နှုတ်ခမ်း၊ လက်သည်းနှင့် အရေပြားများ ပြာလာခြင်း
  • သတိလစ်ခြင်း
  • ရင်ဘတ်အောင့်ခြင်းတို့ဖြစ်သည်။
ရောဂါရှာဖွေခြင်း

ကိုဗစ် ၁၉ ရောဂါလက္ခဏာ ခံစားနေရသူများတွင် ရောဂါပိုးကို ချက်ချင်းစစ်ဆေးရန် လိုအပ်သည်။ ကိုဗစ် ၁၉ ရောဂါရှိသူများနှင့် ထိတွေ့မှုရှိသူများအနေနှင့် ရောဂါလက္ခဏာ မပြသေးလျှင် ထိ‌တွေ့ပြီး (၅) ရက်အကြာတွင် ရောဂါပိုးစစ်ဆေးရန် လိုအပ်သည်။

ကိုဗစ် ၁၉ ရောဂါပိုးကို နှာခေါင်း သို့မဟုတ် လည်ချောင်းတို့ဖတ်ယူ၍ အောက်ပါနည်းလမ်းနှစ်ခုဖြင့် စစ်ဆေးနိုင်သည်။

  1. ပဋိလှုံ့ပစ္စည်း စစ်ဆေးခြင်း (antigen test)
    နေအိမ်၌ပင် အလွယ်တကူ ပြုလုပ်နိုင်သော လျင်မြန်စွာ သိရှိနိုင်သည့် စစ်ဆေးခြင်းဖြစ်သည်။ ဗိုင်းရပ်စ်၏ ပရိုတင်းပဋိလှုံ့ပစ္စည်းကို ရှာဖွေခြင်းဖြစ်သည်။ အဖြေတွင် ဗိုင်းရပ်စ်ပိုးမရှိခဲ့လျှင် နောက်ထပ် (၄၈) နာရီအကြာတွင် ထပ်မံစစ်ဆေးရန် လိုအပ်သည်။
  2. ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုး မျိုးဗီဇကို စစ်ဆေးခြင်း (PCR test- polymerase chain reaction test)
    PCR စစ်ဆေးခြင်းသည် အခြားသော နည်းများထက် ပို၍ တိကျသေချာသောအဖြေကို ရရှိနိုင်သည်။ ဓာတ်ခွဲခန်းသို့ ပို့၍စစ်ရန် လိုအပ်သည်။

ထို့အပြင် သွေးစစ်ဆေးခြင်းများ၊ ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းများကိုလည်း ရောဂါအခြေအနေပေါ် မူတည်၍ လိုအပ်သလို စစ်ဆေးနိုင်သည်။ မည်သည့်နည်းဖြင့် စစ်ဆေး၍ဖြစ်စေ ရောဂါကူးစက်ခြင်း သေချာလျှင် ပြည်သူ့ကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပေးပို့ရန် လိုအပ်သည်။

ကုသခြင်း

ကိုဗစ် ၁၉ ရောဂါ ခံစားရသူအများစုမှာ အနားယူပြီး၊ ရေများများသောက်ခြင်း၊ အ‌ဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး စသည့်ကုသမှုများနှင့် သက်သာနိုင်သည်။ ကိုဗစ် ၁၉ ရောဂါရှိလျှင် အခြားသူများနှင့် ရောထွေးမနေဘဲ သီးသန့်နေထိုင်ခြင်းဖြင့် ရောဂါပိုးကူးစက်ပြန့်ပွားခြင်းကို ကာကွယ်နိုင်သည်။ ထို့အပြင် အာဟာရပြည့်ဝအောင် စားခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ မိသားစုဝင်များနှင့် ဖုန်းပြောခြင်းများကို ပြုလုပ်ခြင်းဖြင့် ‌ရောဂါလျင်မြန်စွာ သက်သာစေရန် အထောက်အကူပြုသည်။

ကိုဗစ် ၁၉ ရောဂါ၏ ပြင်းထန်လက္ခဏာများ ခံစားရနိုင်ခြေများသောသူများတွင် ရောဂါပိုမဆိုးလာစေရန် အောက်ဖော်ပြပါ ဗိုင်းရပ်စ်ပိုးသတ်ဆေးများကို အသုံးပြုနိုင်သည်။

ဗိုင်းရပ်စ်သတ်ဆေးများ (Antiviral Medications)

  • Paxlovid (nirmatrelvir and ritonavir)
  • Remdesivir
  • Molnupiravir

ပြင်းထန်သော ကိုဗစ် ၁၉ ရောဂါကို ကုသခြင်း

ဆေးရုံတက်ရောက်၍ အောက်ဖော်ပြပါကုသမှုများ ခံယူနိုင်သည်။

  • အောက်ဆီဂျင်ပေးခြင်း
  • အသက်ရှူနိုင်ရန် အသက်ရှူစက်တပ်ဆင်ပေးခြင်း (mechanical ventilation)
  • ဆေးများဖြင့် ကုသခြင်း
    • ပြင်းထန်သော ရောဂါဝေဒနာခံစားနေရသူများတွင် စတီးရွိုက်ဆေးများ (Dexamethasone, Methylprednisolone)၊ ခုခံအားစနစ် ထိန်းညှိပေးသောဆေးဝါးများ (Immunomodulators – Baricitinib, Tocilizumab) အစရှိသည့် ဆေးဝါးများဖြင့် ကုသမှုခံယူရန် လိုအပ်နိုင်သည်
    • အချို့သော ကိုယ်ခံအား အလွန်ချို့တဲ့သူများအတွက် ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်နိုင်ရန် Monoclonal antibody (Pemivibart) ကဲ့သို့သော ဆေးဝါးများကို အသုံးပြုနိုင်ရန် သုတေသနများ ဆက်လက်ပြုလုပ်နေသည်
  • ကိုဗစ် ၁၉ ရောဂါ ပြန်လည် ကောင်းမွန်လာသူများထံမှ အလှူခံရရှိသည့် ပဋိပစ္စည်းပါဝင်သော သွေးရည်ကြည်သွင်း ကုသခြင်း (Convalescent plasma)
  • အလွန်ပြင်းထန်သော အခြေအနေများတွင် စက်၏အကူအညီဖြင့် နှလုံးနှင့် အဆုတ်၏လုပ်ငန်းများကို ကူညီလုပ်ဆောင်ခြင်း (Extracorporeal membrane oxygenation)
  • နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ပြဿနာများကို ကုသခြင်း (ဥပမာ_နှလုံး၊ ကျောက်ကပ်တို့ကို ထိခိုက်လျှင် ကုသမှုပေးခြင်း၊ သွေးခဲခြင်းကို ကုသခြင်း) တို့ ဖြစ်ကြသည်။

ကိုဗစ် ၁၉ ကြောင့် သေဆုံးသူအများစုတွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါစသည့် အခံရောဂါများ၏ နောက်ဆက်တွဲဆိုးကျိုးမျာနှင့် ဆက်စပ်မှုကိုတွေ့ရှိရသဖြင့် လူနာ၏အခံရောဂါများကို ထိန်းချုပ်နိုင်ရေးသည်လည်း အရေးကြီးသည်။

ကာကွယ်ခြင်း

အသက် (၆) လနှင့်အထက် ရှိသူတိုင်းကို ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး (Covid-19 Vaccination) ထိုးရန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဌာန (Centers for Disease Control and Prevention – CDC) မှ သတ်မှတ်ထားသည်။ ကိုဗစ် ၁၉ ရောဂါ အရေးပေါ်အဆင့် ပြီးဆုံးသွားသော်လည်း ဗိုင်းရပ်စ်ပိုးမှာ ပြည်သူများအကြားတွင် ဆက်လက်ရှိနေသည်။ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုကို လျော့ကျစေနိုင်သည်။ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး အမျိုးအစားများဖြစ်သော Pfizer-BioNTech၊ Moderna၊ Novavax၊ Oxford/AstraZeneca၊ Sinopharm၊ Sinovac၊ Janssen အစရှိသည့် ကာကွယ်ဆေးအမျိုးအစားများကို ယခင်က အသုံးပြုခဲ့ကြသည်။

ကိုဗစ် (၁၉) ရောဂါကာကွယ်ဆေးနှင့် ပတ်သတ်၍ အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟို၎ာနမှ နောက်ဆုံးထုတ်ပြန်ချက်များအရ လက်ရှိပျံ့နှံ့နေသော ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲများကို ထိရောက်စွာအကောင်းဆုံး ကာကွယ်နိုင်ရန် ၂၀၂၄-၂၀၂၅ ခုနှစ် ကိုဗစ်ကာကွယ်ဆေးများကို အသစ်ထပ်မံထုတ်လုပ်ထားကြောင်းနှင့် ထိုကာကွယ်ဆေးများကို ထပ်ဆောင်းထိုးထားရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၄-၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးများသည် လက်ရှိပျံ့ပွားနေသော အိုမီခရွမ်ဗိုင်းရပ်စ်၏ မျိုးစိတ်ကွဲတစ်ခုဖြစ်သည့် ( JN. 1/ XBB. 1.5) မျိုးစိတ်ကို ဦးတည်ထုတ်လုပ်ထားသော အမျိုးအစားဖြစ်သည်။

၂၀၂၄-၂၀၂၅ ကိုဗစ်ကာကွယ်ဆေး အမျိုးအစားများမှာ_

  • 2024-2025 Moderna COVID-19 Vaccine (အသက် ၆ လမှစ၍ စတင်ထိုးနှံနိုင်သည်)
  • 2024 – 2025 Pfizer-BioNTech COVID-19 Vaccine (အသက် ၆ လမှစ၍ စတင်ထိုးနှံနိုင်သည်)
  • 2024 – 2025 Novavax COVID-19 Vaccine (အသက် ၁၂ နှစ်မှစ၍ စတင်ထိုးနှံနိုင်သည်) တို့ဖြစ်ကြသည်။

ထိုကာကွယ်ဆေးများသည် တစ်မျိုးနှင့်တစ်မျိုး ထုတ်လုပ်ထားပုံခြင်း မတူညီပါ။ နေရာဒေသနှင့် ရရှိနိုင်သော ဆေးအမျိုးအစားပေါ် မူတည်၍ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ထိုးရန်လိုအပ်သည်။ ကာကွယ်ဆေးများသည် အသက်အပိုင်းအခြားနှင့် ကိုယ်ခံအားပေါ် မူတည်၍ ထိုးရသည့် အကြိမ်အရေအတွက် ကွာခြားမှုများ ရှိနိုင်သည်။

ကာကွယ်ဆေးထိုးခြင်းအပြင် ကိုဗစ် ၁၉ ပျံ့နှံ့သည့်အချိန်တွင် အောက်ဖော်ပြပါအချက်များကို မဖြစ်မနေ လိုက်နာရန် လိုအပ်သည်။

  • လက်ကို အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် မကြာခဏ ဆေးပါ
  • နှာခေါင်း၊ ပါးစပ်နှင့် မေးစေ့ကို ဖုံးအုပ်နိုင်သော မိမိမျက်နှာနှင့် အံဝင်ခွင်ကျဖြစ်သည့် အလွှာများဖြင့် ပြုလုပ်ထားသော နှာခေါင်းစည်းကို တပ်ဆင်ပါ
  • နှာချေ၊ ချောင်းဆိုးသည့် အခါတိုင်း ပါးစပ်နှင့် နှာခေါင်းကို တစ်ရှူးဖြင့် အုပ်၍ဆိုးပြီး၊ ထိုတစ်ရှူးကို ထိုသို့ဆိုးပြီးသည်နှင့်တစ်ပြိုင်နက် အမှိုက်ပုံးထဲသို့ထည့်ပါ၊ ထို့နောက် လက်ကို သေချာစွာ ဆေးရမည်
  • ရေနှင့် ဆပ်ပြာ မရရှိနိုင်သောနေရာများတွင် အရက်ပြန် (၆၀) ရာခိုင်နှုန်း ပါဝင်သော လက်သန့်စင်ဆေးရည်ကို အသုံးပြုပါ
  • နှာ‌စေး၊ ချောင်းဆိုး၊ ဖျားနာနေသူများနှင့် အနည်းဆုံး (၆) ပေအကွာတွင် နေပါ၊ ဖျားနေလျှင် အိမ်၌ သီးသန့်နေပါ
  • ကိုယ်ခံအားနည်းသောသူများ၊ သက်ကြီးရွယ်အိုများနှင့် အခံရောဂါရှိသူများဖြစ်ပါက လူစည်ကားရာအရပ်များသို့ သွားခြင်းမှ ရှောင်ကြဥ်ပါ
  • ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော နည်းလမ်းများကို စနစ်တကျလိုက်နာပါ
  • ကိုယ်ခံအားကောင်းမွန်စေရန် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များစားခြင်း၊ အရည်များများသောက်ခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်းနှင့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းများ ပြုလုပ်ရန် လိုအပ်သည်။
    (မှတ်ချက်။ ။ ကိုဗစ် ၁၉ ရောဂါသည် လုံးဝကင်းစင်ပပျောက်ပြီးသွားခြင်း မဟုတ်ကြောင်း သတိပြုစေလိုပါသည်)

References:

  1. World Health Organization. (n.d.). Coronavirus disease (COVID-19). Retrieved October 23, 2025, from https://www.who.int/emergencies/diseases/novel-coronavirus-2019
  2. World Health Organization. (2025). Disease outbreak news: Coronavirus disease (COVID-19) — update. Retrieved October 23, 2025, from https://www.who.int/emergencies/disease-outbreak-news/item/2025-DON572
  3. Centers for Disease Control and Prevention. (n.d.). Coronavirus (COVID-19). Retrieved October 23, 2025, from https://www.cdc.gov/coronavirus/2019-ncov/index.html
  4. Centers for Disease Control and Prevention. (n.d.). COVID-19 vaccines: Stay up to date. Retrieved October 23, 2025, from https://www.cdc.gov/covid/vaccines/stay-up-to-date.html
  5. Centers for Disease Control and Prevention. (n.d.). Long COVID: Signs and symptoms. Retrieved October 23, 2025, from https://www.cdc.gov/long-covid/signs-symptoms/index.html
  6. Infectious Diseases Society of America. (n.d.). COVID-19 guideline: Treatment and management. Retrieved October 23, 2025, from https://www.idsociety.org/practice-guideline/covid-19-guideline-treatment-and-management/
  7. Cleveland Clinic. (n.d.). Coronavirus (COVID-19). Retrieved October 23, 2025, from https://my.clevelandclinic.org/health/diseases/21214-coronavirus-covid-19
  8. Mayo Clinic. (n.d.). Coronavirus (COVID-19): Symptoms and causes. Retrieved October 23, 2025, from https://www.mayoclinic.org/diseases-conditions/coronavirus/symptoms-causes/syc-20479963

Published: 26 October 2024

Last updated: 3 January 2026

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.