Psychotic disorders (စိတ်ဖောက်ပြန်ရောဂါများ)

Psychotic disorders (စိတ်ဖောက်ပြန်ရောဂါများ)

စိတ်ဖောက်ပြန်ရောဂါများ (Psychotic disorders) ဆိုသည်မှာ စိတ်အခြေအနေကို ထိခိုက်စေသည့် ပြင်းထန်သော ရောဂါအခြေအနေများကို ပေါင်းစည်းဆိုလိုခြင်းဖြစ်သည်။ စိတ်ဖောက်ပြန်ရောဂါ တစ်မျိုးမျိုးခံစားရပါက စဥ်းစားတွေးခေါ်ခြင်း၊ ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ စိတ်ခံစားခြင်း၊ တုံ့ပြန်ခြင်း၊ ပြောဆိုဆက်ဆံခြင်း၊ အခြေအနေမှန်ကို သဘောပေါက်နားလည်ခြင်း၊ ပြုမူပြောဆိုခြင်း စသည်တို့ကို ထိခိုက်လာတတ်သည်။ ရောဂါလက္ခဏာများ ပြင်းထန်ပါက ပကတိအခြေအနေမှန်ကို သိရှိနိုင်ရန်ပင် အခက်အခဲ ဖြစ်လာတတ်ပြီး နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ကိုင်နိုင်ခြင်း မရှိတော့သည်အထိပင် ဖြစ်လာနိုင်သည်။

စိတ်ဖောက်ပြန်ရောဂါများကို ရောဂါလက္ခဏာများ၊ ခံစားနေရသည့်ကာလ၊ ဖြစ်ပေါ်စေသည့် အကြောင်းရင်း၊ စသည်တို့အပေါ်မူတည်ပြီး အမျိုးအစားခွဲခြားသတ်မှတ်ကြသည်။ စိတ်ဖောက်ပြန် ရောဂါအမျိုးအစားများစွာ ရှိသည်။

စိတ်ဖောက်ပြန်ရောဂါအမျိုးအစားများ
  • စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia)
    • လှုံ့ဆော်မှုမဲ့အာရုံမှားများ (Hallucinations) နှင့် ယုံမှားမှုစွဲမြဲလွန်ကဲခြင်း (Delusion) ခံစားရခြင်း၊ အပြောအဆို၊ အပြုအမူများ ပြောင်းလဲလာခြင်း၊ စသည်တို့ကို (၆) လထက် ပိုမိုခံစားလာရပါက စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia) ခံစားနေရနိုင်သည်ဟု သတ်မှတ်နိုင်သည်
    • ဤရောဂါခံစားရသူများတွင် ပေါင်းသင်းဆက်ဆံရေး ထိခိုက်လာခြင်း၊ လုပ်ဆောင်နေကျ လုပ်ငန်းခွင်၊ အိမ်မှုကိစ္စ၊ ပညာရေး၊ လူမှုရေးဆောင်ရွက်ချက်များ၊ စသည်တို့ကို လျစ်လျူရှုလာခြင်း၊ စွမ်းဆောင်ရည်များ ကျဆင်းလာခြင်း၊ ပြဿနာများဖြစ်လာခြင်း စသည်တို့ တွေ့ရတတ်သည် (အခြားရောဂါလက္ခဏာများလည်း ရှိသည်)
  • အချိန်ကာလတိုခံစားရသည့်စိတ်ဖောက်ပြန်ရောဂါ (Brief psychotic disorder)
    • စိတ်ဖောက်ပြန်လက္ခဏာများ ရုတ်တရက်ဖြစ်ပေါ်ခံစားလာရပြီး ကာလတိုအတွင်း (တစ်လခန့်အတွင်း) ပြန်လည်သက်သာ ကောင်းမွန်သွားတတ်သည့် အနေအထားဖြစ်သည်
    • များသောအားဖြင့် အလွန်အမင်း စိတ်ဖိစီးမှုဖြစ်စေသည့် အဖြစ်အပျက်တစ်ခုခု ကြုံတွေ့ရပြီးနောက်တွင် ဖြစ်ပေါ်လာတတ်သည်
  • စိတ်ကစဥ့်ကလျားသဏ္ဌာန် စိတ်ဖောက်ပြန်ရောဂါ (Schizophreniform disorder)
    • စိတ်ကစဥ့်ကလျားရောဂါကဲ့သို့ လက္ခဏာများကို (၁)လ မှ (၆)လခန့်အတွင်း ခံစားနေရပါက စိတ်ကစဥ့်ကလျားသဏ္ဌာန် စိတ်ဖောက်ပြန်ရောဂါဟု သတ်မှတ်ထားနိုင်သည်
  • ယုံမှားမှုစွဲမြဲလွန်ကဲခြင်းရောဂါ (Delusional disorder)
    • ဤရောဂါ၏ အဓိကလက္ခဏာမှာ ယုံမှားမှုစွဲမြဲလွန်ကဲခြင်း ဖြစ်သည်၊ ရောဂါလက္ခဏာများ (၁) လခန့် ခံစားလာရပါက ဤရောဂါဖြစ်နေနိုင်သည်ဟု သတ်မှတ်နိုင်သည်
    • ယုံမှားမှု စွဲမြဲလွန်ကဲခြင်း အနေအထား အမျိုးမျိုးရှိသည်
  • စိတ်ကစဥ့်ကလျားဖြစ်စဥ်နှင့် စိတ်ခံစားချက်ဆိုင်ရာဝေဒနာရောယှက်နေသည့်ရောဂါ [Schizoaffective disorder]
    • ဤရောဂါတွင် စိတ်ကစဥ့်ကလျား ရောဂါလက္ခဏာများ ခံစားရသကဲ့သို့ စိတ်ကြွခြင်း၊ စိတ်ကျခြင်း စသည့် စိတ်ခံစားချက်ဆိုင်ရာ ရောဂါလက္ခဏာများလည်း ခံစားရသည်
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ၊ ကုသမှုဆိုင်ရာ ဆေးဝါးများ (ဥပမာ _ စတီးရွိုက်ပါဝင်သော ဆေးများ၊ ပါကင်ဆန်ရောဂါကုသသည့် အချို့ဆေးများ) ကြောင့်ဖြစ်ပေါ် လာသော စိတ်ဖောက်ပြန်ရောဂါ (Substance/medication-induced psychotic disorder)
  • ရုပ်ပိုင်းဆိုင်ရာရောဂါတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော စိတ်ဖောက်ပြန်ရောဂါ (Psychotic disorder due to another medical condition)

ယခုဖော်ပြခဲ့သော စိတ်ဖောက်ပြန်ရောဂါ အမျိုးအစားများအပြင် အခြားသော စိတ်ဖောက်ပြန်ရောဂါ အမျိုးအစားများလည်း ရှိသေးသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

စိတ်ဖောက်ပြန်ရောဂါ ဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းခံ များစွာရှိသည်။ အဆိုပါ အ‌ကြောင်းရင်းခံများတွင် အောက်ပါအခြေအနေတို့ ပါဝင်သည်။

  • မျိုးဗီဇ (Genetics)
    • စိတ်ဖောက်ပြန်ရောဂါများသည်မျိုးဗီဇ၏ လွှမ်းမိုးမှုများတတ်သော ရောဂါများဖြစ်သည်၊ သို့သော် မျိုးဗီဇရာဇဝင် မရှိဘဲနှင့်လည်း ရောဂါခံစားရနိုင်သည်
  • ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများ (Neurotransmitters) အခြေအနေ
    • ဦးနှောက်အတွင်းရှိ Dopamine၊ Serotonin၊ Glutamate၊ Gama Amino Butyric Acid (GABA) စသည့် ဓာတုပစ္စည်းများ မညီမျှခြင်းနှင့် စိတ်ဖောက်ပြန်ရောဂါများ ဆက်နွှယ်မှုရှိသည်
  • စိတ်ဖိစီးမှုဖြစ်စေသော ဘဝဖြစ်စဥ်များ (Stressful life events)
    • အချို့သောသူများတွင် စိတ်ဖိစီးမှုဖြစ်စေသော ဘဝဖြစ်စဥ်များကြုံတွေ့ရပြီး စိတ်ဖောက်ပြန် ရောဂါခံစားလာရနိုင်သည်
  • ရုပ်ပိုင်းဆိုင်ရာရောဂါများ
    • အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) နှင့် အခြားအသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းသောရောဂါ (Dementia) များ၊ ပါကင်ဆန်ရောဂါ (Parkinson’s Disease)၊ ဦးခေါင်းဒဏ်ရာရရှိခြင်း၊ လေဖြတ်ခြင်းစသည်တို့ အပါအဝင် အခြား ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများ
    • သိုင်းရွိုက်ဟော်မုန်းလွန်ကဲရောဂါ (Hyperthyroidism)၊ သိုင်းရွိုက်ဟော်မုန်းကျဆင်းရောဂါ (Hypothyroidism)၊ Addison’s diseaseCushing’s disease တို့ကဲ့သို့ ဟော်မုန်းဆိုင်ရာ ရောဂါများ
    • ခုခံအားကျကူးစက်ရောဂါ (AIDS)၊ ဆစ်ဖလစ်ရောဂါ (ကာလသားရောဂါ) (Syphilis) နှင့် ဦးနှောက်အတွင်း အခြား ရောဂါပိုးများဝင်ခြင်း၊ ဦးနှောက်ရောင်ခြင်း
    • Systemic Lupus Erythematosus ရောဂါအပါအဝင် အခြားကိုယ်ခံအား မူမမှန်တုံ့ပြန်မှုနှင့် ဆိုင်သောရောဂါများ (Autoimmune)
    • သိုင်ယာမင်းဓါတ် (Vitamin B-1) ချို့တဲ့မှုနှင့် ဆက်နွှယ်သော Wernicke-Korsakoff syndrome စသည်တို့ကြောင့်လည်း စိတ်ဖောက်ပြန်ရောဂါ ဖြစ်ပေါ်လာနိုင်သည် (အခြားသော ရုပ်ပိုင်းဆိုင်ရာရောဂါများလည်း ရှိသေးသည်)
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ (ဥပမာ _ လှုံ့ဆော်မှုမဲ့အာရုံမှားများ ဖြစ်ပေါ်စေနိုင်သည့်ဆေးများ (Hallucinogens)၊ အမ်ဖက်တမင်းကဲ့သို့ စိတ်ကြွဆေးအမျိုးအစားများ (Amphetamine Type of Stimulants)၊ ကုသမှုဆိုင်ရာ ဆေးဝါးများ (ဥပမာ _ စတီးရွိုက်ပါဝင်သော ဆေးများ၊ ပါကင်ဆန်ရောဂါ ကုသသည့် အချို့ဆေးများ) ကြောင့်လည်း စိတ်ဖောက်ပြန်ရောဂါများ ဖြစ်လာနိုင်သည်
ရောဂါလက္ခဏာများ

စိတ်ဖောက်ပြန်ရောဂါများတွင် အဓိကတွေ့ရသော ရောဂါလက္ခဏာ (၂) ခုမှာ လှုံ့ဆော်မှုမဲ့အာရုံမှားများ ခံစားရခြင်း (Hallucination) နှင့် ယုံမှားမှုစွဲမြဲလွန်ကဲခြင်း (Delusion) တို့ဖြစ်သည်။ အဆိုပါရောဂါ လက္ခဏာ (၂) ခု ၏ အနေအထား၊ ပြင်းထန်မှု၊ စိတ်ဖောက်ပြန်ရောဂါ အမျိုးအစား စသည်တို့အပေါ် မူတည်ပြီး အခြားရောဂါလက္ခဏာများလည်း ဖြစ်ပေါ်လာတတ်သည်။

  • လှုံ့ဆော်မှုမဲ့အာရုံမှား (Hallucination) များခံစားရခြင်း
    • အာရုံခံစားမှုလွဲမှားသဖြင့် ပြင်ပမှလှုံ့ဆော်မှုမရှိဘဲ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့ ဆိုသည့် အာရုံ (၅) ပါး အနက် တစ်မျိုးမျိုးတွင် အမှန်တကယ် ဖြစ်နေသကဲ့သို့ ခံစားရခြင်း ကိုဆိုလိုသည် [ဥပမာ _ အမှန်တကယ် ပြောဆိုနေသူမရှိဘဲ စကားပြောသံများ ကြားနေရခြင်း (Auditory hallucination)]
    • လှုံ့ဆော်မှုမဲ့အမြင်အာရုံမှား (Visual hallucination)၊ လှုံ့ဆော်မှုမဲ့အနံ့အာရုံမှား (Olfactory hallucination)၊ လှုံ့ဆော်မှုမဲ့အရသာအာရုံမှား (Gustatory hallucination)၊ လှုံ့ဆော်မှုမဲ့ အထိအတွေ့ အာရုံမှား (Tactile hallucination) စသည့် လက္ခဏာများလည်း ခံစားရနိုင်သည်။
  • ယုံမှားမှုစွဲမြဲလွန်ကဲခြင်း (Delusion)
    • ယုံမှားမှုစွဲမြဲလွန်ကဲခြင်း အမျိုးအစားများစွာရှိသည်၊ ဥပမာ_
      • ယုံမှားမှုစွဲမြဲလွန်ကဲစွာ ဘဝင်မြင့်လွန်းနေခြင်း (Grandiose delusion)
      • မိမိ၏ ချစ်သူ၊ အိမ်ထောင်ဖက်သည် မိမိအပေါ်တွင် သစ္စာမရှိ၊ ဖောက်ပြန်နေသည်ဟု ယုံမှားမှု စွဲမြဲလွန်ကဲစွာ မှတ်ယူထားခြင်း (Delusional jealousy/Delusion of infidelity)
      • ပတ်ဝန်းကျင်က မိမိကိုအန္တရာယ်ပြုလိုသည်၊ ကောက်ကျစ်နေသည်၊ မကောင်းကြံစည်နေသည်၊ မိမိ၏လုပ်ဆောင်မှုများကို ဟန့်တားနှောင့်ယှက်နေသည်ဟု ယုံမှားမှု စွဲမြဲလွန်ကဲစွာ မှတ်ယူထားခြင်း (Paranoid or persecutory delusion)
      • အခြားသော ယုံမှားမှုစွဲမြဲလွန်ကဲခြင်း အမျိုးအစားများလည်းရှိသည်

အခြားရောဂါလက္ခဏာများ

အထက်ဖော်ပြပါ ရောဂါလက္ခဏာများအပြင်_

  • စဥ်းစားတွေးခေါ်မှုများ ခက်ခဲထိခိုက်လာခြင်း၊ ရောထွေးလာတတ်ခြင်း
  • စကားအပြောအဆို မဆီလျော်ခြင်း၊ ဆက်စပ်မှုမရှိခြင်း၊ စကားပြောဆိုမှု လျော့နည်းလာခြင်း၊ စကားပြော များလာခြင်း
  • အပြုအမူများ ပုံမှန်မဟုတ်ခြင်း (ဥပမာ _ ဂနာမငြိမ်ခြင်း၊ လှုပ်ရှားမှုများ လျော့နည်းလာခြင်း၊ မလှုပ်ရှားဘဲ နေတတ်ခြင်း၊ အဆက်အစပ်မရှိသော အပြုအမူများ လုပ်ဆောင်ခြင်း၊ အမှန်တကယ် ပြောဆိုနေသူ မရှိသော်လည်း စကားပြောသံ ကြားနေရခြင်းကို ပြန်လည်တုံ့ပြန်သည့်အခါ၊ အများအမြင်တွင် တစ်ဦးတည်း စကားပြောနေသလိုဖြစ်နေခြင်း စသည်ဖြင့်)
  • စိတ်ခံစားချက်များ ထိခိုက်ပျက်ယွင်းခြင်း၊ စိတ်ဝင်စားမှုကင်းမဲ့သလို ဖြစ်နေတတ်ခြင်း၊ ဒေါသလွန်ကဲတတ်ခြင်း
  • အိပ်မပျော်ခြင်း၊ ကယောင်ကတမ်းဖြစ်သည့် အခြေအနေတွင် အိပ်စက်နိုးထမှုဖြစ်စဥ် (Sleep-wake cycle) ပြောင်းလဲသွားနိုင်ခြင်း
  • လုပ်ဆောင်နေကျ လုပ်ငန်းခွင်၊ အိမ်မှုကိစ္စ၊ ပညာရေး၊ လူမှုရေးဆောင်ရွက်ချက်များကို လျစ်လျူရှုလာခြင်း၊ စွမ်းဆောင်ရည် ကျဆင်းလာခြင်း၊ ပြဿနာများ ဖြစ်လာခြင်း
  • လူမှုရေး စိတ်ဝင်စားမှု၊ ပေါင်းသင်းဆက်ဆံရေး ပုံစံများ ပြောင်းလဲလာခြင်း၊ ထိခိုက်လာခြင်း
  • တစ်ကိုယ်ရေသန့်ရှင်းမှု ထိန်းသိမ်းခြင်း လျော့နည်းလာခြင်း၊ ဖိုသီဖတ်သီ နေတတ်လာခြင်း
  • မိမိနှင့် သူတစ်ပါးအတွက် ထိခိုက်မှု၊ အန္တရာယ်ဖြစ်လာနိုင်ခြင်း
  • မိမိတွင် စိတ်ကျန်းမာရေး ပြဿနာရှိနေသည်ကို လက်သင့်မခံတတ်ခြင်း၊ စသည့်အခြေအနေများ လည်းတွေ့ရှိနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

စိတ်ဖောက်ပြန်ရောဂါ အမျိုးအစား၊ ပြင်းထန်မှု၊ စိတ်ဖောက်ပြန်ခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းရင်း စသည်တို့အပေါ် မူတည်သည်။

  • အပြောအဆို၊ အပြုအမူများ ပုံမှန်မဟုတ်ခြင်း
  • လူမှုပေါင်းသင်းဆက်ဆံရေး ထိခိုက်လာခြင်း
  • လုပ်ငန်းစွမ်းဆောင်ရည်များ ထိခိုက်ကျဆင်းလာခြင်း
  • ဝင်ငွေ၊ အလုပ်အကိုင် ထိခိုက်လာခြင်း
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲလာခြင်း၊ ပိုမိုသုံးစွဲလာခြင်း
  • အချို့သော စိတ်ဖောက်ပြန်ရောဂါများတွင် နောက်ဆက်တွဲ စိတ်ကျဝေဒနာ ခံစားရတတ်ခြင်း
  • ကိုယ့်ကိုယ်ကို အန္တရာယ်ပြုခြင်း၊ အဆုံးစီရင်ခြင်း၊ သူတစ်ပါးကို ထိခိုက်အောင် လုပ်ဆောင်ခြင်းတို့ ဖြစ်လာနိုင်ခြေရှိခြင်း
  • မိမိတွင် စိတ်ကျန်းမာရေး ပြဿနာရှိနေသည်ကို လက်သင့်မခံခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားရသူများတွင် တွေ့ကြုံရတတ်သည့် လူမှုဂုဏ်သိက္ခာစွန်းထင်းမှု နှင့် နှိမ့်ချခွဲခြားဆက်ဆံခံရတတ်မှု (Stigma and Discrimination) များ စသည်တို့ကြောင့် ကုသမှုမခံယူခြင်း၊ အချိန်ကာလကြာမြင့်မှသာ ကုသမှုခံယူခြင်း စသည်တို့သည် သတိပြုရမည့် အခြေအနေများဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

စိတ်ဖောက်ပြန်ရောဂါ တစ်မျိုးမျိုးခံစားနေရသူများတွင် ကုသမှုမခံယူလိုသည့် အခက်အခဲပြဿနာများ ရှိတတ်ကြသည်။ တတ်ကျွမ်းနားလည်သူများနှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ကာယကံရှင်နှင့် အခြားသူများကို ထိခိုက်နိုင်သည့် အခြေအနေများရှိခြင်း၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန်၊ အဆုံးစီရင်ရန် အတွေးစိတ်ကူး၊ အကြံအစည်၊ လုပ်ဆောင်ခြင်းများရှိပါက အရေးပေါ်ကုသမှု ခံယူရန် လိုအပ်သည်။

ရောဂါအခြေအနေ ပြင်းထန်မှု၊ ရောဂါအမျိုးအစား ခွဲခြားသတ်မှတ်ရန် လိုအပ်နိုင်မှု စသည့် အခြေအနေများ အပေါ်မူတည်ပြီး စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ထံ ညွှန်းပို့လွှဲပြောင်းကုသရန် လိုအပ်နိုင်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင် သေချာစွာစစ်ဆေး မေးမြန်းခြင်း၊ ကာယကံရှင်အကြောင်း ပြောပြနိုင်သည့် မိသားစုဝင်၊ မိတ်ဆွေများထံမှ သိလိုချက်များ မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း၊ အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ဖြင့် စိတ်ဖောက်ပြန်ရောဂါများ၊ စိတ်ဖောက်ပြန်ရောဂါ ဖြစ်စေနိုင်သော အကြောင်းရင်းခံများကို ရောဂါဖော်ထုတ် သတ်မှတ်နိုင်သည်။

ကုသခြင်း

စိတ်ဖောက်ပြန်ရောဂါများကို ထိရောက်စွာ ကုသမှုခံယူရန်လိုအပ်သည်။ ရောဂါအခြေအနေပေါ်မူတည်ပြီး ဆေးဝါးများဖြင့်ကုသမှု၊ စိတ်ပိုင်းဆိုင်ရာကုထုံး၊ အခြားကုသမှုများ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ အကြောင်းရင်းများကို ကုသမှု၊ စသည်တို့ကို လိုအပ်သလို ပေါင်းစပ်ဆောင်ရွက်ပေးရသည်။

ဆေးဝါးများဖြင့်ကုသခြင်း (Pharmacotherapy)
တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန်လိုအပ်သည်။
ဆေးဝါးများဖြင့်ကုသရာတွင် စိတ်ဖောက်ပြန်ရောဂါ ကုသဆေးများ (Antipsychotics) ကို အဓိက အသုံးပြုရသည်။ ရောဂါအခြေအနေပေါ်မူတည်ပြီး စိတ်အခြေအနေ ထိန်းညှိဆေးများ (Mood Stabilizers)၊ စိတ်ငြိမ်ဆေးများ (Anxiolytics)၊ စိတ်ကျရောဂါ ကုသဆေးများ (Antidepressants) ကိုလည်း လိုအပ်သလို ပေါင်းစပ်ပေးရတတ်သည်။

ကာယကံရှင်၏အခြေအနေ၊ ခံစားနေရသော ရောဂါလက္ခဏာများ၊ ရောဂါပြင်းထန်မှု၊ အတူဖြစ်ပေါ် နေသည့် ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ ရှိမရှိ၊ စသည့်အချက်အလက်များ အပေါ်မူတည်ပြီး ဆေးအမျိုးအစား၊ ပမာဏ စသည်တို့ကို ရွေးချယ်ရသည်။

ဆေးအမျိုးအစားပမာဏ ချိန်ညှိခြင်း၊ ပြောင်းလဲခြင်း၊ ဆေးဝါးများ ရပ်တန့်ခြင်း စသည်တို့ ပြုလုပ်ရန်အတွက် နောက်ဆက်တွဲပြန်လည်ပြသရန် (Follow-up)၊ စွဲမြဲစွာကုသမှု ဆက်လက်ခံယူရန် အရေးကြီးသည်။

စိတ်ကုထုံးနည်း (Psychotherapy)
စိတ်ဖောက်ပြန်ရောဂါ အခြေအနေ၊ ပြင်းထန်မှု စသည်တို့အပေါ်မူတည်ပြီး လုပ်ဆောင်ပေးရသည်။ ကူညီပံ့ပိုးပေးသည့် စိတ်ကုထုံး (Supportive psychotherapy)၊ ဆက်ဆံရေးပြုပြင်မှုကုထုံး (Interpersonal Psychotherapy)၊ အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive-Behavioural Therapy (CBT)) စသည်တို့အပြင် စိတ်ကုထုံး အမျိုးအစားများစွာ ရှိကြသည်။ ရောဂါအခြေအနေပေါ် မူတည်ပြီး ကာလတာရှည် ကုသမှုခံယူရန် လိုအပ်နိုင်သည်။

အခြားကုသမှုအမျိုးအစားများ
စိတ်ဖောက်ပြန်ရောဂါ အမျိုးအစား၊ ရောဂါပြင်းထန်မှု၊ ကုသမှုစွမ်းအားအရင်းအမြစ် ရရှိနိုင်မှုတို့အပေါ် မူတည်ပြီး ဦးနှောက်အတွင်း လျှပ်စီးလှိုင်းများကို လိုအပ်သလို ပြုပြင်ပြောင်းလဲပေးသည့်ကုထုံး (Electroconvulsive Therapy (ECT))၊ Deep Brain Stimulation (DBS)၊ Transcranial Magnetic Stimulation (TMS) ၊ စသည့်ကုထုံးများကိုလည်း အသုံးပြုနိုင်သည်။

အဆိုပါကုသမှုများအပြင်

  • လုပ်ငန်းစွမ်းဆောင်ရည်များ ပြန်လည်ကောင်းမွန် တိုးတက်လာစေရန် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ လုပ်ဆောင်ပေးမှုများ (Psychosocial interventions) လိုအပ်သလို စီစဥ်ဆောင်ရွက်ပေးခြင်း
  • ရုပ်ပိုင်းဆိုင်ရာရောဂါများ ပူးတွဲရှိနေပါက ပြုစုကုသခြင်း
  • ကာယကံရှင်၊ မိသားစု၊ နှင့် ပြုစုစောင့်ရှောက်သူများအား ရောဂါအခြေအနေ၊ ကုသမှု၊ ကုသမှုစွဲမြဲစွာ ခံယူခြင်း စသည်တို့နှင့် သက်ဆိုင်သည့် စိတ်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း (Psychoeducation)
  • လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆန့်လာစေရန် လုပ်ဆောင်ပေးခြင်းတို့လည်း လိုအပ်သည်။

ဆေးရုံတွင်ကုသခြင်း

  • ကာယကံရှင်နှင့် အခြားသူများအတွက် အန္တရာယ်ဖြစ်နိုင်ခြေရှိခြင်း
  • ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန် ၊အဆုံးစီရင်ရန် အကြံအစည်၊ လုပ်ဆောင်ခြင်းများ ရှိခြင်း
  • ရောဂါပြင်းထန်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်မှု မပြုနိုင်ခြင်း၊ ပြုစုစောင့်ရှောက်မည့် လူမှုအသိုက်အဝန်း မရှိခြင်း
  • ဆေးရုံတွင်သာရရှိနိုင်မည့် ကုသမှုအမျိုးအစား လိုအပ်သည့် အခြေအနေဖြစ်ခြင်း တို့သည် ဆေးရုံတွင် ကုသရန်လိုအပ်သည့် အခြေအနေများဖြစ်သည်။
ကာကွယ်ခြင်း

စိတ်ဖောက်ပြန်ရောဂါ ဖြစ်လာနိုင်ခြေကို အတိအကျခန့်မှန်း၍ မရနိုင်ပါ။

သို့သော်လည်း

  • စိတ်ဖိစီးမှုများ လျှော့ချခြင်း
  • ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ခြင်း
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများသုံးစွဲမှုကို ရှောင်ကြဥ်ခြင်း၊ စသည်တို့ဖြင့် အတိုင်းအတာတစ်ခုအထိ ကာကွယ်မှုရစေနိုင်သည်။

ထို့အပြင် စိတ်ဖောက်ပြန်ရောဂါ လက္ခဏာများ အစပျိုးလာခြင်းကို ဆောလျင်စွာသတိပြုမိပြီး ရောဂါအကြောင်းရင်းကို ထိရောက်စွာ ကုသမှုရယူခြင်းသည် စိတ်ဖောက်ပြန်ရောဂါ ခံစားရခြင်းနှင့် ဆိုးကျိုးဆက်များကို ကာကွယ်တားဆီးရေးအတွက် အဓိကကျသည့်အချက်ဖြစ်သည်။

References:

  1. American Psychiatric Association. (2013). Diagnostic and statistical manual of mental disorders (5th ed.). https://doi.org/10.1176/appi.books.9780890425787
  2. Cleveland Clinic. (n.d.). Psychosis: Symptoms. Retrieved August 26, 2025, from https://my.clevelandclinic.org/health/symptoms/23012-psychosis
  3. WebMD. (n.d.). Psychotic disorders: Overview and symptoms. Retrieved August 26, 2025, from https://www.webmd.com/schizophrenia/mental-health-psychotic-disorders
  4. World Health Organization. (n.d.). Psychosis and bipolar disorders. Retrieved August 26, 2025, from https://www.who.int/teams/mental-health-and-substance-use/treatment-care/mental-health-gap-action-programme/evidence-centre/psychosis-and-bipolar-disorders

Published: 30 August 2024

Last updated: 30 November 2025

Share

30 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.