Hallucination (လှုံ့ဆော်မှုမဲ့အာရုံမှား)

Hallucination (လှုံ့ဆော်မှုမဲ့အာရုံမှား)

လှုံ့ဆော်မှုမဲ့အာရုံမှား (Hallucination) ဆိုသည်မှာ အာရုံခံစားမှု လွဲမှားသဖြင့် ပြင်ပမှ လှုံ့ဆော်မှုမရှိဘဲ အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ဆိုသည့် အာရုံ (၅) ပါးအနက် တစ်မျိုးမျိုးတွင် အမှန်တကယ်ဖြစ်ပေါ်နေသကဲ့သို့ ခံစားရခြင်းကို ဆိုလိုသည်။ လှုံ့ဆော်မှုမဲ့အာရုံမှားဆိုသည်မှာ ရောဂါလက္ခဏာတစ်ခုဖြစ်သည်။

လှုံ့ဆော်မှုမဲ့အာရုံမှား ရောဂါလက္ခဏာသည် စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia) ကဲ့သို့သော စိတ်ဖောက်ပြန်ခြင်းနှင့် ဆက်နွှယ်သည့်ရောဂါများ (Psychotic disorders) ၏ ရောဂါလက္ခဏာတစ်ခု ဖြစ်သည်။ သို့သော်လည်း ဤရောဂါလက္ခဏာကို အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲသည့်ပြဿနာ၊ ဦးနှောက်အာရုံကြောနှင့် ရုပ်ပိုင်းဆိုင်ရာ အခြားရောဂါအခြေအနေများ၊ အခိုက်အတန့် ဖြစ်ပေါ် တတ်သော ရောဂါအခြေအနေများတို့တွင်လည်း တွေ့ရတတ်သည်။

Hallucination IMG1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လှုံ့ဆော်မှုမဲ့အာရုံမှား (Hallucination) များကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းခံများစွာရှိသည်။ အဆိုပါအ‌ကြောင်းရင်းများတွင် အောက်ပါအခြေအနေတို့ ပါဝင်သည်။

  • စိတ်ပိုင်းဆိုင်ရာရောဂါများ
    • စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia)
    • အချိန်ကာလတို ခံစားရသည့် စိတ်ဖောက်ပြန်ရောဂါ (Brief psychotic disorder)
    • စိတ်ကစဥ့်ကလျားသဏ္ဌာန် စိတ်ဖောက်ပြန်ရောဂါ (Schizophreniform disorder)
    • ယုံမှားမှု စွဲမြဲလွန်ကဲခြင်းရောဂါ (Delusional disorder) – ဤရောဂါခံစားနေရသူအချို့တွင် လှုံ့ဆော်မှုမဲ့အာရုံမှားများ ခံစားရတတ်သည်
    • စိတ်ဝေဒနာဆန်သော ကိုယ်ရည်ကိုယ်သွေးဆိုင်ရာရောဂါ (Schizotypal personality disorder) – ဤရောဂါခံစားနေရသူအချို့တွင် စိတ်ဖောက်ပြန်ခြင်းဖြစ်စဥ် (Psychotic episode) ခံစားရပါက လှုံ့ဆော်မှုမဲ့အာရုံမှားများ ဖြစ်ပေါ်လာတတ်သည်
    • စိတ်ကစဥ့်ကလျားဖြစ်စဥ်နှင့် စိတ်ခံစားချက်ဆိုင်ရာဝေဒနာ ရောယှက်နေသည့်ရောဂါ (Schizoaffective disorder)
    • စိတ်ကြွစိတ်ကျရောဂါ (အချို့သော စိတ်ကြွစိတ်ကျရောဂါခံစားရသူများတွင် လှုံ့ဆော်မှုမဲ့အာရုံမှား လက္ခဏာများ ရှိတတ်သည်)
    • စိတ်ကျရောဂါ (အချို့သော စိတ်ကျရောဂါခံစားရသူများတွင် လှုံ့ဆော်မှုမဲ့အာရုံမှား လက္ခဏာများ ရှိတတ်သည်)
    • ကလေးမွေးဖွားပြီး ရက်အနည်းငယ်အတွင်း ဖြစ်ပွားသည့် စိတ်ဖောက်ပြန်ခြင်း (Postpartum Psychosis)
    • ဆိုးဝါးပြင်းထန်သော စိတ်ဖိစီးမှုများ ခံစားရခြင်း
  • ရုပ်ပိုင်းဆိုင်ရာရောဂါများ
    • အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) နှင့် အခြား အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းသောရောဂါ (Dementia) များ၊ ပါကင်ဆန်ရောဂါ (Parkinson’s Disease) ဦးခေါင်းဒဏ်ရာရရှိခြင်း၊ လေဖြတ်ခြင်းစသည်တို့ အပါအဝင် အခြားဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါအခြေအနေများ
    • ပြင်းထန်သော သိုင်းရွိုက်ဟော်မုန်းလွန်ကဲရောဂါ (Hyperthyroidism)၊ သိုင်းရွိုက်ဟော်မုန်း အလွန်အမင်းမြင့်တက်သွားသည့်အနေအထား (Thyroid crisis] တွင် ကယောင်ကတမ်း (Delirium/Acute confusional state) ဖြစ်သည့်အခြေအနေများ၊
    • သိုင်းရွိုက်ဟော်မုန်းကျဆင်းရောဂါ (Hypothyroidism) ပြင်းထန်သည့်အခြေအနေ၊
    • Addison’s diseaseCushing’s disease တို့ကဲ့သို့ ဟော်မုန်းဆိုင်ရာ ရောဂါများ၊
    • ခုခံအားကျကူးစက်ရောဂါ (AIDS)၊ ဆစ်ဖလစ်ရောဂါ (ကာလသားရောဂါ) (Syphilis)နှင့် ဦးနှောက်အတွင်း အခြားရောဂါပိုးများဝင်ခြင်း၊ ဦးနှောက်ရောင်ခြင်း
    • Systemic Lupus Erythematosus ရောဂါအပါအဝင် အခြားကိုယ်ခံအား မူမမှန်တုံ့ပြန်မှုနှင့် ဆိုင်သောရောဂါများ (Autoimmune)
    • သိုင်ယာမင်းဓာတ် (Vitamin B-1) ချို့တဲ့မှုနှင့် ဆက်နွှယ်သော Wernicke-Korsakoff syndrome
      (အခြားသော ရုပ်ပိုင်းဆိုင်ရာရောဂါများလည်း ရှိသည်)
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ၊ ကုသမှုဆိုင်ရာ ဆေးဝါးများ (ဥပမာ _ စတီးရွိုက်ပါဝင်သောဆေးများ၊ ပါကင်ဆန်ရောဂါကုသသည့်အချို့ဆေးများ) ကြောင့် ဖြစ် ပေါ်လာသော စိတ်ဖောက်ပြန်ရောဂါ (Substance/medication-induced psychotic disorder)
  • ကယောင်ကတမ်းဖြစ်ခြင်း (Delirium/Acute confusional state)
    • ရုပ်ပိုင်းဆိုင်ရာရောဂါတစ်ခုခုကြောင့် ကယောင်ကတမ်းဖြစ်ခြင်း
    • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောအခြားဆေးများ သုံးစွဲမှုကြောင့် အမူးလွန်ခြင်း၊ သုံးစွဲမှုပြတ်ခြင်း (Substance intoxication/withdrawal) တစ်ခုခုကြောင့် ကယောင်ကတမ်းဖြစ်ခြင်း၊ ဥပမာ _
      • အရက်စွဲပြီးနောက် ရုတ်တရက်အရက်ပြတ်ခြင်း
      • လှုံ့ဆော်မှုမဲ့အာရုံမှားများ ဖြစ်ပေါ်စေနိုင်သည့်ဆေးများ (Hallucinogens)
      • အမ်ဖက်တမင်းကဲ့သို့ စိတ်ကြွဆေးအမျိုးအစားများ [Amphetamine Type of Stimulants (ATS)] သုံးစွဲခြင်း
  • ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများ (Neurotransmitters) အခြေအနေ
    • ဦးနှောက်အတွင်းရှိ Dopamine၊ Acetylcholine၊ Serotonin၊ Glutamate၊ Gama Amino Butyric Acid (GABA) စသည့် ဓာတုပစ္စည်းများ မညီမျှခြင်းနှင့် စိတ်ဖောက်ပြန်ခြင်းလက္ခဏာများ ဆက်နွှယ်မှုရှိသည်
ရောဂါလက္ခဏာများ

လှုံ့ဆော်မှုမဲ့အာရုံမှား အမျိုးအစားများနှင့် ၄င်းတို့ကိုဖြစ်ပေါ်စေသော အကြောင်းရင်းခံ အခြေအနေများအပေါ် မူတည်ပြီး ရောဂါလက္ခဏာများ တွေ့ရတတ်သည်။

လှုံ့ဆော်မှုမဲ့အာရုံမှား (Hallucination) အမျိုးအစားများနှင့် လက္ခဏာများ
  • လှုံ့ဆော်မှုမဲ့အကြားအာရုံမှား (Auditory hallucination)
    အတွေ့ရအများဆုံး လှုံ့ဆော်မှုမဲ့အာရုံမှား အမျိုးအစားဖြစ်သည်။ ဥပမာ _ အမှန်တကယ် ပြောဆိုနေသူမရှိဘဲ စကားပြောသံများကြားနေရခြင်းမျိုးကို ဆိုလိုသည်။ အဆိုပါအသံများသည် ကာယကံရှင်နှင့် စပ်လျဥ်းပြီး အကောင်းပြောခြင်း၊ နှိမ့်ချပြောဆိုခြင်း၊ ဝေဖန်ခြင်း၊ တစ်ခုခုလုပ်ဆောင်ရန်ပြောဆိုခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုး ဖြစ်နိုင်သည်။ အခြားအသံအမျိုးအစားများလည်း ကြားနိုင်သေးသည်။
  • လှုံ့ဆော်မှုမဲ့ အမြင်အာရုံမှား (Visual hallucination)
    ပတ်ဝန်းကျင်တွင် လတ်တလော အမှန်တကယ်ရှိမနေသောသူများ၊ တိရိစ္ဆာန်များ၊ အရာဝတ္ထုများ၊ ထူးဆန်းသောသဏ္ဌာန်များ စသည်ဖြင့် မြင်နေရခြင်းမျိုးကို ဆိုလိုသည်။
  • လှုံ့ဆော်မှုမဲ့ အနံ့အာရုံမှား (Olfactory hallucination)
    ပတ်ဝန်းကျင်တွင် လတ်တလော အမှန်တကယ်ရှိမနေသောအနံ့မျိုး၊ သူတစ်ပါးမရနိုင်သောအနံ့မျိုး ရနေခြင်းမျိုးကို ဆိုလိုသည်။
  • လှုံ့ဆော်မှုမဲ့ အရသာအာရုံမှား (Gustatory hallucination)
    လျှာပေါ်တွင် ထူးခြားသော သို့မဟုတ် နှစ်လိုဖွယ်မရှိသော အရသာမျိုး ရနေခြင်းကို ဆိုလိုသည်။
  • လှုံ့ဆော်မှုမဲ့ အထိအတွေ့အာရုံမှား (Tactile hallucination)
    အမှန်တကယ်ထိတွေ့မှုမရှိဘဲ ခန္ဓာကိုယ်ပေါ်တွင် ထိတွေ့မှုခံစားရခြင်း၊ ပိုးကောင်ငယ်များ သွားနေသကဲ့သို့ ခံစားရခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုကို ကိုင်တွယ်နေသကဲ့သို့ ခံစားရခြင်းမျိုးကို ဆိုလိုသည်။

အိပ်ပျော်စအချိန် သို့မဟုတ် အိပ်မပျော်တပျော်အချိန်တွင် ခံစားရသော အာရုံမှားလက္ခဏာ (Hypnagogic hallucination)
အိပ်ပျော်စ သို့မဟုတ် အိပ်မပျော်တပျော်အချိန်တွင် အနီးမှ တစ်ယောက်ယောက် ဖြတ်လျှောက်သွားသကဲ့သို့ ခံစားရခြင်း၊ မျက်နှာများ၊ မြင်ကွင်းများ စသည်တို့ကို မြင်တွေ့သလို ခံစားရခြင်း၊ မိမိအမည်ကို ခေါ်လိုက်သကဲ့သို့ ကြားလိုက်ရခြင်းမျိုးတို့ကို ဆိုလိုသည်။ အမြင်အာရုံမှားများ အများဆုံး ဖြစ်ပေါ်တတ်ကြသည်။ အိပ်ပျော်စအချိန် (သို့မဟုတ်) အိပ်မပျော်တပျော်အချိန်တွင် ခံစားရသော အာရုံမှားလက္ခဏာများသည် ဖြစ်လေ့ဖြစ်ထရှိပြီး ယေဘုယျအားဖြင့် စိုးရိမ်ဖွယ်ရာမရှိတတ်ပါ။

အိပ်ပျော်ရာမှ မနိုးတနိုးအချိန်တွင် ခံစားရသော အာရုံမှားလက္ခဏာ (Hypnopompic hallucination)
အိပ်ပျော်ရာမှနိုးစ ဇဝေဇဝါဖြစ်နေသည့်အချိန်တွင် ခေါ်သံကြားလိုက်သလိုလို၊ တစ်ခုခုကို မြင်လိုက်သလိုလို ခံစားရခြင်းမျိုးကို ဆိုလိုသည်။ အိပ်ပျော်ရာမှ မနိုးတနိုးအချိန်တွင် ခံစားရသော အာရုံမှားလက္ခဏာများသည် ဖြစ်လေ့ဖြစ်ထရှိတတ်ပြီး အိပ်စက်ခြင်းနှင့်ဆိုင်သောရောဂါများ (Sleep disorders) ခံစားရသူများတွင်လည်း တွေ့ရလေ့ရှိသည်။

အခြားရောဂါလက္ခဏာများ

အဆိုပါရောဂါလက္ခဏာအမျိုးအစား၊ ပြင်းထန်မှု စသည်တို့အပေါ် မူတည်ပြီး အခြားရောဂါလက္ခဏာများ ဖြစ်ပေါ်လာတတ်သည်။

ဥပမာ _ လှုံ့ဆော်မှုမဲ့အာရုံမှားများနှင့် စပ်လျဥ်းပြီး

  • ပထမဦးဆုံးခံစားရသည့်အချိန်တွင် ကြောက်လန့်တတ်ခြင်း
  • ပြန်လည်တုံ့ပြန်တတ်ခြင်းကြောင့် တစ်ဦးတည်း စကားပြောနေသည့် ပုံစံမျိုး၊ ဒေါသထွက်သည့်ပုံစံမျိုး၊ ပြုံးရယ်နေသည့်ပုံစံမျိုးဖြစ်နေတတ်ခြင်း၊ တစ်ခါတစ်ရံတွင် စကားမပြောဘဲနေနေတတ်ခြင်း၊ စကား အလွန်ပြောလာခြင်း၊
  • ကိုယ်အမူအရာ၊ အပြုအမူများ ပုံမှန်မဟုတ်ခြင်း (ဥပမာ – ဂနာမငြိမ်ခြင်း၊ လှုပ်ရှားမှုများလျော့နည်းလာခြင်း၊ မလှုပ်ရှားဘဲ နေတတ်ခြင်း၊ အဆက်အစပ်မရှိသော အပြုအမူများလုပ်ဆောင်ခြင်းစသည်) တို့ ခံစားရတတ်သည်။

ထို့အပြင်_

  • လုပ်ဆောင်နေကျ လုပ်ငန်းခွင်၊ အိမ်မှုကိစ္စ၊ ပညာရေး၊ လူမှုရေးဆောင်ရွက်ချက်များကို လျစ်လျူရှုလာခြင်း၊ စွမ်းဆောင်ရည်ကျဆင်းလာခြင်း၊ ပြဿနာများ ဖြစ်လာခြင်း
  • လူမှုရေး စိတ်ဝင်စားမှု၊ ပေါင်းသင်းဆက်ဆံရေးပုံစံများ ပြောင်းလဲလာခြင်း၊ ထိခိုက်လာခြင်း
  • မိမိနှင့် သူတစ်ပါးအတွက် ထိခိုက်မှု၊ အန္တရာယ်များ ဖြစ်လာနိုင်ခြင်း စသည်တို့လည်း ဖြစ်ပေါ်လာတတ်သည်။
နောက်ဆက်တွဲပြဿနာများ

လှုံ့ဆော်မှုမဲ့အာရုံမှား အမျိုးအစားများနှင့် ၄င်းတို့ကိုဖြစ်ပေါ်စေသော အကြောင်းရင်းခံ အခြေအနေများအပေါ် မူတည်သည်။ အဓိကသတိပြုရမည့်အခြေအနေများမှာ_

  • အပြောအဆို၊ အပြုအမူများ ပုံမှန်မဟုတ်ခြင်း
  • လုပ်ဆောင်နေကျ လုပ်ငန်းခွင်၊ အိမ်မှုကိစ္စ၊ ပညာရေး၊ လူမှုရေးဆောင်ရွက်ချက်များတွင် အခက်အခဲ ဖြစ်လာခြင်း
  • ပေါင်းသင်းဆက်ဆံရေး ထိခိုက်လာခြင်း
  • မိမိတွင် စိတ်ကျန်းမာရေးပြဿနာရှိနေသည်ကို လက်သင့်မခံလိုခြင်း
  • စိတ်ပိုင်းဆိုင်ရာရောဂါခံစားရသူများတွင် တွေ့ကြုံရတတ်သည့် လူမှုဂုဏ်သိက္ခာစွန်းထင်းမှုနှင့် နှိမ့်ချခွဲခြားဆက်ဆံခံရတတ်မှု (Stigma and Discrimination) များ စသည်တို့ကြောင့် ကုသမှုမခံယူခြင်း၊ အချိန်ကာလကြာမြင့်မှ၊ အခြေအနေ ဆိုးဝါးလာမှသာ ကုသမှုခံယူခြင်း၊
  • ကိုယ့်ကိုယ်ကို အန္တရာယ်ပြုခြင်း၊ အဆုံးစီရင်ခြင်း၊ သူတစ်ပါးကို ထိခိုက်အောင် လုပ်ဆောင်ခြင်း စသည့်အခြေအနေများ ဖြစ်လာနိုင်ခြေရှိခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

လှုံ့ဆော်မှုမဲ့အာရုံမှား လက္ခဏာများကို ကာယကံရှင်၊ မိသားစုဝင်နှင့် မိတ်ဆွေများက သတိပြုမိပါက အထွေထွေရောဂါကုဆရာဝန်၊ မိသားစုဆရာဝန် စသည့် တတ်ကျွမ်းနားလည်သူတို့နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ကယောင်ကတမ်းဖြစ်ခြင်း၊ ကာယကံရှင်နှင့် သူတစ်ပါးကို ထိခိုက်နိုင်သည့် အခြေအနေများရှိခြင်း၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန် သို့မဟုတ် အဆုံးစီရင်ရန် အတွေး၊ စိတ်ကူး၊ အကြံအစည်၊ လုပ်ဆောင်ခြင်းများ ရှိပါက အရေးပေါ်ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင် သေချာစွာ စစ်ဆေးမေးမြန်းခြင်း၊ ကာယကံရှင်အကြောင်း ပြောပြနိုင်သည့် မိသားစုဝင်၊ မိတ်ဆွေများထံမှ သိလိုချက်များ မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း၊ အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ဖြင့် လှုံ့ဆော်မှုမဲ့အာရုံမှားများနှင့် အခြား စိတ်ဖောက်ပြန် ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသော အကြောင်းရင်းတို့ကို ရောဂါဖော်ထုတ်သတ်မှတ်နိုင်သည်။ ရောဂါအခြေအနေ တွေ့ရှိမှုပေါ် မူတည်ပြီး စိတ်ကျန်းမာရေးအထူးကုဆရာဝန်ထံ ညွှန်းပို့လွှဲပြောင်းကုသရန် လိုအပ်နိုင်သည်။

ကုသခြင်း

လှုံ့ဆော်မှုမဲ့အာရုံမှား လက္ခဏာများကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းခံ ရောဂါအခြေအနေများကို ထိရောက်စွာ ကုသမှုခံယူရန် လိုအပ်သည်။ ရောဂါအခြေအနေပေါ်မူတည်ပြီး ဆေးဝါးများဖြင့် ကုသမှု၊ စိတ်ပိုင်းဆိုင်ရာ ကုထုံး၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ အကြောင်းရင်းများကို ကုသမှု၊ အခြားကုထုံး အမျိုးအစားများ စသည်တို့ကို လိုအပ်သလို ပေါင်းစပ်ဆောင်ရွက်ပေးရသည်။ ဆေးအမျိုးအစား၊ ပမာဏ ချိန်ညှိခြင်း၊ ပြောင်းလဲခြင်း၊ ဆေးဝါးများ ရပ်တန့်ခြင်း စသည်တို့ပြုလုပ်ရန်အတွက် နောက်ဆက်တွဲပြန်လည်ပြသရန် (Follow-up)၊ စွဲမြဲစွာကုသမှု ဆက်လက်ခံယူရန် အရေးကြီးသည်။

အဆိုပါကုသမှုများအပြင်

  • လုပ်ငန်းစွမ်းဆောင်ရည်များ ပြန်လည်ကောင်းမွန် တိုးတက်လာစေရန် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ လုပ်ဆောင်ပေးမှုများ (Psychosocial interventions) လိုအပ်သလို စီစဥ်ဆောင်ရွက်ပေးခြင်း
  • ကာယကံရှင်၊ မိသားစုနှင့် ပြုစုစောင့်ရှောက်သူများအား ရောဂါအခြေအနေ၊ ကုသမှု၊ ကုသမှုစွဲမြဲစွာ ခံယူခြင်းစသည်တို့နှင့် သက်ဆိုင်သည့် စိတ်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း (Psychoeducation)
  • လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆန့်လာစေရန် လုပ်ဆောင်ပေးခြင်းတို့လည်း လိုအပ်သည်။
ဆေးရုံတွင်ကုသခြင်း
  • ကာယကံရှင်နှင့် သူတစ်ပါးအတွက် အန္တရာယ်ဖြစ်နိုင်ခြေရှိခြင်း
  • ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန်၊ အဆုံးစီရင်ရန် အကြံအစည်၊ လုပ်ဆောင်ခြင်းများရှိခြင်း
  • ရောဂါပြင်းထန်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်မှု မပြုနိုင်ခြင်း၊ ပြုစုစောင့်ရှောက်မည့် လူမှုအသိုက်အဝန်း မရှိခြင်း
  • ကယောင်ကတမ်းဖြစ်ခြင်း
  • ဆေးရုံတွင်သာရရှိနိုင်မည့် ကုသမှုအမျိုးအစား လိုအပ်သည့် အနေအထားဖြစ်ခြင်းတို့သည် ဆေးရုံတွင်ကုသရန် လိုအပ်သည့် အခြေအနေများဖြစ်သည်။
ကာကွယ်ခြင်း

လှုံ့ဆော်မှုမဲ့အာရုံမှား လက္ခဏာများ ဖြစ်လာနိုင်ခြေကို အတိအကျခန့်မှန်း၍ မရနိုင်ပါ။ လှုံ့ဆော်မှုမဲ့အာရုံမှား ရောဂါလက္ခဏာများ အစပျိုးလာခြင်းကို ဆောလျင်စွာသတိပြုမိပြီး ဖြစ်ပေါ်စေသည့်ရောဂါနှင့် အခြားအကြောင်းရင်းများကို ထိရောက်စွာကုသခြင်းသည် မလိုလားအပ်သောဆိုးကျိုးဆက်များကို ကာကွယ်တားဆီးရေးအတွက် အဓိကကျသည့်အချက်ဖြစ်သည်။

References:

  1. American Psychiatric Association. (2013). Diagnostic and statistical manual of mental disorders (5th ed.). https://doi.org/10.1176/appi.books.9780890425787
  2. Cleveland Clinic. (n.d.). Hallucinations. Retrieved August 26, 2025, from https://my.clevelandclinic.org/health/symptoms/23350-hallucinations
  3. WebMD. (n.d.). What are hallucinations? Retrieved August 26, 2025, from https://www.webmd.com/schizophrenia/what-are-hallucinations
  4. Mayo Clinic. (n.d.). Schizophrenia: Symptoms and causes. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/schizophrenia/symptoms-causes/syc-20354443

Published: 30 August 2024

Last updated: 30 November 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.