ဗီတာမင် ကေ ချို့တဲ့ခြင်းကြောင့် မွေးကင်းစကလေးသွေးထွက်ခြင်းသည် မွေးကင်းစအချိန်မှ ကလေး အသက် (၃) လခန့်အထိ ဖြစ်ပွါးနိုင်သည်။ ဤရောဂါသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မွေးပြီးပြီးချင်း ဗီတာမင် ကေ ထိုးဆေး မရရှိခဲ့သောကလေးများကို အသက်ဆုံးရှုံးစေသော သို့မဟုတ် ကိုယ်အင်္ဂါမသန်စွမ်း ဖြစ်စေသော အကြောင်းရင်းတစ်ရပ်ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဗီတာမင် ကေ သည် အဆီ၌ပျော်ဝင်သော ဓာတ်တစ်မျိုးဖြစ်ပြီး အသည်းမှ သွေးတိတ်စေသည့်ဓာတ်များ ထုတ်လုပ်ရန်အတွက် လိုအပ်သည်။ ထို့ကြောင့် ဗီတာမင် ကေ ချို့တဲ့လျှင် သွေးတိတ်စေသည့်ဓာတ်များ ချို့တဲ့ပြီး သွေးထွက်နိုင်သည်။ ၎င်းကို ခန္ဓာကိုယ်ထဲတွင် ပမာဏအနည်းငယ်သာ သိုမှီးထားနိုင်သောကြောင့် အစားအစာတွင်ပါသော ဗီတာမင် ကေ ကို အဓိကအားထားရသည်။ မွေးကင်းစကလေး၏ ခန္ဓာကိုယ်တွင်း ဗီတာမင် ကေ ပမာဏသည်လည်း အလွန်နည်းပါးသည်။ မိခင်နို့တွင်လည်း ပါဝင်မှုနှုန်း နည်းသည်။
မွေးကင်းစကလေးတွင် ဗီတာမင် ကေ ဓာတ် ချို့တဲ့နိုင်သော အခြေအနေများမှာ_
- ဗီတာမင် ကေ လျော့နည်းစေနိုင်သော ဆေးဝါးများ (ဥပမာ _ အတက်ကျဆေး၊ တီဘီဆေး၊ သွေးကျဲဆေး) သောက်သုံးနေသော ကိုယ်ဝန်ဆောင်မိခင်များမှ မွေးဖွားလာသည့် ကလေးများ
- လမစေ့ဘဲ မွေးသောကလေးများ
- မွေးရာပါ အသည်း၊ သည်းခြေလမ်းကြောင်းနှင့် အူလမ်းကြောင်း ပြဿနာရှိသော ကလေးများ
- မွေးပြီးပြီးချင်း ဗီတာမင် ကေ ထိုးဆေး မရရှိသောကလေးများ
ရောဂါလက္ခဏာများ
- မွေးပြီး (၂၄) နာရီအတွင်း တွေ့ရသော လက္ခဏာများ
အထက်တွင် ဖော်ပြပါဆေးများ သောက်သုံးနေသော မိခင်များမှ မွေးသည့် ကလေးများတွင် တွေ့ရသည်။ မွေးပြီး (၂၄) နာရီအတွင်း ဦးရေပြားအောက် သွေးခြေဥခြင်း၊ ဦးခေါင်း၊ ရင်ခေါင်းနှင့် ဝမ်းဗိုက်တို့အတွင်း သွေးထွက်ခြင်းစသည့် လက္ခဏာများ တွေ့ရတတ်သည်။ - မွေးပြီး (၂၄)နာရီ မှ (၇)ရက်အတွင်း တွေ့ရသော လက္ခဏာများ
အလွယ်တကူ တွေ့မြင်နိုင်သော သွေးထွက်ခြင်းမျိုး (နှာခေါင်း၊ သွားဖုံးများမှ သွေးထွက်ခြင်း၊ ချက်မှ သွေးထွက်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း) ကို တွေ့ရတတ်သည်။ ကာကွယ်ဆေးထိုးသည့်နေရာများတွင် သွေးခြေဥခြင်းများအဖြစ်လည်း တွေ့ရနိုင်သည်။ - မွေးပြီး ဒုတိယပတ် မှ (၃)လကြား တွေ့ရသော လက္ခဏာများ
ရုတ်တရက် ဦးနှောက်အတွင်း သွေးထွက်ခြင်းကြောင့် အန္တရာယ်အများဆုံးပေးသော အမျိုးအစားဖြစ်သည်။ သွေးထွက်သောနေရာနှင့် ပမာဏပေါ်မူတည်၍ အောက်ပါ လက္ခဏာအမျိုးမျိုး တွေ့ရတတ်သည်။- မှိန်းခြင်း
- အလွန်အမင်းငိုခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း
- ဖြူဖျော့သွားခြင်း
- နို့စို့သိသိသာသာ လျော့ခြင်း
- ငယ်ထိပ်ဖောင်းခြင်း
- အလွန်ပျော့ခွေခြင်း
- တက်ခြင်း၊ ပုံမမှန်လှုပ်ရှားမှုများရှိခြင်း
- သတိလစ်ခြင်းများ ဖြစ်လေ့ရှိသည်။
နောက်ဆက်တွဲပြဿနာများ
ဦးနှောက်သွေးယိုစီးခြင်းကြောင့် အသက်ဆုံးရှုံးရခြင်း၊ တစ်သက်လုံး ကိုယ်အင်္ဂါ မသန်စွမ်းဖြစ်ခြင်းစသည့် လက္ခဏာများ အဖြစ်များသည်။ စီပီ (Cerebral palsy – CP) ဟုခေါ်သော ဖွံ့ဖြိုးမှုနောက်ကျသည့် ရောဂါမျိုးဖြစ်ပေါ်လာတတ်ပြီး ကြွက်သားများ အားနည်းခြင်း၊ ပိုမိုတောင့်တင်းခြင်း၊ ပုံမမှန်လှုပ်ရှားမှုများ တွေ့ရတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါလက္ခဏာများရှိလျှင် သို့မဟုတ် သံသယရှိလျှင် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။ အထူးသဖြင့် အထက်ပါ ဗီတာမင် ကေ ချို့တဲ့နိုင်သော ကလေးများအုပ်စုတွင် ပိုမိုသတိထားသင့်သည်။
ရောဂါရှာဖွေခြင်း
မိခင်နှင့်ကလေး၏ ရောဂါရာဇဝင်များ၊ မွေးဖွားရာနေရာ (ဥပမာ _ နေအိမ်၌ မွေးဖွားသော ကလေးများတွင် ဗီတာမင် ကေ ထိုးလေ့မရှိခြင်း)၊ ဆေးရုံ၊ ဆေးခန်းတွင် မွေးသော ကလေးများတွင်လည်း မွေးပြီးပြီးချင်း ဗီတာမင် ကေ ထိုးမထိုးနှင့် ရောဂါလက္ခဏာ စမ်းသပ်ချက်များကို အခြေခံ၍ လိုအပ်ပါက သွေးစစ်ခြင်း၊ ဦးခေါင်း အာထရာဆောင်းရိုက်ခြင်း (Cranial USG) နှင့် ကွန်ပြူတာဓာတ်မှန် (CT scan) ရိုက်ခြင်းများ ပြုလုပ်နိုင်သည်။
ကုသခြင်း
- အရေးပေါ်အခြေအနေဖြစ်သောကြောင့် အသက်ကယ်ကုသမှုများ လိုအပ်နိုင်သည်
- ဗီတာမင် ကေ ထိုးဆေးကို လိုအပ်သောပမာဏအတိုင်း ပေးရသည်
- သွေးထွက်သောနေရာနှင့် ပမာဏပေါ် မူတည်၍ လိုအပ်ပါက သွေးနှင့် သွေးရည်ကြည်များသွင်း၍ ကုသရသည်
- နောက်ဆက်တွဲအနေနှင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုများရှိလျှင် ကလေး၏ဖွံ့ဖြိုးမှုကို ဆက်လက်စောင့်ကြည့် ကုသရန် လိုအပ်သည်၊ သင်ကြားလေ့ကျင့်မှုများ လိုအပ်နိုင်သည်
ကာကွယ်ခြင်း
မွေးကင်းစကလေးတိုင်းကို မွေးပြီးပြီးချင်း ဗီတာမင် ကေ ထိုးပေးခြင်းသည် မွေးကင်းစကလေး သွေးထွက်ခြင်းအတွက် ကုန်ကျစရိတ်သက်သာ၍ အထိရောက်ဆုံး ကာကွယ်နည်းဖြစ်သည်။
References:
- Centers for Disease Control and Prevention. (n.d.). About vitamin K deficiency bleeding (VKDB). Retrieved June 26, 2025, from https://www.cdc.gov/ncbddd/vitamink/faqs.html
- Children’s Hospital of Philadelphia. (n.d.). Vitamin K deficiency bleeding (hemorrhagic disease of the newborn). Retrieved June 26, 2025, from https://www.chop.edu/conditions-diseases/vitamin-k-deficiency-bleeding-hemorrhagic-disease-newborn
- Patient.info. (n.d.). Vitamin K deficiency bleeding (VKDB). Retrieved June 26, 2025, from https://patient.info/doctor/vitamin-k-deficiency-bleeding
- Shearer, M. J., & Newman, P. (2023). Vitamin K deficiency bleeding. In J. E. Mulder & A. P. Pahwa (Eds.), StatPearls. StatPearls Publishing. Retrieved June 26, 2025, from https://www.ncbi.nlm.nih.gov/books/NBK558994/
Published: 30 August 2024
Last updated: 3 September 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.