သွေးတွင်းရှိ ခန္ဓာကိုယ်မှ မလိုအပ်တော့သည့် အညစ်အကြေး စွန့်ပစ်ပစ္စည်းများကို ကျောက်ကပ်မှတစ်ဆင့် စွန့်ထုတ်လျက်ရှိရာမှ ရုတ်တရက် မစွန့်ထုတ်နိုင်သည့်အခါ လတ်တလော ကျောက်ကပ်လုပ်ငန်း ပျက်စီးခြင်း (Acute kidney failure) ရက်ပိုင်းအတွင်း လျင်မြန်စွာ ဖြစ်ပေါ်လာနိုင်သည်။
ကျောက်ကပ်၏ အဓိကလုပ်ငန်းမှာ သွေးထဲမှ အညစ်အကြေးများကို စွန့်ထုတ်ခြင်းဖြစ်သည်။ သွေးထဲမှ အရည်ပိုများကို ဆီးအဖြစ်စွန့်ထုတ်ခြင်း၊ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း၊ သွေးနီဥ ထုတ်လုပ်မှုကို ကူညီပေးခြင်း၊ အရိုးကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင် ဒီ (vitamin D) အလုပ် လုပ်ဆောင်နိုင်ရန် ကူညီခြင်း စသည်တို့ကိုလည်း လုပ်ဆောင်သည်။ ထို့ကြောင့် လတ်တလော ကျောက်ကပ်လုပ်ငန်း ပျက်စီးခြင်း ဖြစ်ပေါ်လာသည့်အခါ အထက်ပါလုပ်ငန်းများ _ အထူးသဖြင့် အရည်နှင့်အညစ်အကြေးများ စွန့်ထုတ်သည့် လုပ်ငန်းစဥ်များ ထိခိုက်ပျက်စီးလာသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
လတ်တလော ကျောက်ကပ်လုပ်ငန်း ပျက်စီးခြင်း ဖြစ်ပေါ်ရခြင်းမှာ_
- ကျောက်ကပ်သို့ သွားသော သွေးစီးဆင်းမှု နည်းသွားခြင်း
- ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်စေခြင်း
- ကျောက်ကပ်မှ ဆီးစွန့်ထုတ်သည့် လမ်းကြောင်းပိတ်ပြီး အညစ်အကြေးများကို မစွန့်ပစ်နိုင်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။
ကျောက်ကပ်သို့သွားသော သွေးစီးဆင်းမှု နည်းသွားခြင်းကို ဖြစ်စေနိုင်သည့် အခြေအနေများမှာ_
- ရေဓာတ် အလွန်အမင်း ခန်းခြောက်ခြင်း
- ပိုးဝင်ခြင်း
- သွေးလန့်ခြင်း (ရှော့ခ်ဖြစ်ခြင်း)
- နှလုံးအမောဖောက်ခြင်းနှင့် နှလုံးရောဂါရှိခြင်း
- ပြင်းထန်စွာ မီးလောင်ခံရခြင်း (ခန္ဓာကိုယ်အနှံ့ မီးလောင်ခံရခြင်း)
- ပြင်းထန်သော ဓာတ်မတည့်မှုဖြစ်ခြင်း
- အကိုက်အခဲပျောက်ဆေး၊ အချို့သော သွေးပေါင်ကျဆေးများ သောက်ထားခြင်း
- အသည်းလုပ်ငန်းပျက်စီးခြင်းတို့ ပါဝင်သည်။
ကျောက်ကပ်ကို တိုက်ရိုက် ထိခိုက်စေနိုင်သောအရာများမှာ_
- ကျောက်ကပ်နှင့် အနီးတစ်ဝိုက်ရှိ သွေးကြောများတွင် သွေးခဲများ ပိတ်ဆို့ခြင်း
- အဆီခဲများကြောင့် ကျောက်ကပ်အတွင်း သွေးစီးဆင်းမှု ပိတ်ဆို့သွားခြင်း
- Glomerulonephritis ဟုခေါ်သည့် ကျောက်ကပ် ကလပ်စည်းပြွန်များ ရောင်ရမ်းခြင်း
- အချို့အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေး၊ ကင်ဆာဆေးများသည် ကျောက်ကပ်ကို တိုက်ရိုက် ထိခိုက်နိုင်သည်။
ကျောက်ကပ်မှ ဆီးစွန့်ထုတ်သည့်လမ်းကြောင်း ပိတ်စေနိုင်သော အကြောင်းရင်းများမှာ_
- ဆီးအိမ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ အူကင်ဆာရောဂါ
- ဆီးလမ်းကြောင်းတွင် သွေးခဲရှိခြင်း
- ဆီးကျိတ်ကြီးခြင်းနှင့် ဆီးကျိတ်ကင်ဆာရောဂါ
- ဆီးကျောက်တည်ခြင်း
- ဆီးအိမ်ကို ထိန်းချုပ်သောအာရုံကြောများ ထိခိုက်ခြင်းတို့ ပါဝင်သည်။
လတ်တလော ကျောက်ကပ်လုပ်ငန်း ပျက်စီးခြင်း ဖြစ်နိုင်ခြေများသူများမှာ_
- ဆေးရုံ ကြာရှည်စွာ တက်ရသူများ (အထူးသဖြင့် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရသူများ)
- ဆီးချိုရောဂါရှိသူများ
- သက်ကြီးရွယ်အိုများ
- နှလုံးအားနည်း၍ အမောဖောက်တတ်သူများ
- သွေးတိုးရောဂါရှိသူများ
- နာတာရှည် အသည်းရောဂါ၊ နာတာရှည် ကျောက်ကပ်ရောဂါရှိသူများတွင် အဖြစ်များသည်။
ရောဂါလက္ခဏာများ
- ဆီးနည်းသွားခြင်း (သို့မဟုတ်) ဆီးလုံး၀မသွားသလောက် ဖြစ်ခြင်း
- ခြေထောက်၊ ခြေကျင်းဝတ်နှင့် ခြေသလုံးတို့တွင် ဖောရောင်ခြင်း
- နုံးနယ်ခြင်း
- မောခြင်း
- တက်ခြင်း၊ သတိလစ်ခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- အစားအသောက်ပျက်ခြင်း
- ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်နိုင်သည်။
တစ်ခါတစ်ရံတွင် မည်သည့်ရောဂါလက္ခဏာမျှ မပြဘဲ အခြားအကြောင်းတစ်ခုကြောင့် သွေးစစ်ရာမှ ရုတ်တရက် သိရှိခြင်းမျိုးလည်း ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- အဆုတ်တွင် အရည်များစုမိပြီး မောလာခြင်း
- နှလုံးကို ဖုံးအုပ်ထားသည့် အမြှေးပါး (pericardium) ရောင်ရမ်းလာပြီး ရင်ဘတ်အောင့်ခြင်း
- ရေနှင့်ဓာတ်ဆားများ၊ သတ္တုဓာတ်များ မညီမျှမှုကြောင့် ကြွက်သားများ အားနည်းလာခြင်း
- ရုတ်တရက် ကျောက်ကပ်အားနည်းခြင်းမှ နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်သွားပြီး အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါအခြေအနေများသည် အသက်အန္တရာယ်ရှိနိုင်သော အရေးပေါ် အခြေအနေဖြစ်ပြီး အရေးပေါ်ဆေးကုသမှု လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
(၂၄) နာရီ ဆီးပမာဏ စစ်ဆေးခြင်း၊ ဆီးကို ဓာတ်ခွဲစစ်ဆေးခြင်း၊ Urea နှင့် Creatinine စသည့် ကျောက်ကပ်ဓာတ်အပါအဝင် သွေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်းနှင့် လိုအပ်ပါက ကျောက်ကပ် အသားစယူ စစ်ဆေးခြင်း (Renal biopsy) ပြုလုပ်ကာ ရောဂါရှာဖွေရသည်။
ကုသခြင်း
လတ်တလော ကျောက်ကပ်လုပ်ငန်း ပျက်စီးခြင်းဖြစ်ပါက ဆေးရုံတက်၍ ကုသမှုခံယူရန် လိုအပ်သည်။ ကျောက်ကပ်၏ ပျက်စီးသွားသော လုပ်ငန်းများပေါ် မူတည်၍ ကုသမှုပေးရသကဲ့သို့ ကျောက်ကပ်ပျက်စီးစေသော ရောဂါအခံကိုလည်း ကုသပေးရသည်။
- ရေဓာတ်ခမ်းခြောက်နေလျှင် ရေဓာတ်လုံလောက်အောင် ပြန်လည်ဖြည့်တင်း ပေးရသည်၊ ပါးစပ်မှ မသောက်နိုင်လျှင် သွေးကြောထဲမှ သွင်းပေးရမည်
- ပိုးဝင်ခြင်းကြောင့်ဖြစ်ပါက ကျောက်ကပ်ကို မထိခိုက်စေနိုင်သည့် ပဋိဇီဝပိုးသတ်ဆေးပေးရသည်
- ကျောက်ကပ်ကို ထိခိုက်စေနိုင်သော ဆေးများအားလုံးကို ရပ်ထားရမည်
- ဆီးလမ်းကြောင်းတွင် ပိတ်ဆို့မှုရှိပါက ဆီးသွားနိုင်ရန် ဆီးပိုက်တပ်ခြင်းနှင့် ပိတ်ဆို့နေသောအရာများကို ဖယ်ရှားခြင်းများ ပြုလုပ်ရသည်
- ကျောက်ကပ်ပျက်စီးခြင်း ဆိုးရွားပြင်းထန်ပါက လိုအပ်လျှင် စက်ဖြင့် ကျောက်ကပ်ဆေးခြင်း (Dialysis) ပြုလုပ်ပြီး သွေးထဲမှ စုမိနေသော အညစ်အကြေးနှင့် သတ္တုဓာတ်များကို ဖယ်ရှားပေးရမည်
ကာကွယ်ခြင်း
- ရေဓာတ်ခန်းခြောက်နေသူများအနေဖြင့် ရေဓာတ်ကို လုံလောက်အောင် ပြန်လည်ဖြည့်တင်းခြင်းဖြင့် ကျောက်ကပ် ရုတ်တရက်အားနည်းသွားခြင်းကို ကာကွယ်နိုင်သည်
- ဖြစ်နိုင်ခြေများသူများအနေနှင့် နေမကောင်းလျှင် (သို့မဟုတ်) ဆေးအသစ်ကို စသုံးမည်ဆိုပါက တတ်ကျွမ်းနားလည်သူ ဆရာဝန်များနှင့် တိုင်ပင်သင့်သည်
- ကျောက်ကပ်ကို ထိခိုက်စေနိုင်သော ဆေးများကို တတ်ကျွမ်းနားလည်သူ ဆရာဝန်များနှင့် တိုင်ပင်ပြီးမှ သောက်ရန် အရေးကြီးသည်
- ရုတ်တရက် ကျောက်ကပ် အားနည်းသည့် ရှေ့ပြေးလက္ခဏာဖြစ်သော ဆီးနည်းခြင်း၊ ပျို့အန်ခြင်းတို့ဖြစ်ပါက စစ်ဆေးကုသမှု အမြန်ဆုံးခံယူရန် လိုအပ်သည်
References:
- Cleveland Clinic. (n.d.). Kidney failure. Retrieved June 26, 2025, from https://my.clevelandclinic.org/health/diseases/17689-kidney-failure
- Mayo Clinic. (n.d.). Kidney failure. Retrieved June 26, 2025, from https://www.mayoclinic.org/diseases-conditions/kidney-failure
- NHS (UK). (n.d.). Acute kidney injury. NHS. Retrieved June 26, 2025, from https://www.nhs.uk/conditions/acute-kidney-injury
- WebMD. (n.d.). Acute kidney failure. Retrieved June 26, 2025, from https://www.webmd.com/a-to-z-guides/what-is-acute-kidney-failure
Published: 30 August 2024
Last updated: 8 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.