Epistaxis (နှာခေါင်းသွေးလျှံခြင်း)

Epistaxis (နှာခေါင်းသွေးလျှံခြင်း)

နှာခေါင်းအတွင်းနံရံရှိ သွေးကြောငယ်များပေါက်ခြင်းကြောင့် သွေးယိုထွက်ခြင်းဖြစ်သည်။ အများအားဖြင့် နှာခေါင်းပေါက်တစ်ဖက်သာ ဖြစ်လေ့ရှိပြီး တစ်ခါတစ်ရံ နှစ်ဖက်စလုံး ဖြစ်နိုင်သည်။ နှာခေါင်းသွေးလျှံခြင်းသည် စိတ်အနှောက်အယှက် ဖြစ်စေသော်လည်း အများစုသည် ယေဘုယျအားဖြင့် စိုးရိမ်စရာမရှိပါ။

သွေးထွက်သောနေရာကိုမူတည်၍

  • နှာခေါင်းအရှေ့ဘက် သွေးလျှံခြင်းနှင့်
  • နှာခေါင်းအနောက်ဘက် သွေးလျှံခြင်းဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။
  • နှာခေါင်းအရှေ့ဘက် သွေးလျှံခြင်းသည် အတွေ့ရများပြီး နှာခေါင်းအတွင်းနံရံရှိ Little’s area ဟုခေါ်သော သွေးကြောငယ်များ စုနေသည့်နေရာမှ အဖြစ်များသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နှာခေါင်းသွေးလျှံခြင်းကိုဖြစ်စေသော အကြောင်းရင်းများကို

  • နှာခေါင်းအတွင်းရှိပြဿနာများ
  • နောက်ခံကျန်းမာရေးအခြေအနေ
  • ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေ
  • သုံးစွဲနေသောဆေးဝါးများ စသည်ဖြင့် ခွဲခြားနိုင်သည်။

နှာခေါင်းအတွင်းရှိပြဿနာများ

  • နှာခေါင်းနှိုက်ခြင်း
  • နှာခေါင်းတွင်းပြင်ပပစ္စည်း (foreign body)များ (ဥပမာ _ ကော်စေ့၊ သစ်စေ့ စသည်တို့ဝင်နေခြင်း)
  • နှာနုရိုး စောင်းနေခြင်း
  • နှာခေါင်းတွင်း ထိခိုက်ဒဏ်ရာရခြင်း
  • နှာခေါင်းအသားပိုရှိခြင်း
  • နှာ‌ခေါင်းအကျိတ်ရှိခြင်း
  • ဓာတ်မတည့်ခြင်းများ၊ ပိုးဝင်ခြင်းများကြောင့် နှာခေါင်းရောင်ရမ်းခြင်း

နောက်ခံကျန်းမာရေးအခြေအနေများ

  • သွေးတိုးရောဂါရှိသူများ
  • သွေးကြောဖွဲ့စည်းမှု ပုံမမှန်ရောဂါရှိသူများ
  • သွေးထွက်များသောရောဂါရှိသူများ (ဥပမာ _ သွေးမတိတ်ရောဂါ၊ သွေးဥမွှားနည်းသောရောဂါ၊ သွေးကင်ဆာရောဂါရှိသူများ)
  • အရက်အလွန်အကျွံသောက်သုံးသူများ

ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများ

  • လေထုခြောက်သွေ့ခြင်း
    (ခြောက်သွေ့သောလေနှင့် နှာခေါင်းအတွင်းမျက်နှာပြင်ရှိ သေးငယ်သောသွေးကြောများ ထိတွေ့ရာမှ နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတတ်သည်)
  • ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်မားသောဒေသများ
    (မြင့်မားသော‌‌ဒေသရှိ လေထုသည် အလွန်ခြောက်သွေ့နိုင်သည်)
  • ပတ်ဝန်းကျင်အပူချိန် ရုတ်တရက်ပြောင်းလဲခြင်း

ဆေးဝါးများ

  • အကိုက်အခဲပျောက်ဆေးများ (ဥပမာ _ အက်စ်ပရင်)
  • သွေးမခဲဆေးများ
  • သွေးခဲဖျော်ဆေးများ
  • စတီးရွိုက်ပါသော နှာခေါင်းဖျန်းဆေးများ
  • အချို့သောတိုင်းရင်းဆေးများ၊ ဖြည့်စွက်စာများ
  • နှာခေါင်းဖြင့် ရှူရှိုက်သုံးစွဲသည့် မူးယစ်ဆေးများ (ဥပမာ _ ကိုကိန်း)

ယေဘုယျအားဖြင့် နှာခေါင်းသွေးလျှံခြင်းသည် ပြင်းထန်မှုမရှိ၊ အလိုအလျောက် သက်သာနိုင်သည်။ သို့သော် အခြားလက္ခဏာများ [ဥပမာ_ နှာခေါင်းတစ်ဖက်တည်းပိတ်နေခြင်း၊ နာကျင်ခြင်း (သို့မဟုတ်) အာရုံကြော အားနည်းမှုများ၊ အခြားနေရာမှသွေးထွက်ခြင်းများ] နှင့် တွဲဖြစ်လျှင် သွေးကြောပုံမမှန်ခြင်း၊ အဖုအကျိတ်များရှိခြင်း၊ သွေးထွက်သည့် သို့မဟုတ် သွေးမတိတ်သည့်ရောဂါများ စသည်တို့ကို ထည့်သွင်းစဥ်းစားရန်လိုသည်။

  • အသက် (၂) နှစ်အောက် ကလေးများတွင် နှာခေါင်းသွေးလျှံခြင်း
  • မကြာခဏနှာခေါင်းသွေးလျှံခြင်း
  • သွေးအားနည်းသည့် လက္ခဏာများခံစားရခြင်း (နုံးခြင်း၊ အားမရှိခြင်း၊ မူးခြင်း၊ ဖြူဖျော့ခြင်း)
  • ခန္ဓာကိုယ်၏အခြားနေရာများတွင် သွေးခြည်ဥခြင်း၊ သွေးထွက်ခြင်းများ စသည့်လက္ခဏာများရှိပါက နောက်ခံကျန်းမာရေးပြဿနာများ (အထူးသဖြင့် သွေးရောဂါများ) ကြောင့်ဖြစ်နိုင်သည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ

မည်သူမဆိုနှာခေါင်းသွေးလျှံခြင်း ခံစားရနိုင်သော်လည်း

  • အသက် (၂)နှစ် မှ (၁၀)နှစ်အတွင်း ကလေးများ
  • မကြာခဏအအေးမိခြင်း၊ ဓာတ်မတည့်ခြင်းများ၊ နှာ‌ခေါင်းနှိုက်ခြင်း၊ နှာခေါင်းအတွင်းသို့ ပစ္စည်းများထည့်ခြင်း စသည်တို့ကြောင့်ဖြစ်သည်
  • အသက် (၄၅) နှစ်အထက် လူကြီးများ
  • အသက် (၅၀) နားနီးလာသည်နှင့်အမျှ သွေးခဲနိုင်သည့် အချိန်ကြာလာခြင်း၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဥ်းရောဂါများ အဖြစ်များလာခြင်းကြောင့်ဖြစ်သည်
  • ကိုယ်ဝန်ဆောင်သည်များ
  • စူးရှသောအငွေ့၊ ဓာတုပစ္စည်းများ အသုံးပြုသောလုပ်ငန်းခွင်၊ ဖုန် အမှုန်ထသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေသူများ
  • သွေးခဲမှုဖြစ်စဥ် ကာကွယ်သည့်ဆေးဝါးများ သောက်သုံးနေသူများ (ဥပမာ – Aspirin, Warfarin)
  • သွေးခဲခြင်းဆိုင်ရာ ပြဿနာရှိသူများ (ဥပမာ _ သွေးမတိတ်ရောဂါရှိသူများ) တွင် ပို၍ဖြစ်နိုင်ခြေများသည်။
ရောဂါလက္ခဏာများ

ယေဘုယျအားဖြင့် နှာခေါင်းသွေးလျှံခြင်းမှလွဲ၍ အခြားသောလက္ခဏာများ ခံစားရခြင်း မရှိတတ်ပါ။ သို့သော် နှာခေါင်းသွေးလျှံရာမှ ထွက်လာသောသွေးကို မျိုချမိလျှင်ဖြစ်စေ၊ နှာခေါင်းအနောက်ဘက်မှ သွေးယိုစီးခြင်းကြောင့်ဖြစ်စေ အစာအိမ်သို့ သွေးများစီးဝင်သွားတတ်သဖြင့် ပျို့ခြင်း၊ အန်ခြင်းများ ခံစားရနိုင်ပြီး တစ်ခါတစ်ရံ ကော်ဖီရောင်အန်နိုင်သည်။ နောက်ခံရောဂါတစ်ခုခုကြောင့်ဖြစ်ပါက ထိုရောဂါ၏လက္ခဏာများ (ဥပမာ _ သွေးတိုးခြင်း၊ အဖုအကျိတ်များ ထွက်ခြင်း၊ သွားဖုံးသွေးနှင့်အရေပြားတွင်အနီစက်များ ထွက်ပေါ်ခြင်းစသည်တို့) တွေ့ရနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါလက္ခဏာများရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါ ရှာ‌ဖွေကုသပေးနိုင်သည်။ သို့သော်လည်း နှာခေါင်းသွေးလျှံခြင်း အများစုတွင် အဆိုပါစစ်ဆေးမှုများ လိုအပ်လေ့ မရှိပါ။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ထိခိုက်ဒဏ်ရာရခြင်းကြောင့် နှာခေါင်းသွေးထွက်ခြင်း၊ နှာခေါင်းကို ဖိထားသော်လည်း မိနစ် (၂၀) ကျော်သည်အထိ သွေးမတိတ်ခြင်း၊ သွေးထွက်များ၍ အသက်ရှူရခက်ခြင်းစသည့် လက္ခဏာများရှိပါက အရေးပေါ်အခြေအနေဖြစ်နိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။

အောက်ပါအခြေအနေများတွင်လည်း နားနှာခေါင်းလည်ချောင်း အထူးကကုဆရာဝန်ထံ အမြန်ဆုံးပြသင့်သည်။

  • နှာခေါင်းနောက်ဘက်မှ သွေးမကြာခဏ လျှံခြင်း
    အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် ကင်ဆာကျိတ်များကြောင့် ဖြစ်နိုင်သည်။
  • နှာခေါင်းတစ်ဖက်တည်းမှ ဆက်တိုက်သွေးယိုစီးပြီး နှာခေါင်းပိတ်နေခြင်း
    အကျိတ် သို့မဟုတ် ပြင်ပပစ္စည်းတစ်ခုခု ဝင်နေသောကြောင့်ဖြစ်နိုင်သည်။
ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ ပြုလုပ်၍ လိုအပ်ပါက သွေးစစ်ခြင်း၊ နှာခေါင်းမှန်ပြောင်းကြည့်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

ကုသခြင်း
ရှေးဦးကုသခြင်း
  • ကိုယ်ကိုမတ်မတ်ထား၍ ခေါင်းကို ရှေ့သို့ အနည်းငယ်ငိုက်ထားပါ (ထို့သို့လုပ်ခြင်းဖြင့် လည်ချောင်းအတွင်းသို့ သွေးများစီး၍ ပျို့ခြင်း၊ အန်ခြင်းနှင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းအား ကာကွယ်နိုင်သည်)
  • ပါးစပ်မှတစ်ဆင့် အသက်ရှူပါ
  • သွေးထွက်သည့်ပမာဏသိရှိရန် တစ်ရှူး (သို့မဟုတ်) အဝတ်စိုဖြင့် သွေးများကို ခံထားပါ
  • လက်ညှိုးနှင့်လက်မကို အသုံးပြု၍၊ နှာနုရိုးနှင့် နှာခေါင်းရိုးဆုံသည့်နေရာတွင် (၅) မိနစ်ခန့် ဖိထားပါ [လွှတ်ကြည့်၍ သွေးထွက်နေသေးလျှင် နောက်ထပ် (၁၀) မိနစ်ခန့် ထပ်၍ဖိထားနိုင်သည်]
  • ‌ရေခဲကပ်ပေးပါ
  • သွေးတိတ်သွားပြီးနောက်တွင် ခါးကုန်းခြင်း၊ အလေးအပင်မခြင်း၊ နှာခေါင်းပွတ်ခြင်း၊ ပြင်းထန်စွာနှာချေခြင်းများအား ရက်အနည်းငယ် ရှောင်ကြဥ်ရမည်
Epistaxis IMG

နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေသော အခံရောဂါရှိပါက ထိုရောဂါကို ကုသရန်လိုသည်။ သွေးထွက်ခြင်းကို တားဆီးရန်ကုသနိုင်သည့် နည်းလမ်းများမှာ_

  • သွေးထွက်နည်းစေသော Tranexamic acid ကဲ့သို့ ဆေးဝါးများ သောက်ခြင်း၊ နှာခေါင်းအတွင်းသို့ တိုက်ရိုက်ထည့်ခြင်း
  • သွေးကြောများကို ဓာတုပစ္စည်းအသုံးပြု၍ ပိတ်ခြင်း (Silver Nitrate)
  • သွေးကြောများကို လျှပ်စစ်ဖြင့်တို့၍ပိတ်ခြင်း
  • နှာခေါင်းအတွင်း ပစ္စည်းထည့်၍ ဖိအားသုံးပိတ်ဆို့ခြင်း (ရေမြုပ်၊ ဂွမ်း သို့မဟုတ် ‌ဘောလုံးဖြင့်) (Nasal packing)
  • လေဆာဖြင့်ကုသခြင်း၊ သွေးကြောများအား ချည်ခြင်းတို့ဖြစ်သည်။
ကာကွယ်ခြင်း

နှာခေါင်းသွေးလျှံခြင်းကို အမြဲတမ်းမကာကွယ်နိုင်သော်လည်း ဖြစ်သည့်အကြိမ်ရေကို လျှော့ချနိုင်သော နည်းလမ်းများကို လုပ်ဆောင်သင့်သည်။

  • နှာခေါင်းအတွင်း အစိုဓာတ်ရှိအောင်ထားခြင်း
    နှာခေါင်းခြောက်ပါက သွေးလျှံခြင်းကို ပိုဖြစ်စေနိုင်သည်။ နှာခေါင်းအတွင်းသို့ အစိုဓာတ်ထိန်းသည့်ဂျယ်လ်ကို ဂွမ်းတံအသုံးပြု၍ တစ်နေ့လျှင် သုံးကြိမ်ခန့် လိမ်းနိုင်သည်။
  • နှာခေါင်းအစက်ချဆေးများသုံးခြင်း
    ထိုသို့သုံးခြင်းဖြင့် နှာခေါင်းအတွင်းပိုင်းအား အစိုဓာတ်ပေးနိုင်သည်။
  • ရေငွေ့ထုတ်စက် (Humidifier) သုံးခြင်း
  • ဆေးလိပ်သောက်ခြင်း ရှောင်ကြဥ်ခြင်း
  • နှာခေါင်းနှိုက်ခြင်းကို ရှောင်ကြဥ်ခြင်း
  • အကိုက်အခဲပျောက်ဆေးများ၊ ဓာတ်မတည့်ခြင်းကြောင့် သောက်သည့်ဆေးများအား မကြာခဏ သောက်ခြင်းတို့မှ ရှောင်ကြဥ်ခြင်းတို့ဖြင့် လျှော့ချနိုင်သည်။

References:

  1. Healthdirect. (2024). Nosebleeds – epistaxis, treatments and prevention. Retrieved September 14, 2025, from https://www.healthdirect.gov.au/nosebleed
  2. Cleveland Clinic. (2024). Nosebleeds (Epistaxis): Causes, treatment & prevention. Retrieved September 14, 2025, from https://my.clevelandclinic.org/health/diseases/13464-nosebleed-epistaxis
  3. WebMD. (2024). How to stop & prevent nosebleeds: Causes and treatments. Retrieved September 14, 2025, from https://www.webmd.com/first-aid/nosebleeds-causes-and-treatments
  4. WebMD. (n.d.). Causes of nosebleeds. Retrieved September 14, 2025, from https://www.webmd.com/first-aid/causes-nosebleeds

Published: 30 August 2024

Last updated: 30 November 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.