ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဆီးချိုရောဂါဖြစ်ရခြင်းသည် အင်ဆူလင်ဟော်မုန်းနှင့် သက်ဆိုင်သည်။ အင်ဆူလင် (insulin) ဆိုသည်မှာ ဝမ်းဗိုက်အတွင်းရှိ ပန်ကရိယ (Pancreas) မှ ထုတ်လုပ်ပေးသည်။ အင်ဆူလင်သည် ခန္ဓာကိုယ်တွင်း သကြားဓာတ်ကို ပုံမှန်အတွင်း ရှိနေစေရန် ထိန်းပေးသော ဟော်မုန်းတစ်မျိုးဖြစ်သည်။
အောက်ပါအခြေအနေများကြောင့် ဆီးချိုရောဂါ ဖြစ်ပေါ်လာသည်။
- ပန်ကရိယမှ အင်ဆူလင် (Insulin) ကို လုံလောက်အောင် မထုတ်လုပ်နိုင်ခြင်း (Insulin deficiency)
- ထုတ်လုပ်ထားသော အင်ဆူလင်ကို ခန္ဓာကိုယ်မှ တုံ့ပြန်မှုမရှိခြင်း (Insulin resistance)
ဆီးချိုရောဂါ အဓိကအမျိုးအစားများမှာ_
- အမျိုးအစား (၁) ဆီးချို (Type 1 diabetes mellitus)
- အမျိုးအစား (၂) ဆီးချို (Type 2 diabetes mellitus)
- ကိုယ်ဝန်ဆောင်စဉ် ဖြစ်သော ဆီးချိုရောဂါ (Gestational diabetes)
- ရှားပါးသော ဆီးချိုရောဂါ အမျိုးအစားများ [ဥပမာ – Monogenic diabetes mellitus – Maturity-onset diabetes of the young (MODY)] တို့ဖြစ်ကြသည်။
- အမျိုးအစား (၁) ဆီးချိုရောဂါ (Type 1 Diabetes)
အမျိုးအစား (၁) ဆီးချိုရောဂါ ဖြစ်ရခြင်းမှာ မိမိ၏ကိုယ်ခံအားစနစ် (Immune system) မှ အင်ဆူလင် (Insulin) ထုတ်ပေးသည့် ပန်ကရိယ (Pancreas) ကို တိုက်ခိုက်ဖျက်ဆီးခြင်းကြောင့် ဖြစ်ပွါးသည်။ အမျိုးအစား (၁) ဆီးချိုရောဂါသည် မျိုးဗီဇနှင့် အဓိကသက်ဆိုင်သည်။ အသက်ငယ်ရွယ်သူများတွင် အဖြစ်များလေ့ရှိသည်။ - အမျိုးအစား (၂) ဆီးချိုရောဂါ (Type 2 Diabetes)
အမျိုးအစား (၂) ဆီးချိုရောဂါသည် မိမိတို့ခန္ဓာကိုယ်ရှိ ဆဲလ်များမှ အင်ဆူလင်ကို ပုံမှန်အတိုင်း တုံ့ပြန်မှုမရှိခြင်း (Insulin resistance) ကြောင့် သွေးတွင်းသကြားဓာတ် များလာခြင်းဖြစ်သည်။ အမျိုးအစား (၂) ဆီးချိုရောဂါသည် မျိုးဗီဇတစ်ခုထဲနှင့် မသက်ဆိုင်ပါ။ မိမိ၏ နေထိုင်စားသောက်မှုပုံစံနှင့်လည်း သက်ဆိုင်သည်။ ကိုယ်လက်လှုပ်ရှားမှု နည်း၍ အထိုင်များသူများ၊ အ၀လွန်သူများတွင် အဖြစ်များသည်။ အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်ပြီး အသက် (၄၅) နှစ်နှင့်အထက်တွင် ပို၍အဖြစ်များသည်။
အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်ခင် သွေးတွင်းသကြားဓာတ် ပုံမှန်ထက်မြင့်မားနေပြီး ဆီးချိုရောဂါဟု သတ်မှတ်နိုင်သည်အထိ သွေးတွင်းသကြားဓာတ် မမြင့်မားသေးသည့် အခြေအနေကို အကြိုဆီးချို (Prediabetes) ဟုခေါ်ဆိုသည်။အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်ခင် သွေးတွင်းသကြားဓာတ် ပုံမှန်ထက်မြင့်မားနေပြီး ဆီးချိုရောဂါဟု သတ်မှတ်နိုင်သည်အထိ သွေးတွင်းသကြားဓာတ် မမြင့်မားသေးသည့် အခြေအနေကို အကြိုဆီးချို (Prediabetes) ဟုခေါ်ဆိုသည်။ - ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါဖြစ်ခြင်း (Gestational diabetes)
ယခင်က ဆီးချိုရောဂါမရှိသော အချို့အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုရောဂါ ဖြစ်ပေါ်လာတတ်သည်။ အဆိုပါ ဆီးချိုရောဂါသည် ကလေးမွေးဖွားပြီးနောက်တွင် ပျောက်ကင်းသွားနိုင်သော်လည်း နောက်ပိုင်းတွင် အမျိုးအစား (၂) ဆီးချို ဖြစ်လာနိုင်ခြေများသည်။
ကိုယ်၀န်ဆောင်စဥ် ဆီးချိုရောဂါ အဖြစ်များသူများမှာ_- အ၀လွန်သူများ
- ကိုယ်လက်လှုပ်ရှားမှု နည်းသူများ
- အကြိုဆီးချိုရောဂါ ရှိသူများ
- ယခင် ကိုယ်၀န်ဆောင်စဥ် ဆီးချိုရောဂါ ဖြစ်ခဲ့ဖူးသူများ
- သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (Polycystic ovarian syndrome)
- မိသားစုမျိုးရိုးတွင် ဆီးချိုရောဂါရှိသူများ
- ယခင်ကိုယ်ဝန်တွင် (၉) ပေါင်နှင့်အထက်ရှိသော ကလေးမွေးဖွားဖူးသူများဖြစ်ကြသည်။
- လူငယ်များတွင် ဖြစ်တတ်သော မျိုးရိုးနှင့် သက်ဆိုင်သည့် ဆီးချိုရောဂါ [Monogenic diabetes mellitus – Maturity-onset diabetes of the young (MODY)]
မျိုးဗီဇပြောင်းလဲမှု (Genetic mutation) ကြောင့် အသက် (၂၅) နှစ်အောက် လူငယ်များတွင် တွေ့ရတတ်သော ဆီးချိုအမျိုးအစားဖြစ်သည်။ အစပိုင်းတွင် ဆီးချိုရောဂါလက္ခဏာ ပြလေ့မရှိဘဲ ပုံမှန်ကျန်းမာရေး စစ်ဆေးသည့်အချိန်တွင် သွေးတွင်းသကြားဓာတ် များနေသည်ကို တွေ့ရလေ့ရှိသည်။ မျိုးဗီဇစစ်ဆေးခြင်းဖြင့် သိရှိနိုင်ပြီး မျိုးရိုးလိုက်သောကြောင့် မိမိတွင်ရှိပါက မိသားစုဝင်များကိုပါ စစ်ဆေးရန် လိုအပ်သည်။ မျိုးဗီဇပြောင်းလဲမှုပေါ် မူတည်၍ အချို့သူများတွင် သကြားဓာတ် အနည်းငယ်သာ တက်သောကြောင့် ဆေးထိုး၊ ဆေးသောက်စရာမလိုဘဲ ကျန်းမာသော နေထိုင်စားသောက်မှုပုံစံဖြင့်သာ ရောဂါထိန်းသိမ်းနိုင်ပြီး အချို့သူများတွင် ရောဂါထိန်းသိမ်းရန် သောက်ဆေးများနှင့် လိုအပ်လျှင် အင်ဆူလင် ထိုးဆေးများကိုပါ အသုံးပြုရသည်။
ရောဂါလက္ခဏာများ
ဆီးချိုရောဂါ၏ အဓိကလက္ခဏာများမှာ ဆီးသွားများခြင်း (အထူးသဖြင့် ညဘက်တွင် ဆီးမကြာခဏသွားခြင်း)၊ ရေငတ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်သည်။
အခြားလက္ခဏာများမှာ_
- ကိုယ်လက် မအီမသာဖြစ်ခြင်း
- ကြွက်တက်ခြင်း
- ပျို့အန်ခြင်း
- မကြာခဏ ဗိုက်ဆာခြင်း
- အနာကျက်ရန် အချိန်ကြာခြင်း
- ဘက်တီးရီးယားပိုး၊ မှိုပိုးများ အ၀င်လွယ်ခြင်း (သွားဖုံး၊ အရေပြားနှင့် အမျိုးသမီးအင်္ဂါတွင် ပိုး၀င်ခြင်း)
- လည်ပင်းနှင့် ချိုင်းကြားရှိ အရေပြားများ မည်းလာခြင်း စသည်တို့ဖြစ်သည်။
သို့သော် အချို့သောသူများတွင် မည်သည့်ရောဂါလက္ခဏာမှ မပြဘဲ ဆီးချိုရောဂါရှိနေနိုင်သည်။ ထို့သို့လက္ခဏာမပြဘဲ ဆီးချိုရောဂါရှိနေသူများကို ရှာဖွေ၍ ဆီးချိုရောဂါကို အချိန်မီသိရှိ ကုသမှုခံယူနိုင်ရန် လွန်စွာအရေးကြီးသည်။
ထို့ကြောင့် အောက်ဖော်ပြပါ အခြေအနေများတွင် မည်သည့်ရောဂါလက္ခဏာမျှ မခံစားရသော်လည်း ဆီးချိုရောဂါကို ကြိုတင်ရှာဖွေ စစ်ဆေးရန် လိုအပ်သည်။
- အသက် (၃၅) နှစ်နှင့်အထက်ရှိသူများ
- ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း (BMI) ၂၃ နှင့်အထက်ရှိသူများတွင် အောက်တွင် ဖော်ပြထားသည့် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အချက်များရှိသူများ
- မိဘမျိုးရိုး (အဖေ၊ အမေ၊ ညီအစ်ကိုမောင်နှမများ) တွင် ဆီးချိုရောဂါရှိသူများ
- နှလုံးရောဂါရှိသူများ
- သွေးတိုးရောဂါရှိသူများ [သွေးပေါင်ချိန် ၁၃၀/၈၀ နှင့်အထက် (သို့မဟုတ်) သွေးတိုးကျဆေး သောက်သုံးနေရသူများ]
- သွေးတွင်းအဆီဓာတ်များသူများ
- သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (Polycystic ovarian syndrome)
- ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ အထိုင်များသူများ
- အင်ဆူလင်ကို ပုံမှန်အတိုင်း တုံ့ပြန်မှုမရှိသည့် အခြားသော အခြေအနေများ (အဝလွန်ခြင်း၊ ဇီဝကမ္မဖြစ်စဥ် မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော အသည်းအဆီဖုံးရောဂါ (Metabolic Dysfunction Associated Steatotic Liver Disease – MASLD)
- အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုရောဂါဖြစ်ခဲ့သူများ
- အကြိုဆီးချိုရောဂါရှိသူများ
- ဆီးချိုရောဂါ ဖြစ်နိုင်ခြေမြင့်မားသောအုပ်စု [ဥပမာ – အိတ်ချ်အိုင်ဗွီ (HIV) ရောဂါရှိသူများ၊ သကြားဓာတ် မြင့်တက်စေနိုင်သော ဆေးဝါးများသောက်သုံးနေရသူများ (ဥပမာ – စတီးရွိုက်)၊ သွားနှင့် ခံတွင်းရောဂါရှိသူများ (Periodontal disease)၊ ယခင်က ပန်ကရိယရောင်ဖူးသူများ]
စစ်ဆေးမှုရလဒ်များမှာ ပုံမှန်ဖြစ်နေခဲ့လျှင် အနည်းဆုံး သုံးနှစ် တစ်ကြိမ် (သို့မဟုတ်) အခြေအနေပေါ် မူတည်၍ လိုအပ်သလို စစ်ဆေးသင့်သည်။ ရောဂါဖြစ်နိုင်ခြေမြင့်မားသော အုပ်စုဖြစ်ပါက ပို၍အကြိမ်ရေစိပ်စိပ် စစ်ဆေးသင့်သည်။ အကယ်၍ မိမိတွင် အကြိုဆီးချိုရောဂါရှိနေပါက တစ်နှစ် တစ်ကြိမ် ပုံမှန်စစ်ဆေးသင့်သည်။ ကိုယ်၀န်ဆောင်စဥ် ဆီးချိုရောဂါရှိခဲ့ဖူးလျှင် ဘ၀တစ်လျှောက်လုံး နှစ်စဥ် (သို့မဟုတ်) သုံးနှစ်လျှင် တစ်ကြိမ် အမြဲပုံမှန်စစ်ဆေးသင့်သည်။
နောက်ဆက်တွဲပြဿနာများ
ဆီးချိုရောဂါကို သေချာစွာမကုသပါက အောက်ပါ နောက်ဆက်တွဲ နာတာရှည်ပြဿနာများ (Diabetes Mellitus – long term complications) ကို အချိန်တိုအတွင်း ခံစားရနိုင်သည်။
- နှလုံးသွေးကြောကျဥ်းခြင်း၊ ပိတ်ခြင်း _ ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊ ရင်တုန်ခြင်း
- ဦးနှောက်သွေးကြောပိတ်ခြင်း (လေဖြတ်ခြင်း)
- ခြေထောက်သို့ သွေးလည်ပတ်မှုနည်းပြီး လှုပ်ရှားလျှင် ကြွက်သားများ နာကျင်ခြင်း၊ ခြေချောင်းများပုပ်ခြင်း
- ခြေထောက်တွင်အနာဖြစ်ပါက အကျက်နှေးခြင်း
- အမြင်အာရုံချို့တဲ့ခြင်း
- ကျောက်ကပ် ထိခိုက်ပျက်စီးခြင်း၊ ဆီးနည်းသွားခြင်း၊ ခြေထောက်များ ဖောရောင်ခြင်း
- အာရုံကြောထိခိုက်၍ ထုံကျဥ်ကိုက်ခဲခြင်း
- အထိုင်အထတွင် သွေးပေါင်ကျ၍ ခေါင်းမူးခြင်းတို့ ဖြစ်ကြသည်။
လတ်တလောပြဿနာများ (ဆီးချိုရောဂါ၏ အရေးပေါ်အခြေအနေများ) အနေနှင့်
- ဆီးချိုဆိပ်တက်ခြင်း
- [အမျိုးအစား (၁) ဆီးချိုရောဂါတွင် ဒီကေအေ (DKA- Diabetes Ketoacidosis) နှင့် အမျိုးအစား (၂) ဆီးချိုရောဂါတွင် အိပ်ချ်အိပ်ချ်အက်စ် (HHS – hyperglycemic hyperosmolar state)]
- သကြားဓာတ်ကျခြင်း (Hypoglycemia – သွေးတွင်းသကြားဓာတ် (70) mg/dl အောက်ကျကာ ချွေးထွက်ခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနှင့် သတိလစ်ခြင်း) တို့ဖြစ်ပေါ်တတ်သည်
အချို့လူနာများမှာ အထက်ပါ နောက်ဆက်တွဲပြဿနာများကို ခံစားရသည့်အချိန်မှသာ ဆီးချိုရှိမှန်း သိရှိကြသဖြင့် အလွန်နောက်ကျနေတတ်သည်။ ထို့ကြောင့် ဆီးချိုရောဂါ ရှိမရှိကို စောစီးစွာ သိရှိနိုင်ရန် ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် အရေးကြီးသည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပြီး ရောဂါရှာဖွေ ကုသပေးနိုင်သည်။ နောက်ဆက်တွဲပြဿနာများရှိ၍ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။
ရောဂါရှာဖွေခြင်း
လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း (အထူးသဖြင့် မိသားစုထဲတွင် ဆီးချိုရောဂါ ရှိမရှိ မေးမြန်းခြင်း၊ နေထိုင်စားသောက်မှုပုံစံ မေးမြန်းခြင်း၊ ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ပြဿနာများရှိမရှိ မေးမြန်းခြင်း ) တို့နှင့် လူနာကိုစမ်းသပ်ခြင်း (ဆီးချိုရောဂါ၏ လက္ခဏာများကို စမ်းသပ်ခြင်း၊ ကိုယ်အလေးချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ လက်နှင့်ခြေထောက်များကို စမ်းသပ်ခြင်း) တို့ကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။
ဆီးချိုရောဂါဟုသတ်မှတ်ခြင်း
ဆီးချိုရောဂါကို သိရှိနိုင်ရန် သွေးတွင်းသကြားဓာတ်ကို စစ်ဆေးနိုင်သော အမျိုးအစားများမှာ_
- ဟီမိုဂလိုဘင် အေဝမ်းစီ စစ်ဆေးခြင်း [လွန်ခဲ့သော (၃) လအတွင်း ပျမ်းမျှသွေးတွင်းသကြားဓာတ် – HbA1c]
- အချိန် (၈)နာရီ မှ (၁၀)နာရီကြာ အစာမစားဘဲ တိုင်းတာသည့် သွေးတွင်းသကြားဓာတ် (Fasting Blood Glucose – FBG)
- အချိန် (၈) နာရီကြာ အစာမစားဘဲ သကြား (၇၅) ဂရမ်ပါ၀င်သော သကြားရည်တစ်ခွက်ကို သောက်ပြီးနောက် (၂) နာရီအကြာတွင် တိုင်းတာသော သွေးတွင်းသကြားဓာတ် [2-hour plasma glucose after 75 g oral glucose – Oral Glucose Tolerance Test (OGTT)]
- အစာဖြတ်တောက်ခြင်းမရှိဘဲ တိုင်းတာသည့် သွေးတွင်းသကြားဓာတ် (Random Blood Glucose- RBG) တို့ဖြစ်ကြသည်။
ကိုယ်ဝန်မရှိသောသူများတွင် ဆီးချိုရောဂါရှိသည်ဟု သတ်မှတ်ချက်
- HbA1c – 6.5% (48 mmol/mol) နှင့်အထက် (သို့မဟုတ်)
- Fasting Blood Glucose (FPG) – 126 mg/dl (7.0 mmol/l) နှင့်အထက် (သို့မဟုတ်)
- 2 hr plasma glucose (75 g OGTT) – 200 mg/dl (11.1 mmol/l) နှင့်အထက်
ဆီးချိုရောဂါဟု သတ်မှတ်ရန်
- ဆီးချိုရောဂါလက္ခဏာမရှိသူများတွင် အထက်တွင် ဖော်ပြထားသော သွေးတွင်းသကြားဓာတ်စစ်ဆေးမှု တစ်ခုကို အနည်းဆုံး (၂)ကြိမ် [ဥပမာ – FBG ကို (၂) ခါစစ်ခြင်း] သို့မဟုတ် မတူညီသော စစ်ဆေးမှု (၂) ခု (FBG နှင့် HbA1c) ပြုလုပ်ပြီးမှသာ ဆီးချိုရောဂါဟု သတ်မှတ်နိုင်သည်
(သို့မဟုတ်) - ဆီးချိုရောဂါလက္ခဏာများ သို့မဟုတ် ဆီးချိုဆိပ်တက်ခြင်း၏ ရောဂါလက္ခဏာ ရှိသူများတွင် Random Blood Glucose (RBG) သည် 200 mg/dl (11.1 mmol/l) နှင့်အထက် တစ်ကြိမ်ဖြစ်ရုံနှင့် ဆီးချိုရောဂါ ရှိသည်ဟု သတ်မှတ်နိုင်သည်
အကြိုဆီးချိုရောဂါ ရှိသည်ဟုသတ်မှတ်ခြင်း (Prediabetes)
- HbA1c – 5.7 – 6.4% (39 – 47 mmol/l)
(သို့မဟုတ်) - Fasting Blood Glucose (FPG) – 100 – 125 mg/dl (5.6 – 6.9 mmol/l)
(သို့မဟုတ်) - 2 hr plasma glucose (75 g OGTT) – 140 – 199 mg/dl (7.8 – 11.1 mmol/l)
အမျိုးအစား (၁) ဆီးချို စစ်ဆေးခြင်း
အမျိုးအစား (၁) ဆီးချိုရောဂါဟု သံသယဖြစ်လျှင် သွေးတွင်းပဋိပစ္စည်းများ (Islet autoantibodies) နှင့် C peptide ဟုခေါ်သည့် ဟော်မုန်းဓာတ်တို့ကို စစ်ဆေးနိုင်သည်။ C peptide ပမာဏ လျော့ကျနေပြီး မိမိခန္ဓာကိုယ်ကို ပြန်၍တိုက်ခိုက်သည့် ပဋိပစ္စည်းများကို တွေ့ရှိပါက အမျိုးအစား (၁) ဆီးချိုရောဂါရှိသည်ဟု သတ်မှတ်နိုင်သည်။ အမျိုးအစား (၂) ဆီးချိုတွင် C peptide မှာ ပုံမှန်ဖြစ်နေပြီး မိမိခန္ဓာကိုယ်ကို ပြန်၍တိုက်ခိုက်သည့် ပဋိပစ္စည်းများကို မတွေ့ရပေ။
ကိုယ်၀န်ဆောင်ဆီးချို (Gestational diabetes) ဟုသတ်မှတ်ခြင်း
ယခင်က ဆီးချိုရောဂါမရှိသော ကိုယ်၀န်ဆောင်အမျိုးသမီးတွင် သကြားဓာတ်များနေပါက ကိုယ်၀န်ဆောင်ဆီးချိုရောဂါ ရှိမရှိ သေချာစေရန် ကိုယ်၀န် (၂၄)ပတ် မှ (၂၈)ပတ်တွင် Oral Glucose Tolerance Test – OGTT ဟုခေါ်သော သကြား (၇၅) ဂရမ်ပါ၀င်သည့် သကြားရည်ကိုသောက်ပြီး သကြားဓာတ်များ တိုင်းတာရသည်။ ထိုစစ်ဆေးခြင်းကို အနည်းဆုံး (၈) နာရီကြာ အစာမစားဘဲ မနက်ပိုင်းတွင် ပြုလုပ်ရသည်။ သကြားရည်မသောက်ခင်၊ သောက်ပြီး တစ်နာရီအကြာနှင့် နှစ်နာရီအကြာတွင် သကြားဓာတ်များ တိုင်းတာထားရသည်။
အောက်ဖော်ပြပါ သကြားဓာတ်တစ်ခုခုနှင့် ကိုက်ညီလျှင် ကိုယ်၀န်ဆောင်ဆီးချို ဟုသတ်မှတ်သည်။
- FBS (Fasting Blood Sugar) – 92 mg/dl (5.1mmol/l) နှင့်အထက်
(သို့မဟုတ်) - OGTT – သကြားရည်သောက်ပြီး တစ်နာရီအကြာတွင်တိုင်းသည့် သကြားဓာတ် 180 mg/dl (10.0mmol/l) နှင့်အထက်
(သို့မဟုတ်) - OGTT – သကြားရည်သောက်ပြီး နှစ်နာရီအကြာတွင်တိုင်းသည့် သကြားဓာတ် 153 mg/dl (8.5mmol/l)
ဆီးချိုရောဂါရှိသူများတွင် အောက်ပါဇယားအတိုင်း ဆက်လက်ရှာဖွေ စမ်းသပ်စစ်ဆေးရန် လိုအပ်သည်။
ခန္ဓာကိုယ်စမ်းသပ် စစ်ဆေးခြင်း | ပြုလုပ်ရမည့်အချိန် |
---|---|
(၁) အရပ်၊ ကိုယ်အလေးချိန်၊ ခန္ဓာကိုယ် ထုထည်ညွှန်းကိန်းတွက်ခြင်း (height, weight and BMI) | ဆေးခန်းလာပြတိုင်း ပြုလုပ်ရမည် |
(၂) သွေးပေါင်ချိန် (Blood Pressure) | ဆေးခန်းလာပြတိုင်း ပြုလုပ်ရမည် |
(၃) အထိုင်အထတွင် သွေးပေါင်ချိန် ကွာဟမှု ရှိမရှိ တိုင်းတာခြင်း (Orthostatic Blood Pressure) | လိုအပ်လျှင် ပြုလုပ်ရမည် |
(၄) မျက်စိအထူးကုဆရာ၀န်နှင့် မျက်စိစမ်းသပ်စစ်ဆေးခြင်း (Fundoscopic examination) | ပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည် |
(၅) သိုင်းရွိုက်ကို စမ်းသပ်စစ်ဆေးခြင်း (Thyroid Palpation) | ပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည် |
(၆) အရေပြား စမ်းသပ်စစ်ဆေးခြင်း (Skin examination) | ဆေးခန်းလာပြတိုင်း ပြုလုပ်ရမည် |
(၇) ခြေထောက်ကို စမ်းသပ်စစ်ဆေးခြင်း (Foot examination) | ပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည် |
(၈) အာရုံကြောများ စမ်းသပ်စစ်ဆေးခြင်း (Determination of temperature, vibration or pinprick sensation and 10-g monofilament examination) | အာရုံခံစားသိရှိမှု ရှိမရှိကိုလည်း စမ်းသပ်စစ်ဆေးရန် လိုအပ်သည်၊ ပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည်။ |
(၉) စိတ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း (Mental health assessment) | ပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည် |
(၁၀) အရိုးကျန်းမာရေး စစ်ဆေးခြင်း (Bone health assessment) | အသက်ကြီးသူများတွင် အရိုးကျန်းမာရေး စစ်ဆေးရန် လိုအပ်သည်၊ ပထမအကြိမ်စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည် |
သွေးစစ်၊ ဆီးစစ်ခြင်း၊ အီးစီဂျီ ဆွဲခြင်း | ပြုလုပ်ရမည့်အချိန် |
---|---|
(၁) HbA1c | ပထမအကြိမ်စစ်ဆေးပြီး သုံးလ တစ်ကြိမ် ပုံမှန်စစ်ဆေးရမည် |
(၂) အီးစီဂျီ ဆွဲခြင်း (ECG) | ပထမအကြိမ်နှင့် လိုအပ်သည့်အချိန်တွင် ထပ်မံပြုလုပ်ရမည် |
(၃) အဆီဓာတ်စစ်ဆေးခြင်း (Lipid profile) | ပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည် |
(၄) အသည်းဓာတ် စစ်ဆေးခြင်း (Liver Function Test) | ပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည် |
(၅) ဆီးထဲတွင် အသားဓာတ် စစ်ဆေးခြင်း (Urine Albumin to Creatinine Ratio – UACR) | ပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည် |
(၆) ကျောက်ကပ်ဓာတ် စစ်ဆေးခြင်း (Serum creatinine and eGFR) | ပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည် |
(၇) စီဘီစီ (Complete blood count – CBC) စစ်ဆေးခြင်း | ပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည် |
(၈) သိုင်းရွိုက်ဟော်မုန်းစစ်ဆေးခြင်း (Thyroid stimulating hormone – TSH) | အမျိုးအစား (၁) ဆီးချိုရောဂါ ရှိသူများတွင် စစ် ဆေးရန် လိုအပ်သည်၊ ပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည် |
(၉) ဗီတာမင် ဘီ ၁၂ (vit B12) ပမာဏ စစ်ဆေးခြင်း | မက်ဖော်မင် (metformin) သောက်နေသူများတွင် စစ်ဆေးရန် လိုအပ်သည်၊ ပထမအကြိမ် စစ်ဆေးပြီး တစ်နှစ်လျှင် တစ်ခါ ပုံမှန်စစ်ဆေးရမည် |
(၁၀) အရိုးသိပ်သည်းဆ တိုင်းတာခြင်း (BMD testing – DEXA scan) | အသက် (၆၅) နှစ်နှင့်အထက် ရှိသူများတွင် စစ်ဆေးရန် လိုအပ်သည်၊ သွေးဆုံးပြီးသော အမျိုးသမီးများနှင့် အသက် (၅၀) အထက်အမျိုးသားများတွင် လူကြီးဘဝတွင် အရိုးကျိုးဖူးခြင်း (သို့မဟုတ်) အရိုးကျိုးနိုင်ခြေများသော အခြေအနေများရှိလျှင် စစ်ဆေးရန် လိုအပ်သည်၊ ပထမအကြိမ်စစ်ဆေးပြီး ဆရာဝန်ညွှန်ကြားသည့်အတိုင်း ထပ်မံစစ်ဆေးရန် လိုအပ်နိုင်သည် |
ဆီးချိုရောဂါနှင့်ပတ်သက်၍ ဆက်လက်ဖတ်ရှုရန်
- Diabetes Mellitus – Acute emergencies – ဆီးချိုရောဂါ၏ အရေးပေါ်အခြေအနေများ
- Diabetes Mellitus – Long-term Complications – ဆီးချိုရောဂါ၏ နောက်ဆက်တွဲ နာတာရှည် ပြဿနာများ
- Diabetic foot – ဆီးချိုကြောင့် ဖြစ်သည့် ခြေထောက်အနာများ
- Diabetes Mellitus – Injectable treatments – ဆီးချိုရောဂါတွင် အသုံးပြုသောထိုးဆေးကုထုံးများ
- Diabetes Mellitus – Oral hypoglycemic agents – ဆီးချိုရောဂါတွင် အသုံးပြုသည့် သောက်ဆေးများ
- Type 1 Diabetes in children – အမျိုးအစား (၁) ဆီးချို (ကလေးဆီးချိုရောဂါ)
- Diabetes Diet (ဆီးချိုရောဂါနှင့် အစားအသောက်)
- Gestational Diabetes (ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ)
References:
- Mayo Clinic. (n.d.). Diabetes: Diagnosis & Treatment. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/diabetes/diagnosis-treatment/drc-20371451
- Cleveland Clinic. (n.d.). Diabetes – Diagnosis and tests. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/7104-diabetes#diagnosis-and-tests
- American Diabetes Association Professional Practice Committee. (2025). Improving care and promoting health in populations: Standards of care in diabetes—2025. Diabetes Care, 48(Supplement 1), S14–S26. https://diabetesjournals.org/care/article/48/Supplement_1/S14/157553/1-Improving-Care-and-Promoting-Health-in
Published: 30 August 2024
Last updated: 8 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.