ကလေးများတွင် အတွေ့ရများသော အရေပြားအနာ (skin infections) များသည် ဘက်တီးရီးယားပိုးများကြောင့် အဖြစ်များသည်။ ဗိုင်းရပ်စ်ပိုးများနှင့် မှိုပိုးများကြောင့်လည်း ကလေးများတွင် အရေပြားအနာများ ဖြစ်နိုင်သည်။ အရေပြားတွင် သေးငယ်သောအနီဖုများ၊ အရည်ကြည်ဖုများ၊ ပြည်ဖုများဖြစ်ခြင်းမှ သွေးဆိပ်တက်သည်အထိ ဖြစ်နိုင်သောကြောင့် စောစီးစွာသိရှိ၍ ကုသမှုခံယူပါက နောက်ဆက်တွဲပြဿနာများ နည်းပါးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
Staphylococcus နှင့် Streptococcus ဘက်တီးရီးယားပိုးများကြောင့် အများဆုံးဖြစ်လေ့ရှိသည်။ ကိုယ်ခံအားနည်းနေသောကလေးများ (ဥပမာ _ ကာကွယ်ဆေးမထိုးထားသူများ၊ ဆီးချိုရောဂါရှိသူများ၊ စတီးရွိုက်ဆေး ကြာရှည်စွာသောက်ထားသူများ၊ အေအိုင်ဒီအက်စ် (AIDS) ရောဂါရှိသူများ၊ ကိုယ်အင်္ဂါ အစားထိုးကုသထားသူများ)၊ ကင်ဆာရောဂါရှိသော ကလေးများ၊ အာဟာရချို့တဲ့သော ကလေးများနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းသော ကလေးများတွင် အဖြစ်များသည်။ အနာများမှထွက်သော သားနံရည်၊ ပြည်တို့ကို ထိတွေ့ရာမှတစ်ဆင့် ကူးစက်နိုင်သည်။ ဝဲယားနာရှိသော ကလေးများတွင် မသန့်ရှင်းသောလက်ဖြင့် ကုတ်ရာမှ ဘက်တီးရီးယားပိုးများ ထပ်မံဝင်ရောက်နိုင်သည်။
ရောဂါလက္ခဏာများ
ကူးစက်ဝင်ရောက်သော ရောဂါပိုးအမျိုးအစားပေါ် မူတည်၍ အရေပြားအနာအမျိုးမျိုး ဖြစ်ပွါးနိုင်သည်။
ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော အရေပြားရောဂါများ
- မွေးကျွတ်နာ (Boils)
အတွေ့ရအများဆုံး အရေပြားအနာပုံစံဖြစ်ပြီး မွေးညှင်းပေါက်များ၊ အဆီအိတ်များ ပိုးဝင်ရာမှ ဖြစ်ပေါ်သည်။ ပိုးဝင်သောအရေပြားသည် နီရဲခြင်း၊ ရောင်ရမ်းခြင်းများဖြစ်ပြီး အရေပြားပေါက်ထွက်သွားလျှင် ပြည်များ ထွက်လာသည်။ ချိုင်းအောက်၊ ပေါင်ခြံနှင့် တင်ပါးတို့တွင် အဖြစ်များသည်။ - အနာစက် (Impetigo)
နာသော အနီဖုငယ်လေးများစဖြစ်ပြီး ပြည်ဖုများအဖြစ် ပြောင်းလဲတတ်သည်။ ခန္ဓာကိုယ် တစ်နေရာမှ တစ်နေရာသို့ လျင်မြန်စွာ ကူးစက်တတ်သည်။ နှုတ်ခမ်းနှင့် နှာခေါင်းပတ်ဝန်းကျင်တွင် အဖြစ်များသည်။ ခြေ၊ လက်များတွင်လည်း ဖြစ်လေ့ရှိသည်။ - အရေပြားရောင်ရမ်းခြင်း (Cellulitis)
အရေပြား အတွင်းပိုင်းအလွှာ ရောင်ရမ်းခြင်းဖြစ်သည်။ ပိုးဝင်သော အရေပြားမျက်နှာပြင်သည် နီရဲ၍ ရောင်ရမ်း နာကျင်တတ်သည်။ ထိုနေရာအနီးရှိ ပြန်ရည်ကျိတ်များ ကြီးခြင်း၊ ရောင်ခြင်း၊ နာခြင်းနှင့် အဖျားတက်ခြင်းများ ဖြစ်နိုင်သည်။ ထိခိုက်ထားသော အရေပြားတွင် ပို၍ဖြစ်လွယ်သည်။ - မီးလောင်ဒဏ်ရာကဲ့သို့သော အနာများ (Staphylococcal Scalded Skin Syndrome)
Staphylococcus ဘက်တီးရီးယားပိုးမှထွက်သော အဆိပ် (toxin) တစ်မျိုးကြောင့် ဖြစ်ပွါးသည်။ အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ပို၍အဖြစ်များပြီး ဖျားခြင်း၊ အဖုအပိမ့်များနှင့် အရည်ကြည်ဖုများထွက်ခြင်း စသည်တို့ တွေ့ရသည်။ အရည်ကြည်ဖု ပေါက်သွားသောအခါ အရေပြား အပေါ်ဆုံးအလွှာသည် မီးလောင်ဒဏ်ရာကဲ့သို့ နီမြန်းစွတ်စိုနေတတ်သည်။ ခန္ဓာကိုယ်ရှိ အရေပြားများ အပြင်လိုက်ကွာကျသောကြောင့် ခန္ဓာကိုယ်တွင် ရေဓာတ်ဆုံးရှုံးခြင်း၊ အခြားရောဂါပိုးများ ဝင်ရောက်နိုင်ခြင်းကြောင့် အန္တရာယ်အရှိဆုံးအချိန်ဖြစ်သည်။ ထို့ကြောင့် ၎င်းအနာများဖြစ်ခြင်း သို့မဟုတ် ဖြစ်ပွါးသည်ဟု သံသယရှိလျှင် နီးစပ်ရာဆေးရုံသို့ အမြန်သွားရောက်ကုသမှု ခံယူသင့်သည်။
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အရေပြားရောဂါများ
- ရေယုန် (Herpes Simplex Virus – HSV)
အရည်ကြည်ဖုငယ်များအနေဖြင့် တွေ့ရသည်၊ ပါးစပ်၊ နှုတ်ခမ်းနှင့် လိင်အင်္ဂါတစ်ဝိုက်တွင် အဖြစ်များသည်။ - ရေကျောက် (Chickenpox)
ရေကျောက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွါးပြီး အရည်ကြည်ဖု၊ ပြည်တည်နာ၊ အနာ၊ အနာဖေးများ တစ်ပြိုင်နက်တွေ့ရှိရနိုင်သည်။ - ခြေ၊ လက်၊ ပါးစပ်နာရောဂါ (Hand foot mouth disease)
Coxsackie 16 virus နှင့် Enterovirus (EV71) ဗိုင်းရပ်စ်များကြောင့် အဓိကဖြစ်ပွါးသည်။ ခြေလက်ပါးစပ်များတွင် အနီကွက်များ၊ အရည်ကြည်ဖုများနှင့် အလွန်နာကျင်သောအနာများ ဖြစ်ပေါ်နိုင်သည်။
မှိုပိုးကြောင့်ဖြစ်သော အရေပြားရောဂါများ
ဥပမာ_ညှင်း (Pityriasis versicolor)၊ ပွေး (Ringworm infection)
ကပ်ပါးပိုးကြောင့်ဖြစ်သော အရေပြားရောဂါများ
ဥပမာ_ဝဲယားနာ (Scabies)၊ သန်းတွယ်ခြင်း
နောက်ဆက်တွဲပြဿနာများ
သွေးထဲတွင် Staphylococcus ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်းကြောင့် အချို့ကလေးများတွင် နောက်ဆက်တွဲပြဿနာအနေဖြင့် အဖျားတက်ခြင်း၊ သွေးခုန်နှုန်းမြန်ခြင်းနှင့် သွေးပေါင်ကျခြင်းစသော သွေးလန့်ခြင်း (Shock) လက္ခဏာများ တွေ့ရတတ်သည်။ အဆိုပါဘက်တီးရီးယားပိုးသည် သွေးထဲမှတစ်ဆင့် ခန္ဓာကိုယ်၏ အခြားသောအစိတ်အပိုင်းများ (ဥပမာ _ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ အရိုး၊ အဆစ်၊ ကြွက်သားများ) သို့ ရောက်ရှိကာ ပြည်တည်နာများဖြစ်နိုင်သည်။
အခြားနောက်ဆက်တွဲ ပြဿနာများအနေဖြင့် လေးဘက်နာရောဂါ (Rheumatic Fever) နှင့် လတ်တလော ကျောက်ကပ်ရောင်ရောဂါ (Acute Glomerulonephritis) တို့ ဖြစ်နိုင်ခြေလည်း ရှိသည်။ အများအားဖြင့် Streptococcus ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်းကြောင့် ဖြစ်ရသည်။ အဆိုပါရောဂါတို့သည် တိုက်ရိုက်ပိုးဝင်ခြင်းကြောင့်မဟုတ်ဘဲ Streptococcus ဘက်တီးရီးယားပိုးကို ကိုယ်ခံအားစနစ်၏ ပုံမမှန်တုံ့ပြန်ခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါများဖြစ်သည်။
ပိုးတစ်မျိုးကြောင့် အရေပြားအနာဖြစ်ပြီး နောက်ပိုးတစ်မျိုးထပ်ဝင်ခြင်းမျိုးလည်းရှိသည်။ (ဥပမာ_ဝဲယားနာ (Scabies) ဖြစ်ပွါးသောကလေးများတွင် မသန့်ရှင်းသောလက်ဖြင့်ကုတ်ရာမှတဆင့် ဘက်တီးရီးယားပိုးများထပ်မံဝင်ရောက်ကာ ပြည်တည်နာများဖြစ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးအရေပြားအနာများသည် စောစီးစွာ ပြသကုသသင့်သောရောဂါများဖြစ်သည်။ အထူးသဖြင့် အရေပြားရောင်ရမ်းခြင်း (cellulitis)နှင့် မီးလောင်ဒဏ်ရာကဲ့သို့သော အနာများ (staphylococcal scalded skin syndrome) လက္ခဏာများဖြစ်ပါက မိမိ၏ မိသားစုဆရာဝန်နှင့် အမြန်ဆွေးနွေးတိုင်ပင်ပြသရန် လိုသည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အရေးပေါ်ပြသရန်
- အရေပြားအနာဖြစ်မှု၊ အရေပြားထိခိုက်ဆုံးရှုံးမှု ပြင်းထန်လျှင်
- အဖျားအလွန်ကြီးလျှင်
- ကလေးအလွန်မှိန်းလျှင်
- အစာအရည်မဝင်လျှင်၊ ဆီးသွားနည်းလျှင်
- အသက်ရှူကျပ်သည့် လက္ခဏာများဖြစ်ပေါ်လျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အရေးပေါ် ပြသရမည်။
ရောဂါ ရှာဖွေခြင်း
ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် စမ်းသပ်ခြင်းဖြင့် ရောဂါသတ်မှတ်နိုင်သည်။ ပိုးဝင်ရောက်မှု အခြေအနေပေါ် မူတည်၍ ပြည်ကို ပိုးမွေးခြင်း၊ သွေးပိုးမွေးခြင်း စသည်တို့လည်း စစ်ဆေးနိုင်သည်။
ကုသခြင်း
ပိုးအမျိုးအစားနှင့် အရေပြားအခြေအနေပေါ် မူတည်၍ ပဋိဇီဝပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဗိုင်းရပ်စ်ပိုးသတ်ဆေး (လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး) အမျိုးမျိုးတို့ဖြင့် ကုသနိုင်သည်။ ဥပမာ_ ဘက်တီးရီးယားပိုးသတ်ဆေး (Fusidic acid)၊ ဗိုင်းရပ်စ်ပိုးသတ်ဆေး (Acyclovir)၊ မှိုသတ်ဆေး (Ketoconazole) စသောဆေးဝါးများ အသုံးပြုနိုင်သည်။ တစ်ခါတစ်ရံ ပြည်များကို စုပ်ထုတ်၍ သို့မဟုတ် ခွဲစိတ်၍လည်း ကုသနိုင်သည်။ ဖျားနာခြင်း၊ နာကျင်ခြင်း ရှိပါက ပါရာစီတမောတိုက်နိုင်သည်။ အရေပြားအနာများကို ဆေးရွက်များအုပ်ခြင်း၊ မသန့်ရှင်းသောဆေးများ လိမ်းခြင်း မပြုလုပ်ရပါ။
MRSA (ဆေးခုခံစွမ်းရှိသော Staphylococcus aureus ပိုး)
အချို့ကလေးများတွင် ပုံမှန်ပိုးသတ်ဆေးများဖြင့် မသက်သာသော ဘက်တီးရီးယားကြောင့်ဖြစ်သည့် အရေပြားအနာများ ဖြစ်ပေါ်နိုင်ပြီး၊ ၎င်းသည် MRSA (Methicillin-resistant Staphylococcus aureus) ဟုခေါ်သောဘက်တီးရီးယားကြောင့်ဖြစ်နိုင်သည်။ ယင်းပိုးသည် ပုံမှန်ပိုးသတ်ဆေးများအပေါ် ခံနိုင်ရည်ရှိသောကြောင့် ပိုမိုပြင်းထန်သောအနာများ ဖြစ်နိုင်သည်။ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့်ပြသ၍ သီးခြားပိုးသတ်ဆေးများဖြင့် ကုသရန် လိုအပ်သည်။ ဆေးရုံ၊ ကျောင်း၊ မူကြိုဌာနများ၊ အုပ်စုလိုက်နေထိုင်မှုများတွင်ပိုမိုပြန့်ပွားနိုင်သောကြောင့် တကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုစိုက်ရန်လိုသည်။
ကာကွယ်ခြင်း
အထက်ပါ အရေပြားရောဂါ ပြဿနာများလျှော့ချရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်သည်။
- လက်သန့်ရှင်းရေး ဂရုပြုရန်၊ ရေ၊ ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့် မကြာခဏဆေးကြောရန်
- တစ်ကိုယ်ရေသုံးပစ္စည်းများ မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဥ်ရန် (ဥပမာ _ မျက်နှာသုတ်ပဝါ၊ အဝတ်အစားများ)
- အနာများဖြစ်လျှင် သေချာစွာ ဆေးကြောရန်၊ လိုအပ်လျှင် ပတ်တီးစသည်ဖြင့် ဖုံးအုပ်ထားရန်
- အနာများဖြစ်လျှင် စနစ်တကျ စောစီးစွာ ကုသမှုခံယူရန်
- သောက်ဆေး၊ လိမ်းဆေးများကို ညွှန်ကြားထားသည့် အကြိမ်၊ ကာလပြည့်မီအောင် သုံးစွဲကုသရန်
- ကာကွယ်ဆေးထိုးရန် (ဥပမာ _ ရေကျောက်ကာကွယ်ဆေး)
- တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုရန်
ဆက်လက်ဖတ်ရှုရန်
References:
- Staph infections – Symptoms & causes – Mayo Clinic. (2022). Mayo Clinic. Retrieved June 8, 2025, from https://www.mayoclinic.org/diseases-conditions/staph-infections/symptoms-causes/syc-20356221#overview
- Staph infection. (2025). Cleveland Clinic. Retrieved June 8, 2025, from https://my.clevelandclinic.org/health/diseases/21165-staph-infection-staphylococcus-infection
- Methicillin-resistant Staphylococcus aureus (MRSA) Basics. (2024). Methicillin-resistant Staphylococcus Aureus (MRSA). Retrieved June 7, 2025, from https://www.cdc.gov/mrsa/about/index.html
Published: 30 August 2024
Last updated: 11 July 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.