Cardiac catheterization (နှလုံးအတွင်း ပိုက်ထည့်စစ်ဆေးကုသခြင်း) ဆိုသည်မှာ နှလုံးအထူးကုဆရာဝန်များက နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါအချို့ကို ရှာဖွေစစ်ဆေးရန် သို့မဟုတ် ကုသရန်အတွက် ပြုလုပ်သော အန္တရာယ်နည်းပါးသည့် စစ်ဆေးကုသမှု နည်းလမ်းတစ်ခုဖြစ်သည်။ ပြုလုပ်သည့်လုပ်ငန်းစဉ်တွင် နှလုံးအထူးကုဆရာဝန်များမှ Catheter ဟုခေါ်သော အရွယ်အစားသေးငယ်ပါးလွှာပြီး ကွေးနိုင်ဆန့်နိုင်သည့် ပိုက်ပျော့ငယ်များကို သွေးကြောအတွင်းမှတစ်ဆင့် နှလုံးအထိရောက်အောင် လမ်းညွှန်ပို့ဆောင်ပေး၍ နှလုံးဆိုင်ရာ စစ်ဆေးမှုများနှင့် ကုသမှုများကို ပြုလုပ်ခြင်းဖြစ်သည်။ နှလုံးအတွင်းထိ ပိုက်ပျော့များ ထည့်သွင်း၍ စစ်ဆေးသော Invasive procedure တစ်ခုဖြစ်သည်။ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါအမျိုးမျိုးကို ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့အတွက် ပြုလုပ်နိုင်သည်။
Cardiac catheterization ပြုလုပ်ခြင်းဖြင့် နှလုံးကြွက်သား၊ နှလုံးအဆို့ရှင်များအပါအဝင် နှလုံးနှင့် အဆုတ်သွေးကြောများ၏ အခြေအနေကို သိရှိနိုင်သည်။ လုပ်ငန်းစဉ်အတွင်း နှလုံးအခန်းတွင်း သွေးဖိအားကို တိုင်းတာနိုင်သလို ကျဉ်းနေ၊ ပိတ်နေသော သွေးကြောများကို ချဲ့ပေးခြင်း၊ နှလုံးအဆို့ရှင်ဆိုင်ရာ ကုသမှုများကို ခွဲစိတ်စရာမလိုဘဲ ပြုလုပ်ခြင်းတို့ကိုပါ ဆောင်ရွက်နိုင်သည်။ လိုအပ်ပါက နှလုံးတစ်ရှူး အနည်းငယ်ကိုယူပြီး ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေမှုများကို ကူညီပေးနိုင်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
Cardiac catheterization သည် အများအပြားပြုလုပ်လေ့ရှိသော နှလုံးဆိုင်ရာ စစ်ဆေးမှု လုပ်ထုံးတစ်ခုဖြစ်ပြီး အောက်ပါ နှလုံးရောဂါများကို ရှာဖွေစစ်ဆေးရန် သို့မဟုတ် ကုသရန် ပြုလုပ်နိုင်သည်။
- နှလုံးသွေးကြောကျဉ်းရောဂါ (Coronary artery disease)
- မွေးရာပါ နှလုံးရောဂါ (Congenital heart disease)
- နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart failure)
- နှလုံးကြွက်သားရောဂါများ (Cardiomyopathy)
- နှလုံးအဆို့ရှင်ရောဂါ (Heart valve disease)
- နှလုံးသွေးကြောငယ်များနှင့် သွေးကြောမျှင်များ၏ အတွင်းပိုင်းအလွှာ သို့မဟုတ် နံရံများ ထိခိုက်ခြင်းကြောင့် ဖြစ်ပွားသော နှလုံးသွေးကြောငယ်ရောဂါ (Coronary microvascular disease)
- အဆုတ်သွေးကြောများ (Pulmonary arteries) နှင့် အဆုတ်သွေးကြော သွေးတိုးခြင်း (Pulmonary hypertension)
- ပိတ်ဆို့နေသော နှလုံးသွေးကြောများကို ဖွင့်ခြင်း သို့မဟုတ် ခွဲစိတ်ကုသရန် လိုအပ်ကြောင်း စစ်ဆေးခြင်း
- နှလုံးအစားထိုးကုသမှု (Heart transplant) ပြုလုပ်ရန် စီစဥ်ရာတွင် အထောက်အကူပြုရန်
ထို့အပြင် အောက်ဖော်ပြပါ နှလုံးရောဂါလက္ခဏာများ ရှိပါကလည်း နှလုံးအထူးကုများက Cardiac catheterization ပြုလုပ်ရန် အကြံပြုနိုင်သည်။
- နှလုံးခုန်နှုန်းမမှန်ခြင်း (Arrhythmia)
- ရင်ဘတ်အောင့်ခြင်း (Angina)
- ကိုယ်လက်လှုပ်ရှားချိန်တွင် အသက်ရှူမဝခြင်း (Exertional shortness of breath)
Cardiac Catheterization အမျိုးအစားများ
Cardiac catheterization တွင် အဓိကအားဖြင့် အမျိုးအစား ၂ မျိုးရှိသည်။
- Left heart catheterization – သွေးလွှတ်ကြော (artery) မှတစ်ဆင့် catheter ထည့်သွင်း၍ နှလုံးသွေးကြောများ (Coronary arteries) နှင့် နှလုံးဘယ်ဘက်ခြမ်းရှိ အခန်းများ (heart chambers) ကို စစ်ဆေးပြီး နှလုံး၏ ဘယ်ဘက်ခြမ်းရှိ ဖိအားများကို တိုင်းတာသည်။
- Right heart catheterization – သွေးပြန်ကြော (vein) မှတစ်ဆင့် catheter ထည့်သွင်း၍ နှလုံးညာဘက်ခြမ်းရှိ အခန်းများကို စစ်ဆေးပြီး နှလုံး၏ ညာဘက်ခြမ်းရှိ ဖိအားများကို တိုင်းတာသည်။
ရရှိနိုင်သော အကျိုးကျေးဇူးများ
Cardiac catheterization ပြုလုပ်ခြင်းဖြင့်_
- ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေသော ကျဉ်းနေသည့် သို့မဟုတ် ပိတ်နေသည့် သွေးကြောများကို ရှာဖွေနိုင်ခြင်း
- နှလုံးအခန်းများ၏ အစိတ်အပိုင်းအသီးသီးရှိ သွေးဖိအားနှင့် အောက်စီဂျင်ပမာဏကို တိုင်းတာနိုင်ခြင်း
- ပုံမှန်မဟုတ်သော သွေးစီးဆင်းမှုများနှင့် သွေးဖိအားများ၊ မွေးရာပါ နှလုံးအပေါက်များကို စစ်ဆေးနိုင်ခြင်း
- နှလုံးက သွေးညှစ်ထုတ်နိုင်စွမ်း လုံလောက်မှု ရှိမရှိကို စစ်ဆေးနိုင်ခြင်း
- နှလုံးတစ်ရှူးနမူနာကို ယူပြီး အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးနိုင်ခြင်း
- သွေးကြောအတွင်း သွေးခဲများ ပိတ်ဆို့မှု ရှိမရှိ စစ်ဆေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။
ထို့အပြင် Cardiac catheterization ကို အခြားသော နှလုံးစစ်ဆေးမှုများ (ဥပမာ_ နှလုံးသွေးကြော ပုံဖော်ဓာတ်မှန်ရိုက်ခြင်း)၊ နှလုံးကုသမှုများ (ဥပမာ_ နှလုံးသွေးကြောချဲ့ခြင်း သို့မဟုတ် စတန့်ထည့်ခြင်း) သို့မဟုတ် နှလုံးခွဲစိတ်ကုသမှုများ (ဥပမာ_ နှလုံးအဆို့ရှင် ခွဲစိတ်ကုသမှုများ) နှင့်တွဲ၍လည်း ပြုလုပ်နိုင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
Cardiac catheterization စစ်ဆေးမှုကို မစတင်မီ လူနာတစ်ဦးချင်းစီအတွက် သိရှိရမည့် ကောင်းကျိုး၊ ဆိုးကျိုးများ (Risks and benefits) များနှင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များကို သက်ဆိုင်ရာ နှလုံးအထူးကုဆရာဝန်များမှ ဆွေးနွေးပေးပြီးနောက် ဆက်လက်ပြုလုပ်မည့် အစီအစဥ်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ စစ်ဆေးစဥ် တွေ့ရှိချက်များပေါ် မူတည်၍ ကုသမှုများ တစ်ပြိုင်နက် ပြုလုပ်ရန် လိုမလို (ဥပမာ – သွေးကြောကျဥ်းခြင်း၊ ပိတ်ခြင်း တွေ့ရှိပါက သွေးကြောချဲ့ ကုသခြင်း သို့မဟုတ် Stent ထည့်ခြင်းကို ဆက်လက်လုပ်ဆောင်ရန်) စသည့်အချက်များကိုလည်း ကြိုတင်ပြောပြကာ သဘောတူညီချက် ရယူထားမည်ဖြစ်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
- စစ်ဆေးမှုမစတင်ခင် ပြင်ဆင်ခြင်း
ဘေးအန္တရာယ်ကင်း၍ အောင်မြင်သော စစ်ဆေးမှုဖြစ်စေရန် စနစ်တကျပြင်ဆင်ရန် လိုအပ်သည်။- အခြေခံကျန်းမာရေး စစ်ဆေးခြင်း – ရောဂါလက္ခဏာများနှင့် ရောဂါရာဇဝင်များကို မေးမြန်းခြင်း၊ ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း၊ သွေးစစ်ခြင်း၊ အီးစီဂျီဆွဲခြင်း၊ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်းအပြင် လိုအပ်သော နှလုံးဆိုင်ရာ စစ်ဆေးမှုများကို ပြုလုပ်ထားမည်
- အစားအသောက်ဖြတ်ခြင်း – စစ်ဆေးမှုမပြုမီ နာရီအနည်းငယ်အတွင်း အစာစားခြင်းနှင့် ရေသောက်ခြင်းကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ရပ်ထားရန် လိုအပ်နိုင်သည်၊ အစာအိမ်ထဲတွင် အစားအစာများ ရှိနေပါက လုပ်ငန်းစဉ်အတွင်း အသုံးပြုသော ဆေးဝါးများကြောင့် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို တိုးစေနိုင်သည်၊ ပုံမှန်အားဖြင့် လုပ်ငန်းစဉ်ပြီးနောက် မကြာမီ အစာစားခြင်းနှင့် ရေသောက်ခြင်းကို ပြန်လည်ပြုလုပ်နိုင်သည်
- ဆေးဝါးများ ညှိနှိုင်းခြင်း – လူနာလက်ရှိ ပုံမှန်သောက်သုံးနေသော နှလုံးဆေးဝါးများ၊ သွေးကျဲဆေး (Aspirin)၊ သွေးမခဲဆေးများ (Warfarin, Apixaban, Rivaroxaban) စသည့်ဆေးဝါးများကို ဆရာဝန်အား အသိပေးရန်လိုအပ်သည်၊ Cardiac catheterization မပြုလုပ်မီ ယာယီရပ်ထားရန် လိုအပ်နိုင်သည်
- ရောဂါအခံများကို အသိပေးခြင်း – ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ဓာတ်မတည့်ခြင်းများ ရှိပါက ဆေးဝါးများ ညှိနှိုင်းရန်အတွက် ကြိုတင်အသိပေးရန် လိုအပ်သည်၊ ဆေးမှတ်တမ်းများအားလုံးကို ယူဆောင်လာရန်လည်း အရေးကြီးသည်
- ကိုယ်ဝန်ရှိပါက မဖြစ်မနေ အသိပေးရန် – အမျိုးသမီးလူနာများ အနေဖြင့် ကိုယ်ဝန်ရှိမရှိနှင့် ကိုယ်ဝန်ဆောင်ရန် အစီအစဥ်ရှိခြင်းတို့ကို ကြိုတင်အသိပေးရန် လိုအပ်သည်
- စစ်ဆေးမှုပြုလုပ်ခြင်းအဆင့်များ
- စစ်ဆေးမည့်အခန်းတွင် ပြင်ဆင်ခြင်း
- Cardiac catheterization ကို ပုံမှန်အားဖြင့် Cath Lab (Cardiac Catheterization Laboratory) ဟုခေါ်သော အထူးပြင်ဆင်ထားသည့် ခွဲခန်းငယ်၌ ပြုလုပ်လေ့ရှိပြီး ထိုအခန်းတွင် X-ray နှင့် အခြားသော ပုံရိပ်ဖော်စက်များလည်း တပ်ဆင်ထားသည်
- စစ်ဆေးမှု မစတင်မီ အပေါ့အလေး ကြိုတင်သွားထားကာ ဆေးရုံဝတ်စုံ ပြောင်းလဲဝတ်ဆင်ရန်၊ လက်ဝတ်ရတနာများနှင့် သွားတုများ ဖယ်ရှားထားရန် လိုအပ်သည်
- သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းကို စစ်ဆေးပေးမည်ဖြစ်သည်
- ရင်ဘတ်၊ ခြေထောက် သို့မဟုတ် လက်များတွင် နှလုံးခုန်နှုန်း စောင့်ကြည့်ရန် sensor ပါသော adhesive patches များ ကပ်ထားပြီး ထို sensor များကို ကွန်ပျူတာနှင့် ချိတ်ဆက်ထားကာ နှလုံးခုန်နှုန်းကို အဆက်မပြတ် စောင့်ကြည့်နေမည်ဖြစ်သည်
- Catheter ထည့်မည့် အရေပြားနေရာရှိ အမွှေးအမျှင်များကို လိုအပ်ပါက ရိတ်ပေးမည်ဖြစ်သည်
- စိတ်ငြိမ်ဆေးနှင့် ထုံဆေးပေးခြင်း
- စစ်ဆေးမှု မစတင်မီ လူနာစိတ်တည်ငြိမ်စေရန် အိပ်ဆေး သို့မဟုတ် စိတ်ငြိမ်ဆေးကို အကြောဆေးသွင်းပိုက်မှတစ်ဆင့် ပေးမည်ဖြစ်သည်
- သို့သော် ဆရာဝန်၏ လမ်းညွှန်ချက်အချို့ကို လိုက်နာနိုင်ရန်၊ စစ်ဆေးစဥ် ဖြစ်ပေါ်သော လက္ခဏာများကို ဆရာဝန်အား အသိပေးနိုင်ရန်အတွက် လူနာသည် လုံးဝမေ့သွားခြင်း မရှိဘဲ သတိအနည်းငယ် ရှိနေမည် ဖြစ်သည်
- ထို့နောက် Catheter ပိုက်ငယ်ထည့်သွင်းမည့် နေရာတစ်ဝိုက်ကို ထုံသွားစေရန်အတွက် ဆရာဝန်မှ ထုံဆေးထိုးပေးမည်ဖြစ်သည်
- Catheter ပိုက်ငယ်များကို သွေးကြောအတွင်း ထည့်သွင်းခြင်း
- ထုံဆေးအာနိသင် ရရှိပါက ဆရာဝန်သည် လက်ကောက်ဝတ် သို့မဟုတ် ပေါင်ခြံတွင် ခွဲစိတ်ခန်းသုံးဓားအသေးဖြင့် အပေါ်ယံအရေပြားကို အနည်းငယ် ခွဲစိတ်မည်
- ထို့နောက် ထိုနေရာမှ သွေးပြန်ကြောကို ရှာဖွေပြီး Catheter ပိုက်ငယ်များကို သွေးပြန်ကြောအတွင်းသို့ ထည့်သွင်းကာ နှလုံးဆီသို့ ရောက်သည်အထိ တဖြည်းဖြည်းချင်း အထက်သို့ ဆန်တက်စေကာ လမ်းညွှန်ပို့ဆောင်မည်ဖြစ်သည်
- ထိုပိုက်ငယ်များ ခန္ဓာကိုယ်ရှိ သွေးကြောများအတွင်း ရွေ့လျားသွားနေချိန်တွင် လူနာအနေဖြင့် ဖိအားအနည်းငယ် ခံစားရနိုင်သော်လည်း နာကျင်မှုကို ခံစားရမည် မဟုတ်ပါ
- Catheter မှတစ်ဆင့် သွေးကြောနှင့် နှလုံးအခန်းများထဲသို့ Contrast dye အနည်းငယ် ထိုးသွင်းမည်၊ ထိုအချိန်တွင် စက္ကန့်အနည်းငယ်ကြာ ပူလာသလို သို့မဟုတ် ကိုယ်ပူသလို ခံစားရနိုင်သည်
- ၎င်းပိုက်ငယ်များ လိုအပ်သော နှလုံးနေရာများသို့ ရောက်ရှိခြင်းကို စစ်ဆေးရန် အပြင်ဘက်မှ အထူးဓာတ်မှန် (Fluoroscopy) ရိုက်၍ ပုံရိပ်ဖော်ပေးသည်
- စမ်းသပ်မှုများ၊ ကုသမှုများ ပြုလုပ်ခြင်း
- စစ်ဆေးချိန်အတွင်း ဆရာဝန်သည် လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေခံနှင့် ရောဂါအနေအထား ပေါ် မူတည်၍ အောက်ပါစမ်းသပ်မှုများနှင့် ကုသမှုများကို ပြုလုပ်နိုင်သည်
- နှလုံးသွေးကြော ပုံဖော်ဓာတ်မှန်ရိုက်ခြင်း (Coronary Angiogram) – နှလုံးသွေးကြောများ ကျဉ်းခြင်း သို့မဟုတ် ပိတ်ခြင်း ရှိမရှိ စစ်ဆေးရန် ပြုလုပ်သည်၊ Catheter မှတစ်ဆင့် contrast dye ထည့်ပြီး X-ray ဖြင့် နှလုံးသွေးကြောများကို ရိုက်ကူးခြင်းဖြစ်သည်၊ Contrast သည် သွေးကြောများကို X-ray ပေါ်တွင် ပိုမိုရှင်းလင်းစွာ မြင်နိုင်စေသည်
- နှလုံးညာဘက်ခန်းများကို စစ်ဆေးခြင်း (Right Heart Catheterization) – လည်ပင်း သို့မဟုတ် ပေါင်ခြံရှိ သွေးပြန်ကြော (vein) မှတစ်ဆင့် အထူး sensor များ တပ်ဆင်ထားသည့် Catheter ပိုက်ငယ်များ ထည့်သွင်းပြီး နှလုံးညာဘက်ခြမ်းရှိ အခန်းများနှင့် အဆုတ်သွေးကြောများတွင်းရှိ သွေးဖိအားများနှင့် သွေးစီးဆင်းမှုတို့ကို တိုင်းတာနိုင်သည်
- နှလုံး၏ လျှပ်စီးလမ်းကြောင်းပိုများကို ဖျက်ဆီးခြင်း (Catheter Ablation) – နှလုံးခုန်နှုန်း မမှန်ခြင်းကို ကုသရန် Catheter ပိုက်ငယ်မှ အပူ (heat) သို့မဟုတ် အအေး (cold) စွမ်းအင်ကို အသုံးပြုပြီး နှလုံးအတွင်း လျှပ်စစ်အချက်ပြမှု ပုံမှန်မဟုတ်သော နေရာများတွင် အမာရွတ်ငယ်များ ဖြစ်ပေါ်စေခြင်းဖြင့် လျှပ်စီးလမ်းကြောင်းပိုများကို ပြတ်တောက်စေသည်
- နှလုံးသွေးကြောချဲ့ခြင်း (Balloon Angioplasty or Stent) – ကျဉ်းနေသော၊ ပိတ်နေသော နှလုံးသွေးကြောများကို ချဲ့ရန်ပြုလုပ်သည်၊ Catheter မှတစ်ဆင့် သေးငယ်သော ဘောလုံး (balloon) ကို သွေးကြောအတွင်းသို့ ထည့်သွင်း၍ ဖောင်းစေကာ ကျဉ်းနေသော သွေးကြောကို ချဲ့ပေးသည်။ လိုအပ်ပါက သွေးကြောကို ပြန်လည်မကျဉ်းစေရန် သွေးကြောချဲ့ပြွန် (Stent) ဟုခေါ်သော သတ္တုကွန်ယက်ပုံစံ ပြွန်ငယ်တစ်ခုကို သွေးကြောအတွင်း ထည့်ထားနိုင်သည်
- သွေးကြောတွင်း စုပုံနေသော ကယ်လ်စီယမ်အနည်ဖတ်များကို ဖြိုခွဲကုသခြင်း – နှလုံးသွေးကြောချဲ့ခြင်း ပြုလုပ်နေစဥ် သွေးကြောတွင်း စုပုံနေသော ကယ်လ်စီယမ် အနည်များကို Catheter ဖြင့် တစ်ပြိုင်နက် ဖြိုခွဲကုသနိုင်သည်၊ အပေါ်ယံအနည်များကို ဖြိုခွဲသော Rotablation နှင့် အထူးပြုလုပ်ထားသော Balloon သုံး၍ နံရံတွင်းရှိ အနည်များကို ဖြိုခွဲဖျက်စီးသော Intravascular lithotripsy စသောနည်းလမ်းများ အသုံးပြုနိုင်သည်
- နှလုံးအဆို့ရှင် ချဲ့ခြင်း (Balloon Valvuloplasty) – ကျဉ်းနေသော နှလုံးအဆို့ရှင်ကို ပိုမိုကျယ်စေရန် balloon catheter ကို အသုံးပြုသော ကုသမှုဖြစ်သည်၊ Catheter ထည့်မည့်နေရာသည် ကျဥ်းနေသည့် နှလုံးအဆို့ရှင် အမျိုးအစားပေါ် မူတည်သည်
- နှလုံးအဆို့ရှင် အစားထိုးခြင်း (Heart Valve Replacement) – Catheter မှတစ်ဆင့် နှလုံးအဆို့ရှင်အဟောင်းကို နှလုံးအဆို့ရှင်အသစ်ဖြင့် အစားထိုးထည့်သွင်းခြင်းဖြစ်သည်၊ ဥပမာအားဖြင့် TAVR (Transcatheter Aortic Valve Replacement) သည် ကျဉ်းနေသော aortic valve ကို catheter ဖြင့် အစားထိုးသော နည်းလမ်းဖြစ်သည်
- မွေးရာပါနှလုံးရောဂါများကို ကုသခြင်း – မွေးရာပါ နှလုံးချို့ယွင်းချက်အချို့ကို Cardiac catheterization ဖြင့် ကုသနိုင်သည်၊ ဥပမာ – Atrial septal defect (ASD), Patent foramen ovale (PFO) တို့ကို Catheter အသုံးပြု၍ အထူးပြုလုပ်ထားသည့် Device များဖြင့် ပိတ်ခြင်းဖြစ်သည်
- နှလုံးတစ်ရှူး အသားစယူခြင်း (Heart Biopsy) – Catheter ထည့်သွင်း၍ နှလုံးတစ်ရှူးကို အသားစယူကာ အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးနိုင်သည်၊ နှလုံးကြွက်သားဆိုင်ရာ ရောဂါများ၊ နှလုံးအကြိတ်များကို စစ်ဆေးရန် ပြုလုပ်သည်
- စစ်ဆေးမှုပြုလုပ်နေစဥ် ရောဂါအခြေအနေပေါ် မူတည်၍ လူနာကို အသက်ပြင်းပြင်းရှူရန်၊ ခေတ္တမျှ အသက်အောင့်ထားရန်၊ ချောင်းဆိုးရန် သို့မဟုတ် လက်များကို အနေအထားအမျိုးမျိုးပြောင်းရန် ညွှန်ကြားမည်ဖြစ်သည်
- Catheter ထည့်၍ စစ်ဆေးခြင်းသည် ယေဘုယျအားဖြင့် နာကျင်မှု မရှိသော်လည်း ပြုလုပ်နေစဥ် ကသိကအောင့်ဖြစ်ခြင်း၊ နာကျင်ခြင်း ခံစားရပါက ဆရာဝန်ထံ ချက်ချင်းအသိပေးနိုင်သည်
- စစ်ဆေးမှုသာ ပြုလုပ်ပါက ပုံမှန်အားဖြင့် မိနစ် (၃၀) ခန့်သာ ကြာမြင့်တတ်ပြီး ကုသမှုတွဲ၍ ပြုလုပ်ပါက နာရီအနည်းငယ် ကြာမြင့်နိုင်သည်
- လုပ်ငန်းစဉ်ပြီးဆုံးပါက catheter ကို ဖယ်ရှားပြီး catheter ထည့်ထားသည့်နေရာကို ဖိအားပေး၍ သွေးထွက်ခြင်းကို ရပ်တန့်စေမည်ဖြစ်သည်
- Catheter ကို ပေါင်ခြံရှိ သွေးကြောမှ ထည့်ထားပါက သွေးထွက်ခြင်းကို ကာကွယ်ရန် နာရီအနည်းငယ် လှဲနေပြီး ခြေထောက်ကို မလှုပ်ရှားဘဲထားရန် လိုအပ်နိုင်သည်။
- စစ်ဆေးချိန်အတွင်း ဆရာဝန်သည် လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေခံနှင့် ရောဂါအနေအထား ပေါ် မူတည်၍ အောက်ပါစမ်းသပ်မှုများနှင့် ကုသမှုများကို ပြုလုပ်နိုင်သည်
- စစ်ဆေးမည့်အခန်းတွင် ပြင်ဆင်ခြင်း
- စစ်ဆေးမှု ပြီးဆုံးခြင်း
- စစ်ဆေးမှု ပြီးဆုံးပါက လူနာအား ခေတ္တစောင့်ကြည့်ခန်းသို့ ရွှေ့ပြီး (၄)နာရီ မှ (၆)နာရီအထိ တိတ်ဆိတ်ငြိမ်သက်စွာ လှဲလျောင်း၍နားနေရန် ညွှန်ကြားမည်
- ဆရာဝန်များက လူနာ၏ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အပ်ထိုးထားသောနေရာတွင် သွေးစိမ့်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခြင်း ရှိမရှိကို စောင့်ကြပ်စစ်ဆေးပေးမည် ဖြစ်သည်
- စစ်ဆေးကုသမှုပေါ် မူတည်၍ စစ်ဆေးမှုတွင် ခက်ခဲခြင်း၊ ကုသမှု တစ်ပြိုင်နက် ပြုလုပ်ထားခြင်း၊ အခြား နောက်ဆက်တွဲ ပြဿနာများကို အသေးစိတ်စောင့်ကြည့်ရန် လိုအပ်ခြင်းတို့ ရှိပါက ဆေးရုံတွင် ရက်အနည်းငယ် နေရနိုင်သည်
- စစ်ဆေးမှုပြီးနောက်တွင် ရေများများသောက်ရန် လိုအပ်သည်
- အိမ်ပြန်ပြီးနောက် အနာနေရာကို စောင့်ရှောက်ရန်၊ လမ်းလျှောက်ရန်၊ နားနေရန် စသည်ဖြင့် ဆက်လက်ပြုလုပ်ရမည့် အချက်များကို လူနာအား ဆွေးနွေးပေးမည်
- ပိုက်ငယ်များ ထည့်သွင်းထားသည့် အရေပြားနေရာများတွင် အနည်းငယ် နာကျင်ခြင်း၊ အရေပြားအောက် သွေးခြည်ဥခြင်း၊ အနည်းငယ် နုံးချည့်ခြင်းတို့ကို ခံစားရနိုင်ပြီး ရက်အနည်းငယ်အတွင်း ပြန်လည်သက်သာသွားတတ်သည်
- ပုံမှန်အားဖြင့် ဆေးရုံဆင်းပြီး ၂၄ နာရီအကြာတွင် ကားမောင်းနိုင်သည်
- Catheter ထည့်ခဲ့သောနေရာပေါ် မူတည်၍ အားကစားလုပ်ခြင်း၊ အလေးအပင် မခြင်း ကဲ့သို့ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ၂ ရက်မှ ၅ ရက်ခန့် ရှောင်ရန် လိုအပ်သည်
- အနာနေရာကို တစ်ပတ်ခန့် ရေမဝင်စေရန် ရေကူးခြင်း၊ ရေချိုးကန်ထဲတွင် ရေစိမ်ချိုးခြင်းတို့ကို မပြုလုပ်သင့်ပါ၊ Shower ဖြင့် ရေချိုးနိုင်သည်
အဖြေရလဒ်များနှင့် နောက်ဆက်တွဲစောင့်ရှောက်မှုများ
- Cardiac catheterization ပြုလုပ်ပြီးနောက် နှလုံးဆရာဝန်မှ စစ်ဆေးတွေ့ရှိချက်များကို ဆွေးနွေးပေးမည်ဖြစ်သည်
- ဥပမာအားဖြင့် _ နှလုံးသွေးကြော အခြေအနေများ၊ နှလုံးအဆို့ရှင်ရောဂါများ၊ နှလုံးအခန်းတွင်း သွေးဖိအားများ စသည့် ရောဂါအခြေအနေများ၊ ပြုလုပ်ထားသော ကုသမှုနည်းလမ်းများ (သွေးကြော stent ထည့်ထားခြင်း) ကို ရှင်းပြပေးမည်ဖြစ်သည်
နောက်ဆက်တွဲပြဿနာများ
ယေဘုယျအားဖြင့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေမှာ နည်းပါးသော်လည်း အောက်ပါပြဿနာများ ဖြစ်ပွားနိုင်သည်။
- ပိုက်ပျော့ထည့်သည့် အရေပြားနေရာ သွေးထွက်ခြင်း
- သွေးကြောတွင်း သွေးခဲများ ဖြစ်ပေါ် ခြင်း
- အညိုအမဲစွဲခြင်း (Bruising)
- သွေးကြောများ၊ နှလုံး သို့မဟုတ် catheter ထည့်သည့်နေရာတွင် ထိခိုက်မိခြင်း
- နှလုံးအဆို့ရှင်များကို ထိခိုက်မိခြင်း
- နှလုံးအမောဖောက်ခြင်း (Heart attack)
- ပိုးဝင်ခြင်း
- နှလုံးခုန်နှုန်း မမှန်ခြင်း (Arrhythmia)
- အဆုတ်ထိခိုက်မိခြင်း
- ကျောက်ကပ်ထိခိုက်ခြင်း
- လေဖြတ်ခြင်း (Stroke)
- ရင်ဘတ်အောင့်ခြင်းလက္ခဏာ ဆက်လက်ဖြစ်ပေါ်နေခြင်း
- Contrast dye သို့မဟုတ် စမ်းသပ်ချိန်တွင် အသုံးပြုသော ဆေးဝါးများနှင့် ဓာတ်မတည့်မှု ဖြစ်ခြင်း
- အရေးပေါ်ခွဲစိတ်ကုသမှု (ဥပမာ_ နှလုံးသွေးကြော အစားထိုးခွဲစိတ်မှု CABG surgery) လိုအပ်နိုင်ခြင်း
ဆရာဝန်နှင့် ပြန်လည်ပြသရန်
အောက်ပါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ချက်ချင်းပြန်လည်ပြသခြင်း သို့မဟုတ် ဆေးရုံဆေးခန်းသို့ ချက်ချင်းသွားရောက် ပြသရန် လိုအပ်သည်။
- ဆက်တိုက်သွေးထွက်နေခြင်း
- သွေးခြည်ဥများ အရွယ်ပိုကြီးလာခြင်း
- ပိုက်ထည့်ထားသည့် အရေပြားနေရာတွင် နီရဲခြင်း၊ အရည်များထွက်ခြင်း
- အဖျားရှိလာခြင်း
- ရင်ဘတ် ပြင်းထန်စွာအောင့်ခြင်း
- အသက်ရှူကျပ်၍ မောပန်းခြင်း
- ခေါင်းမူးသတိလစ်ခြင်း
- ရုတ်တရက် ထုံကျဥ်ခြင်း၊ ခြေလက်မလှုပ်နိုင်ခြင်း၊ လေဖြတ်ခြင်း
- ပိုက်ထည့်ထားသည့် လက် သို့မဟုတ် ခြေထောက်ဘက်တွင် အသားအရောင် ပြောင်းလဲခြင်း
References:
- American Heart Association. (n.d.). Cardiac catheterization. Retrieved October 7, 2026, from https://www.heart.org/en/health-topics/heart-attack/diagnosing-a-heart-attack/cardiac-catheterization
- Cleveland Clinic. (n.d.). Cardiac catheterization. Retrieved October 7, 2026, from https://my.clevelandclinic.org/health/diagnostics/16832-cardiac-catheterization
- Johns Hopkins Medicine. (n.d.). Cardiac catheterization. Retrieved October 7, 2026, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/cardiac-catheterization
- Mayo Clinic. (n.d.). Cardiac catheterization. Retrieved October 7, 2026, from https://www.mayoclinic.org/tests-procedures/cardiac-catheterization/about/pac-20384695
- National Heart, Lung, and Blood Institute. (n.d.). Cardiac catheterization. Retrieved October 7, 2026, from https://www.nhlbi.nih.gov/health/cardiac-catheterization
Published: 11 November 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.