Blepharoplasty (မျက်ခွံ ခွဲစိတ်ပြုပြင်ခြင်း)

Blepharoplasty (မျက်ခွံ ခွဲစိတ်ပြုပြင်ခြင်း)

မျက်ခွံ ခွဲစိတ်ပြုပြင်ခြင်း (Blepharoplasty) သည် မျက်လုံးတစ်ဝိုက်ရှိ အသွင်အပြင်ကို ပိုမိုကောင်းမွန်စေရန်နှင့် အချို့သော မျက်ခွံဆိုင်ရာ ပြဿနာများကို ကုသပြုပြင်ရန် ပြုလုပ်သော ခွဲစိတ်ကုသမှုတစ်မျိုးဖြစ်သည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ အရေပြား၏ ကျုံ့နိုင်ဆန့်နိုင်စွမ်း (Elasticity) လျော့နည်းလာသလို ဆွဲအား (Gravity) အချိန်ကြာမြင့်စွာ သက်ရောက်မှုကြောင့် အပေါ်မျက်ခွံနှင့် အောက်မျက်ခွံတွင် အရေပြားအပိုများ စုလာခြင်း၊ မျက်ခွံ တွဲကျလာခြင်းနှင့် အောက်မျက်ခွံအိတ် ဖောင်းခြင်း (Eye bags) တို့ ဖြစ်ပေါ်လာနိုင်သည်။

မျက်ခွံ ခွဲစိတ်ပြုပြင်ခြင်းကို အပေါ်မျက်ခွံ၊ အောက်မျက်ခွံ သို့မဟုတ် မျက်ခွံနှစ်ခုစလုံးတွင် ပြုလုပ်နိုင်သည်။ ခွဲစိတ်ရာတွင် ပုံမှန်အားဖြင့် ပိုနေသောအရေပြား၊ ကြွက်သားနှင့် အောက်ခံအဆီတစ်ရှူးများကို ဖယ်ရှားခြင်း သို့မဟုတ် လိုအပ်သလို ပြန်လည်နေရာချထားခြင်း (repositioning) ပြုလုပ်သည်။ အချို့သောလူနာများတွင် တစ်ရှူးများကို ဖယ်ရှားခြင်းထက် ၎င်းတို့ကို သင့်လျော်သောနေရာသို့ ပြန်လည်နေရာချထားခြင်းကို ဦးစားပေးနိုင်သည်။ မျက်ခွံခွဲစိတ်ပြုပြင်ခြင်းသည် အဓိကအားဖြင့် အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှုတစ်ခု ဖြစ်သော်လည်း အပေါ်မျက်ခွံ တွဲကျမှုကြောင့် မျက်စိ မြင်ကွင်း (visual field) ပိတ်ဆို့နေသူများတွင် ပိတ်ဆို့နေသော အမြင်အာရုံကို ပိုမိုကောင်းမွန်စေရန်လည်း အထောက်အကူပြုနိုင်သည်။

ပြုလုပ်နိုင်သောအခြေအနေများ

မျက်ခွံခွဲစိတ်ပြုပြင်ခြင်းကို အလှအပပိုင်းဆိုင်ရာ ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ မျက်ခွံအရေပြား ပိုလျှံမှုကြောင့် အမြင်အာရုံကို ထိခိုက်နေသည့် အခြေအနေများကို ပြုပြင်ရန်ဖြစ်စေ ပြုလုပ်နိုင်သည်။ အဓိကအားဖြင့် အောက်ပါအခြေအနေများတွင် ပြုလုပ်လေ့ရှိသည်။

  • အပေါ်မျက်ခွံတွင် အရေပြားပိုလျှံ၍ လျော့ရဲတွဲကျနေခြင်း
  • အပေါ်မျက်ခွံရှိ အရေပြားပိုလျှံမှုကြောင့် မျက်လုံး၏ ဘေးဘက် သို့မဟုတ် အပေါ်ဘက်မြင်ကွင်း တစ်စိတ်တစ်ပိုင်း ပိတ်ဆို့၍ အမြင်အာရုံကို ထိခိုက်နေခြင်း
  • အပေါ်မျက်ခွံ သို့မဟုတ် အောက်မျက်ခွံတွင် အဆီတစ်ရှူးများ ဖောင်းထွက်၍ မျက်ခွံအိတ်များ ဖြစ်ပေါ်နေခြင်း
  • အောက်မျက်ခွံတွင် အရေပြားပိုလျှံ၍ လျော့ရဲခြင်း၊ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်း
  • အသက်အရွယ်နှင့်ဆိုင်သော မျက်ခွံပြောင်းလဲမှုများကြောင့် မျက်လုံးတစ်ဝိုက်၏ အသွင်အပြင်ကို ပြုပြင်လိုခြင်း

မျက်ခွံကိုယ်တိုင် အောက်သို့ကျနေသော မျက်ခွံတွဲကျခြင်း (Ptosis) ရှိပါက Blepharoplasty တစ်မျိုးတည်းဖြင့် မလုံလောက်နိုင်ဘဲ မျက်ခွံပင့်တင်သည့် ကြွက်သားကို ပြုပြင်သော ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။ လိုအပ်ပါက မျက်ခွံခွဲစိတ်ပြုပြင်ခြင်းကို မျက်ခုံးပင့်တင်ခြင်း (Brow lift)၊ မျက်နှာပင့်တင်ခြင်း (Facelift) သို့မဟုတ် အရေပြားကို လေဆာဖြင့် ပြန်လည်ပြုပြင်ခြင်း (Laser skin resurfacing) ကဲ့သို့သော အခြားအလှအပဆိုင်ရာ ကုသမှုများနှင့်လည်း တွဲဖက်ပြုလုပ်နိုင်သည်။

ကြိုတင်သိရှိထားရမည့်အချက်များ

မျက်ခွံခွဲစိတ်ခြင်း မပြုလုပ်မီတွင် သက်ဆိုင်ရာဆရာဝန် (အလှအပဆိုင်ရာ ခွဲစိတ်ဆရာဝန်၊ မျက်စိအထူးကုဆရာဝန်) နှင့် လိုအပ်သည်များကို ကြိုတင်၍ ဆွေးနွေးတိုင်ပင်ထားရမည်။

ဆေးဝါးများနှင့် ဓာတ်မတည့်မှုရာဇဝင်များ
မခွဲစိတ်မီ လက်ရှိပုံမှန် သောက်သုံးနေသော ဆေးဝါးများ (ဥပမာ – အကိုက်အခဲပျောက်ဆေးများ၊ အားဆေးနှင့် အာဟာရဖြည့်စွက်စာများ၊ သွေးကျဲဆေးများ) အားလုံးကို ဆရာဝန်အား အသေးစိတ် ပြောပြရန် လိုအပ်သည်။ မိမိတွင် ဆေးဝါး သို့မဟုတ် အစားအသောက်များနှင့် ပြင်းထန်စွာ ဓာတ်မတည့်ဖူးသည့် ရာဇဝင်ရှိပါကလည်း ကြိုတင်အသိပေးရမည်။

ကျန်းမာရေးရာဇဝင် ဆန်းစစ်ခြင်း
မိမိတွင် ရှိနေသော နာတာရှည်ရောဂါအခံများ (ဥပမာ – ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်းနှင့် ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ရောဂါ စသည်)၊ မျက်စိခြောက်ခြင်း၊ ရေတိမ်ရှိခြင်း၊ သွေးမတိတ်သောရောဂါ သို့မဟုတ် မိသားစုတွင် မျိုးရိုးလိုက်သော ရောဂါရာဇဝင်များ ရှိပါက ဆရာဝန်အား သေချာစွာ ပြောပြထားရမည်။ ယခင်က ခွဲစိတ်မှုများ ခံယူဖူးပြီး မေ့ဆေးကြောင့် နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ဖူးပါကလည်း ကြိုတင်ဆွေးနွေးထားရန် အရေးကြီးသည်။

ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ခြင်း

မျက်ခွံခွဲစိတ်ပြုပြင်ခြင်း မပြုလုပ်မီ ခွဲစိတ်ရန် သင့်လျော်မှု၊ မျက်ခွံနှင့် မျက်စိ၏ အခြေအနေ၊ ခွဲစိတ်မှုကို ထိခိုက်စေနိုင်သော ရောဂါအခံများ ရှိမရှိတို့ကို ဆရာဝန်မှ အကဲဖြတ်မည်ဖြစ်သည်။ လူတိုင်းတွင် စစ်ဆေးမှုအားလုံး ပြုလုပ်ရန်မလိုဘဲ အသက်အရွယ်၊ ရောဂါရာဇဝင်၊ လက်ရှိသောက်သုံးနေသော ဆေးဝါးများနှင့် စမ်းသပ်တွေ့ရှိချက်များအပေါ် မူတည်၍ လိုအပ်သည့် စစ်ဆေးမှုများကို ရွေးချယ်ပြုလုပ်နိုင်သည်။

  • မျက်စိနှင့် မျက်ခွံစစ်ဆေးခြင်း – အမြင်အာရုံ၊ မျက်ခွံအနေအထားနှင့် လှုပ်ရှားမှု၊ မျက်လုံးမျက်နှာပြင်၊ မျက်ရည်ထွက်ရှိမှုနှင့် မျက်လုံးခြောက်ခြင်း ရှိမရှိတို့ကို စစ်ဆေးပြီး လိုအပ်သည့် မျက်ခွံတိုင်းတာမှုများ ပြုလုပ်နိုင်သည်
  • အမြင်မြင်ကွင်းစစ်ဆေးခြင်း (Visual field testing) – အပေါ်မျက်ခွံအရေပြားပိုလျှံမှုကြောင့် အမြင်မြင်ကွင်း ပိတ်ဆို့နေသည်ဟု သံသယရှိပါက အထူးသဖြင့် အပေါ်ဘက်နှင့် ဘေးဘက်မြင်ကွင်း ထိခိုက်မှု ရှိမရှိ စစ်ဆေးနိုင်သည်
  • မျက်ခွံဓာတ်ပုံရိုက်၍ မှတ်တမ်းတင်ခြင်း – ခွဲစိတ်မှုမပြုလုပ်မီ မျက်ခွံနှင့် မျက်လုံးတစ်ဝိုက်၏ အနေအထားကို ထောင့်အမျိုးမျိုးမှ ဓာတ်ပုံရိုက်၍ ခွဲစိတ်မှုအစီအစဉ် ရေးဆွဲခြင်းနှင့် ခွဲစိတ်ပြီးနောက် ရလဒ်နှိုင်းယှဉ်ခြင်းအတွက် မှတ်တမ်းတင်ထားနိုင်သည်
  • ဆက်စပ်ရောဂါများအတွက် စစ်ဆေးခြင်း – မျက်ခွံဖောင်းခြင်း သို့မဟုတ် မျက်လုံးတစ်ဝိုက် ပြောင်းလဲမှုများသည် သိုင်းရွိုက်ရောဂါကဲ့သို့သော အခြားကျန်းမာရေးပြဿနာများနှင့် ဆက်စပ်နိုင်သည်ဟု သံသယရှိပါက သက်ဆိုင်ရာ သွေးစစ်ဆေးမှုများနှင့် အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်နိုင်သည်
  • ခွဲစိတ်မှုမတိုင်မီ အထွေထွေကျန်းမာရေး စစ်ဆေးခြင်း – အသက်အရွယ်၊ ရောဂါအခံနှင့် ခွဲစိတ်မှုအန္တရာယ်အပေါ် မူတည်၍ သွေးအားနှင့် သွေးဆဲလ်များ စစ်ဆေးခြင်း၊ သွေးတွင်းသကြားဓာတ်၊ ကျောက်ကပ်လုပ်ငန်းဆောင်တာနှင့် သွေးခဲနိုင်စွမ်း စစ်ဆေးခြင်း၊ လိုအပ်ပါက အီးစီဂျီစစ်ဆေးခြင်း (ECG) စသည့် စစ်ဆေးမှုများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပြုလုပ်နိုင်သည်။

ခွဲစိတ်မှုမပြုလုပ်မီ သက်ဆိုင်ရာဆရာဝန်မှ ခွဲစိတ်ကုသမှု၏ ရည်ရွယ်ချက်၊ မျှော်မှန်းနိုင်သော ရလဒ်၊ အကျိုးကျေးဇူးနှင့် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ၊ ပြန်လည်ကောင်းမွန်ရန် ကြာချိန်နှင့် ခွဲစိတ်ပြီးနောက် လိုက်နာရမည့်အချက်များကို ရှင်းပြမည်ဖြစ်ပြီး လူနာ၏ သဘောတူညီချက်ရယူကာ လိုအပ်သော ပြင်ဆင်မှုများကို စီစဉ်ပေးမည်ဖြစ်သည်။

ကုသပုံအဆင့်ဆင့်

ခွဲစိတ်မှု၏ ရည်ရွယ်ချက်နှင့် ဆရာဝန်၏ ညွှန်ကြားချက်ပေါ် မူတည်၍ ကုသမှုကွာခြားနိုင်သည်။ မျက်ခွံခွဲစိတ်ပြုပြင်ခြင်းကို ပြင်ပလူနာအနေဖြင့်သာ ခွဲစိတ်လေ့ရှိပြီး ဆေးရုံတက်ရန်မလိုအပ်ပါ။ ယေဘုယျအားဖြင့် အပေါ်မျက်ခွံ ခွဲစိတ်ကုသမှုတစ်ခုသည် ၄၅ မိနစ် မှ ၁ နာရီအထိ ကြာနိုင်သည်၊ မျက်ခွံနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ခွဲစိတ်ပြုပြင်မှု ပြုလုပ်ပါက ၂ နာရီခန့်အထိ ကြာနိုင်သည်။ ခွဲစိတ်မှုမစတင်မီတွင် မျက်ခွံကို ထုံသွားစေရန် ဆေးထိုးပေးမည်ဖြစ်ပြီး လိုအပ်ပါက စိတ်တည်ငြိမ်စေရန် အိပ်ဆေးကို သွေးကြောမှတစ်ဆင့် ဆေးသွင်းပေးမည်ဖြစ်သည်။

အပေါ်မျက်ခွံ ခွဲစိတ်ပြုပြင်ခြင်း
အပေါ်မျက်ခွံ ခွဲစိတ်ရာတွင် ခွဲစိတ်ဆရာဝန်သည် အပေါ်မျက်ခွံ၏ သဘာဝမျက်ရစ် (natural crease) တစ်လျှောက်တွင် ခွဲစိတ်ရာ (incision) ပေးမည်ဖြစ်သည်။ မျက်လုံးဖွင့်ထားသည့်အချိန်တွင် ထိုခွဲစိတ်ရာများကို မမြင်ရဘဲ ဖုံးကွယ်နေမည်ဖြစ်သည်။ ထို့နောက် မလိုအပ်သော ပိုနေသည့်အရေပြားနှင့် ထွက်ပေါ်နေသော အဆီတစ်ရှူး (protruding fat) များကို ဖယ်ရှားပြီး ခွဲစိတ်ရာကို ပြန်လည်ပိတ်ချုပ်ပေးမည်ဖြစ်သည်။

အောက်မျက်ခွံ ခွဲစိတ်ပြုပြင်ခြင်း
အောက်မျက်ခွံ ခွဲစိတ်ပြုပြင်ရာတွင် ခွဲစိတ်ဆရာဝန်မှ အောက်မျက်တောင်လိုင်း၏ အောက်ဘက်တွင် ခွဲစိတ်ရာကို ပြုလုပ်မည်။ ထိုခွဲစိတ်ရာမှတစ်ဆင့် အောက်မျက်ခွံတွင် ပိုနေသော အရေပြားနှင့် အဆီတစ်ရှူးများကို ဖယ်ရှားမည်။ ထို့ပြင် အောက်မျက်ခွံပြဿနာများကို ပြုပြင်ရန်နှင့် ပိုနေသော အဆီတစ်ရှူးများကို ပြန်လည်နေရာချထားရန် သို့မဟုတ် ဖယ်ရှားရန် အောက်မျက်ခွံအတွင်းပိုင်းတွင်လည်း ခွဲကြောင်းပေး၍ ပြုလုပ်နိုင်သည်။

ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ

မျက်ခွံခွဲစိတ်ပြုပြင်ခြင်း (Blepharoplasty) သည် ယေဘုယျအားဖြင့် ဘေးကင်းသော ခွဲစိတ်ကုသမှု ဖြစ်သော်လည်း အခြားခွဲစိတ်ကုသမှုများကဲ့သို့ပင် မေ့ဆေးနှင့် မလိုလားအပ်သော တုံ့ပြန်မှုများ၊ သွေးထွက်ခြင်း၊ ပိုးဝင်ခြင်းနှင့် သွေးခဲခြင်း စသည့်အထွေထွေအန္တရာယ်များ ရှိနိုင်သည်။ ထို့အပြင် မျက်ခွံခွဲစိတ်မှုနှင့် သက်ဆိုင်သော အောက်ပါပြဿနာများ ဖြစ်ပေါ်နိုင်သည်။

  • ရောင်ရမ်းခြင်းနှင့် အညိုအမည်းစွဲခြင်း – ခွဲစိတ်ပြီးနောက် မျက်ခွံနှင့် မျက်လုံးတစ်ဝိုက် ရောင်ရမ်းခြင်း၊ အညိုအမည်းစွဲခြင်းတို့သည် အဖြစ်များပြီး အများအားဖြင့် အချိန်နှင့်အမျှ သက်သာလာတတ်သည်
  • မျက်လုံးခြောက်ခြင်းနှင့် မအီမသာဖြစ်ခြင်း – မျက်လုံးခြောက်ခြင်း၊ ယားယံခြင်း၊ မျက်ရည်ယိုခြင်း သို့မဟုတ် မျက်လုံးအတွင်း တစ်ခုခုဝင်နေသကဲ့သို့ ခံစားရခြင်းတို့ ဖြစ်နိုင်သည်
  • ယာယီအမြင်အာရုံပြောင်းလဲခြင်း – အမြင်ဝေဝါးခြင်း (Blurred vision) သို့မဟုတ် ပုံရိပ်နှစ်ထပ်မြင်ခြင်း (Double vision) တို့ ဖြစ်နိုင်ပြီး အများအားဖြင့် ယာယီသာ ဖြစ်တတ်သည်
  • မျက်လုံးကို အပြည့်အဝမပိတ်နိုင်ခြင်း – အထူးသဖြင့် ခွဲစိတ်ပြီးအစောပိုင်းကာလတွင် မျက်လုံးမှိတ်ရန် ခက်ခဲခြင်း ဖြစ်နိုင်သည်၊ အများအားဖြင့် ယာယီသာဖြစ်သော်လည်း အချို့ရှားပါးသည့် အခြေအနေများတွင် ကြာရှည်နိုင်သည်
  • မျက်ခွံအနေအထား သို့မဟုတ် မျက်လုံးနှစ်ဖက် မညီမျှခြင်း – မျက်ခွံအနေအထား၊ မျက်ရစ်ပုံသဏ္ဌာန် သို့မဟုတ် မျက်လုံးနှစ်ဖက်၏ အသွင်အပြင် မညီမျှခြင်း ဖြစ်နိုင်သည်
  • အမာရွတ်နှင့် အရေပြားအရောင်ပြောင်းလဲခြင်း – ခွဲစိတ်ရာတွင် အမာရွတ်ထင်ရှားခြင်း သို့မဟုတ် အရေပြားအရောင် ပြောင်းလဲခြင်း ဖြစ်နိုင်သည်
  • အဖြူရောင်အဖုငယ်များ (Milia) – အနာကျက်နေစဉ် ခွဲစိတ်ရာအနီးတွင် အဖြူရောင်အဖုငယ်များ ပေါ်လာနိုင်သည်
  • အောက်မျက်ခွံအနေအထား ပြောင်းလဲခြင်း – အောက်မျက်ခွံ အပြင်ဘက်သို့ လန်ထွက်ခြင်း (Ectropion) သို့မဟုတ် အောက်ဘက်သို့ ဆွဲကျသွားခြင်း (Lower eyelid retraction) ဖြစ်နိုင်ပြီး ပြင်းထန်ပါက ထပ်မံပြုပြင်ကုသရန် လိုအပ်နိုင်သည်
  • မျက်လုံးလှုပ်ရှားမှုကို ထိန်းချုပ်သော ကြွက်သားများ ထိခိုက်ခြင်း – အလွန်ရှားပါးသော်လည်း မျက်လုံးလှုပ်ရှားမှုဆိုင်ရာ ကြွက်သားများ ထိခိုက်၍ ပုံရိပ်နှစ်ထပ်မြင်ခြင်းကဲ့သို့သော ပြဿနာများ ဖြစ်နိုင်သည်
  • မျက်လုံးနောက်ဘက် သွေးစုခြင်းနှင့် အမြင်အာရုံထိခိုက်ခြင်း – အလွန်ရှားပါးသော်လည်း မျက်လုံးနောက်ဘက်တွင် သွေးထွက်၍ သွေးစုခြင်း (Retrobulbar hemorrhage) ဖြစ်ပါက မျက်လုံးအာရုံကြောကို ဖိအားသက်ရောက်စေပြီး အမြင်အာရုံကို ပြင်းထန်စွာ ထိခိုက်စေနိုင်သော အရေးပေါ်အခြေအနေဖြစ်သည်
  • အမြင်အာရုံဆုံးရှုံးခြင်း – အလွန်ရှားပါးသော်လည်း ပြင်းထန်သော သွေးထွက်ခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာများကြောင့် အမြင်အာရုံ ထိခိုက်ဆုံးရှုံးနိုင်သည်
  • ထပ်မံခွဲစိတ်ပြုပြင်ရန် လိုအပ်ခြင်း – မျှော်မှန်းထားသည့် ရလဒ်မရရှိခြင်း၊ မျက်ခွံအနေအထား မညီမျှခြင်း သို့မဟုတ် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခြင်းတို့ကြောင့် ထပ်မံခွဲစိတ်ပြုပြင်ရန် လိုအပ်နိုင်သည်။

ခွဲစိတ်ပြီးနောက် မျက်လုံးအလွန်နာကျင်ခြင်း၊ မျက်လုံးဖောင်းရောင်မှု ရုတ်တရက်ပိုဆိုးလာခြင်း၊ သွေးထွက်များခြင်း သို့မဟုတ် အမြင်အာရုံ ရုတ်တရက်လျော့နည်းခြင်း ဖြစ်ပေါ်ပါက အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူရန် လိုအပ်သည်။

လိုက်နာဆောင်ရွက်ရမည့် အချက်များ

ခွဲစိတ်မှုအတွင်းနှင့် ခွဲစိတ်ပြီးနောက် ပုံမှန်အားဖြင့် နာကျင်မှုနည်းသော်လည်း မျက်ခွံတစ်ဝိုက် ရောင်ရမ်းခြင်းနှင့် အညိုအမည်းစွဲခြင်း အနည်းငယ် ဖြစ်ပေါ်နိုင်သည်။ အများစုသည် ခွဲစိတ်ပြီးနောက် ၁၀ ရက်မှ ၁၄ ရက်ခန့်အကြာတွင် ပြန်လည်သက်သာလာတတ်သော်လည်း အလုံးစုံပြန်လည်ကောင်းမွန်ပြီး အနာကျက်ရန်မှာ လအနည်းငယ်ခန့် ကြာမြင့်နိုင်သည်။

ပြုလုပ်သင့်သည့်အချက်များ
  • ခွဲစိတ်ပြီးသောညတွင် တစ်နာရီလျှင် အနည်းဆုံး ၁၀ မိနစ်ခန့် မျက်လုံးပေါ်သို့ ရေခဲအိတ်ကပ်ပေးပါ၊ တို့နောက်တွင် တစ်နေ့လျှင် ၄ ကြိမ် မှ ၅ ကြိမ်ခန့် ရေခဲအိတ်ကပ်ပါ
  • ဆရာဝန်ညွှန်ကြားချက်အတိုင်း မျက်စဥ်းဆေးခပ်ပါ၊ ဆေးလိမ်းပါ
  • ရက်အနည်းငယ်ခန့် ခေါင်းကို ခန္ဓာကိုယ်ထက် အနည်းငယ်မြှင့်၍ အိပ်ပါ
  • ရောင်ရမ်းမှုကို သက်သာစေရန် ရေအေးဝတ်ကပ်ပါ
  • မျက်ခွံအရေပြားကို နေရောင်ခြည်နှင့် လေဒဏ်မှ ကာကွယ်ရန် နေကာမျက်မှန်တပ်ဆင်ပါ
  • နာကျင်မှုသက်သာစေရန် လိုအပ်ပါက ပါရာစီတမောကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ သောက်နိုင်သည်။
ရှောင်ကြဥ်သင့်သည့်အချက်များ
  • အားစိုက်လုပ်ရသည့်လေ့ကျင့်ခန်းများ (ဥပမာ – အလေးမခြင်း၊ ရေကူးခြင်း၊ ပြေးခြင်း၊ အေရိုးဗစ်လေ့ကျင့်ခန်းများ) ပြုလုပ်ခြင်းကို တစ်ပတ်ခန့် ရှောင်ကြဥ်ပါ
  • ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ပါ
  • မျက်လုံးပွတ်ခြင်းကို ရှောင်ကြဥ်ပါ
  • မျက်ကပ်မှန် တပ်ဆင်ခြင်းကို နှစ်ပတ်ခန့် ရှောင်ကြဥ်ပါ
  • သွေးထွက်နိုင်ခြေကို မြင့်တက်စေသောဆေးများ သို့မဟုတ် ဖြည့်စွက်စာများကို သုံးစွဲခြင်းမှ ရှောင်ကြဥ်ပါ

References:

  1. American Board of Cosmetic Surgery. (n.d.). Eyelid surgery (blepharoplasty). Retrieved September 23, 2026, from https://www.americanboardcosmeticsurgery.org/cosmetic-procedures/face/eyelid-surgery/
  2. Cleveland Clinic. (n.d.). Eyelid surgery (blepharoplasty). Retrieved September 23, 2026, from https://my.clevelandclinic.org/health/treatments/8409-eyelid-surgery-blepharoplasty
  3. Mayo Clinic. (n.d.). Blepharoplasty. Retrieved September 23, 2026, from https://www.mayoclinic.org/tests-procedures/blepharoplasty/about/pac-20385174
  4. National Health Service. (n.d.). Eyelid surgery (blepharoplasty). Retrieved September 23, 2026, from https://www.nhs.uk/tests-and-treatments/cosmetic-procedures/cosmetic-surgery/eyelid-surgery/
  5. Stanford Medicine. (n.d.). Blepharoplasty. Retrieved September 23, 2026, from https://med.stanford.edu/cosmeticsurgery/aestheticservices/face/blepharoplasty.html

Published: 28 October 2026

Share

17 September 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.