ဝမ်းဗိုက်တင်းရင်းချပ်ရပ်အောင် ခွဲစိတ်ပြုပြင်ခြင်း (Abdominoplasty or Tummy tuck) ဆိုသည်မှာ ဝမ်းဗိုက်ပိုင်းရှိ ပိုလျှံနေသော အရေပြားနှင့် အဆီများကို ဖယ်ရှားပေးခြင်း၊ လျော့ရဲနေသည့် ကြွက်သားများ (Muscles) နှင့် တွယ်ဆက်တစ်ရှူးအလွှာ (Fascia) တို့ကို ပြန်လည်တင်းရင်းစေခြင်းတို့ဖြင့် ဝမ်းဗိုက်ကို လှပအောင် ပုံဖော်ပေးသည့် ခွဲစိတ်ကုသမှုတစ်မျိုးဖြစ်သည်။ ပိုမိုလှပသော ခန္ဓာကိုယ်အချိုးအစား ရရှိစေရန်အတွက် အဆီစုပ်ထုတ်ခြင်း (Liposuction) နည်းပညာနှင့် ပေါင်းစပ်၍လည်း ပြုလုပ်နိုင်သည်။ ဤနည်းလမ်းသည် ကိုယ်အလေးချိန် လျှော့ချရန်အတွက် မဟုတ်သော်လည်း ဝိတ်ကျသွားပြီးနောက် ကျန်ရှိနေသည့် ဗိုက်သားတွဲကျမှုများကို ပြုပြင်ပေးကာ လှပသော ခန္ဓာကိုယ်ကောက်ကြောင်းကို ရရှိစေရန် ထိရောက်စွာ ကူညီပေးနိုင်သည်။
ကုသမှုအမျိုးအစားများ
- ဗိုက်ခေါက်အပြည့် ခွဲစိတ်ခြင်း (Complete Abdominoplasty) – ဆီးခုံအထက် ဝမ်းဗိုက်အောက်ခြေပိုင်းတွင် ခွဲကြောင်းတစ်ခု ပြုလုပ်မည်ဖြစ်ပြီး အမာရွတ်၏ အရှည်မှာ ဖယ်ရှားရမည့် အရေပြားပမာဏအပေါ် မူတည်၍ ကွဲပြားနိုင်သည်
- ဗိုက်ခေါက်တစ်စိတ်တစ်ပိုင်း ခွဲစိတ်ခြင်း (Partial Abdominoplasty) – ပိုလျှံသော အရေပြား ပမာဏ အနည်းငယ်သာ ရှိသူများအတွက် အထူးသင့်လျော်ပြီး ခွဲကြောင်း အလွန်သေးနိုင်သည်
- ခန္ဓာကိုယ်ပတ်လည် ဗိုက်ခေါက်ခွဲစိတ်ခြင်း (Circumferential Abdominoplasty) – ခန္ဓာကိုယ်တစ်ခုလုံးကိုပတ်၍ ရှည်လျားသော ခွဲကြောင်း ပြုလုပ်မည်၊ ဝမ်းဗိုက်၊ ခါးနှင့် တင်ပါးဆုံတစ်ဝိုက်ရှိ အဆီပိုများကို ဘက်စုံဖယ်ရှားပေးခြင်းဖြင့် ခန္ဓာကိုယ်အချိုးအစားကို ပြုပြင်ထိန်းညှိပေးမည်ဖြစ်သည်
- Fleur-de-lis ဗိုက်ခေါက်ခွဲစိတ်ခြင်း (Fleur-de-lis Abdominoplasty) – ကိုယ်အလေးချိန် အများအပြား ကျဆင်းသွားပြီးနောက် ပိုလျှံနေသော အရေပြားများ အလွန်အမင်းတွဲကျနေသူများအတွက် အထူးသင့်လျော်သည်၊အလျားလိုက်နှင့် ဒေါင်လိုက် ခွဲကြောင်းနှစ်ခုကို ပေါင်းစပ်အသုံးပြုမည်ဖြစ်သောကြောင့် ကုသမှုအပြီးတွင် “T” ပုံသဏ္ဌာန် အမာရွတ် ကျန်ရှိနိုင်သော်လည်း ဝမ်းဗိုက်အချိုးအစားကို အထိရောက်ဆုံး ပြုပြင်ထိန်းညှိပေးနိုင်မည်ဖြစ်သည်
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
- ကိုယ်အလေးချိန် သိသာစွာ ကျဆင်းပြီးနောက် – ကိုယ်အလေးချိန် အမြောက်အမြား လျှော့ချလိုက်ပြီးနောက် ဝမ်းဗိုက်တွင် ပိုလျှံနေသော အရေပြားများ တွဲကျနေခြင်း
- မီးဖွားပြီးနောက် ပြောင်းလဲမှုများ – ကိုယ်ဝန်ဆောင်ပြီးနောက် ဗိုက်အရေပြားနှင့် ကြွက်သားများ အလွန်အမင်း ဆန့်ထွက်သွားကာ မူလအတိုင်း တင်းရင်းမှု မရှိတော့ခြင်းနှင့် ကြွက်သားများ ကွဲ၍ဟနေခြင်း (Diastasis Recti)
- အသက်အရွယ်ကြောင့် ဗိုက်သားလျော့ရဲခြင်း – အိုမင်းရင့်ရော်လာသည်နှင့်အမျှ အရေပြား၏ ကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့နည်းလာပြီး ဝမ်းဗိုက်ပိုင်းရှိ အရေပြားများ သိသာစွာ တွဲကျလာခြင်း
- ခွဲစိတ်မှုဒဏ်ကြောင့် ကြွက်သားလျော့ရဲခြင်း – အစာအိမ်ဖြတ် ခွဲစိတ်မှုကဲ့သို့သော ကုသမှုများအပြီးတွင် ဝမ်းဗိုက်ကြွက်သားများ အားနည်းလာကာ အရေပြားများ တွဲလောင်းဖြစ်လာသည့် အခြေအနေများ
- ကိုယ်တိုင်လျှော့ချရန် ခက်ခဲခြင်း – စနစ်တကျ အစားအသောက် ထိန်းသိမ်းခြင်းနှင့် လေ့ကျင့်ခန်းများ ပြုလုပ်သော်လည်း ဝမ်းဗိုက်ရှိ အဆီပိုများနှင့် အရေပြားတွဲကျမှုများ လုံးဝပျောက်ကွယ်မသွားခြင်း
- အိုမင်းမှုကြောင့် အရေပြား ကျုံ့ဆန့်နိုင်စွမ်း ကျဆင်းခြင်း – အသက်ရလာသည်နှင့်အမျှ ဗိုက်သားများ တွဲကျလာခြင်း (အရေပြား၏ ကျုံ့ဆန့်နိုင်စွမ်း အားနည်းသွားခြင်းကြောင့် ဖြစ်ပွားသည်)
- ဗိုက်ခေါက်များကြောင့် ကျန်းမာရေးထိခိုက်ခြင်း – တွဲကျနေသော ဗိုက်ခေါက်အရေပြားအောက်တွင် အစိုပြန်ခြင်း၊ မှိုစွဲခြင်းနှင့် အနီစက်များ ထွက်ကာ မကြာခဏ ပိုးဝင်ခြင်း
မပြုလုပ်သင့်သော အခြေအနေများ
ဝမ်းဗိုက်တင်းရင်းအောင် ခွဲစိတ်ပြုပြင်ခြင်းသည် လူတိုင်းအတွက် သင့်တော်သော ခွဲစိတ်မှုမဟုတ်ပါ။ အောက်ပါအခြေအနေများရှိပါက ပလတ်စတစ်ခွဲစိတ်ဆရာဝန်က ခွဲစိတ်မှု မပြုလုပ်ရန် အကြံပြုနိုင်သည်။
- အနာဂတ်တွင် ရင်သွေးယူရန် ရည်ရွယ်ထားခြင်း – ခွဲစိတ်မှုပြီးမှ ကိုယ်ဝန်ပြန်ဆောင်ပါက တင်းရင်းအောင် ချုပ်ထားသည့် ကြွက်သားများ ပြန်လည် လျော့ရဲသွားနိုင်သည်
- ကိုယ်အလေးချိန် ထပ်မံလျှော့ချရန်ရှိခြင်း – ကိုယ်အလေးချိန် မတည်ငြိမ်သေးဘဲ ဆက်လက်လျှော့ချနေပါက အရေပြားများ ထပ်မံတွဲကျလာနိုင်သဖြင့် ခွဲစိတ်မှုမတိုင်မီ အနည်းဆုံး ၆ လမှ ၁၂ လအထိ ကိုယ်အလေးချိန် တစ်သမတ်တည်း ရှိနေရန် လိုအပ်သည်
- ပြင်းထန်သော နာတာရှည်ရောဂါများရှိခြင်း – ထိန်းချုပ်ရခက်ခဲသည့် နှလုံးရောဂါ၊ ဆီးချိုနှင့် သွေးခဲစနစ်ဆိုင်ရာ ပြဿနာရှိသူများတွင် အနာကျက်နှုန်း နှေးကွေးခြင်းနှင့် စိုးရိမ်ရသော နောက်ဆက်တွဲပြဿနာများ ပိုမိုဖြစ်ပွားနိုင်ခြေရှိသည်
- ခန္ဓာကိုယ်အညွှန်းကိန်း (BMI) ၃၀ ထက် မြင့်မားနေခြင်း – ဝမ်းဗိုက်တင်းရင်းအောင် ခွဲစိတ်ပြုပြင်ခြင်းသည် ဝိတ်ချရန်မဟုတ်ဘဲ ခန္ဓာကိုယ်အချိုးအစား ပုံဖော်ပေးခြင်းသာ ဖြစ်သောကြောင့် အဝလွန်နေသူများအနေဖြင့် ပြုလုပ်ရန် မသင့်တော်ပါ
- ဆေးလိပ် အလွန်အကျွံ သုံးစွဲသူဖြစ်ခြင်း – နီကိုတင်းသည် သွေးလှည့်ပတ်မှုကို နှောင့်ယှက်ကာ အနာကျက်ခြင်းကို သိသာစွာ နှောင့်နှေးစေနိုင်သဖြင့် ခွဲစိတ်မှုမတိုင်မီနှင့် ပြီးနောက် အနည်းဆုံး တစ်လခန့် ဆေးလိပ်ကို လုံးဝဖြတ်ထားရန် လိုအပ်သည်
ရရှိနိုင်မည့် အကျိုးကျေးဇူးများ
- ဝမ်းဗိုက်ချပ်၍ လှပလာခြင်း – ပိုလျှံနေသည့် အဆီခဲများနှင့် တွဲကျနေသော အရေပြားများကို ထိရောက်စွာ ဖယ်ရှားပေးသည့်အတွက် ဗိုက်သားကို ချပ်ကာ တင်းရင်းလှပသွားစေမည်ဖြစ်သည်
- ဗိုက်သားကြွက်သားများ ပြန်လည်ကျစ်လျစ်ခြင်း – အားနည်းလျော့ရဲနေသော သို့မဟုတ် ကွဲထွက်နေသည့် ဝမ်းဗိုက်ကြွက်သားများကို ပြန်လည်ပြုပြင် တင်းကျပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်အနေအထားကို ပိုမိုကောင်းမွန်စေကာ အချို့သူများတွင် ခါးနာဝေဒနာ သက်သာသွားစေနိုင်သည်
- အရေပြားဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း – တွဲကျနေသည့် အရေပြားဗိုက်ခေါက်များအောက်တွင် ဖြစ်ပွားလေ့ရှိသော အနီစက်များထွက်ခြင်း၊ မှိုစွဲခြင်းနှင့် ပိုးဝင်ခြင်းဆိုင်ရာ အခက်အခဲများကို ပျောက်ကင်းစေမည်ဖြစ်သည်
- ကိုယ်ပိုင်ယုံကြည်မှု မြင့်မားလာခြင်း – လှပသော ခန္ဓာကိုယ်အချိုးအစားကြောင့် အဝတ်အစားများကို စိတ်တိုင်းကျ ရွေးချယ်ဝတ်ဆင်နိုင်မည်ဖြစ်ပြီး မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်အဝ တိုးတက်လာစေမည်ဖြစ်သည်
ကြိုတင်သိရှိထားရမည့် အရေးကြီးအချက်များ
ကုသမှုအဆင့်ဆင့်ကို မလုပ်ဆောင်မီနှင့် ကုသပြီးနောက်ပိုင်းတွင် အောက်ပါအချက်အလက်များကို သိရှိနားလည်ထားရန် အလွန်အရေးကြီးသည်။
- ကိုယ်အလေးချိန် ပြန်လည်မြင့်တက်လာနိုင်ခြင်း – ကုသမှု၏ ရလဒ်များသည် ရေရှည်အတွက် စိတ်ချရသော်လည်း ခွဲစိတ်ပြီးနောက် ဝိတ်ပြန်တက်လာပါက ခန္ဓာကိုယ်အချိုးအစား ပြန်လည်ပျက်စီးသွားနိုင်သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံကို မပျက်မကွက် ထိန်းသိမ်းရန် လိုအပ်သည်
- အမာရွတ် ကျန်ရှိခြင်း – ကုသမှုအပြီးတွင် အမာရွတ် (Scar) ကျန်ရှိမည် ဖြစ်သော်လည်း အဆိုပါ အမာရွတ်ကို အတွင်းခံဘောင်းဘီ အောက်တွင် ဖုံးကွယ်နိုင်မည့် နေရာမျိုး၌သာ ရှိနေစေရန် ကျွမ်းကျင်ဆရာဝန်များက အထူးဂရုပြု ခွဲစိတ်ပေးမည် ဖြစ်သည်
- လိုက်နာရန် ကန့်သတ်ချက်များ – ခွဲစိတ်မှု မပြုလုပ်မီ အနည်းဆုံး ၂ ပတ်ခန့် ကြိုတင်၍ ဆေးလိပ်ကို လုံးဝဖြတ်ထားရန် လိုအပ်သည်၊ ထို့အပြင် သွေးကျဲဆေးများ၊ အကိုက်အခဲပျောက်ဆေးများနှင့် အရက်သေစာ သုံးစွဲခြင်းကိုလည်း အပြည့်အဝ ရှောင်ကြဉ်ထားရမည်ဖြစ်သည်
ခွဲစိတ်ကုသမှုအဆင့်ဆင့်
ခွဲစိတ်မှုကို ယေဘုယျအားဖြင့် မေ့ဆေး (General Anesthesia) အသုံးပြု၍ လုပ်ဆောင်လေ့ရှိပြီး ကုသမှုအမျိုးအစား (ဗိုက်ခေါက်အပြည့် သို့မဟုတ် တစ်စိတ်တစ်ပိုင်း ခွဲစိတ်ခြင်း) ပေါ်မူတည်၍ ဆေးရုံတွင် တစ်ညအိပ် စောင့်ကြည့်ရန် လိုအပ်နိုင်သကဲ့သို့ နေ့ချင်းပြန်လည်း ဆောင်ရွက်နိုင်သည်။ ကုသမှုဆိုင်ရာအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။
- အဆင့် (၁) – မေ့ဆေးပေးခြင်း
- ခွဲစိတ်ကုသမှု ခံယူနေစဉ်အတွင်း မည်သည့်နာကျင်မှုကိုမျှ မခံစားရဘဲ အိပ်ပျော်နေစေရန်အတွက် မေ့ဆေးဆရာဝန်မှ မေ့ဆေးပေးမည်
- အဆင့် (၂) – ခွဲကြောင်းရာ ပြုလုပ်ခြင်း
- ဆီးခုံအထက်ပိုင်းရှိ တစ်ဖက်တစ်ချက်စီရှိသော တင်ပါးရိုးများအကြား အလျားလိုက်ခွဲကြောင်းတစ်ခု ပြုလုပ်ပြီး၊ ချက်၏ ပုံသဏ္ဌာန်ကို ပြန်လည်ပြုပြင်ရန် လိုအပ်ပါက ချက်ဝန်းကျင်တွင်လည်း ခွဲကြောင်းငယ်တစ်ခု ထပ်မံပြုလုပ်မည်ဖြစ်သည်
- အဆင့် (၃) – လျော့ရဲသော ကြွက်သားများကို ပြုပြင်ခြင်း
- အရေပြားနှင့် အဆီလွှာများကို လှန်တင်ပြီးနောက် လျော့ရဲနေသည့် သို့မဟုတ် ကွဲထွက်နေသည့် ဝမ်းဗိုက်အတွင်းကြွက်သား (Abdominal muscles) များကို ပြန်လည်စေ့သွားစေရန်နှင့် တင်းရင်းကျစ်လစ်သွားစေရန် တွယ်ဆက်တစ်ရှူးအလွှာကို ချုပ်ရိုးများဖြင့် သေချာစွာ ပြန်လည်ချုပ်ပေးပြီး ကြွက်သားများကို အလယ်တွင် စုစည်း၍ စေ့သွားစေမည်ဖြစ်သည်
- အဆင့် (၄) – အဆီပိုနှင့် အရေပြားများ ဖယ်ရှားခြင်း
- အထက်ပိုင်းရှိ အရေပြားကို အောက်သို့ ပြန်လည်ဆွဲဆန့်ကာ တွဲကျနေသော အရေပြားနှင့် အဆီပိုများကို ဖယ်ရှားပေးမည်ဖြစ်သည်၊ လိုအပ်ပါက အဆီစုပ်ထုတ်ခြင်း (Liposuction) နည်းလမ်းကိုလည်း ပေါင်းစပ်လုပ်ဆောင်နိုင်သည်
- အဆင့် (၅) – ချက်နေရာ ပြန်လည်သတ်မှတ်ခြင်းနှင့် ခွဲကြောင်းပြန်ချုပ်ခြင်း
- ချက်ကို မူလနေရာမှန်တွင် ပြန်လည်ဖော်ထုတ်ပေးပြီး ခွဲကြောင်းများကို သေသပ်စွာ ပြန်လည်ချုပ်ပေးမည်ဖြစ်သည်။ အနာတဝိုက်မှ သွေးနှင့် ရေကြည်များ ထွက်နိုင်စေရန်အတွက် အရည်ထွက်နိုင်သော (Drainage tubes) များကိုလည်း လိုအပ်သလို ထည့်သွင်းပေးထားမည်ဖြစ်သည်
နောက်ဆက်တွဲပြဿနာများ
အခြားသော ခွဲစိတ်မှုများကဲ့သို့ပင် ဤခွဲစိတ်မှုတွင် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်ခြေရှိသည်။
- အဖြစ်များသော ယာယီဆိုးကျိုးများ – အနာတဝိုက် ရောင်ရမ်းခြင်း (Swelling) နှင့် နာကျင်ကိုက်ခဲခြင်း
- အရေပြားအောက် အရည်စုခြင်း (Seroma) – အရေပြားအောက်တွင် အရည်အိတ်များ ဖြစ်ပေါ်လာပြီး အပ်ဖြင့် ပြန်လည် စုပ်ထုတ်ရတတ်ခြင်း
- ပိုးဝင်ခြင်း (Infection) – ခွဲစိတ်ဒဏ်ရာမှတစ်ဆင့် ဘက်တီးရီးယား ပိုးဝင်ခြင်း
- အနာကျက်နှေးခြင်း – ဒဏ်ရာချုပ်ရိုးများ ကောင်းမွန်စွာ မကျက်ဘဲ ပြန်ပွင့်တတ်ခြင်း
- ထုံကျဥ်ခြင်း (Numbness) – ခွဲစိတ်ထားသောနေရာ ဝမ်းဗိုက် သို့မဟုတ် ပေါင်အထက်ပိုင်း တဝိုက်တွင် ယာယီ သို့မဟုတ် အမြဲတမ်း ထုံကျင်သွားခြင်း၊ အာရုံကြောများ ခံစားမှု လွဲမှားခြင်း
- တစ်ရှူးများ ပျက်စီးခြင်း (Tissue Damage) – ခွဲစိတ်သည့်နေရာရှိ အဆီတစ်ရှူးအချို့ သွေးလည်ပတ်မှုမကောင်းဘဲ ပျက်စီးသွားတတ်ခြင်း (ဆေးလိပ်သောက်သူများတွင် ပိုဖြစ်တတ်သည်)
အနည်းငယ်ပြင်းထန်နိုင်သော နောက်ဆက်တွဲပြဿနာအချို့မှာ_
- ခွဲစိတ်ဒဏ်ရာတစ်ဝိုက်တွင် သွေးခဲများဖြစ်ပေါ်ခြင်း (Haematoma)
- အနီးရှိသွေးပြန်ကြောများအတွင်း သွေးခဲနိုင်ခြင်း (Deep vein thrombosis)
- ခွဲစိတ်ဒဏ်ရာ အနာကျက်ချိန်တွင် ပုံမှန်မဟုတ်သော ဖောင်းကြွအမာရွတ်တစ်ရှူးများ (Keloid) ဖြစ်ပေါ်ခြင်း စသည်တို့ဖြစ်သည်။
ခွဲစိတ်ပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များ
ခွဲစိတ်ကုသမှု ခံယူပြီးနောက် အနာကျက်မြန်စေရန်နှင့် ရလဒ်ကောင်းမွန်စေရန် ခွဲစိတ်ပြီးနောက် အောက်ပါ အချက်များကို အတိအကျ လိုက်နာရမည်။
- ညွှန်ကြားထားသော ဆေးဝါးများ သောက်သုံးခြင်း – နာကျင်မှုကို သက်သာစေရန်နှင့် ခွဲစိတ်ဒဏ်ရာမှတစ်ဆင့် ဘက်တီးရီးယား ပိုးဝင်ခြင်းကို ကာကွယ်ရန်အတွက် ဆရာဝန်ပေးထားသော အကိုက်အခဲပျောက်ဆေးနှင့် ပိုးသတ်ဆေးများကို စနစ်တကျ သောက်သုံးရန် လိုအပ်သည်
- အနာစောင့်ရှောက်မှု – ဒဏ်ရာကို ခြောက်သွေ့သန့်ရှင်းအောင် ထားရန်နှင့် အရည်ထုတ်ပိုက် (Drainage tube) ရှိပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာဂရုစိုက်ရမည်
- အနားယူခြင်းနှင့် လမ်းလျှောက်ခြင်း – ခွဲစိတ်ပြီးစတွင် ပြင်းထန်သော လှုပ်ရှားမှုများကို ရှောင်ကြဉ်ရမည်ဖြစ်သော်လည်း သွေးခဲပိတ်ဆို့ခြင်း မဖြစ်စေရန်အတွက် အခန်းတွင်း ဖြည်းဖြည်းချင်း လမ်းလျှောက်ပေးရမည်
- ဝမ်းဗိုက်စည်းဝတ်စုံ (Support Garment) ဝတ်ဆင်ခြင်း – ရောင်ရမ်းမှုကို လျော့ကျစေပြီး အနာကျက်မြန်စေရန် ဝမ်းဗိုက်စည်းဝတ်စုံ သို့မဟုတ် ပတ်တီးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဝတ်ဆင်ထားရမည်
- အလေးအပင်မခြင်းကို ရှောင်ကြဉ်ခြင်း – ခွဲစိတ်ပြီး ပထမ ၆ ပတ်အတွင်း ပြင်းထန်သော လေ့ကျင့်ခန်းလုပ်ခြင်း၊ အလေးအပင် မ ခြင်းများကို လုံးဝရှောင်ကြဉ်ရမည်
- ကျန်းမာသော နေထိုင်မှုပုံစံကို ဆက်လက်ထိန်းသိမ်းခြင်း – ရရှိထားသော ခန္ဓာကိုယ်အချိုးအစားကို တည်မြဲစေရန် ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်ရန် လိုအပ်သည်
- အရေးပေါ်အခြေအနေများ – အဖျားတက်ခြင်း၊ ခွဲကြောင်းမှ ပြည် သို့မဟုတ် သွေးများ အလွန်အကျွံထွက်ခြင်း၊ ရုတ်တရက် အသက်ရှူရခက်ခဲခြင်း သို့မဟုတ် ခြေသလုံး အဆမတန်ရောင်ရမ်းနာကျင်ခြင်းများ၊ ညွှန်ကြားထားသော အကိုက်အခဲပျောက်ဆေး သောက်ထားသော်လည်း ဝမ်းဗိုက်နာကျင်မှုသည် သက်သာမသွားဘဲ တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာပါက ဆရာဝန်နှင့် ချက်ချင်းပြသရမည်။
References:
- Cleveland Clinic. (n.d.). Tummy tuck (abdominoplasty). Retrieved July 20, 2026, from https://my.clevelandclinic.org/health/procedures/11017-tummy-tuck
- Cleveland Clinic Cosmetic & Plastic Surgery Center. (n.d.). Tummy tuck (abdominoplasty). Retrieved July 20, 2026, from https://my.clevelandclinic.org/cosmetic-plastic-surgery/procedures/tummy-tuck
- Mayo Clinic. (n.d.). Tummy tuck. Retrieved July 20, 2026, from https://www.mayoclinic.org/tests-procedures/tummy-tuck/about/pac-20384892
- NHS. (n.d.). Tummy tuck (abdominoplasty). Retrieved July 20, 2026, from https://www.nhs.uk/tests-and-treatments/cosmetic-procedures/cosmetic-surgery/tummy-tuck/
Published: 27 August 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.