Electromyography – EMG (ကြွက်သား လျှပ်စီးလှုပ်ရှားမှုများ စစ်ဆေးခြင်း)

Electromyography – EMG (ကြွက်သား လျှပ်စီးလှုပ်ရှားမှုများ စစ်ဆေးခြင်း)

ကြွက်သား လျှပ်စီးလှုပ်ရှားမှုများ စစ်ဆေးခြင်း (Electromyography – EMG) ဆိုသည်မှာ လှုပ်ရှားမှု ပြုနိုင်သော ကြွက်သားများ (Skeletal muscles) နှင့် ထိုကြွက်သားများ၏ လှုပ်ရှားမှုကို ထိန်းချုပ်ထားသော အာရုံကြောမကြီးရှိ အာရုံကြောဆဲလ်များ (Motor neurones) အတွက် ရောဂါရှာဖွေသည့် စစ်ဆေးမှုတစ်ခုဖြစ်သည်။ EMG စစ်ဆေးမှုရလဒ်များသည် အာရုံကြောဆိုင်ရာနှင့် ကြွက်သားဆိုင်ရာ လုပ်ဆောင်ချက်များ ချို့ယွင်းခြင်း သို့မဟုတ် အာရုံကြောမှ ကြွက်သားဆီသို့ အချက်ပြလှိုင်း ပေးပို့မှုတွင် ပြဿနာများရှိနေခြင်းကို ဖော်ထုတ်ပေးနိုင်သည်။ EMG စစ်ဆေးမှုကို အာရုံကြော လျှပ်စီးကူးမှုစစ်ဆေးခြင်း (Nerve Conduction Studies) နှင့် တွဲဖက်၍ စစ်ဆေးလေ့ရှိသည်။

အာရုံကြောမကြီးရှိ ကြွက်သားထိန်းချုပ်သည့် အာရုံကြောဆဲလ်များသည် ကြွက်သားများကို ကျုံ့ညှစ်ခြင်း (Contraction) ဖြစ်စေရန်အတွက် လျှပ်စီးအချက်ပြလှိုင်းများကို ပေးပို့ကြသည်။ EMG စစ်ဆေးမှုတွင် အပ်ပါသည့် လျှပ်ကူးပစ္စည်း (Electrodes) ခလုတ်အသေးစားလေးများကို အသုံးပြု၍ အဆိုပါလျှပ်စီးအချက်ပြလှိုင်းများကို ပုံဖော်ကားချပ်များ (graph)၊ အသံများ သို့မဟုတ် ကိန်းဂဏန်းတန်ဖိုးများအဖြစ် ပြောင်းလဲပေးပြီး ၎င်းတို့ကို သက်ဆိုင်ရာ အထူးကုဆရာဝန်မှ အဖြေရှာဆန်းစစ်ပေးခြင်းဖြစ်သည်။

EMG အလုပ်လုပ်ပုံ

အာရုံကြောမကြီးရှိ အာရုံကြောဆဲလ်များ (Motor neurone) သည် လျှပ်စီးအချက်ပြလှိုင်းများကို ပေးပို့ခြင်းဖြင့် ကြွက်သားများ၏ လှုပ်ရှားမှုများကို ထိန်းချုပ်သည်။ ထိုလျှပ်စီးအချက်ပြလှိုင်းများ (Electrical signals) သည် ဦးနှောက်တွင်စတင်ဖြစ်ပေါ် ပြီး ကျောရိုးအာရုံကြောမကြီးတစ်လျှောက် ဆင်းလာပြီးနောက် ကြွက်သားအာရုံကြောများဆီသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ကြွက်သားများထဲတွင် လျှပ်စီးလှုပ်ရှားမှု (Electrical activity) များ ဖြစ်ပေါ်လာပြီး ကြွက်သားများ ကျုံ့ညှစ်ခြင်းကို ဖြစ်စေသည်။ အဆိုပါ ကြွက်သားကျုံ့ညှစ်ခြင်း ကိုယ်တိုင်မှလည်း လျှပ်စီးလှုပ်ရှားမှုကို ထပ်မံထွက်ရှိစေနိုင်သည်။

ပုံမှန်အားဖြင့် ကျုံ့ညှစ်ခြင်း၊ ဆန့်ခြင်း စသည့်လှုပ်ရှားမှုများ မရှိဘဲ ငြိမ်နေသော ကြွက်သားတစ်ခုတွင် လျှပ်စီးလှုပ်ရှားမှု လုံးဝမရှိပါ။ ကြွက်သားကို အနည်းငယ် ကျုံ့လိုက်ခြင်း (Contraction) ကြောင့်ပင် လျှပ်စီးလှုပ်ရှားမှုအချို့ ဖြစ်ပေါ်စေပြီး၊ ကြွက်သားကို ပိုမိုပြင်းထန်စွာ ကျုံ့ပါက လျှပ်စီးလှုပ်ရှားမှု ပိုမိုမြင့်တက်လာနိုင်သည်။

EMG စစ်ဆေးမှုတွင် သက်ဆိုင်ရာဆရာဝန်မှ စမ်းသပ်လိုသည့် ကြွက်သားနေရာ၌ အရွယ်အစား အလွန်သေးငယ်သည့် အပ်ပါရှိသော လျှပ်ကူးပစ္စည်းတစ်ခုကို ထိုးသွင်းကာ လျှပ်စစ်လှုပ်ရှားမှုကို မှတ်တမ်းတင်မည်။ အပ်မှတစ်ဆင့် လျှပ်စစ်လှုံ့ဆော်မှု ပေးပို့ခြင်းမဟုတ်ဘဲ အဆိုပါအပ်သည် မိုက်ခရိုဖုန်းတစ်ခုကဲ့သို့ အသံဖမ်းယူရသော ကိရိယာအဖြစ် အသုံးပြုသည်။

ကြွက်သား လှုပ်ရှားမှုမရှိစဥ် သို့မဟုတ် ကျုံ့နေစဉ်အတွင်း အဆိုပါအပ်သည် လျှပ်စစ်လှုပ်ရှားမှုများကို မှတ်တမ်းတင်နေလိမ့်မည်။ ထိုအပ်ကို ကေဘယ်ကြိုးမှတစ်ဆင့် ကွန်ပျူတာနှင့် ချိတ်ဆက်ထားပြီး ကြွက်သား လှုပ်ရှားမှုမရှိနေချိန် သို့မဟုတ် အနားယူနေချိန်နှင့် လှုပ်ရှားနေချိန် နှစ်ခုစလုံးတွင် ကြွက်သားအခြေအနေများကို ကြည့်ရှုနိုင်မည်။ ၎င်းကို ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် လှိုင်းတွန့်များအဖြစ် မြင်တွေ့ရမည့်အပြင် လျှပ်စစ်လှုပ်ရှားမှု၏ စည်းချက်အသံများကို ကြားနိုင်ရန်အတွက် အသံချဲ့စက်ကိုလည်း အသုံးပြုနိုင်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အာရုံကြော သို့မဟုတ် ကြွက်သားဆိုင်ရာ ချို့ယွင်းမှုများကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများ ရှိနေပါက EMG စစ်ဆေးမှုပြုလုပ်ရန် လိုအပ်နိုင်သည်။ ဥပမာအားဖြင့်_

  • ကြွက်သားများ စူးစူးရှရှ နာကျင်ခြင်း
  • ထုံကျဥ်ခြင်း
  • ကြွက်သားအားနည်းခြင်း
  • ကြွက်သားနာကျင်ခြင်း သို့မဟုတ် ကြွက်တက်ခြင်း
  • ခြေလက်များ နာကျင်ခြင်း စသည့်လက္ခဏာများတွင် EMG စစ်ဆေးရန် လိုအပ်နိုင်သည်။

အောက်ပါ ရောဂါအခြေအနေများစွာကို ရှာဖွေဖော်ထုတ်ရန် သို့မဟုတ် ထိုရောဂါများ မဟုတ်ကြောင်း သေချာစေရန်အတွက်လည်း EMG စစ်ဆေးမှုကို ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် ကြွက်သားဒဏ်ရာများနှင့် ရောဂါများ ရှိမရှိ ဖြစ်ပွားနေသည့်နေရာနှင့် ပြင်းထန်ဆိုးရွားသည့် အတိုင်းအတာကို ဆုံးဖြတ်ရာတွင် အထောက်အကူပြုသည်။ EMG ဖြင့် ရောဂါရှာဖွေဖော်ထုတ်နိုင်သော ရောဂါအခြေအနေအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ပင်မကျောရိုး အာရုံကြောမကြီး မဟုတ်သော အာရုံကြောငယ်များ အားနည်းခြင်း (Peripheral neuropathy)
  • လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း (Carpal tunnel syndrome) စသော အာရုံကြောဖိမိသည့်ရောဂါစုများ (Nerve compression syndromes) ကဲ့သို့ အာရုံကြောငယ်များထိခိုက်သည့် အခြေအနေများ
  • အာရုံကြောညပ်ခြင်း (Pinched nerves)၊ လည်ပင်းအာရုံကြောရောင်ခြင်း၊ ညပ်ခြင်း (Cervical radiculopathy) သို့မဟုတ် ခါးကြောညှပ် ခြေထောက်ထုံကျဉ်နာကျင်ခြင်း (Sciatica) ကဲ့သို့ ကျောရိုးဆစ်မကြီးမှ ထွက်လာသော အာရုံကြောမြစ်များကို ထိခိုက်သည့် အခြေအနေများ
  • ကြွက်သားအားနည်းပျက်စီးရောဂါ (Muscular dystrophy)၊ ကိုယ်ခံအားစနစ်ကြောင့် ကြွက်သားများ ရောင်ရမ်းခြင်းရောဂါ (Polymyositis) နှင့် အရေပြားနှင့် ကြွက်သားရောင်ရမ်းခြင်းရောဂါ (Dermatomyositis) ကဲ့သို့သော ကြွက်သားချို့ယွင်းမှု အခြေအနေများ (Myopathies)
  • ဦးနှောက် သို့မဟုတ် ကြွက်သားအာရုံကြော ပျက်စီးခြင်းကြောင့် ကြွက်သားအားနည်းသည့်ရောဂါ (Motor neurone disease) များဖြစ်သော လက်မောင်းနှင့် ခြေထောက်များရှိ ကြွက်သားများ အားနည်းခြင်းကို အဓိကဖြစ်ပေါ်သော အမျိုးအစား (Amyotrophic Lateral Sclerosis – ALS)
  • ပိုလီယိုအကြောသေပျော့‌ခွေရောဂါ (Poliomyelitis)
  • မျက်ခွံတွဲကျ ကြွက်သားအားနည်းရောဂါ (Myasthenia Gravis) ကဲ့သို့ အာရုံကြောများနှင့် ကြွက်သားများအကြား ချိတ်ဆက်မှုကို ထိခိုက်စေသည့် အခြေအနေများ
  • ကျောရိုးဆစ်ပြားကျွံခြင်း (Herniated disk) ကဲ့သို့သော အာရုံကြောမြစ် (Nerve root) ကို ထိခိုက်စေသည့် ချို့ယွင်းမှုများ

သက်ဆိုင်ရာဆရာဝန်သည် အဆိုပါရောဂါအခြေအနေများကို တိကျစွာရောဂါရှာဖွေရန်အတွက် EMG စစ်ဆေးမှုအပြင် အာရုံကြောလျှပ်စီးကူးမှုစစ်ဆေးခြင်း (Nerve Conduction Studies)၊ ပုံရိပ်ဖော်စစ်ဆေးမှုများ (Imaging tests)၊ သွေးစစ်ဆေးမှုများနှင့် ကြွက်သား အသားစယူစစ်ဆေးခြင်း (Muscle biopsies) ကဲ့သို့သော အခြားစစ်ဆေးမှုများကိုလည်း တွဲဖက်လုပ်ဆောင်ကြသည်။

မပြုလုပ်သင့်သည့် အခြေအနေများ
  1. လုံးဝမပြုလုပ်ရမည့် နေရာနှင့်အခြေအနေများ
    • ကျောက်ပတ်တီး သို့မဟုတ် ကျပ်စည်းထားသော နေရာများ
    • ကွဲအက်ပွင့်နေသောအရေပြားဒဏ်ရာများနှင့် ပိုးဝင်မှုများ
    • အပူလောင်ဒဏ်ရာများ
    • လတ်တလော အရေပြားအစားထိုးကုသထားသော နေရာများ
    • ပြန်ရည်ကျိတ်ရောင်ရမ်းမှု (Lymphedema) ဖြစ်သောနေရာများနှင့်
    • သွေးဥမွှားအရေအတွက် (၅၀,၀၀၀) အောက် (Platelet count <50,000/dL) လျော့နည်းနေသူများ
  2. ဂရုတစိုက်ပြုလုပ်ရန် လိုအပ်သည့် အခြေအနေများ
    • သွေးမတိတ်ရောဂါရှိသူများ
    • ကိုယ်ခံအားကျဆင်းနေသူများ၊ သွေးကျဲဆေးသောက်သုံးနေသူများ
    • နှလုံးတွင်းကိရိယာများ ထည့်သွင်းထားခြင်း (Cardiac devices)
      • နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) များနှင့် နှလုံးနှိုးဆွစက် (Defibrillator) များအသုံးပြုနေလျှင် ယေဘုယျအားဖြင့် ဘေးကင်းစွာ ပြုလုပ်နိုင်သော်လည်း နှလုံးအတွင်းပိုင်းသွင်း စမ်းသပ်ခြင်း (Intracardiac catheters) နှင့် ခန္ဓာကိုယ်ပြင်ပရှိ နှလုံးခုန်နှုန်းထိန်းသည့် ဝါယာကြိုးများ (External pacing wires) တပ်ဆင်ထားခြင်းတို့သည် စစ်ဆေးမှု လုံးဝမပြုလုပ်ရမည့် အခြေအနေများဖြစ်သည်
    • အာရုံကြောလှုံ့ဆော်စက်များ တပ်ဆင်ထားခြင်း (Neurostimulators)
      • ဦးနှောက်အတွင်းပိုင်းလှုံ့ဆော်စက် (Deep brain stimulator – DBS) နှင့် ဗေးဂတ်စ်အာရုံကြောလှုံ့ဆော်စက် (Vagal nerve stimulator – VNS) များသည် လျှပ်စစ်လှိုင်းမှတ်တမ်းတင်ရာတွင် ရှုပ်ထွေးမှုများ ဖြစ်စေနိုင်သဖြင့် စစ်ဆေးနေစဉ်အတွင်း လျှပ်စစ်လှိုင်းနှောင့်ယှက်မှုကို လျှော့ချရန်အတွက် စက် ခေတ္တပိတ်ထားရန် လိုအပ်သည်
ကြိုတင်သိရှိထားရမည့်အချက်များ

EMG စစ်ဆေးမှု မခံယူမီ ကြိုတင်သိရှိထားရမည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ရေချိုးသန့်စင်ထားပြီး သက်သောင့်သက်သာရှိသော ဝတ်ရချွတ်ရလွယ်ကူမည့် ပွယောင်းသည့် အဝတ်အစားများကို ဝတ်ဆင်ပါ
  • အရေပြားပေါ်တွင် ခရင်မ် (Cream)၊ လိုးရှင်း (Lotion) လိမ်းခြင်း သို့မဟုတ် ရေမွှေးများ စွတ်ခြင်းမှ ရှောင်ကြဉ်ပါ၊ ထိုသို့လုပ်ဆောင်ခြင်းသည် စစ်ဆေးမှု၏ ရလဒ်တိကျမှန်ကန်မှုကို ထိခိုက်စေနိုင်သည်
  • သက်ဆိုင်ရာ အထူးကုဆရာဝန်သည် စစ်ဆေးရာတွင် ပြုလုပ်ပုံအဆင့်ဆင့်ကို ရှင်းပြပေးမည်ဖြစ်ပြီး၊ စစ်ဆေးမှုနှင့်ပတ်သက်၍ သိလိုသည့် မေးခွန်းများကို မေးမြန်းနိုင်သည်
  • ယေဘုယျအားဖြင့် စစ်ဆေးမှုမပြုလုပ်မီ အစာဖြတ်ရန် မလိုအပ်ပါ၊ အချို့သောအခြေအနေများတွင် စစ်ဆေးမှုမပြုလုပ်မီ (၂)နာရီ မှ (၃)နာရီအလိုတွင် ဆေးလိပ်သောက်ခြင်းနှင့် ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာကဲ့သို့သော ကဖိန်းဓာတ်ပါသည့် ဖျော်ရည်များသောက်ခြင်းကို ရှောင်ကြဥ်ရန် လိုအပ်သည်
  • သောက်သုံးနေသော ဆေးဝါးများ (ဆရာဝန်ညွှန်ကြားချက်ပါသောဆေးနှင့် မိမိသဘောဖြင့် ဝယ်သောက်သောဆေးများ) ကို ဆရာဝန်အား ကြိုတင်အသိပေးပါ၊ အကယ်၍ Warfarin ကဲ့သို့သော သွေးကျဲဆေး (Anticoagulant) သောက်သုံးနေရပါက EMG စစ်ဆေးပြီးနောက်တွင် သွေးထွက်နိုင်ခြေကို ပိုမိုမြင့်တက်စေနိုင်သည်၊ သို့သော် ထိုဆေးကို သုံးစွဲရန် ညွှန်ကြားထားသည့် ဆရာဝန်နှင့် ဦးစွာတိုင်ပင်ဆွေးနွေးခြင်း မရှိဘဲ မိမိသဘောဖြင့် ဆေးဖြတ်ခြင်း မပြုလုပ်ရပါ
  • နှလုံးခုန်နှုန်းထိန်းစက် (Pacemaker) သို့မဟုတ် အခြားသော ရောဂါတစ်ခုခုကြောင့် ခန္ဓာကိုယ်တွင် လျှပ်စစ်နှင့်ဆိုင်သော ကိရိယာ တပ်ဆင်ထားပါက ဆရာဝန်ကို ကြိုတင်ပြောပြပါ
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်

များသောအားဖြင့် အာရုံကြော လျှပ်စီးကူးမှုစစ်ဆေးခြင်း (Nerve Conduction Study) ပြီးပြီးချင်းမှာပင် EMG စစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်လေ့ရှိကြသည်။ EMG စစ်ဆေးမှုသည် စစ်ဆေးရသည့်အကြောင်းရင်းနှင့် စစ်ဆေးမည့် ကြွက်သား၊ အာရုံကြောများအပေါ် မူတည်၍ ကွဲပြားနိုင်သည်။ EMG စစ်ဆေးမှုကို ပြင်ပလူနာအဖြစ်သော်လည်းကောင်း၊ ဆေးရုံတက်ရောက်ကုသမှု ပြုလုပ်နေစဥ်တွင်လည်းကောင်း ပြုလုပ်နိုင်သည်။ စစ်ဆေးရန် လိုအပ်သော ကြွက်သားအရေအတွက်ပေါ် မူတည်၍ စစ်ဆေးမှုသည် များသောအားဖြင့် မိနစ် (၆၀) မှ (၉၀) အထိ ကြာမြင့်တတ်သည်။ ယေဘုယျအားဖြင့် EMG လုပ်ငန်းစဉ်သည် အောက်ပါအတိုင်းဖြစ်သည်။

  • ဆေးရုံဝတ်စုံ (Gown) ကို ဦးစွာလဲလှယ် ဝတ်ဆင်ရမည်
  • စစ်ဆေးမှုကို အနှောင့်အယှက်ဖြစ်စေမည့် လက်ဝတ်ရတနာများ၊ ဆံညှပ်ကလစ်များ၊ မျက်မှန်များ၊ နားကြားကိရိယာများ သို့မဟုတ် အခြားသော သတ္တုပစ္စည်းများကို ချွတ်ရမည်
  • စစ်ဆေးမှုကို ထိုင်လျက်သော်လည်းကောင်း၊ လဲလျောင်းလျက်သော်လည်းကောင်း ပြုလုပ်သည်
  • ဆရာဝန်သည် စစ်ဆေးရန်လိုအပ်သော ကြွက်သားနေရာများကို ရှာဖွေပြီး အရေပြားကို ပိုးသတ်ဆေးရည် (Antiseptic solution) ဖြင့် သန့်စင်ပေးမည်
  • ထို့နောက် အရေပြားမျက်နှာပြင်ပေါ်မှတစ်ဆင့် ကြွက်သားထဲသို့ Electrode တွင်ပါဝင်သည့် အလွန်သေးငယ်သော အပ်များကို ထိုးသွင်းမည်၊ ထိုအပ်များသည် ကြွက်သားထဲတွင် ရှိနေမည်ဖြစ်ပြီး ကြွက်သားတစ်ခုစီအတွက် စစ်ဆေးချိန်မှာ ယေဘုယျအားဖြင့် တစ်မိနစ် မှ နှစ်မိနစ်ခန့် ကြာမြင့်တတ်သည်၊ အပ်များထိုးသွင်းသည့်အခါ သက်သောင့်သက်သာမဖြစ်ခြင်း သို့မဟုတ် နာကျင်ခြင်း အနည်းငယ်ကို ခံစားရနိုင်သည်
  • စစ်ဆေးနေစဥ် စိတ်ဖြေလျှော့ထားရန် လိုအပ်ပြီး ထို့နောက် သတ်မှတ်ထားသောအချိန်များတွင် ခြေလက်တစ်ခုခုကို မြှောက်ခြင်း သို့မဟုတ် ကွေးခြင်းကဲ့သို့သော ကြွက်သားများအသုံးပြုခြင်းကို ပြုလုပ်စေမည်
  • ကြွက်သားလှုပ်ရှားမှု အချက်အလက်များ လုံလောက်စွာ မှတ်တမ်းတင်ပြီးပါက အပ်ကို ပြန်လည်ထုတ်ယူ၍ နောက်ထပ်ကြွက်သားတစ်နေရာတွင်လည်း အဆိုပါလုပ်ငန်းစဉ်အတိုင်း စစ်ဆေးမှု ထပ်မံလုပ်ဆောင်မည်
သိရှိနိုင်သောအဖြေများ

ယေဘုယျအားဖြင့် စစ်ဆေးမှုအားလုံး ပြီးဆုံးပြီးနောက် (၂၄)နာရီ မှ (၄၈)နာရီအတွင်း စစ်ဆေးမှုရလဒ်များကို ရရှိနိုင်သည်။ သိရှိနိုင်သောအဖြေများမှာ_

  1. ပုံမှန်အဖြေ
    • ကြွက်သားငြိမ်နေစဉ် လျှပ်စီးလှုပ်ရှားမှု လုံးဝမရှိဘဲ လှုပ်ရှားစဉ်တွင်သာ ပုံမှန်လျှပ်စီးလှိုင်းများ ပြသခြင်းဖြစ်သည်။ (၎င်းသည် အာရုံကြောနှင့် ကြွက်သားစနစ် ပုံမှန်အလုပ်လုပ်ခြင်းကို ဆိုလိုသည်)
  2. ပုံမှန်မဟုတ်သောအဖြေများ
    • ငြိမ်နေစဉ် လျှပ်စီးလှိုင်းပြခြင်း
      ကြွက်သားမလှုပ်ရှားဘဲ ငြိမ်နေသော်လည်း လျှပ်စစ်လှုပ်ရှားမှုရှိနေပါက အာရုံကြောထိခိုက်ပျက်စီးခြင်း သို့မဟုတ် ကြွက်သားရောင်ရမ်းခြင်းကို ညွှန်ပြသည်။
    • လှုပ်ရှားစဉ် လျှပ်စီးလှိုင်းပုံစံပျက်ခြင်း (ကြွက်သားရောဂါ)
      လျှပ်စစ်လှိုင်းအမြင့် လျော့နည်းပြီး တိုတောင်းပါက Muscular dystrophy ကဲ့သို့ ကြွက်သားပျက်စီးသည့်ရောဂါ ဖြစ်နိုင်သည်။
    • လှုပ်ရှားစဉ် လျှပ်စီးလှိုင်းပုံစံပျက်ခြင်း (အာရုံကြောရောဂါ)
      လျှပ်စီးလှိုင်းများ ပုံမှန်ထက် ပိုမိုကြီးမားပြီး ကျဲသွားပါက ALS၊ အာရုံကြောညပ်ခြင်း သို့မဟုတ် Peripheral neuropathy ကဲ့သို့ အာရုံကြောစနစ် ထိခိုက်ခြင်းကြောင့် ဖြစ်နိုင်သည်။

EMG စစ်ဆေးမှုများသည် ရောဂါရှာဖွေရာတွင် အလွန်အထောက်အကူပြုနိုင်သော်လည်း ၎င်းစစ်ဆေးမှုတစ်ခုတည်းဖြင့် ရောဂါတည်ပြုချက်ကို ပေးနိုင်ရန် ခဲယဥ်းသည်။ ထို့ကြောင့် သက်ဆိုင်ရာဆရာဝန်မှ တိကျသောရောဂါရှာဖွေမှုကို ဆုံးဖြတ်နိုင်ရန်အတွက် EMG စစ်ဆေးမှုရလဒ်များကို အခြားဆေးဘက်ဆိုင်ရာစစ်ဆေးမှုများနှင့် တွဲဖက်၍ ဆုံးဖြတ်မှု ပြုလုပ်ကြသည်။

နောက်ဆက်တွဲပြဿနာများနှင့် သတိပြုရန်လက္ခဏာများ

EMG စစ်ဆေးမှုသည် နောက်ဆက်တွဲပြဿနာ ဖြစ်နိုင်ခြေ အလွန်နည်းပါးသော ဘေးကင်းသည့် စစ်ဆေးမှုတစ်ခုဖြစ်သည်။ သို့သော် စစ်ဆေးမှုပြီးနောက် အောက်ပါအခြေအနေများကို ယေဘုယျအားဖြင့် ကြုံတွေ့ရတတ်သည်။

  • ကြွက်သားနာကျင်ကိုက်ခဲခြင်း – အပ်ထိုးသွင်းခဲ့သည့် နေရာများတွင် ရက်အနည်းငယ်ခန့်အထိ ထိမိလျှင် နာကျင်ခြင်း သို့မဟုတ် ကိုက်ခဲခြင်းများ ရှိနိုင်သော်လည်း ပြင်းထန်လေ့မရှိဘဲ တစ်ပတ်အတွင်း အလိုအလျောက် ပြန်လည်သက်သာသွားလိမ့်မည်
  • သွေးခြည်ဥခြင်း – အပ်ဝင်သွားသည့် အရေပြားမျက်နှာပြင်တွင် အနည်းငယ် အညိုအမည်းစွဲခြင်းမျိုး ရှိတတ်သည်။

ဖြစ်ခဲသော နောက်ဆက်တွဲပြဿနာများ

အပ်ထိုးသွင်းခြင်းကြောင့် သွေးထွက်ခြင်း၊ ပိုးဝင်ခြင်းနှင့် အာရုံကြောထိခိုက်ခြင်းတို့ ဖြစ်နိုင်ခြေ အနည်းငယ်ရှိသည်။ ထို့ပြင် ရင်ဘတ်နံရံတစ်လျှောက်ရှိ ကြွက်သားများကို စစ်ဆေးသည့်အခါတွင် အဆုတ်အမြှေးပါးအတွင်း လေဝင်ခြင်း (Pneumothorax) ဖြစ်နိုင်ခြေ အလွန်နည်းသော်လည်း ဖြစ်ပွားတတ်သည်။

ထို့ကြောင့် စစ်ဆေးမှုခံယူပြီး အောက်ပါလက္ခဏာများ ပေါ်ပေါက်လာပါက သက်ဆိုင်ရာဆရာဝန်နှင့် ချက်ချင်း ပြန်လည်ပြသတိုင်ပင်ရန် လိုအပ်သည်။

  • အပ်ထိုးသွင်းခဲ့သည့်နေရာတွင် သွေးမတိတ်ဘဲ ဆက်တိုက်ထွက်နေခြင်း
  • အပ်ဝင်သည့်နေရာ၌ ကိုင်ကြည့်လျှင် အလွန်အမင်းနာခြင်း သို့မဟုတ် နာကျင်မှု ပိုမိုပြင်းထန်ဆိုးရွားလာခြင်း
  • အပ်စိုက်ခဲ့သည့်နေရာတွင် နီရဲလာခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ ဖောရောင်လာခြင်း သို့မဟုတ် ပြည်တည်လာခြင်း၊ ဖျားခြင်းစသည့် ပိုးဝင်သည့်လက္ခဏာများ ပြသခြင်းတို့ ဖြစ်ပါက ပြန်လည်ပြသသင့်သည်။

References:

  1. Cleveland Clinic. (n.d.). Electromyography (EMG). Retrieved June 26, 2026, from https://my.clevelandclinic.org/health/diagnostics/4825-emg-electromyography
  2. Johns Hopkins Medicine. (n.d.). Electromyography (EMG). Retrieved June 26, 2026, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/electromyography-emg
  3. Mayo Clinic. (n.d.). Electromyography (EMG). Retrieved June 26, 2026, from https://www.mayoclinic.org/tests-procedures/emg/about/pac-20393913
  4. MedlinePlus. (n.d.). Electromyography (EMG) and nerve conduction studies. Retrieved June 26, 2026, from https://medlineplus.gov/lab-tests/electromyography-emg-and-nerve-conduction-studies/
  5. National Center for Biotechnology Information. (2024). Electromyography. In StatPearls. StatPearls Publishing. Retrieved June 26, 2026, from https://www.ncbi.nlm.nih.gov/books/NBK611987/
  6. Medscape. (n.d.). Electromyography. Retrieved June 26, 2026, from https://emedicine.medscape.com/article/2094544-overview#a5

Published: 22 July 2026

Share

22 July 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.