Stem Cell Transplant (ပင်မဆဲလ်အစားထိုးခြင်း)

Stem Cell Transplant (ပင်မဆဲလ်အစားထိုးခြင်း)

ပင်မဆဲလ် အစားထိုးကုသခြင်း (Stem cell transplant) သည် ဆေးဘက်ဆိုင်ရာ ကုသမှုလုပ်ငန်းစဥ်တစ်ခုဖြစ်ပြီး ပျက်စီးသွားသော သို့မဟုတ် ချို့ယွင်းနေသော ခန္ဓာကိုယ်ဆဲလ်များ၏နေရာတွင် ကျန်းမာသည့် ပင်မဆဲလ်အသစ်များနှင့် အစားထိုးလဲလှယ်ပေးခြင်းဖြစ်သည်။ ထိုကုသမှုကို ရိုးတွင်းခြင်ဆီ အစားထိုးခြင်း၊ သွေးကလပ်စည်းဆဲလ် အစားထိုးကုသခြင်း သို့မဟုတ် သွေးကလပ်စည်း ပင်မဆဲလ် အစားထိုးကုသခြင်းဟုလည်းခေါ်သည်။

ပင်မဆဲလ်များ (Stem cells)

ပင်မဆဲလ်ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ မတူညီကွဲပြားသော ဆဲလ်အမျိုးအစားများစွာအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်စွမ်းရှိသည့် ဆဲလ်တစ်ခုဖြစ်သည်။ ပင်မဆဲလ်များ ဆဲလ်ကွဲပြားသည့်အချိန်တွင် ပင်မဆဲလ်အသစ်များ ထပ်မံထုတ်လုပ်နိုင်သကဲ့သို့ သီးခြားလုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်စွမ်းရှိသည့် အထူးပြုဆဲလ်များအဖြစ်သို့လည်း ပြောင်းလဲဖွဲ့စည်းနိုင်သည်။ ပင်မဆဲလ်များကို သန္ဓေသားပင်မဆဲလ် (embryonic stem cell) နှင့် အရွယ်ရောက်ပြီး ပင်မဆဲလ် (Adult stem cell) ဟူ၍ ခွဲခြားနိုင်သည်။ ပင်မဆဲလ်များကို ခန္ဓာကိုယ်၏ တစ်ရှူးအများစုတွင် တွေ့ရနိုင်ပြီး တစ်ရှူးများ၏ ပုံမှန်တည်ဆောက်မှုနှင့် လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းရန်အတွက်လည်းကောင်း၊ ထိခိုက်ဒဏ်ရာရပြီးနောက် ပြန်လည်ပြုပြင်ရန်အတွက်လည်းကောင်း လိုအပ်သည်။ ပင်မဆဲလ်များသည် လူတစ်ဦးအသက်ရှိနေသရွေ့ ဆက်လက်၍ ဆဲလ်ကွဲပြားနိုင်စွမ်းရှိသည်။

ပင်မဆဲလ်များ၏ အဓိကအရင်းအမြစ်သည် ရိုးတွင်းခြင်ဆီဖြစ်သည်။ ရိုးတွင်းခြင်ဆီသည် အရိုးများ၏ အလယ်အတွင်းပိုင်းတွင် တည်ရှိပြီး ပျော့ပြောင်းနူးညံ့သော တစ်ရှူးအလွှာမျိုးဖြစ်သည်။ ခန္ဓာကိုယ်အတွက် သွေးဆဲလ်များထုတ်လုပ်ရာနေရာဖြစ်ပြီး ခြင်ဆီပင်မဆဲလ်များ၊ အဆီတစ်ရှူးများနှင့် သွေးကြောများဖြင့် ဖွဲ့စည်းထားသည်။ ရိုးတွင်းခြင်ဆီမှ အောက်ပါသွေးဆဲလ်များကို ထုတ်လုပ်သည်။

  • သွေးနီဥများ (Red blood cells) – ခန္ဓာကိုယ်အနှံ့သို့ အောက်ဆီဂျင်သယ်ဆောင်ပေးသည့် ဆဲလ်များ
  • သွေးဖြူဥများ (White blood cells) – ခန္ဓာကိုယ်ကို ပိုးမွှားများနှင့် ကူးစက်ရောဂါများမှ ကာကွယ်ပေးသော ဆဲလ်များ
  • သွေးဥမွှားများ (Platelets) – သွေးကြောများ ပျက်စီးသွားသောအခါတွင် သွေးထွက်ခြင်းကို ရပ်တန့်ရန် သွေးခဲများ ဖြစ်ပေါ်လာစေသော ဆဲလ်များ

ပင်မဆဲလ်အစားထိုးကုသခြင်းကို အချို့သောကင်ဆာများ၊ အချို့သောသွေးရောဂါများနှင့် ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်မှုကြောင့်ဖြစ်သည့် ရောဂါများ ကုသရာတွင် အသုံးပြုနိုင်သည်။ ထိုကုသမှုသည် ရှုပ်ထွေးသည့် ဆေးပညာဆိုင်ရာ ကုသမှုတစ်ခုဖြစ်သည်။

ရိုးတွင်းခြင်ဆီ ပင်မဆဲလ်အစားထိုးခြင်း အမျိုးအစားများ
  • ထပ်တူညီအမြွှာ၏ ရိုးတွင်းခြင်ဆီဖြင့် အစားထိုးခြင်း (Syngeneic Bone Marrow Transplantation)
    အလှူရှင်နှင့် လူနာတို့သည် ထပ်တူညီအမြွှာများ (Identical twins) ဖြစ်သည့်အတွက် မျိုးဗီဇချင်း အတိအကျတူညီသည်။ ဤနည်းလမ်းတွင် Graft-versus-host disease (GVHD) ရောဂါဖြစ်ပွားမှုနှင့် အစားထိုးမှုမအောင်မြင်ခြင်း (Graft failure) တို့ လုံးဝမဖြစ်စေသောကြောင့် အလွန်ကောင်းမွန်သည်။ သို့သော် လိုအပ်သည့်လူနာများတွင် ထပ်တူညီအမြွှာ ရှိနိုင်ခြေမှာ အလွန်နည်းပါးသည်။
  • ကိုယ်ပိုင်ရိုးတွင်းခြင်ဆီဖြင့် အစားထိုးခြင်း (Autologous Bone Marrow Transplantation)
    လူနာ၏ ရိုးတွင်းခြင်ဆီမှ ဆဲလ်များကို စုဆောင်းပြီး သန့်စင်သည့်နည်းလမ်းများကို အသုံးပြုပြီးသည့်နောက် လူနာကိုယ်တွင်းသို့ ပြန်လည်ထည့်သွင်းပေးခြင်းဖြစ်သည်။ ထိုကုသမှု၏ အားသာချက်သည် အလှူရှင်၏ ပင်မဆဲလ်များမှ လူနာ၏ကိုယ်ခန္ဓာကို တိုက်ခိုက်မှု (Graft-versus-host disease) မရှိခြင်းဖြစ်သည်။ အားနည်းချက်သည် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ထည့်သွင်းထားသော ရိုးတွင်းခြင်ဆီတွင် ပုံမမှန်ဆဲလ်များပါသွားနိုင်ပြီး ကင်ဆာရောဂါများကို ပြန်လည်ဖြစ်စေခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ရိုးတွင်းခြင်ဆီပုံမမှန်ဖြစ်သည့် ရောဂါတိုင်းတွင် ၎င်းနည်းကို အသုံးမပြုနိုင်ပါ။
  • အလှူရှင်၏ ရိုးတွင်းခြင်ဆီဖြင့် အစားထိုးခြင်း (Allogeneic Transplantation)
    အလှူရှင်သည် မျိုးဗီဇ (HLA) အနီးစပ်ဆုံး တူညီသည့် မိသားစုဝင်၊ မိသားစုဝင်မဟုတ်သော်လည်း HLA အမျိုးအစားအစား တူညီသည့် အလှူရှင် သို့မဟုတ် HLA တစ်ဝက်သာ ကိုက်ညီသည့် မိသားစုဝင်ဖြစ်နိုင်သည်။
ပြုလုပ်ရန်လိုအပ်သော ‌ရောဂါနှင့်အခြေအနေများ

ပင်မဆဲလ်အစားထိုးခြင်းကို ရိုးတွင်းခြင်ဆီကို ပျက်စီးစေသည့်ရောဂါများ သို့မဟုတ် ကျန်းမာသည့် ပုံမှန်သွေးဆဲလ်များ ထုတ်လုပ်မှုစွမ်းရည်ကို ကျဆင်းစေသည့် ရောဂါများကို ကုသရာတွင် အသုံးပြုသည်။

အဓိကပြုလုပ်ရန် လိုအပ်သည့် အခြေအနေများမှာ_

  • သွေးကင်ဆာရောဂါများ
    • သွေးကင်ဆာတစ်မျိုးဖြစ်သော ပလပ်စ်မာဆဲလ်ကင်ဆာ၊ သွေးကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာများတွင် အသုံးပြုသည်
    • ရှေးဦးစွာ ရောဂါရှိသောလူနာ၏ ခြင်ဆီအတွင်းရှိ သွေးကင်ဆာဆဲလ်များကို ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ကင်ဆာဆေးသွင်းကုထုံးဖြင့် ‌ဖယ်ရှားပစ်သည်
    • သို့သော် ထိုကုသမှုများသည် လူနာ၏ ရိုးတွင်းခြင်ဆီကို လုံးဝနီးပါး ဖျက်ဆီးလိုက်သည့်အတွက် ထိုနေရာတွင် ပုံမှန်လူတစ်ဦး၏ ရိုးတွင်းခြင်ဆီပင်မဆဲလ်များဖြင့် အစားထိုးကုသခြင်း ပြုလုပ်ရန် လိုအပ်သည်
  • ရိုးတွင်းခြင်ဆီ အလုပ်မလုပ်သည့် ရောဂါအခြေအနေများ
    • ရိုးတွင်းခြင်ဆီသည် အလိုအ‌လျောက် အလုပ်လုပ်မှု ရပ်တန့်သွားပြီး သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားများကို လုံလောက်အောင် ထုတ်လုပ်နိုင်ခြင်းမရှိတော့သည့် ရိုးတွင်းခြင်ဆီခမ်းသည့်ရောဂါ (aplastic anaemia) များကို ကုသရာတွင် အသုံးပြုသည်
  • မျိုးဗီဇ သို့မဟုတ် မျိုးရိုးလိုက်သည့် သွေးရောဂါများ
    • သာလာဆီးမီးယားရောဂါ (Thalassaemia)၊ ဆစ်ကယ်လ်ဆဲလ် သွေးအားနည်းရောဂါ (Sickle Cell Anaemia) များကဲ့သို့ ပုံမှန်မဟုတ်သည့် သွေးဆဲလ်များ ထုတ်လုပ်နေသည့် ပြင်းထန်သွေးရောဂါများကို ကုသရာတွင် အသုံးပြုသည်
  • အခြားကင်ဆာအမျိုးအစားများ
    • အာရုံကြောသန္ဓေသားဆဲလ်များမှဖြစ်သောကင်ဆာ (Neuroblastoma)၊ ယူဝင်းဆာကိုမား (Ewing Sarcoma)၊ မျိုးပွားဆဲလ်အကျိတ်များ (Germ cell tumours)၊ ဦးနှောက်အကျိတ်များ (Brain tumours)၊ ဝှေးစေ့ကင်ဆာ (testicular tumour) များကို ကုသရာတွင်လည်း အသုံးပြုသည်
ကြိုတင်သိရှိထားရမည့် အချက်များ
  • အသက်အရွယ်မရွေး ပင်မဆဲလ်အစားထိုးမှု ခံယူနိုင်သော်လည်း လူနာတိုင်းသည် ပင်မဆဲလ်အစားထိုး ကုသမှု ပြုလုပ်ရန်အတွက် မသင့်တော်ပါ
  • ပင်မဆဲလ်အစားထိုးမှုပြုလုပ်ရန် သင့်တော်ခြင်း ရှိမရှိ ဆုံးဖြတ်ရာတွင် လူနာတစ်ဦးချင်း၏ အသက်၊ ကျန်းမာရေးအခြေအနေ၊ ရောဂါအမျိုးအစားနှင့် ပြင်းထန်မှု၊ ယခင် ခံယူထားသော ကုထုံးများ၏ ကုသမှုမှတ်တမ်းတို့အပြင် အလှူရှင်နှင့် ကိုက်ညီမှုရှိမရှိကြည့်သည့် မျိုးဗီဇဆိုင်ရာ အမှတ်အသားများပေါ် မူတည်၍ သက်ဆိုင်ရာ အထူးကုဆရာဝန်များအဖွဲ့မှ ဆုံးဖြတ်သည်
  • လူနာ၏ နှလုံး၊ အဆုတ်၊ ကျောက်ကပ်နှင့် အခြားသော အရေးကြီးအင်္ဂါအစိတ်အပိုင်းများကို စစ်ဆေးရန်လည်း လိုအပ်သည်
  • ထို့အပြင် သွေးဆဲလ်အရေအတွက် စစ်ဆေးခြင်း၊ ကျောက်ကပ်လုပ်ငန်းစစ်ဆေးခြင်း၊ အသည်းလုပ်ငန်း စစ်ဆေးခြင်း၊ ရောဂါပိုးများရှိမရှိ စစ်ဆေးခြင်းတို့ကိုလည်း ကြိုတင်ပြုလုပ်ရမည်
  • အစားထိုးသော ပင်မဆဲလ်များကို ကိုယ်ခန္ဓာအတွင်းသို့ သွင်းပေးရန် ပင်မသွေးပြန်ကြောပိုက် တစ်ခု (Central catheter) ကြိုတင်တပ်ဆင်ထားရမည်
  • ပင်မဆဲလ်အစားထိုးထားသည့် လူနာသည် ဆေးရုံတွင် အနည်းဆုံး ၄-၆ ပတ်အထိနေရန် လိုအပ်သည်
  • ကိုယ်ခံအားစနစ်သည် အလွန်အားနည်းနေသည့်အတွက် ပင်မဆဲလ်အစားထိုးပြီးလူနာများအတွက် အထူးပြုပြင်ထားသော ပိုးသတ်သန့်စင်ထားသည့် ဧရိယာတွင်နေရမည်
ကုသပုံအဆင့်ဆင့်

ပင်မဆဲလ်အစားထိုးကုသခြင်း ပြုလုပ်ရာတွင် အစားထိုးမည့်အလှူရှင်ထံမှ ပင်မဆဲလ်များကို သွေးကြောတွင်းမှလည်းကောင်း၊ ရိုးတွင်းခြင်ဆီမှလည်းကောင်း ထုတ်ယူလေ့ရှိသည်။ ပင်မဆဲလ်အစားထိုးကုသရာတွင် အောက်ပါအဆင့်များ ပါဝင်သည်။

  • သင့်တော်သည့် အလှူရှင် ရှာဖွေခြင်း
  • ပင်မဆဲလ်များကို စုဆောင်းရယူခြင်း
  • လူနာသည် အစားထိုးကုသခြင်းပြုလုပ်ရန်အတွက် သင့်တော်သည့် အခြေအနေများ ရှိမရှိ စစ်ဆေးခြင်း
  • ကြိုတင်ပြင်ဆင်ခြင်း
  • ပင်မဆဲလ်များ ပြန်လည်ထည့်သွင်းခြင်း
  • ဆဲလ်အသစ်များ အခြေချခြင်းနှင့် ပြန်လည်နာလန်ထူလာခြင်း
  • ‌နောက်ဆက်တွဲပြဿနာများကို ကုသခြင်းနှင့် ရောဂါပိုးဝင်ခြင်းကို ကာကွယ်ခြင်း
ပင်မဆဲလ်များကို စုဆောင်းရယူခြင်း (Harvesting)

ဆေးကုသမှု မစတင်မီ ရက်ပိုင်းမှ ရက်သတ္တပတ် အနည်းငယ်အလိုတွင် ပင်မဆဲလ်များကို သွေးခွဲထုတ်ခြင်းနည်းလမ်းဖြင့် စုဆောင်းရယူသည်။ လူနာ သို့မဟုတ် အလှူရှင်၏ သွေးပြန်ကြော သို့မဟုတ် ရိုးတွင်းခြင်ဆီမှ သွေးများကိုထုတ်ယူပြီး ပင်မဆဲလ်များကို သီးသန့်စစ်ထုတ်ပေးသည့် စက်ထဲသို့ ဖြတ်သန်းစီးဆင်းစေသည်။ ထို့နောက် ကျန်ရှိသော သွေးဆဲလ်အစိတ်အပိုင်းများကို ခန္ဓာကိုယ်ထဲသို့ ပြန်လည်ထည့်သွင်းပေးသည်။ ကိုယ်ပိုင်ရိုးတွင်းခြင်ဆီဖြင့် အစားထိုးမှုပြုလုပ်သည့်သူများတွင်မူ ထိုသို့စစ်ထုတ်ရရှိလာသော ဆဲလ်များကို လိုအပ်သည့်အချိန်အထိ အေးခဲစနစ်ဖြင့် သိမ်းဆည်းထားလေ့ရှိသည်။

ကြိုတင်ပြင်ဆင်ခြင်း (Conditioning)

ဆေးကုသမှု မစတင်မီ ၁ပတ် မှ ၂ပတ်အလိုအတွင် လူနာအား ကင်ဆာဆေး ပမာဏများများ ပေးခြင်း သို့မဟုတ် တစ်ကိုယ်လုံးကို ဓာတ်ရောင်ခြည်ပြခြင်း ပြုလုပ်ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော ကင်ဆာဆဲလ်များကို အမြစ်ပြတ်ဖယ်ရှားရန်နှင့် ဆဲလ်အသစ်များ နေရာယူနိုင်ရန်အတွက် ရိုးတွင်းခြင်ဆီအတွင်းရှိ ဆဲလ်အဟောင်းများကို ကုန်စင်အောင် ရှင်းလင်းဖယ်ရှားရန်ဖြစ်သည်။

ပင်မဆဲလ်အသစ်များ ပြန်လည်ထည့်သွင်းခြင်း (Infusion of stem cells)

အစားထိုးကုသသည့်နေ့တွင် ထုတ်ယူထားသော ပင်မဆဲလ်များကို ပင်မသွေးပြန်ကြောပိုက် (Central catheter) မှတစ်ဆင့် သွေးကြောအတွင်းသို့ တိုက်ရိုက်ထည့်သွင်းသည်။ ပုံမှန်သွေးသွင်းသည့်ဖြစ်စဥ်နှင့် တူညီသည်။ ထိုပင်မဆဲလ်များသည် သွေးလည်ပတ်မှုစနစ်မှတစ်ဆင့် ရိုးတွင်းခြင်းဆီအတွင်းသို့ ရောက်ရှိသွားသည်။

ပင်မဆဲလ်အသစ်များ အခြေချခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း (Engraftment)

သွေးကြောအတွင်းသို့ ထည့်သွင်းပေးလိုက်သော ပင်မဆဲလ်သစ်များသည် လူနာ၏ ရိုးတွင်းခြင်ဆီတွင်းသို့ ရောက်ရှိသွားပြီး ထိုနေရာတွင် အခြေချကာ ဆဲလ်ကွဲပွားခြင်း စတင်ဖြစ်ပေါ်သည်။ ထိုပင်မဆဲလ်များသည် သွေးဖြူဥ၊ သွေးနီဥနှင့် သွေးဥမွှားများအဖြစ် ပြောင်းလဲကာ သွေးဆဲလ်အသစ်များကို ထုတ်လုပ်ပေးသည့်စနစ်ကို ပြန်လည်တည်ဆောက်ပေးသည်။ ဤဖြစ်စဉ်ကို ပင်မဆဲလ်အသစ်များ ပြန်လည်တည်ဆောက်ခြင်း (Engraftment) ဟုခေါ်သည်။

Engraftment ဖြစ်စဉ်သည် များသောအားဖြင့် ပင်မဆဲလ်အစားထိုးကုသမှုပြီးနောက် (၂)ပတ် မှ (၄)ပတ်အတွင်း စတင်ဖြစ်ပေါ်တတ်သည်။ သွေးဖြူဥများသည် ပထမဆုံး ပြန်လည်တိုးပွားလာပြီး၊ ထို့နောက်တွင် သွေးနီဥများနှင့် သွေးဥမွှားများ ဆက်လက်တိုးပွားလာကြသည်။

Engraftment ပြည့်စုံ‌အောင်မြင်စွာ မဖြစ်ပေါ်သေးခင် လူနာ၏ သွေးဆဲလ်ပမာဏများသည် အလွန်ကျဆင်းနေနိုင်သောကြောင့် ရောဂါပိုးကူးစက်ခြင်း၊ သွေးထွက်ခြင်းနှင့် သွေးအားနည်းခြင်းစသည့် အသက်အန္တရာယ် ထိခိုက်နိုင်ခြေ မြင့်မားနေတတ်သည်။ ထို့ကြောင့် လူနာအား အနီးကပ် စောင့်ကြပ်ကြည့်ရှုရန် လိုအပ်ပြီး တစ်ခါတစ်ရံ သွေးနီဥများနှင့် သွေးဥမွှားများ လိုအပ်သလို သွင်းပေးရနိုင်သည်။

Engraftment အောင်မြင်မှု ရှိမရှိနှင့် သွေးဆဲလ်အသစ်များ ထုတ်လုပ်နှုန်းကို သိရှိရန် သွေးစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ရန် လိုအပ်သည်။ ပင်မဆဲလ်အစားထိုးကုသမှု ခံယူပြီးနောက် လူနာ၏ သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှားပမာဏများကို နေ့စဉ်စောင့်ကြည့်စစ်ဆေးကာ ကုသမှု၏ တိုးတက်မှုများကို စောင့်ကြည့်နိုင်သည်။ ထို့အပြင် ရိုးတွင်းခြင်ဆီမှ ခြင်ဆီနမူနာအနည်းငယ်ကို အပ်ဖြင့် ထုတ်ယူ၍ အဏုကြည့်မှန်ပြောင်းအောက်တွင် စစ်ဆေးခြင်း (Bone Marrow Aspiration) ကို ပြုလုပ်ကာ ပင်မဆဲလ်အသစ်များ မည်မျှကောင်းမွန်စွာ အမြစ်တွယ်ရှင်သန်၍ သွေးဆဲလ်များ ထုတ်လုပ်နေသည်ကို ဆန်းစစ်နိုင်သည်။

‌နောက်ဆက်တွဲပြဿနာများ

ပင်မဆဲလ် အစားထိုးကုသမှုခံနေစဥ်နှင့် အစားထိုးပြီးနောက်ပိုင်းတွင် နောက်ဆက်တွဲပြဿနာများစွာ ဖြစ်နိုင်သည့်အတွက် ဆေးပညာရှင်အဖွဲ့မှ သေချာစွာစောင့်ကြပ်ကြည့်ရှု၍ ကုသမှုပေးရန် လိုအပ်သည်။ ပင်မဆဲလ် အစားထိုးကုသမှု၏ နောက်ဆက်တွဲအနေဖြင့် ရေတိုပြဿနာများဖြစ်နိုင်သကဲ့သို့ ရေရှည်ပြဿနာများလည်း ဖြစ်နိုင်သည်။

  • ရေတိုပြဿနာများ
    • ပျို့ခြင်း အန်ခြင်း
    • နုံးခြည့်လွယ်ခြင်း အစားအသောက်ပျက်ခြင်း
    • ဆံပင်ကျွတ်ခြင်း
    • ပါးစပ်အနာဖြစ်ခြင်း
    • အရေပြားရောင်ရမ်းခြင်း
  • ရေရှည်ပြဿနာများ
    • မျိုးမပွားနိုင်ခြင်း
    • ရေတိမ်ဖြစ်ပေါ်ခြင်း
    • ကင်ဆာအသစ်ဖြစ်ပေါ်ခြင်း
    • အသည်း၊ ကျောက်ကပ်၊ အဆုတ်နှင့် နှလုံးထိခိုက်မှုများ ဖြစ်နိုင်ခြင်း
    • အရိုးနှင့် ကြွက်သားအားနည်းခြင်းများ ဖြစ်နိုင်သည်။

ထို့မျှသာမက အောက်ပါ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများလည်း ဖြစ်နိုင်သည်။

  • ပါးစပ်နှင့် အစာလမ်းကြောင်း အမြှေးပါးများ ပြင်းထန်စွာ ရောင်ရမ်းခြင်း
    ကင်ဆာဆေးများ ပမာဏများစွာ အသုံးပြုကုသမှုများကြောင့် ပါးစပ်၊ လည်ချောင်းနှင့် အစာခြေလမ်းကြောင်း တစ်လျှောက်တွင် အလွန်နာကျင်သော ပြင်းထန်ရောင်ရမ်းမှုများ၊ အပူဖုများနှင့် အနာများဖြစ်နိုင်ပြီး အစားစားခြင်းနှင့် အရည်သောက်ခြင်းများတွင်ပင် ခက်ခဲနိုင်သည်။
  • ရောဂါပိုးဝင်ခြင်း
    ခြင်ဆီအစားထိုးပြီး ပြန်လည်ကောင်းမွန်လာချိန် အစပိုင်းတွင် သွေးဖြူဥများသည် မရှိသလောက်ပမာဏအထိ ကျဆင်းသွားနိုင်သည့်အတွက် ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး သို့မဟုတ် မှိုပိုးများ အလွယ်တကူ ဝင်ရောက်နိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်သော ပိုးဝင်ခြင်း၊ သွေးဆိပ်တက်ခြင်း ဖြစ်နိုင်သည်။
  • သွေးထွက်ခြင်းနှင့် သွေးအားနည်းခြင်း
    သွေးဥမွှားပမာဏ အလွန်နည်းပါးသည့်အတွက် သွေးခြည်ဥလွယ်ခြင်းနှင့် သွေးထွက်နိုင်သည့် အန္တရာယ်ရှိခြင်း၊ သွေးနီဥပမာဏ အလွန်နည်းပါးသည့်အတွက် အလွန်နုံးခြည့်လွယ်ခြင်း၊ သွေးသွင်းရန်လိုအပ်ခြင်းတို့ ဖြစ်နိုင်သည်။
  • အစားထိုးမှု မအောင်မြင်ခြင်း (Graft failure)
    အခြားအလှူရှင်ထံမှ ခြင်ဆီအစားထိုးကုသမှုတွင် အစားထိုးပေးလိုက်သော ခြင်ဆီပင်မဆဲလ်များကို လူနာကိုယ်ခံအားစနစ်မှ လက်မခံဘဲ တိုက်ထုတ်သဖြင့် ကောင်းစွာအလုပ်မလုပ်နိုင်ဘဲ လုံလောက်သော သွေးဆဲလ်များ ထုတ်လုပ်မပေးနိုင်ခြင်းကို ဆိုလိုသည်။
  • အလှူရှင်၏ ပင်မဆဲလ်များမှ လူနာ၏ကိုယ်ခန္ဓာကို တိုက်ခိုက်ခြင်း (Graft-versus-host disease)
    အလှူရှင်ထံမှ ပင်မဆဲလ်ကိုယူ၍ အစားထိုးကုသမှုခံယူခြင်းတွင်သာ ဖြစ်ပွားတတ်ပြီး အလှူရှင်၏ ပင်မဆဲလ်အသစ်များမှ လူနာ၏ခန္ဓာကိုယ်ကို ရန်သူအဖြစ် သတ်မှတ်ကာ ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။ ထိုသို့ဖြစ်ခြင်းကြောင့် အရေပြား၊ အသည်း၊ အစာခြေလမ်းကြောင်းနှင့် များစွာသော ကိုယ်တွင်းအင်္ဂါများတွင်ပါ ထိခိုက်စေသည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ

ဆေးရုံမှဆင်းပြီးနောက် ကိုယ်ခံအားစနစ် တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာစေရန်အတွက် အိမ်၌ ဆက်လက်ကုသရမည့် ပြန်လည်ထူထောင်ရေးကာလမှာ လပေါင်းများစွာ ကြာမြင့်နိုင်သည်။ အိမ်၌ မဖြစ်မနေ လိုက်နာရမည့် ဂရုစိုက်စောင့်ရှောက်မှုလုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ပိုးဝင်ခြင်းမှ ကာကွယ်ခြင်း
    • လူစုလူဝေးများသောနေရာများ၊ ဖျားနာနေသူများနှင့် မကြာသေးမီက ရောဂါကူးစက်ခံထားရနိုင်ခြေရှိသူများနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ
    • လက်ကို မကြာခဏ ဆေးကြောပါ
    • ဆေးခန်းပြသည့် အခါတိုင်း အရည်အသွေးမြင့် နှာခေါင်းစည်း (ဥပမာ – N95 mask) ကို စနစ်တကျ တပ်ဆင်ပါ
  • တင်းကျပ်သော စားသောက်မှုစည်းကမ်းများ
    • ပိုးမွှားပါဝင်မှုအနည်းဆုံးဖြစ်စေမည့် အစားအသောက် ပုံစံ (Low-microbial diet) ကို လိုက်နာပါ
    • ကောင်းစွာ ကျက်အောင်ချက်ထားသော အစားအစာများကိုသာ စားသုံးပါ၊ အသားစိမ်း သို့မဟုတ် ပင်လယ်စာအစိမ်းများကို ရှောင်ကြဉ်ပါ
    • အားနည်းနေသော အစာခြေစနစ်အတွင်းသို့ အစားအသောက်မှတစ်ဆင့် ဘက်တီးရီးယားများ မဝင်ရောက်နိုင်စေရန် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို သေချာစွာ ဆေးကြောပါ
  • အိမ်တွင်းသန့်ရှင်းရေးကို စေ့စပ်သေချာစွာ လုပ်ဆောင်ခြင်း
    • နေထိုင်ရာ ပတ်ဝန်းကျင်ကို သေချာစွာ သန့်ရှင်းရေးပြုလုပ်ပါ
    • မကြာခဏ ကိုင်တွယ်မိသော မျက်နှာပြင်များကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ
    • အိပ်ရာခင်းများကို မကြာခဏလဲလှယ်ပေးပါ၊ ဖုန် သို့မဟုတ် မှိုများ ထွက်ပေါ်စေနိုင်သည့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခြင်း၊ ကြောင်အညစ်အကြေးများ သန့်ရှင်းရေးလုပ်ခြင်းနှင့် မြေကြီးကို ကိုင်တွယ်ခြင်း စသည့် လုပ်ငန်းဆောင်တာများကို ရှောင်ကြဉ်ပါ
  • နေ့စဉ် ကျန်းမာရေးအခြေအနေကို စောင့်ကြည့်မှတ်တမ်းတင်ခြင်း
    • အဖျား ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် အထက်ရှိခြင်း၊ ချမ်းတုန်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ ဆီးပူ ဆီးကျဥ်ခြင်း၊ ခေါင်းမူးခြင်း၊ အနီကွက်များထွက်ခြင်း၊ အသက်ရှူခက်ခြင်းများသည် ပင်မဆဲလ် အစားထိုးကုသမှုခံယူထားသော လူနာတစ်ဦးအတွက် အရေးပေါ်အခြေအနေဖြစ်သဖြင့် သက်ဆိုင်ရာဆရာဝန်အဖွဲ့နှင့် ချက်ချင်းဆက်သွယ်ရန် လိုအပ်သည်

References:

  1. Blood Cancer United. (n.d.). Stem cell transplantation. Retrieved June 23, 2026, from https://bloodcancerunited.org/blood-cancer-care/adults/types-blood-cancer-treatment/stem-cell-transplantation
  2. Cleveland Clinic. (n.d.). Stem cell transplants. Retrieved June 23, 2026, from https://my.clevelandclinic.org/health/treatments/22567-stem-cell-transplants
  3. Mayo Clinic. (n.d.). Bone marrow transplant: How stem cells work. Retrieved June 23, 2026, from https://www.mayoclinic.org/tests-procedures/bone-marrow-transplant/in-depth/stem-cells/art-20048117
  4. National Cancer Institute. (2023). Stem cell transplants in cancer treatment. Retrieved June 23, 2026, from https://www.cancer.gov/about-cancer/treatment/types/stem-cell-transplant
  5. St. Jude Children’s Research Hospital. (n.d.). Bone marrow transplant. Retrieved June 23, 2026, from https://together.stjude.org/en-us/treatment-tests-procedures/treatments/bone-marrow-transplant.html

Published: 29 June 2026

Share

29 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.