Peak Flow Meter ကိရိယာသည် လူတစ်ဦး၏ အဆုတ်ထဲမှ လေကို အားအရှိဆုံးနှင့် အမြန်ဆုံး မှုတ်ထုတ်လိုက်ချိန် (One fast hard blast) တွင် လေထွက်နှုန်း မည်မျှရှိသည်ကို တိုင်းတာပေးသော ကိရိယာဖြစ်သည်။ ရိုးရှင်း၍ လက်ဖြင့် အလွယ်တကူ ကိုင်တွယ်အသုံးပြုနိုင်သော ကိရိယာအသေးစားဖြစ်သည်။ Peak flow meter ကိရိယာဖြင့် တိုင်းတာ၍ ရလာသော ရလဒ်ကို Peak Expiratory Flow rate (PEFR) သို့မဟုတ် Peak Expiratory Flow Measurement ဟုခေါ်သည်။
Peak Flow Meter တွင် အမျိုးအစား နှစ်မျိုးရှိသည်။
- လက်ဖြင့် ချိန်ညှိ၍ တိုင်းရသော စက်ကိရိယာ (Manual Peak Flow Meter)
- ရလဒ်ကို ကိရိယာပေါ်ရှိ အမှတ်အသားများကို ကြည့်၍ တိုင်းတာမှတ်သားရသည်
- အဖြေရလဒ်ကို ကလေး သို့မဟုတ် လူကြီး အသက်အလိုက် သက်ဆိုင်ရာ တိုင်းတာချက် ပျမ်းမျှဇယားတွင် ဖြည့်စွက်၍ PEFR အဖြေထုတ်ရမည်ဖြစ်သည်
- ဒီဂျစ်တယ် စက်ကိရိယာ (Digital Peak Flow Meter)
- အဖြေရလဒ်တိုင်းတာချက်ကို စက်၏ မော်နီတာဖန်သားပြင်ပေါ်တွင် ပြသပေးသည်
- PEFR အဖြေရလဒ်ကို အသက်အလိုက် ခွဲခြမ်းစိတ်ဖြာ၍ တပါတည်း အဖြေထုတ်ပေးနိုင်သည်
- ဒီဂျစ်တယ် စက်ကိရိယာများသည် PEFR တိုင်းတာချက်အပြင် FEV1 or Forced Expiratory Volume in 1 second (ပထမဆုံး တစ်စက္ကန့်အတွင်း မှုတ်ထုတ်နိုင်သည့် လေပမာဏ) ကိုပါ တိုင်းတာနိုင်သည်
- ထို့အပြင် ဒီဂျစ်တယ်စက်များသည် တိုင်းတာချက်မှတ်တမ်းများကို ဒေါင်းလုဒ်ဆွဲယူနိုင်ပြီး မိမိ၏ မိသားစုဆရာဝန်ထံသို့ အီးမေးလ် သို့မဟုတ် ဖုန်းစာတို ပေးပို့နိုင်သည့် အားသာချက်ရှိသည်
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
Peak Flow Meter ကိရိယာကို အဓိကအားဖြင့် ပန်းနာရင်ကျပ်ရောဂါ (Asthma) လူနာများအတွက် အသုံးပြုသည့်အပြင် အဆုတ်လေပြွန် ပြည်တည်ရောဂါ (Bronchiectasis) နှင့် နာတာရှည်လေပြွန်ကျဉ်း အဆုတ်ပွရောဂါ (Chronic Obstructive Pulmonary Disease – COPD) များအတွက်လည်း အသုံးပြုနိုင်သည်။ Peak Flow Meter စက်မှ တိုင်းတာချက်သည် အဆုတ်အတွင်းရှိ လေပြွန်ငယ်များ မည်မျှပွင့်နေသည်ကို တိုင်းတာပေးခြင်းဖြစ်သည်။ ထို့ကြောင့် ပန်းနာရင်ကျပ်ရှိကြောင်း ရောဂါရှာဖွေရာတွင် တိုင်းတာနိုင်သကဲ့သို့ ပန်းနာရင်ကျပ်လူနာတစ်ဦး ရောဂါတည်ငြိမ်နေချိန်နှင့် ရောဂါပြန်ထလာချိန်တွင် တိုင်းတာပါက ရရှိသော PEFR အဖြေများ ကွာခြားချက်ရှိသည်ကို တွေ့ရနိုင်သည်။
Peak Flow Meter စက်ကို ကလေး၊ လူကြီးမရွေး အသုံးပြုနိုင်သည်။ အထူးသဖြင့် အသက်ရှူခက်ခဲသည့် လက္ခဏာများကို ကောင်းစွာ မပြောပြနိုင်သေးသည့် ကလေးငယ်များအတွက် PEFR အသုံးပြုခြင်းသည် များစွာ အထောက်အကူ ပြုနိုင်ပြီး၊ အသက် (၅) နှစ်ဝန်းကျင်မှစ၍ ကလေးများတွင် စတင်အသုံးပြုနိုင်သည်။
ပန်းနာရင်ကျပ်ရောဂါနှင့် PEFR အသုံးပြုပုံ
PEFR ကိရိယာကို ပန်းနာရင်ကျပ်ရောဂါ သံသယရှိသူများ၊ ပန်းနာရင်ကျပ်ရောဂါ ရှိကြောင်း လတ်တလော သိရှိထားသူများနှင့် နာတာရှည် ပန်းနာရင်ကျပ်ရောဂါ ခံစားနေရသူများ အားလုံးအတွက် အသုံးပြုနိုင်သည်။ ပန်းနာရင်ကျပ်လူနာတစ်ဦး နေ့စဉ်သုံးစွဲနေရသော ဆေးဝါးများကို ချိန်ညှိရန် လိုအပ်ပါကလည်း PEFR ကိရိယာသည် အရေးကြီးသော အစိတ်အပိုင်းအဖြစ် ပါဝင်ဆောင်ရွက်ပေးနိုင်သည်။
ပန်းနာရင်ကျပ်ရောဂါလူနာတစ်ဦးတွင် PEFR တိုင်းတာမှုကို အောက်ပါအတိုင်း ပြုလုပ်နိုင်သည်။
- ပန်းနာရင်ကျပ်လက္ခဏာများကို ကောင်းစွာ ထိန်းချုပ်နိုင်ခြင်း ရှိမရှိ သိရှိရန်
- ရောဂါအခြေအနေကို ထိန်းချုပ်နိုင်သည့် အချိန်တွင် တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ် (အချိန်မှန်) တိုင်းတာသင့်သည်
- ကောင်းစွာ မထိန်းချုပ်နိုင်သေးပါက နံနက်အိပ်ရာထချိန်နှင့် ညအိပ်ရာမဝင်မီကဲ့သို့ တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ တိုင်းတာခြင်းသည် ရောဂါပြင်းထန်မှု ရှိမရှိကို ပို၍ ထိရောက်စွာ သိရှိနိုင်သည်
- ရောဂါလက္ခဏာများ ပြန်လည်ပေါ်ပေါက်လာသည့်အခါ
- အသက်ရှူရခက်၍ အိပ်ရာမှ နိုးလာလျှင်သော်လည်းကောင်း၊ တစ်နေ့တာ၏ သတ်မှတ်ထားသောအချိန်များတွင် လက္ခဏာပြလျှင်သော်လည်းကောင်း ထိုအချိန်များတွင် တိုင်းတာသင့်သည်
- အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ခံစားရသည့်အခါ
- အအေးမိခြင်း၊ တုပ်ကွေးမိခြင်း သို့မဟုတ် အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရစဉ်တွင် PEFR ကို ပို၍အကြိမ်ရေများစွာ တိုင်းတာသင့်သည်
- ဆေးဝါးများ၏ အာနိသင်ကို သိရှိရန် အသုံးပြုခြင်း
- ရုတ်တရက် ရင်ကျပ်သည့်အချိန်တွင် ရင်ကျပ်သက်သာစေသော ရှူဆေး (Inhaler) ကဲ့သို့ ဆေးဝါးများ မသုံးစွဲမီနှင့် သုံးစွဲပြီးနောက်တွင်လည်း PEFR တိုင်းတာခြင်းဖြင့် ဆေးအာနိသင် သက်ရောက်မှု ရှိမရှိ သိနိုင်သည်
Peak Flow Meter အသုံးပြုခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
- ရောဂါပြန်လည်ထကြွစေသည့် အကြောင်းရင်း (Triggers) များကို သိရှိစေခြင်း
- မည်သည့်ဆေးကို အသုံးပြုရမည်ကို ဆုံးဖြတ်နိုင်ခြင်း
- အရေးပေါ်ကုသမှု လိုအပ်ချိန်ကို သိရှိစေခြင်း စသည်တို့ဖြစ်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
အရေးကြီးသောအချက်မှာ တိကျသော တိုင်းတာမှုများနှင့် ၎င်းတို့ကို ကောင်းစွာ နှိုင်းယှဉ်နိုင်ရန် Peak Flow Meter အမျိုးအစား (Brand) တစ်မျိုးတည်းကိုသာ အမြဲတမ်း အသုံးပြုသင့်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
- မတ်မတ်ထိုင်ပါ သို့မဟုတ် မတ်တတ်ရပ်ပါ၊ မတ်တတ်ရပ်ခြင်းသည် အသက်ဝဝရှူနိုင်ရန် ပိုကောင်းသော်လည်း မရပ်နိုင်သူများတွင် ထိုင်နိုင်သည်၊ သို့သော် တစ်ကြိမ်နှင့်တစ်ကြိမ် တိုင်းတာမှုများ နှိုင်းယှဉ်နိုင်ရန် အမြဲတမ်း ပုံစံတစ်မျိုးတည်းဖြင့် တိုင်းတာပါ
- PEFR ကိရိယာပေါ်ရှိ အမှတ်အသား (Marker) ကို အောက်ဆုံးရှိ သုညမှတ်နေရာတွင် ထားပါ
- စက်ကို လက်ဖြင့်ကိုင်ထားပြီး အသက်ကို ဝဝရှူသွင်းကာ ခေတ္တအောင့်ထားပါ (ရင်ဘတ်ကြွက်သားများသာမက ဝမ်းဗိုက်ကြွက်သားများပါ လှုပ်ရှားသည်အထိ ရှူသွင်းပါ)
- ကိရိယာ၏ ပွင့်နေသောအခြမ်းရှိ အပေါက်ဝ (Mouthpiece) ကို ပါးစပ်ဖြင့် တင်းတင်းစေ့ပြီး ငုံထားပါ၊ မှုတ်သည့်အချိန် လေများ အပြင်သို့ မထွက်စေရန် နှုတ်ခမ်းဖြင့် လုံနေအောင် ငုံ၍ ပိတ်ပါ
- တစ်ချက်တည်းဖြင့် အားအပြင်းဆုံးနှင့် အမြန်ဆုံး မှုတ်ထုတ်လိုက်ပါ
- အမှတ်အသား ပြသော ကိန်းဂဏန်းရလဒ်ကို မှတ်သားထားပါ
- ထိုသို့လေမှုတ်ခြင်းကို စုစုပေါင်း သုံးကြိမ် ပြည့်အောင် ထပ်မံပြုလုပ်ပါ၊ တိုင်းတာမှု တစ်ကြိမ်စီ မပြုလုပ်မီ အမှတ်အသားကို အောက်ခြေသုညမှတ်သို့ ပြန်ချရန် မမေ့ပါနှင့်
- သုံးကြိမ်မှုတ်၍ ရသည့် အဖြေသုံးမျိုးထဲမှ အမြင့်ဆုံး ကိန်းဂဏန်းကို ထိုနေ့အတွက် PEFR ရလဒ်အဖြစ် သတ်မှတ်ပြီး မှတ်တမ်းစာအုပ် သို့မဟုတ် ဖုန်းထဲတွင် မှတ်သားထားပါ
Peak Flow Meter မှုတ်ချိန်တွင် အောက်ပါအခြေအနေများ ရှိပါကလည်း အတူတကွ တွဲ၍ မှတ်သားထားသင့်သည်။
- ရင်ကျပ်ခြင်း၊ အသက်ရှူမဝခြင်း သို့မဟုတ် ချောင်းဆိုးခြင်း စသည့် လက္ခဏာများနှင့်
- အရေးပေါ် ရင်ကျပ်သက်သာစေသော ရှူဆေး (Bronchodilator) သို့မဟုတ် အခြားဆေးဝါးများ လတ်တလော သုံးစွဲခဲ့မှု ရှိမရှိ စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများနှင့် သတိပြုရန်အချက်များ
- အသက်ပြင်းပြင်းရှူရသဖြင့် မူးဝေခြင်း၊ ခေတ္တခဏ ချောင်းဆိုးခြင်း
- အသက်ကို ဝအောင် ရှူသွင်းမထားခြင်း သို့မဟုတ် အားထည့်၍ မမှုတ်ခြင်းတို့ကြောင့် တိုင်းတာချက် လွဲမှားနိုင်ခြင်း
- ရှူဆေးများ ရှူပြီးနောက်မှ တိုင်းတာမိခြင်းကြောင့် မှားယွင်းသော ရလဒ်ထွက်နိုင်ခြင်းစသည့် နောက်ဆက်တွဲပြဿနာအနည်းငယ် ရှိနိုင်သည်။
သိရှိနိုင်သောအဖြေများ
တိုင်းတာသည့် ယူနစ် (Unit)
Peak Flow Meter ကိရိယာဖြင့် တိုင်းတာရရှိသော ရလဒ်ကို PEFR ဟုခေါ်ပြီး Liters per minute – L/min ယူနစ်ဖြင့် တိုင်းတာသည်။
လူတစ်ဦးအတွက် အကောင်းဆုံး အဖြေရလဒ် (Personal Best) ကို ရှာဖွေမှတ်သားခြင်း
“Personal Best” ဆိုသည်မှာ ပန်းနာရင်ကျပ်ရှိသူတစ်ဦး ရောဂါလက္ခဏာများကို ကောင်းစွာ ထိန်းချုပ်ထားနိုင်ပြီး နေကောင်းသက်သာနေသည့် နှစ်ပတ်တာ ကာလအတွင်း ရရှိသည့် အမြင့်ဆုံးတန်ဖိုးဖြစ်သည်။
စစ်ဆေးရရှိပုံ
- နှစ်ပတ်တိတိ တစ်နေ့ နှစ်ကြိမ် (မနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ် အချိန်မှန်မှန်) စက်ဖြင့် PEFR တိုင်းတာရမည်
- ပန်းနာရင်ကျပ်အတွက်ပေးသော ရှူဆေးများကို မသုံးစွဲမီ တိုင်းတာရမည်
- တစ်ရက်တာအတွင်း အမြင့်ဆုံးရရှိသည့် တန်ဖိုးကို အကောင်းဆုံးရလဒ် (Personal Best) အဖြစ် စံသတ်မှတ်ပြီး အခြားတိုင်းတာချက်များနှင့် နှိုင်းယှဉ်ရမည်ဖြစ်သည်။
Peak flow meter ကို နေ့စဥ်မှန်မှန် အသုံးပြု၍ PEFR မှတ်သားထားခြင်းဖြင့် အဆုတ်နှင့် လေပြွန်ငယ်များ၏ လုပ်ဆောင်ချက်ကျဆင်းမှုကို စောစီးစွာ သိရှိနိုင်သည်။ ထို့ကြောင့် ပန်းနာရင်ကျပ်အတွက် ဆေးဝါးကုသမှုများအတွက် များစွာ အထောက်အကူဖြစ်စေသည်။ ပန်းနာရင်ကျပ်လက္ခဏာများ မပြင်းထန်ခင်ကတည်းက PEFR အဖြေ လျော့ကျလာခြင်းကို သိရှိထားပါက လိုအပ်သည့် ကုသမှုများကို အချိန်မီခံယူနိုင်မည်ဖြစ်သည်။ သက်ဆိုင်ရာ မိသားစုဆရာဝန်မှလည်း PEFR အဖြေကိုလိုက်၍ ရောဂါကုသမှုဆိုင်ရာ အစီအစဉ် (Action plan) ကို ကြိုတင်ရှင်းပြထားပေးမည်ဖြစ်သည်။
ရလဒ်များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း
PEFR အဖြေရလဒ်များသည် လူတစ်ဦးချင်းစီပေါ် မူတည်၍ ကွာခြားနိုင်သည်။ လူတစ်ယောက်၏ ပုံမှန်ရလဒ်ပမာဏသည် တခြားသူတစ်ယောက်၏ ပုံမှန်ရလဒ်ပမာဏနှင့် ထပ်တူမညီနိုင်ပေ။ မိသားစုဆရာဝန်မှ ပုံမှန် PEFR အဖြေကို အောက်ပါအချက်များအပေါ် မူတည်ပြီး သတ်မှတ်ပေးမည်ဖြစ်သည်။
- အသက်အရွယ် – ကလေးငယ်များ၏ အဆုတ်သည် လူကြီးများထက် သေးငယ်သည်
- အရပ်အမြင့် – အရပ်ပိုရှည်သူများတွင် အဆုတ်အရွယ်အစား ပိုမိုကြီးမားသည်
- ကျား/မ – အမျိုးသားများသည် အများအားဖြင့် အမျိုးသမီးများထက် အဆုတ်ပိုကြီးလေ့ရှိသည်
PEFR အဖြေကို ဖတ်ရန် မီးပွိုင့်စနစ် (Traffic Light System) ကို အသုံးပြုလေ့ရှိကြသည်။
- အစိမ်းရောင်ဇုန် (Green Zone) – ပန်းနာရင်ကျပ်ရောဂါကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်သော အခြေအနေဖြစ်သည် (အကောင်းဆုံး အဖြေရလဒ်၏ ၈၀% မှ ၁၀၀%)
- အဝါရောင်ဇုန် (Yellow Zone) – ရောဂါကို ကောင်းစွာ မထိန်းချုပ်နိုင်တော့ဘဲ အခြေအနေ ပိုဆိုးလာခြင်း ဖြစ်နိုင်သည် (အကောင်းဆုံး အဖြေရလဒ်၏ ၅၀% မှ ၈၀%)
- အနီရောင်ဇုန် (Red Zone) – ရောဂါအခြေအနေ ပြင်းထန်သည့်အဆင့်ဖြစ်သည် (အကောင်းဆုံး အဖြေရလဒ်၏ ၅၀% အောက်)၊ ထိုအခြေအနေသည် ချက်ချင်း အရေးပေါ်ကုသမှု ခံယူရမည့်အချိန်ဖြစ်သည်
PEFR ဇုန်အလိုက် ရာခိုင်နှုန်းများ တွက်ချက်ထားခြင်း
လူတစ်ဦး၏ အကောင်းဆုံး PEFR အဖြေရလဒ် (Personal Best) ရလဒ်ကို အောက်ပါကိန်းဂဏန်းများအတိုင်း မြှောက်ပြီး ဇုန်အလိုက် အဖြေများကို တွက်ချက်ရှာဖွေထားနိုင်သည်။
- ၁.၀ (100%) နှင့် မြှောက်ပါ။
- ၀.၈ (80%) နှင့် မြှောက်ပါ။
- ၀.၅ (50%) နှင့် မြှောက်ပါ။
ဥပမာ _ အကောင်းဆုံး PEFR အဖြေရလဒ်သည် 400 L/m ဖြစ်ပါက
- အစိမ်းရောင်ဇုန်: 320 မှ 400 L/m (80% မှ 100%)
- အဝါရောင်ဇုန်: 200 မှ 320 L/m (50% မှ 80%)
- အနီရောင်ဇုန်: 200 L/m အောက် (50% အောက်) ဟူ၍ အကြမ်းဖျင်းတွက်ချက်နိုင်သည်။
အရေးကြီးသောအချက်များ
အကယ်၍ PEFR အဖြေသည် အဝါရောင် သို့မဟုတ် အနီရောင်ဇုန်ထဲသို့ ရောက်ရှိနေလျှင် မိသားစုဆရာဝန်မှ ညွှန်ကြားထားသော ရောဂါကုသမှုဆိုင်ရာ အစီအစဉ် (Action plan) အတိုင်းလိုက်နာ၍ ရင်ကျပ်သက်သာဆေးများ ရှူခြင်း၊ ဆေးဝါးသောက်သုံးခြင်းများကို ချိန်ညှိရမည်ဖြစ်သည်။ PEFR အဖြေနှင့် ခံစားနေရသော ရောဂါလက္ခဏာများပေါ် မူတည်၍ လိုအပ်သော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ပါ။ မရှင်းလင်းသည်များ ရှိပါက သို့မဟုတ် မသက်သာပါက ဆရာဝန်ထံ ချက်ချင်းဆက်သွယ်မေးမြန်းပါ။ အနီရောင်ဇုန်အတွင်း ရောက်ရှိနေသူများအနေဖြင့် မသက်သာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်းသွားရောက်ပြသသင့်သည်။
References:
- Cleveland Clinic. (n.d.). Peak flow meter. Retrieved April 22, 2026, from https://my.clevelandclinic.org/health/treatments/peak-flow-meter
- American Lung Association. (n.d.). Peak flow meters. Retrieved April 22, 2026, from https://www.lung.org/lung-health-diseases/lung-disease-lookup/asthma/treatment/devices/peak-flow
- NHS. (n.d.). Peak flow test. Retrieved April 22, 2026, from https://www.nhs.uk/tests-and-treatments/peak-flow-test/
- Healthline. (n.d.). Peak flow meter. Retrieved April 22, 2026, from https://www.healthline.com/health/peak-flow-meter#types
- Asthma and Allergy Foundation of America (AAFA). (n.d.). Peak flow meters. Retrieved April 22, 2026, from https://aafa.org/asthma/asthma-diagnosis/lung-function-tests-diagnose-asthma/peak-flow-meters/
Published: 24 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.