Diagnostic imaging (ရောဂါရှာဖွေရေးဆိုင်ရာ ပုံရိပ်ဖော်စစ်ဆေးနည်းများ)

Diagnostic imaging (ရောဂါရှာဖွေရေးဆိုင်ရာ ပုံရိပ်ဖော်စစ်ဆေးနည်းများ)

ဓာတ်မှန်ပညာရပ် (Radiology) သည် ခန္ဓာကိုယ်အတွင်းပိုင်းရှိ ကိုယ်တွင်းအင်္ဂါများ၏ တည်ဆောက်ပုံများကို ပုံရိပ်ဖော်နည်းပညာများ အသုံးပြု၍ ရောဂါများ ရှာဖွေခြင်း၊ ကုသခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းတို့ကို ပြုလုပ်ပေးနိုင်သော ဆေးပညာဆိုင်ရာ ဘာသာရပ်ကြီးတစ်ခုဖြစ်သည်။ ၎င်းသည် ခေတ်မီဆေးပညာလောကတွင် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍမှ ပါဝင်နေပြီး ရောဂါရှာဖွေမှု တိကျစေရန် အဓိကအထောက်အကူပြုသည်။ ဓာတ်မှန်ပညာရပ်ကို သင်ယူလေ့လာထားသော ဓာတ်မှန်အထူးကုဆရာဝန်များ (Radiologists) မှ စစ်ဆေးကုသမှုပေးသော ပညာရပ်ဖြစ်သည်။ ဓာတ်မှန်ပညာရပ်တွင် ရောဂါရှာဖွေရေးဆိုင်ရာ ပုံရိပ်ဖော်စစ်ဆေးနည်းများ (Diagnostic Imaging) နှင့် ကုသ‌မှုဆိုင်ရာ ဓာတ်မှန်နည်းပညာများ (Interventional radiology) ဟူ၍ အဓိကအမျိုးအစား နှစ်မျိုးရှိသည်။

  1. ရောဂါရှာဖွေရေးဆိုင်ရာ ပုံရိပ်ဖော်စစ်ဆေးနည်းများ (Diagnostic Imaging)
    ဓာတ်မှန် (X-ray) ကဲ့သို့ ဓာတ်ရောင်ခြည်စွမ်းအင်သုံး နည်းလမ်းများ သို့မဟုတ် အာထရာဆောင်း (USG) နှင့် သံလိုက်ဓာတ်မှန် (MRI) ကဲ့သို့သော ဓာတ်ရောင်ခြည်စွမ်းအင်ကို အသုံးမပြုဘဲ ကြိမ်နှုန်းမြင့် အသံလှိုင်း သို့မဟုတ် သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများ နည်းလမ်းများကို အသုံးပြု၍ အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်။
    • ရောဂါရှာဖွေခြင်း (Diagnosis) – ရောဂါလက္ခဏာများ ဖြစ်ပွါးရသည့် အကြောင်းရင်းကို ရှာဖွေခြင်း သို့မဟုတ် ရောဂါမည်မျှ ပျံ့နှံ့နေသည်ကို စစ်ဆေးခြင်း
    • စောင့်ကြည့်စစ်ဆေးခြင်း (Monitoring) – ကုသမှုအပေါ် ခန္ဓာကိုယ်မှ မည်သို့ တုံ့ပြန်သည်ကို ကြည့်ရှုခြင်းဖြင့် ကုသမှုကို ဆက်လက်လုပ်ဆောင်ရန် သို့မဟုတ် နည်းလမ်းပြောင်းလဲရန် ဆုံးဖြတ်ခြင်း
    • ရောဂါမဖြစ်မီ ကြိုတင်ရှာဖွေစစ်ဆေးခြင်း (Screening) – ရောဂါလက္ခဏာ မပြသေးသော်လည်း ဖြစ်ပွါးနိုင်ခြေရှိသော အုပ်စုများကို ကြိုတင်စစ်ဆေးခြင်း (ဥပမာ – ရင်သားကင်ဆာအတွက် Mammogram ရိုက်ခြင်း၊ သားအိမ်ခေါင်းကင်ဆာအတွက် ကြိုတင်စစ်ဆေးခြင်း)
  2. ကုသ‌မှုဆိုင်ရာ ဓာတ်မှန်နည်းပညာများ (Interventional radiology)
    ဤနည်းပညာများသည် ခန္ဓာကိုယ်ကို အကြီးစားခွဲစိတ်ရန်မလိုဘဲ ပုံရိပ်ဖော်နည်းပညာများကို လမ်းညွှန်အဖြစ် အသုံးပြု၍ ကုသမှုပေးသော ခေတ်မီနည်းလမ်းဖြစ်သည်။ ၎င်းကို မှန်ပြောင်းဖြင့ ခွဲစိတ်ကုထုံးများကဲ့သို့ ခွဲစိတ်ရာအသေးဆုံးဖြစ်အောင် ပြုလုပ်သော နည်းစနစ်များတွင် အသုံးပြုသည်။ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါကဲ့သို့သော ပြင်းထန်သည့်ရောဂါများကိုပင် ထိရောက်စွာ ကုသပေးနိုင်သည်။
    Interventional Radiology ၏ အဓိကအားသာချက်မှာ သမားရိုးကျခွဲစိတ်မှုများထက် ပိုမိုမြန်ဆန်ပြီး ဘေးကင်းခြင်းဖြစ်သည်။ လူနာများအတွက် ကုသမှုရလဒ် ပိုမိုကောင်းမွန်စေသည့်အပြင် နာကျင်မှု နည်းပါးခြင်းနှင့် ဆေးရုံတက်ရသည့် ကာလကို တိုတောင်းစေခြင်းတို့ကြောင့် လုပ်ငန်းခွင်သို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်နိုင်သည်။ ခွဲစိတ်ဓားအသုံးပြုရန်မလိုဘဲ ပုံရိပ်ဖော်စက်များ၏ လမ်းညွှန်မှုဖြင့် ရောဂါများကို တိကျစွာ ကုသပေးနိုင်သည်။ ဥပမာအားဖြင့် ပိတ်နေသော သွေးကြောများကို ပိုက်ငယ်ဖြင့် ပြန်ပွင့်အောင် ချဲ့ပေးခြင်း (Stenting)၊ ကင်ဆာကျိတ်များသို့ သွေးစီးဆင်းမှုဖြတ်တောက်၍ ကုသခြင်း (Embolization) နှင့် အသားစယူစစ်ဆေးခြင်း (Biopsy) စသည်တို့ကို အပ်ပေါက်ရာအရွယ်အစားမျှဖြင့် ထိရောက်စွာ လုပ်ဆောင်နိုင်သည်။
ရောဂါရှာဖွေရေးဆိုင်ရာ ပုံရိပ်ဖော်စစ်ဆေးနည်းများတွင် အသုံးပြုသော နည်းပညာများ
  1. အိုင်ယွန်မော်လီကျုးများပါသော ဓာတ်ရောင်ခြည် (Ionising Radiation) သုံးနည်းပညာ
    နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ရောဂါရှာဖွေကုသမှု ခရီးစဥ်လမ်းကြောင်းတွင် အိုင်ယွန်မော်လီကျုးများပါသော ဓာတ်ရောင်ခြည်အသုံးပြုမှုသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာသည်။
  2. ဓာတ်ရောင်ခြည်ကို အသုံးမပြုသည့် အခြားနည်းပညာများ
    သံလိုက်ဓာတ်မှန်နှင့် အာထရာဆောင်းကဲ့သို့ ဓာတ်ရောင်ခြည် အသုံးမပြုသော နည်းလမ်းများဖြင့်လည်း ရောဂါရှာဖွေကုသနိုင်သည်။ ဆရာဝန်များမှ လူနာ၏ အခြေအနေနှင့် ရောဂါအမျိုးအစား၊ ရောဂါရှာဖွေရမည့် ကိုယ်ခန္ဓာတည်နေရာပေါ်မူတည်၍ အသင့်တော်ဆုံး စစ်ဆေးမှုနည်းလမ်းကို ရွေးချယ်မည်ဖြစ်သည်။
ရောဂါရှာဖွေရေးဆိုင်ရာ ပုံရိပ်ဖော်စစ်ဆေးနည်း အမျိုးအစားများ (Modalities)
  • General radiography – ရိုးရိုး X-ray ရိုက်ခြင်း
  • Computed Tomography (CT scan) – ကွန်ပျူတာဓာတ်မှန်ဖြင့် ခန္ဓာကိုယ်ကို အလွှာလိုက် ပုံရိပ်ဖော်ခြင်း
  • MRI – သံလိုက်စက်ကွင်းသုံး၍ ပုံရိပ်ဖော်ခြင်း (ဓာတ်ရောင်ခြည်မပါ)
  • Ultrasonography – အသံလှိုင်းသုံး၍ ပုံရိပ်ဖော်ခြင်း (ဓာတ်ရောင်ခြည်မပါ)
  • Mammography – ရင်သားဓာတ်မှန်ရိုက်ခြင်း
  • Angiography – သွေးကြောဓာတ်မှန်ရိုက်ခြင်း
  • PET scan and SPECT scan – ရေဒီယိုသတ္တိကြွပစ္စည်းဆိုင်ရာ ဆေးပညာသုံး ပုံရိပ်ဖော်ခြင်း
  • DEXA scan – အရိုးသိပ်သည်းဆ တိုင်းတာခြင်း
  • Fluoroscopy – ခန္ဓာကိုယ်အတွင်းပိုင်း လှုပ်ရှားမှုများကို ဗီဒီယိုကဲ့သို့ တိုက်ရိုက်ကြည့်ရှုခြင်း
  • OCT (Optical Coherence Tomography) – မျက်စိပုံရိပ်ဖော်ခြင်း (ဓာတ်ရောင်ခြည်မပါ) စသည်တို့ဖြစ်သည်။
ပုံရိပ်ဖော်စစ်ဆေးနည်း အမျိုးအစားများ (Modalities) ၏ ကွဲပြားမှုများ

ပုံရိပ်ဖော် စစ်ဆေးနည်းအမျိုးအစားများစွာအနက်မှ ရောဂါလက္ခဏာများ၊ ရောဂါဖြစ်နေသည်ဟု သံသယရှိသော ကိုယ်တွင်းအင်္ဂါ တည်နေရာပေါ် မူတည်၍ ဆရာဝန်မှ သက်ဆိုင်ရာ modality တစ်ခုစီကို ရွေးချယ်မည်ဖြစ်သည်။ အမျိုးအစားတစ်ခုစီသည် စုဆောင်း၍ ထုတ်ပေးသည့်ပုံများ၊ အသုံးပြုသည့် ကိရိယာများ ကွာခြားသော်လည်း ရောဂါရှာဖွေဖော်ထုတ်ရာတွင် နည်းလမ်းများစွာဖြင့် အထောက်အကူပြုနိုင်သည်။ အများဆုံး လုပ်ဆောင်လေ့ရှိသော ပုံရိပ်ဖော်စစ်ဆေးမှုအမျိုးအစားများမှာ ဓာတ်မှန်၊ အာထရာဆောင်း၊ ကွန်ပျူတာဓာတ်မှန်နှင့် သံလိုက်ဓာတ်မှန် စသည်တို့ဖြစ်သည်။

ဓာတ်မှန် (X-ray)
ဓာတ်မှန်သည် ခန္ဓာကိုယ်အတွင်းရှိ အရိုးများကဲ့သို့သော အရာဝတ္ထုများကို ပုံဖော်ပေးသည့် လျင်မြန်ပြီး နာကျင်မှုမရှိသော စစ်ဆေးမှုတစ်မျိုးဖြစ်သည်။

  • ပြုလုပ်ပုံ
    ဓာတ်မှန်စက်မှ ပုံရိပ်များရယူနေစဉ် လူနာသည် လဲလျောင်းခြင်း၊ ထိုင်ခြင်း သို့မဟုတ် မတ်တပ်ရပ်ခြင်းစသည့် ပုံစံအမျိုးမျိုး နေရနိုင်သည်။ တစ်ခါတစ်ရံ အနေအထား အနည်းငယ်ပြောင်းရန်လည်း လိုအပ်နိုင်သည်။
  • ကြာမြင့်ချိန် – ၁၀မိနစ် မှ ၁၅မိနစ်ခန့်
  • နည်းပညာ – ဓာတ်ရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ ပုံရိပ်ဖော်သည်
  • အသုံးပြုနိုင်သည့် ရောဂါအခြေအနေများ
    အရိုးကျိုးခြင်း၊ အဆစ်ရောင်၊ အဆစ်နာ၊ အရိုးပွရောဂါ၊ ကူးစက်ပိုးဝင်ခြင်း၊ ရင်သားကင်ဆာ၊ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ မျိုချမိသည့်အရာများစသည်တို့ကို ဖော်ထုတ်ရန် အသုံးပြုလေ့ရှိသည်။

အာထရာဆောင်း (USG)
အာထရာဆောင်းသည် ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါများနှင့် အရာဝတ္ထုများကို ပုံရိပ်များထုတ်လုပ်ရန်အတွက် ကြိမ်နှုန်းမြင့် အသံလှိုင်းများကို အသုံးပြုသော စစ်ဆေးနည်းဖြစ်သည်။

  • ပြုလုပ်ပုံ
  • ဓာတ်မှန်ဆရာဝန်မှ လူနာ၏ အရေပြားပေါ်တွင် ဂျယ်လ်လိမ်းပြီးနောက် စစ်ဆေးသည့် ကိရိယာငယ် (Probe) တစ်ခုကို ဖိအားအနည်းငယ်ပေးကာ ရွေ့လျားသွားစေခြင်းဖြင့် အတွင်းပုံရိပ်များကို ရိုက်ယူမည်ဖြစ်သည်။
  • ကြာမြင့်ချိန် – ၃၀မိနစ် မှ ၁နာရီခန့်
  • နည်းပညာ – ကြိမ်နှုန်းမြင့် အသံလှိုင်းများ အသုံးပြု၍ ပုံရိပ်ဖော်သည်
  • အသုံးပြုနိုင်သည့် ရောဂါအခြေအနေများ
    သည်းခြေအိတ်ရောဂါ၊ ရင်သားအကျိတ်များ၊ လိင်အင်္ဂါနှင့် ဆီးကျိတ်ပြဿနာများ၊ အဆစ်ရောင်ရမ်းခြင်း၊ သွေးစီးဆင်းမှုဆိုင်ရာ ပြဿနာများ၊ ကိုယ်ဝန်ဆောင်မိခင်အတွက် ရိုက်ကူးခြင်း၊ အသားစယူစစ်ဆေးခြင်း စသည့်စစ်ဆေးနည်းများအတွက် အသုံးပြုသည်။

ကွန်ပျူတာဓာတ်မှန် (CT scan)
ကွန်ပျူတာဓာတ်မှန်သည် ခန္ဓာကိုယ်အတွင်းရှိ အရိုးများ၊ သွေးကြောများနှင့် တစ်ရှူးပျော့များအပါအဝင် အရာဝတ္ထုများကို အလွှာလိုက်ဖြတ်ထားသော ပုံရိပ်များဖန်တီးရန်အတွက် အသုံးပြုသည်။

  • ပြုလုပ်ပုံ
    ကြီးမားသော ဒိုးနပ်စက်ဝိုင်းပုံ အပေါက်ရှိသည့် စက်ထဲသို့ ဝင်ရောက်သွားသည့်ခုတင်ပေါ်တွင် လူနာသည် လဲလျောင်းနေရမည်၊ စက်ဝိုင်းပြွန်သည် ပုံရိပ်များရယူရန် လူနာပတ်လည်တွင် လည်ပတ်နေမည်ဖြစ်သည်။
  • ကြာမြင့်ချိန် – ၁၀မိနစ် မှ ၁၅မိနစ်ခန့်
  • နည်းပညာ – ဓာတ်ရောင်ခြည်စွမ်းအင် အသုံးပြု၍ ပုံရိပ်ဖော်သည်
  • အသုံးပြုနိုင်သည့် ရောဂါအခြေအနေများ
    ထိခိုက်ဒဏ်ရာများ၊ အရိုးကျိုးခြင်း၊ အကျိတ်များနှင့် ကင်ဆာများ၊ သွေးကြောဆိုင်ရာရောဂါ၊ နှလုံးရောဂါ၊ ကူးစက်ပိုးဝင်ခြင်း၊ အသားစယူစစ်ဆေးခြင်းများတွင် အသုံးပြုသည်။

သံလိုက်ဓာတ်မှန် (MRI)
သံလိုက်ဓာတ်မှန်သည် ခန္ဓာကိုယ်တွင်းရှိ အင်္ဂါများနှင့် တစ်ရှူးများကို အသေးစိတ်ပုံရိပ်များ ဖန်တီးရန်အတွက် သံလိုက်စက်ကွင်းများနှင့် ရေဒီယိုလှိုင်းများကို အသုံးပြုသည်။

  • ပြုလုပ်ပုံ
    ကွန်ပျူတာဓာတ်မှန်ကဲ့သို့ ကြီးမားပြီး ပြွန်ပုံသဏ္ဌာန်ရှိ စက်ကြီးဖြင့် ရိုက်ကူးခြင်းဖြစ်ပြီး စက်နှင့် တွဲဆက်ထားသော ခုတင်ပေါ်တွင် လူနာသည် လဲလျောင်းနေရမည်၊ MRI ရိုက်ကူးနေစဥ် စက်မှ ကျယ်လောင်သော ခေါက်သံများ သို့မဟုတ် တုန်ခါသံများ ထွက်ပေါ်လာနိုင်သည်။
  • ကြာမြင့်ချိန် – ၄၅မိနစ် မှ ၁နာရီခန့်
  • နည်းပညာ – သံလိုက်စက်ကွင်းများနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ ပုံရိပ်ဖော်သည်
  • အသုံးပြုနိုင်သည့် ရောဂါအခြေအနေများ
    သွေးကြောဖောင်းခြင်း၊ Multiple Sclerosis (MS)၊ လေဖြတ်ခြင်း၊ ကျောရိုးမကြီးဆိုင်ရာရောဂါများ၊ အကျိတ်များ၊ သွေးကြောဆိုင်ရာပြဿနာများ၊ အရိုးအဆစ် သို့မဟုတ် အရွတ်ဒဏ်ရာများ စသည်တို့ကို စစ်ဆေးရာတွင် အသုံးဝင်သည်။

ပီအီးတီ စကင်န် (PET scan) နှင့် SPECT စကင်န်
ရေဒီယိုသတ္တိကြွပစ္စည်း အနည်းငယ်ပါဝင်သော ဆေးဝါးများ (Radioactive tracers / Radiopharmaceuticals) ကို အသုံးပြု၍ ကိုယ်တွင်းအင်္ဂါများနှင့် တစ်ရှူးများ၏ လုပ်ဆောင်ချက်ကို ပုံရိပ်ဖော်ကြည့်ရှုသည့် နည်းလမ်းဖြစ်သည်။ ၎င်းတွင် ပီအီးတီ စကင်န် (PET scan) နှင့် SPECT စကင်န် ကဲ့သို့သော အဆင့်မြင့်စစ်ဆေးမှုများ ပါဝင်သည်။

  • ပြုလုပ်ပုံ
    ရေဒီယိုသတ္တိကြွပစ္စည်း (Radioactive tracer) ကို လူနာအား ပါးစပ်မှ မျိုချစေခြင်း သို့မဟုတ် သွေးကြောမှ ထိုးသွင်းပေးခြင်း ဦးစွာပြုလုပ်ရမည်၊ ထို့နောက် အဆိုပါ tracer မှထုတ်လွှတ်သည့် ဓာတ်ရောင်ခြည်ကို ဖမ်းယူဖတ်ရှုပေးမည့် စကင်န်စက် (PET/SPECT scanner) အတွင်းသို့ ဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်၊ စက်၏ ပုံသဏ္ဌာန်မှာ ကွန်ပျူတာဓာတ်မှန်စက် (CT) နှင့် ဆင်တူသည်။
  • ကြာမြင့်ချိန် – ၁နာရီခွဲ မှ ၂နာရီခန့်
  • နည်းပညာ – ရေဒီယိုသတ္တိကြွပစ္စည်းများနှင့် ဓာတ်ရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ ပုံရိပ်ဖော်သည်
  • အသုံးပြုနိုင်သည့် ရောဂါအခြေအနေများ
  • ကင်ဆာရောဂါ ရှာဖွေခြင်း၊ ကင်ဆာဆဲလ်များ အရိုးသို့ပျံ့နှံ့မှု ရှိမရှိ စစ်ဆေးခြင်း (Bone scan)၊ သိုင်းရွိုက်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများ (ဥပမာ – အယ်လ်ဇိုင်းမား၊ ပါကင်ဆန်နှင့် အတက်ရောဂါ) တို့ကို စစ်ဆေးရာတွင် အသုံးပြုသည်။

ရင်သားဓာတ်မှန် (Mammography)

  • ပြုလုပ်ပုံ
    ရင်သားကို သီးသန့်ပုံရိပ်ဖော်ပေးနိုင်သည့် ဓာတ်မှန်စက်ကို အသုံးပြု၍ ရိုက်ကူးခြင်းဖြစ်သည်။
  • နည်းပညာ – ဓာတ်ရောင်ခြည်စွမ်းအင် အသုံးပြု၍ ပုံရိပ်ဖော်သည်
  • အသုံးပြုနိုင်သည့် ရောဂါအခြေအနေများ
    ရင်သားကင်ဆာကို အစောဆုံးအဆင့်တွင် ကြိုတင်ရှာဖွေခြင်း (Screening) နှင့် ရင်သားအတွင်းရှိ ပုံမှန်မဟုတ်သော အကျိတ်များကို စစ်ဆေးခြင်းအတွက် အသုံးပြုသည်။

သွေးကြောဓာတ်မှန် (Angiography)

  • ပြုလုပ်ပုံ
    သွေးကြောအတွင်း ဆေး (Contrast media) ထိုးသွင်း၍ ဓာတ်မှန်ပုံရိပ်များတွင် သွေးကြောများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။
  • နည်းပညာ – ဓာတ်ရောင်ခြည်စွမ်းအင် အသုံးပြု၍ ပုံရိပ်ဖော်သည်
  • အသုံးပြုနိုင်သည့် ရောဂါအခြေအနေများ
    နှလုံးသွေးကြောကျဉ်းခြင်း၊ ဦးနှောက်သွေးကြောဖောင်းခြင်းနှင့် ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောပိတ်ဆို့မှု ပြဿနာများအတွက် အသုံးပြုသည်။

မျက်စိပုံရိပ်ဖော်ခြင်း (Optical Coherence Tomography/ OCT)

  • ပြုလုပ်ပုံ
    အလင်းလှိုင်းများကို အသုံးပြု၍ မျက်စိအတွင်းပိုင်းရှိ မြင်လွှာ (Retina) ကို အလွှာလိုက် ပုံရိပ်ဖော်ခြင်းဖြစ်သည်။
  • နည်းပညာ – အလင်းလှိုင်းများကို အသုံးပြုသည် (ဓာတ်ရောင်ခြည်မပါဝင်ပါ)
  • အသုံးပြုနိုင်သည့် ရောဂါအခြေအနေများ
    ရေတိမ်ရောဂါ၊ မျက်စိမြင်လွှာပျက်စီးခြင်းနှင့် ဆီးချိုကြောင့် မျက်စိထိခိုက်ခြင်းဆိုင်ရာ ပြဿနာများဖြစ်သည်။

References:

  1. Health Images. (n.d.). What is diagnostic imaging? Retrieved April 7, 2026, from https://www.healthimages.com/what-is-diagnostic-imaging/
  2. MedlinePlus. (n.d.). Diagnostic imaging. Retrieved April 7, 2026, from https://medlineplus.gov/diagnosticimaging.html
  3. MedlinePlus. (n.d.). Imaging and radiology. Retrieved April 7, 2026, from https://medlineplus.gov/ency/article/007451.htm
  4. University of Virginia Health System. (n.d.). Different imaging tests explained. Retrieved April 7, 2026, from https://blog.radiology.virginia.edu/different-imaging-tests-explained/
  5. UK Health Security Agency. (n.d.). Diagnostic imaging. Retrieved April 7, 2026, from https://www.ukhsa-protectionservices.org.uk/meg/diagnosticimaging/

Published: 28 April 2026

Share

28 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.