FibroScan (အသည်း၏ မာကျောတောင့်တင်းမှုကို တိုင်းတာစစ်ဆေးခြင်း)

FibroScan (အသည်း၏ မာကျောတောင့်တင်းမှုကို တိုင်းတာစစ်ဆေးခြင်း)

FibroScan ဆိုသည်မှာ အသည်း၏ မာကျောတောင့်တင်းမှုနှင့် အဆီဓာတ်စုပုံမှုကို စစ်ဆေးပေးသည့် ခေတ်မီပုံရိပ်ဖော် စစ်ဆေးမှုတစ်မျိုးဖြစ်သည်။ ၎င်းကို အာထရာဆောင်းစက်၏ သဘောတရားကို အခြေခံ၍ ထုတ်လုပ်ထားပြီး Transient Elastography ဟုလည်းခေါ်သည်။ အသည်းရောဂါအမျိုးမျိုးကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော အမာရွတ်တစ်ရှူး (Fibrosis) များကြောင့် အသည်းသည် ပုံမှန်ထက် ပို၍တောင့်တင်းလာခြင်းကို သိရှိရန် စစ်ဆေးသော နည်းလမ်းဖြစ်သည်။ ၎င်းစစ်ဆေးမှုသည် အသည်း အသားစယူစစ်ဆေးခြင်း (Liver Biopsy) ၏ နေရာတွင် အစားထိုးနိုင်သည့်အပြင် ကိုယ်ခန္ဓာအရေပြားပေါ်မှ လွယ်ကူရိုးရှင်းစွာ စစ်ဆေးနိုင်ပြီး ဘေးထွက်ဆိုးကျိုး အလွန်နည်းသော စစ်ဆေးမှုတစ်ခုဖြစ်သည်။ ခေတ်မီ FibroScan စက်များတွင် အသည်းမာကျောမှုသာမက အသည်းအတွင်း အဆီစုပုံမှုပမာဏ (Controlled Attenuation Parameter – CAP) ကိုပါ တစ်ပါတည်းတိုင်းတာနိုင်ခြင်းမှာ အားသာချက်ဖြစ်သည်။

အသည်းတွင် အမာရွတ်ဖြစ်ခြင်း (Liver Fibrosis)

အချို့သော နာတာရှည် အသည်းရောဂါများသည် ဖြစ်ပွါးသည့် အချိန်ကြာလာသည်နှင့်အမျှ အသည်းတွင် ရောင်ရမ်းမှုကို ဖြစ်စေပြီး ဆဲလ်များကို ထိခိုက်ဒဏ်ရာရစေသည်။ ထိုအခါ အသည်းသည် ရောင်ရမ်းမှုနှင့် ဒဏ်ရာများကို ပြန်လည်ကုသရန် ကြိုးစားပြီး အချို့သော အခြေအနေများတွင် အမာရွတ်တစ်ရှူး (Scar tissue) များ ဖြစ်ပေါ်လာစေသည်။ ထိုသို့အမာရွတ်ဖြစ်ခြင်းကို Fibrosis ဟုခေါ်သည်။ အကယ်၍ ထိရောက်သော ကုသမှုများကို စောစီးစွာ ရရှိပါက အဆိုပါအမာရွတ်များသည် ပြန်လည်ကောင်းမွန်လာနိုင်သည်။ သို့သော် အချိန်မီကုသမှု မခံယူဘဲ ရောဂါကျွမ်းလာပါက အသည်းတစ်ရှူးများ၏ နေရာအများစုတွင် အမာရွတ်များ ပို၍စုပုံများပြားလာပြီး အသည်းခြောက်ခြင်း (Cirrhosis) အဆင့်သို့ ရောက်ရှိသွားနိုင်သည်။ ထိုအဆင့်သို့ ရောက်ရှိသွားပါက အမာရွတ်များသည် ပြန်လည်ကောင်းမွန်လာရန် ခက်ခဲသွားသည့်အပြင် အသည်း၏ လုပ်ဆောင်ချက်များကိုပါ ပျက်စီးစေပြီး အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ဖြစ်စေသည်။

FibroScan စက်၏ လုပ်ဆောင်ချက်

FibroScan စက်သည် အထူးပြုလုပ်ထားသော အာထရာဆောင်းစက်တစ်မျိုးဖြစ်သည်။ ထိုစက်မှ Shear waves ဟုခေါ်သော တုန်ခါမှုလှိုင်းများကို ထုတ်ပေး၍ လူနာ၏အသည်းအတွင်းသို့ ပေးပို့သည်။ ၎င်းနောက် ထိုတုန်ခါမှုလှိုင်းများ အသည်းအတွင်း မည်မျှမြန်မြန် ဖြတ်သန်းသွားသည်ကို ပြန်လည်တိုင်းတာခြင်းဖြစ်သည်။ အကယ်၍ အသည်းတစ်ရှူးများ ပုံမှန်ထက် ပို၍တောင့်တင်းနေပါက တုန်ခါမှုလှိုင်းများသည် ထိုနေရာကို ပိုမိုမြန်ဆန်စွာ ဖြတ်သန်းသွားသည်။ စက်၏ကွန်ပျူတာသည် ထိုတိုင်းတာချက်များကို မှတ်သားကာ အသည်း၏ တောင့်တင်းမှုကို kPa (kilopascals) ယူနစ်ဖြင့် ပုံရိပ်ဖော်ပေးခြင်းဖြင့် အသည်းတွင် အမာရွတ် (Fibrosis) ရှိမရှိနှင့် မည်မျှအဆင့်ရှိသည်ကို ဖော်ပြပေးသည်။ လိုအပ်ပါက သံလိုက်ဓာတ်မှန်ဖြင့် ပေါင်းစပ်စစ်ဆေးမှု ပြုလုပ်နိုင်ပြီး ထိုသို့စစ်ဆေးခြင်းကို Magnetic Resonance Elastography (MRE) ဟုခေါ်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အောက်ပါ နာတာရှည်အသည်းရောဂါ တစ်ခုခုရှိနေပါက ဆရာဝန်မှ FibroScan စစ်ဆေးရန် အကြံပြုနိုင်သည်။

  • ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်၍ အသည်းကို ပြန်လည်တိုက်ခိုက်သည့် အသည်းရောင်ရောဂါ (Autoimmune Hepatitis)
  • အသည်းခြောက်ခြင်း (Cirrhosis of liver) နှင့် အသည်းသွေးပြန်ကြော ဖိအားတက်ခြင်း (Portal hypertension)
  • မျိုးဗီဇဆိုင်ရာ ရောဂါများ (ဥပမာ _ အသည်းတွင် ကြေးနီဓာတ်စုပုံသော Wilson Disease)
  • အသည်းရောင် အသားဝါ B ပိုး နှင့် C ပိုးကြောင့် နာတာရှည်အသည်းရောင်ခြင်း
  • ကိုယ်ခံအားတုံ့ပြန်မှုကြောင့် သည်းခြေလမ်းကြောင်းရောင်ရမ်းခြင်း (Primary biliary cirrhosis, Primary sclerosing cholangitis)
  • အရက်ကြောင့်ဖြစ်သော အသည်းရောဂါ (Alcoholic liver disease)
  • ဇီဝကမ္မဖြစ်စဥ် မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော အသည်းအဆီဖုံးရောဂါ (Metabolic dysfunction-associated steatotic liver disease – MASLD)
  • ဆီးချိုလူနာများတွင် အသည်းအဆီဖုံးခြင်းကို စစ်ဆေးခြင်း
  • ဆေးဝါးများဖြင့် ကုသပြီးနောက် ထိရောက်မှုကို ပြန်လည်စစ်ဆေးခြင်း (Antiviral treatment)
  • အသည်းအစားထိုးကုသပြီးနောက် အသည်းကို ပြန်စစ်ဆေးခြင်း (Post liver transplant)
ရရှိနိုင်သော အကျိုးကျေးဇူးများ
  • အသည်းရောဂါဖြစ်နိုင်ခြေ မြင့်မားသူများတွင် ရောဂါကို ရှာဖွေအတည်ပြုနိုင်ခြင်း
  • အသည်းရောဂါ မည်မျှအဆင့်အထိ ပြင်းထန်နေသည်ကို ပြသနိုင်ခြင်း
  • ကုသမှုရွေးချယ်ရာတွင် အထောက်အကူဖြစ်စေခြင်း
  • ကုသမှု မည်မျှထိရောက်သည်ကို စောင့်ကြည့်နိုင်ခြင်း
  • အသည်းအတွင်း အဆီပမာဏ မည်မျှရှိသည်ကို စစ်ဆေးနိုင်ခြင်း
  • အသည်းအသားစယူခြင်းကဲ့သို့ နာကျင်ခြင်းမရှိဘဲ ပြင်ပမှ အလွယ်တကူ စစ်ဆေးနိုင်ခြင်း
ကြိုတင်သိရှိထားရမည့်အချက်များ

FibroScan စစ်ဆေးခြင်းသည် အာထရာဆောင်းရိုက်သကဲ့သို့ စစ်ဆေးခြင်းဖြစ်သဖြင့် အန္တရာယ်မရှိသော စစ်ဆေးမှုတစ်ခုဖြစ်သည်။ အဝလွန်သောသူများတွင်မူ တစ်ခါတစ်ရံ ပုံရိပ်ထင်ရှားရန် ခက်ခဲနိုင်သည်။ ထိုအခြေအနေများအတွက် ဆရာဝန်မှ သံလိုက်ဓာတ်မှန် (MRI) ရိုက်ရန် ညွှန်ကြားမည်ဖြစ်သည်။

မစစ်ဆေးမီ ပြင်ဆင်ခြင်း

ယေဘုယျအားဖြင့် FibroScan စစ်ဆေးရန် ရှုပ်ထွေးသော ပြင်ဆင်မှုများ မလိုအပ်ပါ။ အကယ်၍ သံလိုက်ဓာတ်မှန်ဖြင့် တွဲ၍ စစ်ဆေးရန် လိုအပ်ပါက ကြိုတင်ပြုလုပ်ရမည့်အချက်များကို သက်ဆိုင်ရာဆရာဝန်မှ မှာကြားမည်ဖြစ်သည်။ စစ်ဆေးမည့်နေရာသို့ သွားရောက်ပါက အင်္ကျီပွပွ ဝတ်ဆင်သွားသင့်သည်။ စမ်းသပ်ခန်းထဲသို့ မဝင်ရောက်ခင် စမ်းသပ်အင်္ကျီလဲပြီး ကုတင်ပေါ်တွင် လှဲလျက်အနေအထားဖြင့် လူနာကိုထားရှိမည်ဖြစ်သည်။

စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
  • စစ်ဆေးမည့်နေ့တွင် မစစ်ဆေးမီ (၂)နာရီ မှ (၃)နာရီအလိုမှစ၍ အစာနှင့်ရေများကို ခေတ္တဖြတ်ထားပါ
  • သတ်မှတ်ထားသော အချိန်ထက် (၁၅) မိနစ်ခန့် စော၍ရောက်ရှိပါ
  • ဆေးမှတ်တမ်းနှင့် လက်ရှိသောက်နေသော ဆေးဝါးစာရင်းကို ယူဆောင်လာပါ
  • ဤစစ်ဆေးမှုသည် ထုံဆေး သို့မဟုတ် အိပ်ဆေး ပေးရန်မလိုပါ၊ စစ်ဆေးပြီးနောက် မိမိဘာသာ ကားမောင်း၍ ပြန်နိုင်သည်
  • စစ်ဆေးမှုကြာချိန်မှာ (၅)မိနစ် မှ (၁၀)မိနစ်ခန့်သာ ကြာမြင့်မည်ဖြစ်ပြီး စစ်ဆေးပြီးလျှင် အစားအစာများကို ပုံမှန်အတိုင်း စားသောက်နိုင်သည်
  • စစ်ဆေးစဉ်အတွင်း ပက်လက်အိပ်၍ ညာဘက်လက်ကို ခေါင်းနောက်သို့ မြှောက်ထားရမည် (ဗိုက်ကို လွယ်လင့်တကူ ဖော်ပြီးစစ်ဆေးနိုင်ရန် ပွ၍ချောင်ချိသော အဝတ်အစားများ ဝတ်လာပါ)
  • ပုံမှန်အာထရာဆောင်း ရိုက်သကဲ့သို့ဖြစ်ပြီး ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ မရှိပါ
သိရှိနိုင်သောအဖြေများ

FibroScan ရလဒ်ကို အသည်းမာကျောမှု တိုင်းတာခြင်းနှင့် အသည်းတွင်း အဆီပမာဏဟူ၍ (၂) မျိုးဖြင့် ဖော်ပြသည်။ အသည်းမာကျောမှု တိုင်းတာခြင်းကို Liver stiffness measurement (LSM) ဟုခေါ်၍ kPa ယူနစ်ဖြင့် တိုင်းတာသည်။ ယူနစ်ပမာဏပေါ် မူတည်၍ အသည်းအမာရွတ်နှင့် မာကျောမှုကို Fibrosis Score (F0 to F4) ဖြင့် အဖြေထုတ်ပေးသည်။ ယူနစ်သတ်မှတ်မှုသည် အသည်းရောဂါအခံပေါ် မူတည်ပြီး အနည်းငယ်ကွာပြားသည်။ ဥပမာအားဖြင့်_ အသည်းရောင်ပိုးများကြောင့်ဖြစ်သော အသည်းရောင်ရောဂါ၊ အရက်ကြောင့်ဖြစ်သော အသည်းရောင်ရောဂါ၊ အသည်းအဆီများခြင်းကြောင့်ဖြစ်သော အသည်းရောင်ရောဂါ အသီးသီးတို့တွင် အသည်းမာကျောမှု သတ်မှတ်ချက်ကွာခြားသည်။

  • F0 မှ F1- ပုံမှန် (အမာရွတ် မရှိသလောက်ဖြစ်ခြင်း သို့မဟုတ် အနည်းငယ်သာရှိခြင်း)
  • F2 – အမာရွတ်ပမာဏ အလယ်အလတ်ရှိခြင်း
  • F3 – အမာရွတ်ပမာဏ များများရှိခြင်း
  • F4 – အသည်းခြောက်ခြင်း

ထို့အပြင် အသည်းတွင်းရှိ အဆီပမာဏကို Controlled Attenuation Parameter (CAP) score နှင့် တိုင်းတာဖော်ပြပေးသည်။ တိုင်းတာမှုကို dB/m ယူနစ်ဖြင့် ဖော်ပြသည်။ ပုံမှန်အသည်းတွင် အဆီပမာဏသည် 238 dB/m အောက် နည်းရမည်ဖြစ်ပြီး ထို့ထက်များပါက အသည်းအဆီဖုံးရောဂါရှိသည်ဟု ယူဆနိုင်သည်။

  • S1 (အနည်းငယ်) – 238 to 260 dB/m [အသည်း၏ (၃) ပုံ (၁) ပုံတွင် အဆီရှိခြင်း]
  • S2 (အသင့်အတင့်) – 260 to 290 dB/m [အသည်း၏ (၃) ပုံ (၂) ပုံတွင် အဆီရှိခြင်း]
  • S3 (ပြင်းထန်) – 290 dB/m အထက် [အသည်း၏ (၃) ပုံ (၂) ပုံကျော်တွင် အဆီရှိခြင်း]
စစ်ဆေးမှုရလဒ်ကို သက်ရောက်မှုရှိသော အခြေအနေများ

အောက်ပါအခြေအနေများတွင် ရလဒ်တိကျမှုအပေါ်တွင် သက်ရောက်မှုရှိနိုင်သဖြင့် အဖြေကို ဆုံးဖြတ်ရာတွင် လူနာ၏ အခြေအနေနှင့် ချိတ်ဆက်စဥ်းစားရန် လိုအပ်နိုင်သည်။

  • ရောဂါတစ်ခုခုကြောင့် သို့မဟုတ် အရက်ကြောင့် အသည်းရောင်ရမ်းနေခြင်း (Liver Inflammation)
  • အသည်းအတွင်း အကျိတ်များရှိနေခြင်း (Tumours)
  • အဝလွန်ခြင်း၊ ဝမ်းဗိုက်အဆီများနေခြင်း (Obesity)
  • သည်းခြေလမ်းကြောင်း ပိတ်ဆို့ခြင်း (Cholestasis)
  • နှလုံးရောဂါကြောင့် အသည်းတွင် သွေးများ စုပုံပြည့်အိုင်ခြင်း (Liver congestion)
  • ဝမ်းဗိုက်အတွင်း ရေဖျဉ်းစွဲခြင်း သို့မဟုတ် အရည်များ စုနေခြင်း (Ascites)

References:

  1. Cleveland Clinic. (2022). Elastography. Retrieved March 21, 2026, from https://my.clevelandclinic.org/health/diagnostics/23335-elastography
  2. MedlinePlus. (n.d.). Elastography. Retrieved March 21, 2026, from https://medlineplus.gov/lab-tests/elastography/
  3. Associates in Gastroenterology. (n.d.). FibroScan. Retrieved March 21, 2026, from https://agcosprings.com/procedures/fibroscan/
  4. Royal Australian College of General Practitioners. (2013). FibroScan. Retrieved March 21, 2026, from https://www.racgp.org.au/afp/2013/july/fibroscan
  5. Wang, X., et al. (2023). Advances in elastography and liver disease assessment. Viruses, 15(8), 1730. Retrieved March 21, 2026, from https://www.mdpi.com/1999-4915/15/8/1730

Published: 24 April 2026

Share

24 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.