ဘေရီယမ်ဖြင့် ဆေးဓာတ်မှန်ရိုက်ခြင်း (Barium X-rays) ဆိုသည်မှာ ဘေရီယမ်ကို အသုံးပြု၍ အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်ကို ဓာတ်မှန်ရိုက်စစ်ဆေးခြင်းဖြစ်သည်။ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းရှိ ပုံမှန်မဟုတ်သော အခြေအနေများဖြစ်သည့် အကျိတ်များ၊ အနာများ၊ ရောင်ရမ်းမှုများ၊ အသားပိုများ၊ အူကျွံခြင်းနှင့် အူလမ်းကြောင်းကျဉ်းခြင်းစသည့် အခြေအနေများတွင် ရောဂါရှာဖွေရန် အသုံးပြုသည်။ ဓာတ်မှန်ရိုက်ရာတွင် ဘေရီယမ် (Barium) ကို အသုံးပြုခြင်းဖြင့်အစာအိမ်နှင့် အူလမ်းကြောင်း၏ အသွင်အပြင်ကို ပိုမိုထင်ရှားစွာ မြင်တွေ့နိုင်သည်။
ဘေရီယမ်သည် ထုံးမှုန့်ကဲ့သို့ အဖြူရောင်အမှုန့်မျိုးဖြစ်ပြီး ရေနှင့်ရောစပ်၍ အရည်ပြုလုပ်ရသည်။ ထို့ပြင်ဘေရီယမ်သည် ဓာတ်ရောင်ခြည် (X-Ray) ကို စုပ်ယူနိုင်စွမ်းရှိသောကြောင့် ဓာတ်မှန်ဖလင်ပေါ်တွင် အဖြူရောင်အဖြစ် မြင်တွေ့ရခြင်းဖြစ်သည်။ ထိုသို့ဘေရီယမ်ကို အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း ထည့်သွင်းလိုက်သောအခါ အစာရေမျိုပြွန်၊ အစာအိမ်၊ အူသိမ်ဦးပိုင်း၊ အူသိမ်တစ်လျှောက်နှင့် အူမကြီးတို့၏ အတွင်းနံရံများတွင် ကပ်ငြိသွားသဖြင့် အတွင်းနံရံအလွှာ၊ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အနားသတ်များနှင့် လမ်းကြောင်းပွင့်မပွင့် စသည့်အခြေအနေများကို ဓာတ်မှန်တွင် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ထို့ကြောင့် ဘေရီယမ်အသုံးပြု၍ ဓာတ်မှန်ရိုက်ခြင်းသည် ပုံမှန်ဓာတ်မှန်ရိုက်ခြင်းဖြင့် မမြင်နိုင်သော အခြေအနေများကို ကွဲပြားစွာ ဖော်ပြနိုင်သဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါရှာဖွေရေး စစ်ဆေးမှုများတွင် အသုံးပြုသည်။
တစ်ခါတစ်ရံ ဘေရီယမ်ဆေးဓာတ်မှန်ရိုက်စဉ်အတွင်း ဗီဒီယိုရိုက်ကူးခြင်းကဲ့သို့သော အချိန်နှင့်တစ်ပြေးညီ ဓာတ်မှန်ပုံရိပ်များကို ဖော်ပြနိုင်သည့် ဓာတ်မှန်နည်းပညာ (Fluoroscopy) ကိုပါ အသုံးပြုနိုင်သည်။ Fluoroscopy အသုံးပြုခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ လှုပ်ရှားမှုရှိနေသော အစိတ်အပိုင်းများကို လေ့လာစစ်ဆေးနိုင်သည်။ ဓာတ်မှန်ရောင်ခြည်သည် စစ်ဆေးမည့် ခန္ဓာကိုယ်အစိတ်အပိုင်းမှတစ်ဆင့် ကွန်ပျူတာဖန်သားပြင်သို့ ရောက်ရှိပြီး ထိုအစိတ်အပိုင်း၏ လှုပ်ရှားမှုကို အဆက်အပြတ် အသေးစိတ် စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်သည်။
Barium study သည် အစာအိမ်နှင့် အူလမ်းကြောင်း၏ ဖွဲ့စည်းပုံနှင့် ပုံမှန်မဟုတ်သော အူအတွင်းလွှာများကို စစ်ဆေးရန် အသုံးပြုသော ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာဖြစ်ပြီး အလွှာတစ်ခုတည်းဖြင့် ပုံဖော်ခြင်း (Single contrast) နှင့် အလွှာနှစ်ခုဖြင့် ပုံဖော်ခြင်း (Double contrast) ဟူ၍ နှစ်မျိုးရှိသည်။
- အလွှာတစ်ခုတည်းဖြင့် ပုံဖော်ခြင်း (Single-contrast study)
- အစာအိမ်နှင့် အူလမ်းကြောင်းကို ဘေရီယမ်အရည်ဖြင့် အပြည့်ဖြည့်ကာ အစာအိမ်နှင့် အူလမ်းကြောင်းပြွန်၏ ပုံသဏ္ဌာန်နှင့် သိသာထင်ရှားသော ပုံမမှန်မှုများကို အလွှာတစ်ခုတည်း (single contrast image) ဖြင့် ပြသနိုင်သည်
- ဤနည်းလမ်းသည် အလုံးအကျိတ်ကြီးများ၊ အူလမ်းကြောင်းပိတ်ဆို့မှုနှင့် အင်္ဂါအစိတ်အပိုင်း တည်ဆောက်ပုံဆိုင်ရာ မူမမှန်မှု (structural abnormalities) များကို စစ်ဆေးရန် သင့်တော်သည်
- အလွှာနှစ်ခုဖြင့် ပုံဖော်ခြင်း (Double-contrast study)
- ဘေရီယမ်အရည်နှင့် ဂတ်စ် (Gas) နှစ်မျိုးလုံးကို အသုံးပြု၍ ပုံဖော်ခြင်းဖြစ်သည်
- ပထမဦးစွာ ပို၍ပျစ်သော ဘေရီယမ်အရည်ဖြင့် အစာအိမ်နှင့် အူလမ်းကြောင်း၏ အတွင်းနံရံ (Mucosal surface) တစ်ခုလုံးကို အလွှာပါးလေးတစ်ခုအနေဖြင့် သုတ်လိမ်းစေသည်
- ထို့နောက် ဂတ်စ်ထုတ်ပေးသည့်ဆေး (Effervescent agent) မှ ထွက်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ဖြင့် အူလမ်းကြောင်းပြွန်ကို ဖောင်းကားသွားစေသည်
- ဤသို့ ဘေရီယမ်အရည်နှင့်လေတို့ကို တွဲဖက်အသုံးပြုခြင်းဖြင့် အတွင်းနံရံ၏ အသေးစိတ်အခြေအနေ (Mucosal detail) ကို အလွှာနှစ်ခုဖြင့် ပိုမိုထင်ရှားပြတ်သားစွာ မြင်တွေ့ရခြင်းဖြစ်သည်
- ဤနည်းလမ်းသည် သေးငယ်သော အသားပိုများ၊ အနာများနှင့် အစောပိုင်းအဆင့် ရောဂါလက္ခဏာများကို သာမန်စစ်ဆေးမှုများထက် ပိုမိုတိကျစွာ ရှာဖွေဖော်ထုတ်နိုင်သည်
ဘေရီယမ်ဆေးဓာတ်မှန် အမျိုးအစားများ
အစာခြေလမ်းကြောင်းအပေါ်ပိုင်းရှိ ပြဿနာများကို စစ်ဆေးရန်
- အစာရေမျိုပြွန် ပြဿနာများကို စစ်ဆေးသော ဘေရီယမ်ဆေးဓာတ်မှန် (Barium swallow)
- အစာအိမ်နှင့် အူသိမ်ဦးပိုင်း ပြဿနာများကို စစ်ဆေးသော ဘေရီယမ်ဆေးဓာတ်မှန် (Barium meal)
- အူသိမ်ပြဿနာများကို စစ်ဆေးသော ဘေရီယမ်ဆေးဓာတ်မှန် (Barium follow through) ကို အသုံးပြုနိုင်သည်။
အစာခြေလမ်းကြောင်းအောက်ပိုင်းရှိ ပြဿနာများကို စစ်ဆေးရန်
- အူသိမ်အတွင်း ပိုက်ထည့်၍ စစ်ဆေးသော ဘေရီယမ်ဆေးဓာတ်မှန် (Small intestine enema/ Enteroclysis)
- အူမကြီးအတွင်း ပိုက်ထည့်၍ စစ်ဆေးသော ဘေရီယမ်ဆေးဓာတ်မှန် (Barium enema) ကို အသုံးပြုနိုင်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
- အစာရေမျိုပြွန် ပြဿနာများကို စစ်ဆေးသော ဘေရီယမ်ဆေးဓာတ်မှန် (Barium swallow)
ဖော်ပြပါ ဆေးဓာတ်မှန်ကို အစာရေမျိုပြွန်အတွင်းရှိ ပုံမှန်မဟုတ်သော အခြေအနေများကြောင့် ဖြစ်ပေါ်လာသည့် ဝေဒနာများဖြစ်သော အစာမျိုရခက်ခြင်း၊ ရင်ပူခြင်းနှင့် စားချဥ်ပြန်ခြင်းစသည်တို့ကို စစ်ဆေးရာတွင်သုံးသည်။ ထိုဝေဒနာများကို ရှာဖွေစစ်ဆေးရာမှတစ်ဆင့်- အစာရေမျိုပြွန် ကျဉ်းခြင်း (Strictures)
- အစာရေမျိုပြွန်အတွင်း အနာဖြစ်ခြင်း (Ulceration)
- အာရုံကြောနှင့် ကြွက်သားများထိခိုက်မှုကြောင့် အစာမျိုပြွန်မှ အစာနှင့်ရေများ အစာအိမ်ထဲသို့ ညှစ်ချရန် ခက်ခဲခြင်း (Achalasia)
- စားချဥ်ပြန်ရောဂါ (Gastroesophageal reflux disease)
- ရင်ခေါင်းနှင့်ဝမ်းခေါင်းခြား ကြွက်သားပြင်၌ အစာအိမ်ကျွံခြင်း (Hiatal hernia)
- အသားပို သို့မဟုတ် အကျိတ်များရှိနေခြင်း (Mass lesions/ Polyps)
- ဦးခေါင်း၊ လည်ပင်း၊ အာခေါင်နှင့် အစာရေမျိုပြွန် ကင်ဆာဖြစ်ခြင်းစသည့် ရောဂါအခြေအနေများကို ရှာဖွေတွေ့ရှိနိုင်သည်။
- အစာအိမ်နှင့် အူသိမ်ဦးပိုင်း ပြဿနာများကို စစ်ဆေးသော ဘေရီယမ်ဆေးဓာတ်မှန် (Barium meal)
အဆိုပါ ဆေးဓာတ်မှန်သည် Barium swallow နှင့်ဆင်တူသော်လည်း အစာအိမ်နှင့် အူသိမ်ဦးပိုင်းအတွင်းရှိ ပြဿနာများကို ရှာဖွေရန်ဖြစ်သည်။ ထို့ကြောင့် Barium meal ပြုလုပ်ခြင်းဖြင့် အထက်တွင်ဖော်ပြခဲ့သော အစာရေမျိုပြွန်ဆိုင်ရာ ချို့ယွင်းချက်အချို့ကို ရှာဖွေပေးနိုင်ရုံသာမက အစာအိမ်လမ်းကြောင်း ပိတ်ခြင်း၊ ရောင်ရမ်းခြင်းများ၊ အစာအိမ်အတွင်းရှိ အနာများ၊ အသားပိုလုံးများနှင့် အကျိတ်များ ရှိမရှိကိုလည်း ဖော်ထုတ်ပေးနိုင်သည်။ - အူသိမ်တစ်လျှောက် ပြဿနာများကို စစ်ဆေးသော ဘေရီယမ်ဆေးဓာတ်မှန် (Barium follow through)
Barium meal နှင့် ပြုလုပ်ပုံခြင်း ဆင်တူသော်လည်း အူသိမ် (Small intestine) လမ်းကြောင်းတစ်လျှောက် ပြဿနာများကို ရှာဖွေရာတွင် အသုံးပြုသည်။ အူသိမ်အတွင်း လမ်းကြောင်းပိတ်ဆို့ခြင်း၊ ရောင်ရမ်းခြင်းများ၊ အနာများ၊ အသားပိုအလုံးများ၊ အကျိတ်များ ရှိမရှိကို ရှာဖွေသိရှိနိုင်သည်။ - အူသိမ်အတွင်း ပိုက်ထည့်၍ စစ်ဆေးသော ဘေရီယမ်ဆေးဓာတ်မှန် (Small intestine enema/ Enteroclysis)
Barium follow through နှင့် သဘောတရားချင်းဆင်တူသော်လည်း ဘေရီယမ်အရည်ကို သောက်ရမည့်နေရာတွင် ပိုက်ပျော့အသေးတစ်ခုကို အစာရေမျိုပြွန်မှတစ်ဆင့် အစာအိမ်၊ အူသိမ်၏ ပထမဆုံးအပိုင်းအထိ ထည့်သွင်းပြီး ထိုပိုက်မှတစ်ဆင့် တိုက်ရိုက်ထည့်၍ အူသိမ်ကို အသေးစိတ်စစ်ဆေးခြင်း ဖြစ်သည်။ အဆိုပါ စစ်ဆေးမှုကို ပုံမှန်အားဖြင့် ပြုလုပ်လေ့မရှိပါ။ - အူမကြီးအတွင်း ပိုက်ထည့်၍ စစ်ဆေးသော ဘေရီယမ်ဆေးဓာတ်မှန် (Barium enema)
Barium enema သည် ဘေရီယမ်အရည်ကို ပိုက်ပျော့အသေးသုံး၍ စအိုမှတစ်ဆင့် အူမကြီးအတွင်းသို့ တိုက်ရိုက်ထည့်သွင်းပြီး အူမကြီးပြဿနာများကို ရှာဖွေခြင်းဖြစ်သည်။ Barium enema ကို ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း၊ ဝမ်းထဲတွင် သွေး သို့မဟုတ် အချွဲများ ပါလာခြင်းနှင့် ဝမ်းသွားသည့် အလေ့အထ ပြောင်းလဲခြင်း (ဥပမာ – မကြာခဏ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း) စသည့် လက္ခဏာများအတွက် ပြုလုပ်သည်။ ထိုသို့စစ်ဆေးခြင်းဖြင့် အူမကြီးလိမ်ခြင်း၊ အူမကြီးရောင်ရမ်းခြင်း၊ အူစွပ်ခြင်း၊ အူမကြီးကျဉ်းခြင်း၊ အနာဖြစ်ခြင်း သို့မဟုတ် အသားပိုနှင့် အလုံးအကျိတ်များ ရှိမရှိကို ရှာဖွေတွေ့ရှိနိုင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
ဘေရီယမ်ဆေးဓာတ်မှန် ရိုက်ကူးစစ်ဆေးမှု မပြုလုပ်မီ အောက်ပါအချက်များကို ကြိုတင်သိရှိ နားလည်ထားရန် လိုအပ်သည်။
- ဆီးချိုရောဂါရှိသူများအတွက် ဆေးချိန်ညှိခြင်း
- အင်ဆူလင် (Insulin) ထိုးရန်လိုအပ်သော ဆီးချိုရောဂါရှိပါက အစာဖြတ်ရမည့်အချိန်နှင့် ဓာတ်မှန်ရိုက်မည့်အချိန်ကို စနစ်တကျ ချိန်ညှိရန် လိုအပ်သည်
- သို့မှသာ သွေးတွင်းသကြားဓာတ် လွန်ကဲခြင်း သို့မဟုတ် အလွန်အမင်းကျဆင်းခြင်းတို့ကို ကာကွယ်နိုင်မည်ဖြစ်သဖြင့် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ထားရမည်
- ဓာတ်ရောင်ခြည်ဆိုင်ရာ အချက်အလက်များ
- ဓာတ်မှန်ရိုက်ခြင်းသည် ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါအစိတ်အပိုင်း၏ ပုံရိပ်များကို ဖမ်းယူရန်အတွက် ဓာတ်ရောင်ခြည် (Radiation) ပမာဏ အနည်းငယ်ကို အသုံးပြုရသည်
- ဓာတ်မှန်ရိုက်ရာတွင် အသုံးပြုသော ဓာတ်ရောင်ခြည်ပမာဏသည် အလွန်နည်းပါးသောကြောင့် ပုံမှန်လူတစ်ဦးအတွက် အန္တရာယ်ဖြစ်စေနိုင်သော ပမာဏမဟုတ်ပေ
- အကျိုးကျေးဇူးနှင့်အန္တရာယ် နှိုင်းယှဉ်ချက်
- ရောဂါကို အချိန်မီ ရှာဖွေဖော်ထုတ်ခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများသည် ဓာတ်ရောင်ခြည်ကြောင့် ရရှိနိုင်သောအန္တရာယ်ထက် ပိုမိုများပြားသောကြောင့် ဘေရီယမ် ဆေးဓာတ်မှန်များကို ဆေးပညာလောကတွင် ယုံကြည်စိတ်ချစွာ အသုံးပြုနေခြင်းဖြစ်သည်
- အမျိုးသမီးများအတွက် အထူးသတိပေးချက်
- အမျိုးသမီးများအနေဖြင့် ဓာတ်မှန်မရိုက်မီ မိမိတွင် ကိုယ်ဝန်ရှိမရှိ သို့မဟုတ် ရှိနိုင်ခြေ ရှိမရှိကို ဆရာဝန်အား ကြိုတင်၍ အတိအလင်း အသိပေးရန် လိုအပ်သည်
- ကိုယ်ဝန်ဆောင်မိခင်များတွင် ဓာတ်မှန်ရောင်ခြည် (X-rays) သည် ဝမ်းဗိုက်အတွင်းရှိ သန္ဓေသား၏ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သော အန္တရာယ် အနည်းငယ် ရှိနိုင်သောကြောင့်ဖြစ်သည်
- ဘေရီယမ်ဆေးဓာတ်မှန်ရိုက်ရန် လုံးဝရှောင်ကြဉ်ရမည့် အခြေအနေများ
- အကယ်၍ အစာရေမျိုပြွန် ပြဲနေခြင်း၊ အူပိတ်ခြင်း သို့မဟုတ် အူပေါက်ခြင်း စသည့်အခြေအနေများကို သံသယရှိပါက ဘေရီယမ်ဆေးဓာတ်မှန်ရိုက်ခြင်းကို လုံးဝရှောင်ကြဉ်ရမည်
- အဘယ်ကြောင့်ဆိုသော် ဘေရီယမ်အရည်များသည် အူလမ်းကြောင်းပြင်ပသို့ ယိုစိမ့်ထွက်ပါက ဝမ်းခေါင်းအမြှေးပါးအလွှာ ရောင်ခြင်း (Peritonitis) ကို ဖြစ်ပွါးစေနိုင်သောကြောင့်ဖြစ်သည်
- ထိုသို့သော အခြေအနေများတွင် ရေတွင်ပျော်ဝင်နိုင်သော အခြားဆေးရည်တစ်မျိုး (Water-soluble contrast) ကို အစားထိုး အသုံးပြုနိုင်သည်
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
ဘေရီယမ်စစ်ဆေးမှုများကို ပြင်ပလူနာအဖြစ် ပြုလုပ်နိုင်ပြီး စစ်ဆေးမည့်အစိတ်အပိုင်းပေါ် မူတည်၍ အဆင့်ဆင့် ပြင်ဆင်ရသည်။
- စစ်ဆေးမှုမပြုလုပ်မီ အထွေထွေပြင်ဆင်ရန်
- အစာနှင့်ရေ ဖြတ်ခြင်း – ပြုလုပ်မည့် စစ်ဆေးမှုပေါ်မူတည်၍ (၄)နာရီ မှ (၈)နာရီအလိုတွင် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အစာဖြတ်ရမည်ဖြစ်သည်
- အူလမ်းကြောင်း သန့်စင်ခြင်း – အူမကြီးစစ်ဆေးမည့်သူများ (Barium Enema) အတွက် စစ်ဆေးမှုမတိုင်မီ (၁) ရက် သို့မဟုတ် (၂) ရက်ကြို၍ အရည်ကိုသာ သောက်ရန်နှင့် ဝမ်းနုတ်ဆေး၊ ဝမ်းချူဆေးများဖြင့် အူလမ်းကြောင်း သန့်ရှင်းအောင် ပြုလုပ်ရန် လိုအပ်သည်
- ဝတ်ဆင်မှု – သတ္တုပစ္စည်းများ၊ လက်ဝတ်ရတနာများ၊ မျက်မှန်နှင့် အံကပ်များကို ချွတ်ထားရမည်ဖြစ်ပြီး ဆေးရုံသုံးဝတ်စုံ လဲလှယ်ဝတ်ဆင်ရမည်
- အဖော်ခေါ်လာခြင်း – စိတ်ပိုင်းဆိုင်ရာ အားပေးမှုအတွက် မိသားစုဝင် သို့မဟုတ် သူငယ်ချင်းတစ်ဦး အတူလိုက်ပါနိုင်သည်
- အစာခြေလမ်းကြောင်း အပေါ်ပိုင်းစစ်ဆေးခြင်း (Barium Swallow, Meal, Follow Through)
ဤစစ်ဆေးမှုများတွင် ဘေရီယမ်အရည်ကို သောက်၍ စစ်ဆေးရသည်။- စစ်ဆေးပုံ – ဘေရီယမ်အရည် (တစ်ခါတစ်ရံ သစ်သီးအရသာ ရှိတတ်သည်) ကို သောက်ရမည်၊ အစာအိမ်ပုံရိပ် ကောင်းစွာရရှိရန်အတွက် ဂတ်စ်ထုတ်ပေးသော အခဲမှုန့်များကိုပါ သောက်ရတတ်သည်
- နည်းပညာ – ဗီဒီယိုဓာတ်မှန် နည်းပညာ (Fluoroscopy) ကိုသုံး၍ ဆေးရည်များ စီးဆင်းပုံကို အချိန်နှင့်တစ်ပြေးညီ ရိုက်ကူးသည်၊ ရှုထောင့်မျိုးစုံရရှိရန် ပက်လက်၊ ဘေးစောင်း၊ မှောက်လျက်နှင့် မတ်တတ်ရပ် အနေအထားမျိုးစုံ ပြောင်းလဲ၍ ရိုက်မည်ဖြစ်ပြီး တစ်ခါတစ်ရံတွင် အသက်ကို ခေတ္တအောင့်ထား၍လည်း ရိုက်ရနိုင်သည်
- ဆေးထိုးခြင်း – လိုအပ်ပါက စစ်ဆေးစဥ်အတွင်း ကြွက်သားများပြေလျော့စေရန် ကြွက်သားဖြေလျော့ဆေး ထိုးနိုင်သော်လည်း မျက်စိရေတိမ်ရောဂါ သို့မဟုတ် နှလုံးရောဂါရှိပါက ဆရာဝန်ကို ကြိုတင်အသိပေးရန် လိုအပ်သည်
- ကြာချိန်– အစာရေမျိုပြွန်အတွက် စစ်ဆေးမှုသည် မိနစ် (၂၀) ခန့်၊ အစာအိမ်အတွက်စစ်ဆေးမှုသည် မိနစ် (၃၀) ခန့် ကြာမြင့်နိုင်ပြီး အူသိမ်တစ်လျှောက်လုံး စစ်ဆေးပါက ပို၍ကြာနိုင်သည်
- အစာခြေလမ်းကြောင်း အောက်ပိုင်းစစ်ဆေးခြင်း (Barium Enema)
ဤစစ်ဆေးမှုတွင် ဆေးရည်ကို စအိုမှတစ်ဆင့် ထည့်သွင်းစစ်ဆေးရသည်။- စစ်ဆေးပုံ
- ဓာတ်မှန်ရိုက်သည့်ကုတင်ပေါ်တွင် ဘယ်ဘက်သို့ စောင်း၍ အိပ်ရမည်
- ချောဆီသုတ်ထားသော ပြွန်ငယ်ကို စအိုမှတစ်ဆင့် အစာဟောင်းအိမ်အတွင်း ထည့်သွင်းပြီး ဘေရီယမ်အရည်နှင့် လေ (ကာဗွန်ဒိုင်အောက်ဆိုဒ်) ကို ဖြည်းညင်းစွာသွင်းသည်
- အူနံရံများ ပွလာစေပြီး ဓာတ်မှန်ပုံရိပ်များကို ရှင်းလင်းစွာ မြင်နိုင်ရန် လေသွင်းခြင်းဖြစ်သည်၊ ထို့နောက် ပုံရိပ်ကောင်းများရရှိရန် အနေအထားမျိုးစုံ ပြောင်းလဲ၍ ရိုက်ကူးရမည်
- ကြာချိန် – စစ်ဆေးမှုသည် (၁) နာရီခန့် ကြာမြင့်နိုင်သည်
- စစ်ဆေးပုံ
- စစ်ဆေးမှု ပြီးဆုံးပြီးနောက် လိုက်နာရန်
- စစ်ဆေးမှုအပြီး နေထိုင်ခြင်း – အထူးညွှန်ကြားချက်မရှိပါက ပုံမှန်အတိုင်း ပြန်လည်စားသောက်၊ သွားလာနိုင်သည်
- အရည်ဓာတ်ဖြည့်တင်းခြင်း – ဘေရီယမ်ဆေးများ ဝမ်းမှတစ်ဆင့် လျင်မြန်စွာ ပြန်လည်စွန့်ထုတ်နိုင်ရန် ရေနှင့် အရည်များများ သောက်ပေးရမည်
- ဝမ်းအရောင် – ဆေးများကြောင့် ဝမ်းအရောင် အဖြူရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ ဖြစ်နေနိုင်သည်၊ ထိုသို့ ဖြစ်ခြင်းမှာ သဘာဝဖြစ်သဖြင့် စိုးရိမ်ရန်မလိုပါ
သိရှိနိုင်သောအဖြေများ
ပုံမှန်အားဖြင့် စစ်ဆေးမှုရလဒ်ကို ရက်အနည်းငယ်ခန့် အကြာတွင် သိရှိနိုင်သည်။ ရရှိသောဓာတ်မှန်ပုံရိပ်များကို သက်ဆိုင်ရာဆရာဝန်ထံ ပို့ထားပေးပြီး ဆရာဝန်မှ ပြန်လည်စစ်ဆေးကြည့်ရှု၍ အဖြေရလဒ်များကို ရှင်းလင်းပြောကြားမည်ဖြစ်သည်။ ထို့နောက် အဖြေရလဒ်များပေါ်မူတည်၍ ဆက်လက်ပြုလုပ်ရန် လိုအပ်သော စစ်ဆေးမှုများနှင့် သက်ဆိုင်သော ဆေးဝါးကုသမှုများကို ဆက်လက်စီစဥ်အကြံပေးမည်ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
ဘေရီယမ်စစ်ဆေးမှုများအပြီးတွင် နောက်ဆက်တွဲပြဿနာဖြစ်ပေါ်မှု အလွန်ရှားပါးသော်လည်း အောက်ပါအခြေအနေများကို သတိပြုရန် လိုအပ်သည်။
- ယေဘုယျတွေ့ရနိုင်သော နောက်ဆက်တွဲပြဿနာများ
- ဓာတ်မတည့်ခြင်း (Allergic Reaction)
ဘေရီယမ်နှင့် ဓာတ်မတည့်မှုဖြစ်ခြင်းမှာ အလွန်ရှားပါးသော်လည်း စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း အောက်ပါလက္ခဏာများ ခံစားရပါက ဓာတ်မှန်ကျွမ်းကျင်ပညာရှင်ကို ချက်ချင်းအသိပေးရမည်။- အသက်ရှူရခက်ခဲခြင်း
- အရေပြားတွင် အနီစက်များ သို့မဟုတ် အင်ပျဥ်များ ထွက်လာခြင်း
- ချွေးထွက်လွန်ခြင်းနှင့် အားအင်ကုန်ခမ်းသကဲ့သို့ ခံစားရခြင်း
- အူလမ်းကြောင်းပြေလျော့စေသော ဆေး၏ ဘေးထွက်ဆိုးကျိုးများ
စစ်ဆေးမှု ပိုမိုတိကျစေရန် အစာအိမ်နှင့် အူလမ်းကြောင်းရှိ ကြွက်သားများကို ပြေလျော့စေသောဆေး (ဥပမာ – Buscopan) ထိုးပေးတတ်သည်။ ထိုဆေးကြောင့် အောက်ပါဖော်ပြပါ လက္ခဏာများ ဖြစ်နိုင်သည်။- ခေတ္တခဏ အမြင်အာရုံဝေဝါးခြင်း (ဤသို့ဖြစ်ပါက အမြင်အာရုံပြပုံမှန် အနေအထားသို့ ပြန်၍ မရောက်မချင်း မော်တော်ယာဉ်မမောင်းသင့်ပါ)
- နှလုံးခုန်မြန်ခြင်း၊ ခံတွင်းခြောက်ခြင်းနှင့် ဆီးသွားရခက်ခဲခြင်း
- သတိပြုရန် – မိမိတွင် ရေတိမ်ရောဂါ (Glaucoma) သို့မဟုတ် နှလုံးရောဂါအခံရှိပါက စစ်ဆေးမှုမပြုမီ ဆရာဝန်ကို ကြိုတင်အသိပေးရမည်
- ဝမ်းချုပ်ခြင်း (Constipation)
အသုံးပြုခဲ့သော ဘေရီယမ်များသည် ခန္ဓာကိုယ်ထဲမှ အကုန်အစင် ပြန်မထွက်ပါက ဝမ်းမာ၍ ပိတ်ဆို့ခြင်း ဖြစ်စေနိုင်သည်။- စစ်ဆေးမှုအပြီးတွင် ရေ သို့မဟုတ် အရည်များများသောက်ပေးခြင်းနှင့် အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ စားပေးခြင်းဖြင့် ဘေရီယမ်များ ပြန်ထွက်စေရန် ကူညီနိုင်သည်
- ဘေရီယမ်များကြောင့် ဝမ်းအရောင်သည် အဖြူရောင် သို့မဟုတ် ပုံမှန်ထက် အရောင်ဖျော့နေနိုင်သည်မှာ သဘာဝဖြစ်သဖြင့် စိုးရိမ်ရန်မလိုပါ
- ဓာတ်မတည့်ခြင်း (Allergic Reaction)
- စစ်ဆေးမှုအမျိုးအစားအလိုက် သီးခြားဖြစ်နိုင်သော ဆိုးကျိုးများ
- ဘေရီယမ်သောက်၍ စစ်ဆေးခြင်း (Barium Swallow)
- ဘေရီယမ်အရည်ကို သောက်နေစဉ် လမ်းကြောင်းမှားပြီး လေပြွန် (Airway) အတွင်းသို့ ရောက်ရှိသွားနိုင်သည့် အန္တရာယ် အနည်းငယ်ရှိသည်
- ထိုသို့ဖြစ်ပါက ချောင်းဆိုး၍ ပြန်ထုတ်နိုင်သော်လည်း လိုအပ်ပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေးကုထုံး (Physiotherapy) ပြုလုပ်ရန် လိုအပ်နိုင်သည်
- စအိုမှ ဘေရီယမ်သွင်း၍ စစ်ဆေးခြင်း (Barium Enema)
အူမကြီးလမ်းကြောင်း ပြင်းထန်စွာရောင်ရမ်းနေသူများတွင် စစ်ဆေးမှုပြုလုပ်စဉ် အူလမ်းကြောင်းနံရံ ပေါက်ထွက်ခြင်း သို့မဟုတ် ပြဲထွက်ခြင်း (Perforation) အန္တရာယ် ရှိနိုင်သော်လည်း အလွန်နည်းပါးသည်။
- ဘေရီယမ်သောက်၍ စစ်ဆေးခြင်း (Barium Swallow)
References
- Patient.info. (2023). Barium tests (swallow, meal, follow through). Retrieved April 3, 2026, from https://patient.info/digestive-health/acid-reflux-and-oesophagitis/barium-tests-swallow-meal-follow-through
- MUSC Health. (n.d.). Barium swallow & barium meal. Retrieved April 3, 2026, from https://muschealth.org/medical-services/digestive/tests/barium-studies/barium-swallow-barium-meal
- MUSC Health. (n.d.). Barium enema. Retrieved April 3, 2026, from https://muschealth.org/medical-services/digestive/tests/barium-studies/barium-enema
- Cancer Research UK. (2024). Barium X-ray. Retrieved April 3, 2026, from https://www.cancerresearchuk.org/about-cancer/tests-and-scans/barium-x-ray
- FV Hospital. (n.d.). Barium study. Retrieved April 3, 2026, from https://www.fvhospital.com/learn-more/barium-study/#what-is-a-barium-study
- Johns Hopkins Medicine. (n.d.). Barium swallow. Retrieved April 3, 2026, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/barium-swallow
- North Bristol NHS Trust. (n.d.). Barium swallow. Retrieved April 3, 2026, from https://www.nbt.nhs.uk/our-services/a-z-services/imaging-x-ray/imaging-patient-information-a-z/barium-swallow
Published: 22 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.