Fetal Scalp Blood Sampling Test (သန္ဓေသား၏ ဦးရေပြားမှ သွေးနမူနာယူ၍ စစ်ဆေးခြင်း)

Fetal Scalp Blood Sampling Test (သန္ဓေသား၏ ဦးရေပြားမှ သွေးနမူနာယူ၍ စစ်ဆေးခြင်း)

သန္ဓေသား၏ ဦးရေပြားမှ သွေးနမူနာယူ၍ စစ်ဆေးခြင်း (Fetal Scalp Blood Sampling – FSBS) ဆိုသည်မှာ မိခင်မီးဖွားမှုဖြစ်စဉ်အတွင်း သန္ဓေသား၏ ဦးရေပြားမှ သွေးနမူနာ အနည်းငယ်ယူ၍ သန္ဓေသား၏သွေးတွင်း အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ လတ်တိတ်ဓာတ် (Lactate) နှင့် အက်ဆစ်ဓာတ် (pH level) ကို တိုင်းတာသည့် စစ်ဆေးမှုဖြစ်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အောက်ပါအခြေအနေများတွင် သန္ဓေသား၏ ဦးရေပြားမှ သွေးယူစစ်ဆေးခြင်းကို ပြုလုပ်ရန် ဆရာဝန်မှ အကြံပြုမည်ဖြစ်သည်။

  1. ပုံမှန်မဟုတ်သော သန္ဓေသားနှလုံးခုန်နှုန်း – Abnormal Fetal Heart Trace
    မိခင်မီးဖွားစဉ်အတွင်း သန္ဓေသားနှလုံးခုန်နှုန်း တိုင်းတာသည့်စက် – Cardiotocography (CTG) တွင် သန္ဓေသား၏ နှလုံးခုန်နှုန်းပုံစံသည် ပုံမှန်မဟုတ်ဘဲ စိုးရိမ်ရသည့် အနေအထား (ဥပမာ _ နှလုံးခုန်နှုန်း အလွန်နှေးသွားခြင်း သို့မဟုတ် ပြန်လည်မကောင်းမွန်လာခြင်း) ရှိနေခြင်းဖြစ်သည်။
  2. သန္ဓေသား အက်ဆစ်ဓာတ်များခြင်း – Fetal Acidosis
    သန္ဓေသား၏ သွေးထဲတွင် အောက်ဆီဂျင်ရရှိမှု နည်းပါးပြီး အက်ဆစ်ဓာတ်များနေသည်ဟု ဆေးပညာအရ သံသယရှိခြင်းဖြစ်သည်၊ ဤအခြေအနေသည် ကလေးငယ်အတွက် အသက်အန္တရာယ်ရှိနိုင်သဖြင့် သွေးတွင်း လတ်တိတ်ဓာတ် – Lactate သို့မဟုတ် pH ကို အတိအကျသိရှိရန်နှင့် ရှေ့ဆက်၍ မွေးဖွားမည့်နည်းလမ်းကို ဆုံးဖြတ်နိုင်ရန် အရေးတကြီး လိုအပ်သည်။
မပြုလုပ်သင့်သောအခြေအနေများ

အောက်ပါအခြေအနေများ ရှိနေပါက သန္ဓေသားနှင့် မိခင်အတွက် အန္တရာယ်ရှိနိုင်သဖြင့် သန္ဓေသား ဦးရေပြားမှ သွေးယူစစ်ဆေးခြင်းကို မပြုလုပ်သင့်ပါ။

  1. မိခင်တွင် ကူးစက်တတ်သော ရောဂါပိုးရှိနေခြင်း – Maternal Infections
    မိခင်တွင် သွေးမှတစ်ဆင့် ကူးစက်တတ်သော အောက်ပါဗိုင်းရပ်စ်ပိုးများ ရှိနေလျှင် ဦးရေပြားသွေးစစ်ဆေးခြင်းမှတစ်ဆင့် ထိုပိုးများ သန္ဓေသားထံသို့ တိုက်ရိုက်ကူးစက်သွားနိုင်ခြေ အလွန်မြင့်မားသောကြောင့် ဤစစ်ဆေးမှုကို ပြုလုပ်ရန် မသင့်တော်ပါ။
    • အသည်းရောင်အသားဝါ ဘီ သို့မဟုတ် စီ ပိုး (Hepatitis B, C)
    • အိတ်ချ်အိုင်ဗီ သို့မဟုတ် အေအိုင်ဒီအက်စ် ရောဂါပိုး (HIV/AIDS)
    • ရေယုန်ပိုး (Genital Herpes)
    • Group B Streptococcus ပိုး (GBS)
  2. သန္ဓေသား၏ အခြေအနေ – Fetal Factors
    • လမစေ့ဘဲမွေးဖွားခြင်း – Preterm Labor
      ကိုယ်ဝန်ပတ် (၃၄) ပတ် မပြည့်သေးသော သန္ဓေသားများတွင် ဦးရေပြားမှ သွေးယူခြင်းကို ပုံမှန်အားဖြင့် မပြုလုပ်ပေ၊ အကြောင်းမှာ လမစေ့သော သန္ဓေသားများ၏ သွေးရလဒ်သည် ပုံမှန်သန္ဓေသားများနှင့် ကွဲပြားနိုင်ပြီး သွေးထွက်လွန်ခြင်းကဲ့သို့သော နောက်ဆက်တွဲဆိုးကျိုးများ ပိုများနိုင်သောကြောင့်ဖြစ်သည်။
    • သန္ဓေသားတွင် သွေးမတိတ်သောရောဂါရှိခြင်း – Fetal Bleeding Disorders
      သန္ဓေသားတွင် သွေးမတိတ်ရောဂါ – Haemophilia သို့မဟုတ် သွေးဥမွှားနည်းပါးသည့်ရောဂါ ရှိနေသည်ဟု သံသယရှိလျှင် ဦးရေပြားမှ သွေးယူခြင်းကြောင့် သွေးအလွန်အကျွံထွက်ခြင်းကို ဖြစ်စေနိုင်သောကြောင့် ဤစစ်ဆေးမှုကို လုံးဝရှောင်ကြဉ်ရမည်။
  3. မွေးဖွားခြင်းဆိုင်ရာ အခြေအနေများ – Obstetric Factors
    • သားအိမ်ခေါင်းပွင့်နှုန်း မလုံလောက်ခြင်း
      သားအိမ်ခေါင်းသည် အနည်းဆုံး (၃) စင်တီမီတာ မပွင့်သေးပါက သွေးယူမည့် အမ်နီယွန်မှန်ပြောင်း (Amnioscope) ကိရိယာ ထည့်သွင်းရန် မဖြစ်နိုင်ပေ။
    • ကလေးအနေအထား မမှန်ခြင်း – Malpresentation
      ကလေး၏ ဦးခေါင်းမဟုတ်ဘဲ တင်ပါးဆုံ – Breech သို့မဟုတ် မျက်နှာဖြင့် ဦးတိုက်နေပါက ဦးရေပြားမှ သွေးယူရန် မဖြစ်နိုင်သဖြင့် ဤစစ်ဆေးမှုကို မပြုလုပ်သင့်ပေ။

အထူးသတိပြုရန်မှာ အကယ်၍ သန္ဓေသားသည် အလွန်ဆိုးရွားနေသည့်အခြေအနေ (Acute fetal compromise) တွင် ရောက်ရှိနေပြီး ချက်ချင်း မွေးဖွားရန် လိုအပ်နေပါက ဆရာဝန်သည် ဦးရေပြားမှ သွေးယူရန် အချိန်မဆွဲတော့ဘဲ အရေးပေါ် ခွဲစိတ်မွေးဖွားခြင်း – Emergency C-section သို့မဟုတ် လေစုပ်စက်၊ ညှပ်ကိရိယာ အကူအညီဖြင့် ကလေးမွေးဖွားခြင်း – Assisted vaginal delivery ကိုသာ အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်သည်။

ကြိုတင်သိရှိထားရမည့်အချက်များ
  • စစ်ဆေးနိုင်သည့် အခြေအနေ – ရေမြွှာရည်ပေါက်ပြီး သားအိမ်ခေါင်း အနည်းဆုံး (၃) စင်တီမီတာ ပွင့်နေမှသာ ဤစစ်ဆေးမှုကို ပြုလုပ်နိုင်သည်
  • စမ်းသပ်စစ်ဆေးမှုပြုလုပ်ရန် သဘောတူခြင်း – သားဖွားမီးယပ်အထူးကုဆရာဝန်မှ စမ်းသပ်စစ်ဆေးမှုမှ ရရှိနိုင်သော အကျိုးကျေးဇူးနှင့် ဖြစ်ပေါ် နိုင်သော ဘေးထွက်ဆိုးကျိုးများကို သေချာစွာရှင်းပြပြီး လူနာနှင့်လူနာရှင်များမှ နားလည်သိရှိကြောင်း၊ ပြုလုပ်ရန်သဘောတူကြောင်း (Consent form) ကို ပထမဦးစွာ လက်မှတ်ရေးထိုးရန် လိုအပ်သည်
  • အစားအသောက်ရှောင်ခြင်း – စစ်ဆေးမှုပြုလုပ်နေစဉ် အရေးပေါ် ခွဲစိတ်မွေးဖွားရန် (Emergency C-section) လိုအပ်လာနိုင်သည့် အခြေအနေအတွက် စစ်ဆေးမှုမတိုင်မီ နာရီအနည်းငယ်အလိုတွင် အစာနှင့်အရည်ဖြတ်ရန် လိုအပ်နိုင်သောကြောင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာရန် လိုအပ်သည်
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
  • လူနာအား ဘယ်ဘက်စောင်း (Left Lateral Position) အနေအထားဖြင့် ထားရှိခြင်းသည် အကောင်းဆုံးဖြစ်ပြီး၊ သို့မဟုတ်လျှင် ပက်လက်အနေအထား (Lithotomy Position) တွင် ခါးကို ဘယ်ဘက်သို့ အနည်းငယ် စောင်းပေးထားရမည်
  • သားအိမ်ခေါင်း အနည်းဆုံး (၃) စင်တီမီတာ ပွင့်နေချိန်တွင် အောက်ဘက်နှင့် နောက်ဘက်သို့ ဦးတည်၍ အမ်နီယွန်မှန်ပြောင်း (Amnioscope) ကိရိယာကို သားအိမ်ခေါင်းမှတစ်ဆင့် သန္ဓေသား၏ ဦးရေပြားနှင့် ထောင့်မှန်ကျသည့်တိုင်အောင် ထည့်သွင်းရမည်
  • ဦးရေပြားပေါ်တွင် သေးငယ်သော ခြစ်ရာလေးတစ်ခုပြုလုပ်၍ သွေးနမူနာကို ရယူမည်
  • သွေးယူပြီးနောက် သန္ဓေသား၏ ဦးရေပြားမှ သွေးတိတ်သွားခြင်း ရှိမရှိ သေချာစွာ စစ်ဆေးရမည်
  • သွေးနမူနာယူရန် ကြိုးစားမှုကို (၂) ကြိမ်ထက်ပို၍ မပြုလုပ်သင့်ပါ၊ အခက်အခဲရှိပါက သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးနှင့် ချက်ချင်းတိုင်ပင်ရမည်
သိရှိနိုင်သောအဖြေများ
  • စစ်ဆေးမှုအဖြေရရှိရန် ယေဘုယျအားဖြင့် မိနစ်ပိုင်းသာ ကြာသည်
  • စစ်ဆေးမှုရလဒ်များကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်သည်
    ဤရလဒ်များကို ကြည့်ရှုရာတွင် ယခင်စစ်ဆေးခဲ့သော သန္ဓေသား၏သွေးတွင်း အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အက်ဆစ်ဓာတ် အဖြေ၊ မွေးဖွားခြင်း တိုးတက်မှုနှုန်းနှင့် မိခင်/သန္ဓေသား၏ လက်ရှိကျန်းမာရေး အခြေအနေများကိုပါ ထည့်သွင်းစဉ်းစားရမည်။
သွေးတွင်းလက်တိတ် အက်ဆစ်ဓာတ် ပါဝင်မှု Lactate(mmol/l)အက်ဆစ်ဓာတ် (pH)အဓိပ္ပါယ်ကောက်ယူခြင်း (Interpretation)
≤ ၄.၁≥ ၇.၂၅ပုံမှန် (Normal)
၄.၂ – ၄.၈၇.၂၁ – ၇.၂၄သတိထား စောင့်ကြည့်ရမည့်အဆင့် (Borderline)
≥ ၄.၉≤ ၇.၂၀ပုံမှန်မဟုတ်/စိုးရိမ်ရ (Abnormal)

ဇယားတွင်ဖေါ်ပြထားသော အဖြေများအပေါ် မူတည်၍ အောက်ပါအတိုင်း ဆက်လက်လုပ်ဆောင်လေ့ရှိသည်။

  • ပုံမှန်ရလဒ် (Normal Result)
    အကယ်၍ ရလဒ်မှာ ပုံမှန်ဖြစ်သော်လည်း သန္ဓေသား၏ ဦးရေပြားကို လှုံ့ဆော်မှု (Fetal scalp stimulation) ပေးချိန်တွင် နှလုံးခုန်နှုန်း တုံ့ပြန်မှု (Accelerations) မရှိပါက သို့မဟုတ် သန္ဓေသားနှလုံးခုန်နှုန်း တိုင်းတာသည့်စက် (CTG) တွင် ဆက်လက်၍ ပုံမှန်မဟုတ်သော လက္ခဏာများ ပြသနေပါက (၁) နာရီထက် နောက်မကျစေဘဲ ဒုတိယအကြိမ် သွေးနမူနာယူ၍ ပြန်လည်စစ်ဆေးရန် စဉ်းစားရမည်
  • သတိထား စောင့်ကြည့်ရမည့်အဆင့် ရလဒ် (Borderline Result)
    ဤအဆင့်တွင် ခေတ္တစောင့်ဆိုင်းပြီးနောက် (ပုံမှန်အားဖြင့် မိနစ် ၂၀ မှ ၃၀ ခန့်အကြာတွင်) နောက်ထပ် သွေးနမူနာတစ်ခု ထပ်မံရယူစစ်ဆေးရန် လိုအပ်သည်။
  • ပုံမှန်မဟုတ်သည့်ရလဒ် (Abnormal Result)
    သန္ဓေသား၏ သွေးထဲတွင် အက်ဆစ်ဓာတ် များနေခြင်း (Acidosis) ကို ဆိုလိုသဖြင့် ကလေး၏ အသက်အန္တရာယ်အတွက် အရေးပေါ် ခွဲစိတ်မွေးဖွားခြင်း (Emergency C-section) သို့မဟုတ် လေစုပ်စက်၊ ညှပ်ကိရိယာအကူအညီဖြင့် ကလေးမွေးဖွားခြင်း (Assisted vaginal delivery) ကို ချက်ချင်းလုပ်ဆောင်ရမည်။
နောက်ဆက်တွဲပြဿနာများ

သန္ဓေသား၏ ဦးရေပြားမှ သွေးနမူနာယူ၍ စစ်ဆေးခြင်းသည် ယေဘုယျအားဖြင့် ဘေးကင်းသော်လည်း အောက်ပါ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်။

  • သွေးဆုံးရှုံးခြင်း – သန္ဓေသား သို့မဟုတ် မိခင်တွင် သွေးထွက်ခြင်း
  • စစ်ဆေးနေစဉ်အတွင်း သန္ဓေသား၏ နှလုံးခုန်နှုန်း ခေတ္တနှေးသွားခြင်း
  • ပိုးဝင်ခြင်း – သန္ဓေသား၏ ဦးရေပြား သို့မဟုတ် မိခင်၏ သားအိမ်အတွင်း ကူးစက်ပိုးဝင်ခြင်းများ ဖြစ်ပွါးနိုင်သည်

အချို့သော အခြေအနေများတွင် သန္ဓေသား၏ ဦးရေပြားမှ သွေးနမူနာယူ၍ စစ်ဆေးပြီးနောက် ကလေး၏ အသက်အန္တရာယ်ကို ကယ်တင်ရန် အရေးပေါ် ခွဲစိတ်မွေးဖွားခြင်းကို လုပ်ဆောင်ရနိုင်သော်လည်း ၎င်းသည် စစ်ဆေးမှုကြောင့်ဖြစ်သော ဆိုးကျိုးမဟုတ်ဘဲ ရလဒ်အရ လိုအပ်၍ လုပ်ဆောင်ရခြင်းဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သော “မပြုလုပ်သင့်သော အခြေအနေများ” ကို စနစ်တကျရှောင်ကြဉ်ခြင်း၊ ရောဂါပိုးမွှား ကင်းစင်စေရန် သန့်ရှင်းမှုလုပ်ငန်းစဉ်များကို အထူးဂရုပြုခြင်းနှင့် ကျွမ်းကျင်သော သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများကိုယ်တိုင် စနစ်တကျလုပ်ဆောင်ခြင်းစသည့် ကြိုတင်ကာကွယ်မှု အစီအမံများကို တိကျစွာ လိုက်နာဆောင်ရွက်ပါက ဤနောက်ဆက်တွဲဆိုးကျိုးများကို အကောင်းဆုံး ရှောင်လွှဲနိုင်မည်ဖြစ်သည်။

References:

  1. East Kent Hospitals University NHS Foundation Trust. (2022). Fetal blood sampling guideline. Retrieved March 24, 2026, from https://www.mkuh.nhs.uk/wp-content/uploads/2022/10/Fetal-Blood-Sampling-Guideline.pdf
  2. NHS England (Greater Manchester & Eastern Cheshire Strategic Clinical Network). (2023). Fetal monitoring in labour (including fetal blood sampling). Retrieved March 24, 2026, from https://www.england.nhs.uk/north-west/wp-content/uploads/sites/48/2023/07/GMEC-Fetal-Monitoring-in-Labour-guideline-V3-June-2023-FINAL.pdf

Published: 21 April 2026

Share

21 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.