အကြားအာရုံသည် လူသားတို့၏ အာရုံခံနိုင်သည့် စွမ်းရည် (၅) မျိုးတွင် အပါအဝင်ဖြစ်ပြီး အရေးကြီးသော အာရုံခံစားမှုတစ်ခုဖြစ်သည်။ ထိုအကြားအာရုံ ချို့ယွင်းခြင်းသည် လူတစ်ဦး၏ ဆက်သွယ်ပြောဆိုနိုင်စွမ်း၊ ဘာသာစကားနှင့် လူမှုဆက်ဆံရေးဆိုင်ရာ စွမ်းရည်များကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် အကြားအာရုံချို့ယွင်းသည့် အခြေအနေကို စောစီးစွာ စစ်ဆေးသိရှိပါမှ သက်ဆိုင်ရာကုသမှုများကို အချိန်မီရရှိနိုင်မည်ဖြစ်သည်။ သို့မှသာ နေ့စဥ်ဘဝနေထိုင်မှုနှင့် ဘဝအရည်အသွေးတိုးတက်မှုများကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
အကြားအာရုံစစ်ဆေးရန် လိုအပ်သောအခြေအနေများ
ယေဘုယျအားဖြင့် ကလေးငယ်များအားလုံးသည် မွေးကင်းစအချိန်တွင်ပင် အကြားအာရုံ အခြေခံစစ်ဆေးမှု (Newborn Hearing Screening) ခံယူသင့်သည်။ သို့မှသာ အကြားအာရုံချို့ယွင်းမှုရှိကြောင်း စောစီးစွာ သိရှိနိုင်မည်ဖြစ်သည်။
အကြားအာရုံထိခိုက်ခြင်းသည် အများအားဖြင့် တဖြည်းဖြည်း ဖြစ်ပေါ်လာတတ်သောကြောင့် ကလေးကြီးများနှင့် လူကြီးများတွင် မိမိကိုယ်မိမိ အကြားအာရုံချို့ယွင်းနေကြောင်း ချက်ချင်းသိရန် ခက်ခဲနိုင်သည်။ လူတစ်ဦးသည် မိမိ၌ အကြားအာရုံ ချို့ယွင်းနေသည် သို့မဟုတ် ထိခိုက်နေသည်ဟု သံသယရှိပါက အကြားအာရုံစစ်ဆေးမှုများ ခံယူသင့်သည်။ အထူးသဖြင့် ရုတ်တရက် အကြားအာရုံပျောက်ဆုံးခြင်း (Sudden hearing loss) ဖြစ်ပေါ်ခံစားရပါက အရေးကြီးသော အခြေအနေများ ဖြစ်နိုင်သောကြောင့် သက်ဆိုင်ရာဆရာဝန်များနှင့် ချက်ချင်းတိုင်ပင်ဆွေးနွေး၍ စစ်ဆေးမှုများခံယူရန် လိုအပ်သည်။
လူကြီးများတွင် အောက်ပါလက္ခဏာများ ရှိနေပါက သတိပြု၍ အကြားအာရုံ စစ်ဆေးသင့်သည်။
- ဆူညံသောနေရာများတွင် အသံကြားရန် ခက်ခဲခြင်း
- ဖုန်းပြောရာတွင် တစ်ဖက်လူ၏ စကားသံကိုကြားရန် ခက်ခဲခြင်း
- အခြားသူတစ်ဦးနှင့် စကားပြောချိန်တွင် ထပ်ခါထပ်ခါ ပြန်ပြောခိုင်းရခြင်း
- အသံများကို ဗလုံးဗထွေးကြားရခြင်း သို့မဟုတ် သဲကွဲပြတ်သားစွာ မကြားရခြင်း
- တီဗီအသံကို သူများကြားရသည်ထက် ပိုကျယ်လောင်စွာ ဖွင့်ထားရခြင်း
- နားထဲတွင် အသံတစီစီ မြည်၍ နားအူခြင်း (Tinnitus)
- အကြားအာရုံအတွက် ခက်ခဲစေသော အခြေအနေများကို ရှောင်ကြဥ်ခြင်း
ကလေးငယ်များတွင်မူ အကြားအာရုံချို့ယွင်းခြင်းရှိပါက သိသာထင်ရှားသော လက္ခဏာများ မပြဘဲရှိတတ်သည်။ ထို့ကြောင့် အောက်ပါလက္ခဏာများကို တွေ့ရပါက အကြားအာရုံစစ်ဆေးရန် လိုအပ်သည်။
- နောက်ဘက်မှ သို့မဟုတ် ဘေးမှ တစ်ယောက်ယောက် စကားလာပြောလျှင် ခေါင်းလှည့်မကြည့်ခြင်း
- အသက်အရွယ်တူ အခြားကလေးများထက် စကားပြော နောက်ကျခြင်း
- စကားပြောပုံ မူမမှန်ခြင်း (စကားမပီခြင်း၊ အသံအလွန်ကျယ်ခြင်း)
- တီဗီအသံကို အလွန်ကျယ်လောင်စွာ ဖွင့်ခိုင်းခြင်း
- လူကြီးမိဘများ၏ ညွှန်ကြားချက်များကို နားမထောင်ခြင်း (အထူးသဖြင့် ဆူညံသောနေရာများတွင် ဖြစ်လေ့ရှိသည်)
- ပြောသည့်စကားကို နားလည်ရန် စကားပြောနေသူ၏ မျက်နှာကို အနီးကပ်စိုက်ကြည့်ခြင်း (lip-reading)
- ကျောင်းစာသင်ယူရာတွင် သို့မဟုတ် ကျောင်းတွင် စကားပြောဆိုဆက်သွယ်ရာတွင် အခက်အခဲရှိခြင်း
မွေးကင်းစကလေးများတွင်မူ အကြားအာရုံချို့ယွင်းသည်ဟု ယူဆနိုင်သော လက္ခဏာများ
မွေးကင်းစကလေးငယ်များတွင် ကျယ်လောင်လွန်းသော အသံတစ်ခုခုကို ကြားလျှင် ကလေးသည် မထိတ်လန့်ခြင်း သို့မဟုတ် အသက် (၆) လအရွယ်အထိ မိမိနာမည်ခေါ်လျှင် သို့မဟုတ် ရင်းနှီးသောအသံကိုကြားလျှင် တုံ့ပြန်မှုမရှိခြင်း စသည့်လက္ခဏာများ တွေ့ရပါက အကြားအာရုံစစ်ဆေးရန် လိုအပ်သည်။
စမ်းသပ်စစ်ဆေးသင့်သည့် အသက်အရွယ်နှင့် အချိန်
စမ်းသပ်စစ်ဆေးသင့်သည့် အသက်အရွယ်နှင့် အချိန်ကို အောက်ပါအတိုင်း အပိုင်းလိုက် ခွဲခြားသိရှိနိုင်သည်။
မွေးကင်းစကလေးများအတွက် အခြေခံစစ်ဆေးမှု
ကလေးငယ်များအားလုံး မွေးကင်းစအချိန်တွင်ပင် အကြားအာရုံ အခြေခံစစ်ဆေးမှု (Newborn Hearing Screening) ခံယူရန်လိုအပ်သည်။ ထိုစစ်ဆေးမှုကို ဆေးရုံမဆင်းမီ ကြိုတင်ပြုလုပ်နိုင်ပြီး အကယ်၍ ထိုအချိန်တွင်မစစ်ဆေးဖြစ်ပါက အသက် (၁) လမပြည့်မီ အနည်းဆုံး တစ်ကြိမ် မဖြစ်မနေ စစ်ဆေးရန်လိုသည်။
အခြေခံစစ်ဆေးမှုတွင် ပုံမှန်အဖြေ မရရှိသော ကလေးများကို အသက် (၃) လမပြည့်မီ အကြားအာရုံ အပြည့်အစုံစစ်ဆေးခြင်း (Complete Hearing Test သို့မဟုတ် Audiology Evaluation) ပြုလုပ်ရန်လိုသည်။
အကြားအာရုံချို့ယွင်းနိုင်ခြေ မြင့်မားသော ကလေးများ
ရောဂါအခြေအနေတစ်ခုခု၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် အကြားအာရုံဆုံးရှုံးခြင်း သို့မဟုတ် တဖြည်းဖြည်း ပိုမိုဆိုးရွားလာနိုင်သော အကြားအာရုံဆုံးရှုံးခြင်း (Acquired, Progressive သို့မဟုတ် Delayed-onset Hearing Loss) ဖြစ်နိုင်ခြေရှိသော ကလေးများသည် အသက် (၂)နှစ် မှ (၂)နှစ်ခွဲအတွင်း အနည်းဆုံးတစ်ကြိမ် ထပ်မံစစ်ဆေးမှု ခံယူရန်လိုသည်။ ဥပမာ – ဒေါင်းဆင်ဒရုန်း (Down Syndrome) ကလေးများ၊ မျိုးရိုးလိုက် အကြားအာရုံ ချို့ယွင်းမှုရှိသော ကလေးများနှင့် ကိုယ်ဝန်ဆောင်စဉ် မိခင်ထံမှ CMV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော ကလေးများတွင် အထူးသတိပြု စစ်ဆေးရန်လိုသည်။
ကလေးကြီးများနှင့် လူကြီးများ
ကလေးကြီးများနှင့် လူကြီးများတွင်မူ အကြားအာရုံ ထိခိုက်နေသည်ဟု သံသယရှိပါက သို့မဟုတ် အထက်ဖော်ပြပါ လက္ခဏာများ တွေ့ရှိရပါက အချိန်မဆိုင်းဘဲ အကြားအာရုံ စစ်ဆေးသင့်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
အကြားအာရုံစစ်ဆေးသည့် နည်းလမ်းများစွာရှိပြီး အသက်အရွယ်နှင့် ရည်ရွယ်ချက်များပေါ်မူတည်၍ ကွဲပြားခြားနားနိုင်သည်။ စစ်ဆေးမှုများသည် ယေဘုယျအားဖြင့် နာကျင်မှုမရှိသကဲ့သို့ ကြိုတင်ရှောင်ရှားရမည့် အခြေအနေများ (ဥပမာ – အစာကြိုရှောင်ထားရခြင်း၊ သောက်လက်စဆေးဝါးများ ခေတ္တရပ်ထားရခြင်း) လည်း မရှိပါ။ စစ်ဆေးမှုများသည် အများအားဖြင့် (၁၅)မိနစ် မှ (၁)နာရီခန့် ကြာမြင့်လေ့ရှိသည်။
အကြားအာရုံစစ်ဆေးမှု အမျိုးအစားများနှင့် စမ်းသပ်စစ်ဆေးပုံများ
စမ်းသပ်စစ်ဆေးမှုများကို အကြားအာရုံစစ်ဆေးပေးသော ကျွမ်းကျင်ပညာရှင် (Audiologist) မှ စစ်ဆေးပေးလေ့ရှိသည်။ စစ်ဆေးနည်းများမှာ အမျိုးအစားနှင့် အသက်အရွယ်ပေါ်မူတည်၍ အောက်ပါအတိုင်း ကွဲပြားနိုင်သည်။
- မွေးကင်းစနှင့် ကလေးငယ်များအတွက် (အသက် ၆ လအောက်)
ဤစစ်ဆေးမှုများကို ကလေးအိပ်ပျော်နေစဉ်အတွင်း စမ်းသပ်နိုင်သည်။- Otoacoustic Emissions (OAE) (နားအတွင်းပိုင်း တုံ့ပြန်မှုစစ်ဆေးခြင်း)
- မွေးကင်းစကလေးများ၌ အကြားအာရုံ အခြေခံစစ်ဆေးခြင်းအတွက် အများဆုံး ပြုလုပ်လေ့ရှိသည်
- ကလေးကို တိတ်ဆိတ်သော အခန်းတွင်ထား၍ နားအတွင်း၌ သေးငယ်သောနားကြပ်ကို တပ်ဆင်ကာ တိုးလျသော အသံလှိုင်းကို ထုတ်လွှတ်ပေးသည်
- နားအတွင်းပိုင်းရှိ Cochlea မှ တုံ့ပြန်မှုကို စက်ရှိ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် လှိုင်းအဖြစ် တွေ့မြင်နိုင်သည်
- စမ်းသပ်ချိန် မိနစ်အနည်းငယ်သာ ကြာမြင့်သည်
- ကလေးလှုပ်ရှားမှု၊ နောက်ခံဆူညံသံ၊ နားအတွင်း အရည် သို့မဟုတ် နားဖာချေး ပိတ်နေလျှင် ပုံမှန်အဖြေမထွက်ဘဲ ဖြစ်တတ်သဖြင့် ထိုအခါမျိုးတွင် နောက်တစ်ကြိမ် ထပ်မံစစ်ဆေးခြင်း သို့မဟုတ် AABR ကို ပြုလုပ်နိုင်သည်
- ကျွမ်းကျင်ပညာရှင်မှ အဖြေဖတ်ပေးနိုင်သကဲ့သို့ Automated OAE (A-OAE) စက်များလည်း အသုံးပြုနိုင်သည်
- Auditory Brain Response (ABR/AABR) (ဦးနှောက်နှင့် အာရုံကြောမှ တုံ့ပြန်မှုကို စစ်ဆေးခြင်း)
- ဦးနှောက်မှ အသံလှိုင်းများကို တုံ့ပြန်မှု တိုင်းတာခြင်းဖြင့် အကြားအာရုံလမ်းကြောင်း (Auditory pathway) လုပ်ဆောင်ချက်ကို စစ်ဆေးခြင်းဖြစ်သည်
- ကလေး၏ နားအတွင်း သို့မဟုတ် နားအဝ၌ နားကြပ်တပ်၍ ဦးခေါင်းတွင် လျှပ်ကူးပစ္စည်း (Electrodes) အတုံးလေးများ ကပ်၍စစ်ဆေးသည်
- နားကြပ်မှထွက်သော အသံအပေါ် ဦးနှောက်၏တုံ့ပြန်မှုကို ကွန်ပျူတာဖန်သားပြင်တွင် လှိုင်းများအဖြစ် တွေ့မြင်နိုင်သည်
- ဤအဖြေကိုကြည့်၍ ဦးနှောက်နှင့် အကြားအာရုံကြော လုပ်ဆောင်ချက် ပုံမှန်ဟုတ်မဟုတ် သိရှိနိုင်သည်
- စမ်းသပ်ချိန်သည် (၁ – ၂) နာရီခန့် ကြာမြင့်နိုင်သည်
- Otoacoustic Emissions (OAE) (နားအတွင်းပိုင်း တုံ့ပြန်မှုစစ်ဆေးခြင်း)
- အသက် (၆) လထက်ကြီးသော ကလေးငယ်များအတွက် (အမူအရာဖြင့် တုံ့ပြန်မှုကို စစ်ဆေးခြင်း)
ဤစစ်ဆေးမှု (Behavioral Audiometry Evaluation) ပြုလုပ်စဉ် ကလေးသည် နိုးနေရမည်ဖြစ်ပြီး အသံအပေါ် တက်ကြွစွာ တုံ့ပြန်ရန် လိုအပ်သည်။ အသံလုံခန်းအတွင်း မိဘနှင့်အတူ ထိုင်စေပြီး စပီကာ သို့မဟုတ် နားကြပ်မှတစ်ဆင့် အသံထုတ်လွှင့်စက် (Audiometer) ဖြင့် စစ်ဆေးသည်။- Visual Reinforcement Audiometry (VRA) (အသံကြားချိန်တွင် တုံ့ပြန်ပါက ဆုပေးသော စစ်ဆေးမှု)
- ကလေးငယ်များ အသံကြားရသည့်အခါ ငြိမ်သက်သွားခြင်း သို့မဟုတ် အသံလာရာကို ရှာဖွေခြင်း စသည့်အမူအရာပြပါက ဆုချသည့်အနေဖြင့် အလင်းရောင်ထွက်သော အရုပ် သို့မဟုတ် ရုပ်ပုံကားချပ်လေးကို ပြသ၍ စစ်ဆေးခြင်းဖြစ်သည်
- Conditioned Play Audiometry (အသံကြားချိန်တွင် ကလေးအား ဂိမ်းကစားစေသော စစ်ဆေးမှု)
- အသက် (၂)နှစ်ခွဲ မှ (၆)နှစ်ကြား ကလေးများတွင် စစ်ဆေးနိုင်သည်
- ကလေးမှ အသံကြားသည့် အခါတိုင်း အရုပ်များကို ပုံးထဲထည့်ခြင်း သို့မဟုတ် ပဟေဠိ (Puzzle) အပိုင်းအစလေးများ ဆက်ခြင်း စသည့် ကစားနည်းများ လုပ်ဆောင်စေခြင်းဖြင့် စစ်ဆေးခြင်းဖြစ်သည်
- Visual Reinforcement Audiometry (VRA) (အသံကြားချိန်တွင် တုံ့ပြန်ပါက ဆုပေးသော စစ်ဆေးမှု)
- ကလေးကြီးများနှင့် လူကြီးများအတွက် စစ်ဆေးမှုများ
- Pure Tone Audiometry (အနိမ့်ဆုံးကြားနိုင်သည့် အသံကို စစ်ဆေးခြင်း)
- အသက် (၃) နှစ်မှစ၍ စစ်ဆေးနိုင်သော အသုံးအများဆုံး နည်းလမ်းဖြစ်သည်
- နားကြပ်တပ်၍ အသံကြားရချိန်တွင် လက်မြှောက်ပြခြင်း၊ “Yes” ဟု ဖြေခြင်း သို့မဟုတ် ခလုတ်နှိပ်ခြင်း စသည့်လှုပ်ရှားမှုများကို မှတ်သားသည်
- အသံကို လုံးဝမကြားရတော့သည့် အချိန်အထိ တဖြည်းဖြည်း တိုးသွားပြီး အနိမ့်ဆုံးကြားရသည့်နေရာကို တိုင်းတာသည်
- ဤသည်မှာ လေထဲမှ အသံဖြတ်သန်းမှု (Air conduction) ကို စစ်ဆေးခြင်းဖြစ်သည်
- Bone Conduction Testing (အရိုးမှ တုန်ခါမှုဖြင့် အသံကြားနိုင်မှုကို စစ်ဆေးခြင်း)
- နားအနောက်ဘက်ရှိ အရိုးပေါ်တွင် တုန်ခါစေသော ကိရိယာလေး တပ်ဆင်၍ အတွင်းနားသို့ အသံတိုက်ရိုက် ပေးပို့ခြင်းဖြစ်သည်
- ၎င်းကို Air conduction အဖြေနှင့် နှိုင်းယှဉ်ကြည့်ခြင်းဖြင့် အကြားအာရုံ ဆုံးရှုံးခြင်း အမျိုးအစား (Conductive သို့မဟုတ် Sensorineural hearing loss) ကို ခွဲခြားနိုင်သည်
- ရလဒ်များကို Audiogram ဇယားဖြင့် ဖော်ပြပြီး အကြားအာရုံ ချို့ယွင်းမှု၏ ပြင်းထန်မှုအဆင့် (Severity) ကိုပါ သိရှိနိုင်သည်
- Speech Audiometry or Speech Discrimination Tests (စကားပြောသံ အနိမ့်အမြင့်များဖြင့် စစ်ဆေးခြင်း)
- အသက် (၂) နှစ်အထက်နှင့် စကားပြောနိုင်သော အရွယ်များတွင် အသုံးပြုသည်
- သာမန်တီးလုံးသံ မဟုတ်ဘဲ စကားပြောသံများကို လိုက်ပြောစေခြင်း သို့မဟုတ် ရုပ်ပုံကားချပ်များကို နာမည်ပြောစေခြင်းဖြင့် စစ်ဆေးသည်
- အနိမ့်ဆုံး ကြားရသည့် စကားပြောသံ အဆင့်ကို တိုင်းတာမှတ်သားခြင်းဖြစ်သည်။
- Pure Tone Audiometry (အနိမ့်ဆုံးကြားနိုင်သည့် အသံကို စစ်ဆေးခြင်း)
- နား၏ လုပ်ဆောင်ချက်ကို စစ်ဆေးခြင်း
- Tympanometry (နားစည်နှင့် နားအလယ်ပိုင်း အခြေအနေများကို စစ်ဆေးခြင်း)
- ဤသည်မှာ အကြားအာရုံ သီးသန့်ကို စစ်ဆေးခြင်း မဟုတ်ဘဲ နားစည်လှုပ်ရှားမှုနှင့် နားအလယ်ပိုင်း လမ်းကြောင်းကို ကိရိယာ (Tympanometer) ဖြင့် စစ်ဆေးခြင်းဖြစ်သည်
- နားအတွင်းသို့ Probe earbud ထည့်၍ အသံနှင့်လေဖိအား (Sound & Air pressure port) ပေးသွင်းကာ နားစည်၏ လှုပ်ရှားမှုကို တိုင်းတာခြင်းဖြစ်သည်
- အဖြေရလဒ်ကို Tympanogram (Type A, B, C) ဂရပ်များဖြင့် ဖော်ပြပြီး နားစည်နှင့် နားအလယ်ပိုင်း ပြဿနာများကို ရှာဖွေဖော်ထုတ်နိုင်သည်
- Tympanometry (နားစည်နှင့် နားအလယ်ပိုင်း အခြေအနေများကို စစ်ဆေးခြင်း)
နောက်ဆက်တွဲပြဿနာများ
အကြားအာရုံစစ်ဆေးခြင်းသည် လွယ်ကူဘေးကင်းသော စစ်ဆေးမှုများဖြစ်ပြီး အများအားဖြင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။
စစ်ဆေးမှုများမှ သိရှိနိုင်သော အဖြေရလဒ်များ
အကြားအာရုံ စစ်ဆေးပေးသော ကျွမ်းကျင်ပညာရှင် (Audiologist) သည် စစ်ဆေးမှု အမျိုးအစားအလိုက် ထွက်ပေါ်လာသော အဖြေရလဒ်များကို စနစ်တကျ မှတ်တမ်းထုတ်ပေးမည်ဖြစ်သည်။ စစ်ဆေးမှုတစ်ခုချင်းစီမှ အောက်ပါအချက်အလက်များကို အသေးစိတ်သိရှိနိုင်သည်။
- အကြားအာရုံ လမ်းကြောင်း၏ အခြေအနေ
OAE နှင့် ABR စစ်ဆေးမှုများမှတစ်ဆင့် နားအတွင်းပိုင်း (Cochlea) နှင့် အကြားအာရုံကြော (Auditory Nerve) တို့၏ တုံ့ပြန်မှုလှိုင်းပုံစံများကို ကြည့်၍ အသံလှိုင်း စီးဆင်းမှုလမ်းကြောင်း ပုံမှန်ဟုတ်မဟုတ် သိရှိနိုင်သည်။ - အကြားအာရုံ ချို့ယွင်းမှု အမျိုးအစား
Bone Conduction နှင့် Air Conduction အဖြေများကို နှိုင်းယှဉ်ခြင်းဖြင့် အသံဝင်ရောက်လာရာလမ်းကြောင်း ပြဿနာ (Conductive hearing loss) သို့မဟုတ် အာရုံကြောပိုင်းဆိုင်ရာ ပြဿနာ (Sensorineural hearing loss) များကို ခွဲခြားသိရှိနိုင်သည်။ - ချို့ယွင်းမှု၏ ပြင်းထန်မှုအဆင့် (Severity)
Pure Tone Audiometry မှရရှိသော အဖြေများကို Audiogram ဇယားပေါ်တွင် မှတ်သားခြင်းဖြင့် အကြားအာရုံဆုံးရှုံးမှု အဆင့် (သာမန်၊ အသင့်အတင့်၊ ပြင်းထန် သို့မဟုတ် အလွန်ပြင်းထန်) ကို အတိအကျ သိရှိနိုင်သည်။ - နားစည်နှင့် နားအလယ်ပိုင်း ကျန်းမာရေး
Tympanometry မှရရှိသော Type A, B, C အဖြေရလဒ်များအရ နားစည်ပေါက်ခြင်း၊ နားအတွင်း အရည်ရှိခြင်း သို့မဟုတ် နားအတွင်းရှိ အရိုးငယ်များ တောင့်တင်းနေခြင်း ရှိမရှိကို ဖော်ပြနိုင်သည်။
အကယ်၍ အဖြေရလဒ်များအရ အကြားအာရုံချို့ယွင်းသည်ဟု တွေ့ရှိရပါက လူနာသည် သက်ဆိုင်ရာ မိသားစုဆရာဝန် သို့မဟုတ် နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးရမည်။ ဆရာဝန်မှ ရောဂါအခြေအနေပေါ် မူတည်၍ လိုအပ်သော ကုသမှုများဖြစ်သည့်
- ဆေးဝါးဖြင့် ကုသခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်း
- နားကြားကိရိယာ (Hearing Aid) တပ်ဆင်ခြင်း
- အတွင်းနားအစားထိုးကိရိယာ တပ်ဆင်ခြင်း (Cochlear Implant) စသည်တို့ကို ဆက်လက် လမ်းညွှန်ပေးမည်ဖြစ်သည်။
References:
- Centers for Disease Control and Prevention. (n.d.). Screening for hearing loss in children. Retrieved February 26, 2026, from https://www.cdc.gov/hearing-loss-children/screening/index.html
- Cleveland Clinic. (n.d.). Hearing test. Retrieved February 26, 2026, from https://my.clevelandclinic.org/health/diagnostics/24104-hearing-test
- Healthdirect Australia. (n.d.). Hearing test. Retrieved February 26, 2026, from https://www.healthdirect.gov.au/hearing-test
- MedlinePlus. (n.d.). Hearing tests for adults. Retrieved February 26, 2026, from https://medlineplus.gov/lab-tests/hearing-tests-for-adults/
- National Deaf Children’s Society. (n.d.). Types of hearing tests. Retrieved February 26, 2026, from https://www.ndcs.org.uk/advice-and-support/all-advice-and-support-topics/causes-types-and-signs-deafness/types-hearing-tests
- NHS. (n.d.). Hearing test. Retrieved February 26, 2026, from https://www.nhs.uk/tests-and-treatments/hearing-tests/
- NHS. (n.d.). Newborn hearing screening. Retrieved February 26, 2026, from https://www.nhs.uk/baby/newborn-screening/hearing-test/
Published: 29 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.