ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေဖြင့် ကိုယ်ဝန်သက်တမ်း (၂၀) ပတ်ဝန်းကျင်သို့ ရောက်ရှိလာချိန်တွင် သန္ဓေသား၏ ကြီးထွားဖွံ့ဖြိုးမှုကို အကဲဖြတ်စစ်ဆေးရန်နှင့် သန္ဓေသား၏ ကျန်းမာရေးဆိုင်ရာ အခြေအနေများကို အသေးစိတ် သိရှိနိုင်ရန်အတွက် အာထရာဆောင်းရိုက်၍ စစ်ဆေးခြင်းဖြစ်သည်။ ဤစစ်ဆေးမှုကို ယေဘုယျအားဖြင့် ကိုယ်ဝန်သက် (၁၈)ပတ် မှ (၂၂)ပတ်ကြားကာလတွင် ပြုလုပ်လေ့ရှိပြီး သန္ဓေသား၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများနှင့် ကိုယ်တွင်းအင်္ဂါများတွင် ချို့ယွင်းမှု လက္ခဏာများ ရှိမရှိကို အာထရာဆောင်းမှတစ်ဆင့် သေချာစွာ ကြည့်ရှုရှာဖွေ စစ်ဆေးခြင်းဖြစ်သည်။
ထိုသို့စစ်ဆေးခြင်းဖြင့် မမွေးဖွားမီကပင် သန္ဓေသား၏ ကျန်းမာရေးအခြေအနေနှင့် ချို့ယွင်းချက်များကို ကြိုတင်သိရှိထားနိုင်ပြီး၊ ကလေးမွေးဖွားရန်အတွက် အသင့်လျော်ဆုံးသော နေရာနှင့် မွေးဖွားမည့် နည်းလမ်းတို့ကို မှန်ကန်စွာ ရွေးချယ်နိုင်မည်ဖြစ်သည်။ ထို့ပြင် မွေးကင်းစကလေးငယ်အတွက် လိုအပ်မည့် သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အကောင်းဆုံး ရရှိစေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်မည်ဖြစ်ပြီး၊ လိုအပ်ပါက မွေးဖွားပြီးချိန်တွင်သော်လည်းကောင်း၊ မိခင်ဝမ်းဗိုက်တွင်း၌ပင်သော်လည်းကောင်း လိုအပ်သော ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်ရန် စနစ်တကျ ကြိုတင်စီစဉ်ထားရှိနိုင်မည်ဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော အခြေအနေများ
သန္ဓေသား၌ ကိုယ်ခန္ဓာချို့ယွင်းချက် ရှိမရှိ စစ်ဆေးခြင်း (Anomaly Scan) ကို ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်မိခင်တိုင်း ပြုလုပ်သင့်သည်။ အထူးသဖြင့် အောက်ပါအခြေအနေများရှိသော မိခင်များအနေဖြင့် ဤစစ်ဆေးမှုကို ပြုလုပ်ရန် အထူးလိုအပ်သည်။
- ယခင်ကိုယ်ဝန်များတွင် ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ရှိခဲ့ဖူးသူများ
- အလွန်အန္တရာယ်ရှိသော ကိုယ်ဝန် (High-risk pregnancy) ဆောင်ထားရသူများ
- ယခင်က ကိုယ်ခန္ဓာချို့ယွင်းချက်ရှိသော ကလေးမွေးဖွားဖူးသူများ သို့မဟုတ် မိသားစုဆွေမျိုးထဲတွင် မျိုးဗီဇဆိုင်ရာ ရောဂါရာဇဝင်ရှိသူများ
- အသက် (၃၅) နှစ်နှင့်အထက် ကိုယ်ဝန်ဆောင်မိခင်များ
- ဆီးချို၊ သွေးတိုးကဲ့သို့သော နာတာရှည်ရောဂါ အခံရှိသည့် ကိုယ်ဝန်ဆောင်မိခင်များ
ကြိုတင်သိထားရမည့်အချက်များ
သန္ဓေသား၌ ကိုယ်ခန္ဓာချို့ယွင်းချက် ရှိမရှိ စစ်ဆေးရန်အတွက် အထူးတလည် ပြင်ဆင်ထားရန် မလိုအပ်သော်လည်း အောက်ပါအချက်များကို သိရှိလိုက်နာရန် လိုအပ်သည်။
- ရက်ချိန်းယူထားသော အချိန်ထက် စောစီးစွာ ရောက်ရှိရန် လိုအပ်သည်
- ဝမ်းဗိုက်ကို အလွယ်တကူ စစ်ဆေးနိုင်ရန် အင်္ကျီပွပွချောင်ချောင် ဝတ်ဆင်လာရန် လိုအပ်သည်
- ဝမ်းဗိုက်တွင် အရေပြားအပေါက်ဖောက်၍ ကွင်းတပ်ထားခြင်း (Belly piercing) ရှိလျှင် ကြိုတင်ဖြုတ်ထားရန် လိုအပ်သည်
- မိမိ၏ ကိုယ်ဝန်စောင့်ရှောက်မှု မှတ်တမ်းစာအုပ်နှင့် ယခင်ရိုက်ကူးထားသော အာထရာဆောင်းအဖြေများ ရှိလျှင် တစ်ပါတည်း ယူဆောင်လာရန် လိုအပ်သည်
- ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ အဖော်လူကြီးတစ်ဦး ခေါ်ဆောင်လာနိုင်သည်
- ပုံရိပ်များကို ပိုမိုရှင်းလင်းစွာ မြင်ရစေရန် စစ်ဆေးမှုမပြုလုပ်မီ ရေများများသောက်၍ ဆီးအိမ်တင်းနေစေရန် ကြိုတင်စီစဉ်ထားရမည်
- ဤစစ်ဆေးမှုသည် ပုံမှန်အာထရာဆောင်းရိုက်ခြင်းထက် ပို၍အချိန်ကြာမြင့်မည်ဖြစ်ပြီး (၄၅) မိနစ်ခန့်အထိ ကြာမြင့်နိုင်သည်
- မိခင်အနေဖြင့် အစာစားထားခြင်းသည် သန္ဓေသားလှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေပြီး လိုအပ်သော တိုင်းတာမှုများကို ကောင်းစွာ ပြုလုပ်နိုင်ရန် အထောက်အကူ ဖြစ်စေသောကြောင့် အာထရာဆောင်းမရိုက်မီ အစာအနည်းငယ် စားထားရန် လိုအပ်သည်
အာထရာဆောင်းအသုံးပြု၍ စစ်ဆေးခြင်းမှတစ်ဆင့် သန္ဓေသား၏ ကိုယ်အင်္ဂါချို့ယွင်းမှုတစ်ခုခုကို တွေ့ရှိခဲ့လျှင် ယင်းကိုယ်ဝန်ကို အလွန်အန္တရာယ်ရှိသောကိုယ်ဝန်အဖြစ် သတ်မှတ်ပြီး သန္ဓေသားဆေးပညာ အထူးကုဆရာဝန် (Fetal medicine specialist) နှင့် ထပ်မံရက်ချိန်းယူ ပြသရမည်ဖြစ်သည်။ အခြေအနေပေါ်မူတည်၍ လိုအပ်ပါက အောက်ပါအသေးစိတ် စစ်ဆေးမှုများကိုပါ ထပ်မံပြုလုပ်ရနိုင်သည်။
- သားအိမ်အတွင်း သန္ဓေသားပတ်လည်ရှိ ရေမြွှာရည်နမူနာယူ၍ စစ်ဆေးခြင်း (Amniocentesis)
- အချင်းမှ တစ်ရှူးနမူနာယူ၍ စစ်ဆေးခြင်း (Chorionic villus sampling)
- သန္ဓေသား၏ နှလုံးအား အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Fetal echocardiogram)
ထို့ပြင် ယနေ့ခေတ် ဆေးပညာတိုးတက်လာမှုများအရ ကိုယ်ဝန်အစောပိုင်းကာလ၌ မမွေးဖွားမီ သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များ ရှိမရှိ သွေးမှတစ်ဆင့် စစ်ဆေးခြင်း (Noninvasive Prenatal Testing – NIPT) ကို ပြုလုပ်နိုင်ပြီဖြစ်ပြီး အချို့သော စစ်ဆေးမှုများကို ကိုယ်ဝန်သက် (၂၀) ပတ်မတိုင်မီကပင် ကြိုတင်စစ်ဆေးနိုင်သည်။ ဥပမာအားဖြင့် မိခင်သွေးမှတစ်ဆင့် သန္ဓေသား၏ ဒီအင်န်အေ (DNA) စစ်ဆေးခြင်းကို ကိုယ်ဝန်သက် (၁၀) ပတ်ခန့်တွင် စတင်စစ်ဆေးနိုင်ပြီဖြစ်သည်။
စမ်းသပ်ပုံအဆင့်ဆင့်
ကိုယ်ဝန်ဆောင်မိခင်သည် စမ်းသပ်စစ်ဆေးမည့် ကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် လဲလျောင်းရမည်ဖြစ်သည်။
- အာထရာဆောင်းရိုက်ပေးမည့် ဆရာဝန်မှ ဝမ်းဗိုက်ဝန်းကျင်ရှိ အဝတ်အစားများကို ဖယ်ရှားစေပြီး အသံလှိုင်းဖြတ်သန်းမှု ကောင်းမွန်စေရန်အတွက် အာထရာဆောင်း ဂျယ်လီရည်ကို ဝမ်းဗိုက်ပေါ်သို့ လိမ်းပေးမည်ဖြစ်သည်
- ထို့နောက် အာထရာဆောင်းတုတ်တံ (Ultrasound probe) ကို ဝမ်းဗိုက်ပေါ်တွင် လိုအပ်သလိုရွှေ့၍ သန္ဓေသား၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများနှင့် ကိုယ်တွင်းအင်္ဂါများကို အသေးစိတ် ကြည့်ရှုစစ်ဆေးကာ ပုံရိပ်ဖမ်းယူမည်ဖြစ်သည်
- စစ်ဆေးနေစဉ်အတွင်း သန္ဓေသား၏ ခြေထောက်၊ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့ကို မျဉ်းကြောင်းများဆွဲ၍ ကြီးထွားမှုနှုန်း မှန်ကန်စေရန် အတိအကျ တိုင်းတာခြင်းများ ပြုလုပ်မည်ဖြစ်သည်
- တစ်ခါတစ်ရံတွင် သန္ဓေသား၏ အနေအထားကြောင့် တိုင်းတာရ ခက်ခဲနေတတ်ပြီး ထိုသို့ဖြစ်လျှင် မိခင်ကို အနည်းငယ် လှုပ်ရှားစေခြင်း သို့မဟုတ် အချိုရည်များ သောက်စေခြင်းတို့ကို ပြုလုပ်ရန် ဆရာဝန်မှ အကြံပြုမည်ဖြစ်သည်
- လုံလောက်သော ပုံရိပ်စစ်ဆေးမှုများ ရရှိပြီးနောက် မိခင်၏ ဝမ်းဗိုက်ပေါ်မှ ဂျယ်လီရည်များကို ပြန်လည်သန့်ရှင်းပေးမည်ဖြစ်ပြီး စစ်ဆေးပေးသည့် ဆရာဝန်မှ ရိုက်ယူထားသည့် သန္ဓေသားပုံရိပ် ဓာတ်ပုံအချို့ကို အမှတ်တရ သိမ်းဆည်းထားနိုင်ရန် ထုတ်ပေးမည်ဖြစ်သည်
- စစ်ဆေးတွေ့ရှိချက်အဖြေများကို ကိုယ်ဝန်စောင့်ရှောက်ပေးနေသော သားဖွားမီးယပ် အထူးကုဆရာဝန်ထံသို့ တိုက်ရိုက်ပေးပို့မည်ဖြစ်ပြီး ချက်ချင်းသော်လည်းကောင်း၊ လာမည့်ရက်ချိန်းတွင်သော်လည်းကောင်း ဆရာဝန်မှ တွေ့ရှိချက်များကို အသေးစိတ် ပြောဆိုရှင်းပြမည်ဖြစ်သည်
အာထရာဆောင်းဖြင့် တိုင်းတာကြည့်ရှုစစ်ဆေးသော သန္ဓေသား၏ အင်္ဂါအစိတ်အပိုင်းများ
ဤစစ်ဆေးမှုတွင် သန္ဓေသား၏ အောက်ပါ ကိုယ်တွင်းအင်္ဂါများနှင့် အစိတ်အပိုင်းများကို အသေးစိတ် စစ်ဆေးမည်ဖြစ်သည်။
- နှလုံး
- ဦးနှောက်၊ ဦးခေါင်း၊ လည်ပင်းနှင့် ကျောရိုး
- ကျောက်ကပ်နှင့် ဆီးအိမ်
- လက်နှင့် လက်ချောင်းများ
- ခြေထောက်နှင့် ခြေချောင်းများ
- နှုတ်ခမ်း၊ မေးရိုး၊ နှာခေါင်း၊ မျက်လုံးများနှင့် မျက်နှာသွင်ပြင်
- ရင်ခေါင်းနှင့် အဆုတ်များ
- အစာအိမ်နှင့်အူများ
ထိုသို့ သန္ဓေသား၏ ကိုယ်တွင်းအင်္ဂါများကို စစ်ဆေးသည့် တစ်ချိန်တည်းမှာပင် အောက်ပါ ကျန်းမာရေးအခြေအနေများကိုပါ ထပ်မံတိုင်းတာစစ်ဆေးမည်ဖြစ်သည်။
- သန္ဓေသား၏ နှလုံးခုန်နှုန်းကို တိုင်းတာခြင်း
- အချင်းနှင့် ချက်ကြိုးအတွင်းရှိ သွေးစီးဆင်းမှုကို သေချာစွာ စစ်ဆေးခြင်း
- အချင်း တည်နေရာကို စစ်ဆေးခြင်း
- ရေမြွှာရည်ပမာဏကို တိုင်းတာခြင်း
- မိခင်၏ သားအိမ်၊ သားအိမ်ခေါင်းနှင့် သားဥအိမ်များ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးခြင်း
သိရှိနိုင်သောအဖြေများ
စစ်ဆေးမှုအဖြေများတွင် အများအားဖြင့် ချို့ယွင်းချက် တစ်စုံတစ်ရာ တွေ့ရှိရလေ့မရှိဘဲ သန္ဓေသားကျန်းမာဖွံ့ဖြိုးမှု ပုံမှန်ဖြစ်သည်ဟုသာ အဖြေထွက်လေ့ရှိသည်။ သို့ရာတွင် တစ်ခါတစ်ရံ၌မူ သန္ဓေသား၏ ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းချက်အချို့ကို ရှာဖွေတွေ့ရှိနိုင်သည်။
တွေ့ရှိနိုင်သော သန္ဓေသားချို့ယွင်းချက်များ
ကိုယ်ဝန်သက် (၂၀) ပတ်တွင် အာထရာဆောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်းသည် အလုံးစုံသော မွေးရာပါ သန္ဓေသားချို့ယွင်းချက် အားလုံးကို အပြည့်အဝ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသော်လည်း အောက်ဖော်ပြပါ အဓိကချို့ယွင်းချက်များကိုမူ ရှာဖွေတွေ့ရှိနိုင်စွမ်းရှိသည်။
- ဦးနှောက်အောက်ခြေသာ ပါလာခြင်း (Anencephaly)
- ဒေါင်းဆင်ဒရုန်း (Down syndrome)
- အက်ဒ်ဝပ်စ်ဆင်ဒရုန်း (Edwards Syndrome or Trisomy 18)
- ပါတောင်း ဆင်ဒရုန်း (Patau Syndrome or Trisomy 13)
- နှုတ်ခမ်းကွဲခြင်း နှင့် အာခေါင်ကွဲခြင်း (Cleft lip and cleft palate)
- မွေးရာပါ ကျောရိုးကွင်း မဆက်ခြင်း (Spina bifida)
- မွေးရာပါ ပုံမှန်မဟုတ်သော နှလုံးအခြေအနေများ (Congenital heart diseases)
- ဝမ်းဗိုက်အတွင်းမှ အူနှင့် ကိုယ်တွင်းအင်္ဂါများ ချက်တည့်တည့်မှတစ်ဆင့် အမြှေးပါးအကာဖြင့် အပြင်သို့ထွက်နေခြင်း (Omphalocele)
- ဝမ်းဗိုက်အတွင်းမှ အူနှင့် တစ်ခါတစ်ရံ အစာအိမ်တို့သည် ချက်ဘေးရှိ ဝမ်းဗိုက်ကြွက်သားနေရာမှ အမြှေးပါးအကာမပါဘဲ ကျွံ၍ ထွက်နေခြင်း (Gastroschisis)
- အရိုးဖွဲ့စည်းပုံ ချို့ယွင်းသော ရောဂါများ (Skeletal dysplasia)
- ရင်ဝမ်းခြားကြွက်သားကို ဖြတ်၍ အူကျွံခြင်း (Diaphragmatic hernia)
- ကျောက်ကပ် ကောင်းစွာမဖွံ့ဖြိုးခြင်း (Renal agenesis)
ဤကဲ့သို့ ချို့ယွင်းချက်များကို ရှာဖွေစစ်ဆေးသည့်အပြင် မိခင်များအများဆုံး သိရှိလိုကြသည့် အောက်ပါအခြားအချက်တစ်ချက်လည်း ပါရှိသည်။
သန္ဓေသား လိင်အမျိုးအစား
သန္ဓေသား၏ အနေအထားပေါ် မူတည်သော်လည်း စစ်ဆေးပေးသည့် ဆရာဝန်မှ သန္ဓေသား၏ လိင်အမျိုးအစားကို ကောင်းစွာ ရှာဖွေပေးနိုင်သည်။ အကယ်၍ မိမိအနေဖြင့် ကလေးမမွေးဖွားမီ လိင်အမျိုးအစားကို ကြိုတင်မသိလိုပါက စစ်ဆေးမှုမစတင်မီ ဆရာဝန်အား ထုတ်ဖော်မပြောမိစေရန် ကြိုတင်အသိပေးထားရန် လိုအပ်သည်။
နောက်ဆက်တွဲပြဿနာများ
သန္ဓေသား၌ ကိုယ်ခန္ဓာချို့ယွင်းချက် ရှိမရှိ စစ်ဆေးခြင်းသည် ဓာတ်ရောင်ခြည်မပါဝင်သော အသံလှိုင်းသုံး အာထရာဆောင်းဖြင့်သာ စစ်ဆေးခြင်းဖြစ်သောကြောင့် သန္ဓေသားကို ထိခိုက်စေနိုင်မည့်အန္တရာယ် လုံးဝမရှိပါ။ သို့သော် အာထရာဆောင်းဖြင့် ပုံရိပ်များကိုသာ ကြည့်ရှုစစ်ဆေးရခြင်းဖြစ်သောကြောင့် အဖြေမှားယွင်းနိုင်မှု အနည်းငယ်ရှိနိုင်သည်ကိုမူ ကြိုတင်သတိပြုထားရန် လိုအပ်သည်။
သန္ဓေသား၌ ကိုယ်ခန္ဓာချို့ယွင်းချက် ရှိမရှိ စစ်ဆေးခြင်း (Anomaly Scan) သည် ကိုယ်ဝန်ဆောင်နေစဥ် ကာလအတွင်း မဖြစ်မနေ ခံယူသင့်သော အရေးကြီးသည့် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်တစ်ခုဖြစ်သည်။ ဤစစ်ဆေးမှုမှတစ်ဆင့် မိမိရင်သွေးငယ်၏ ကြီးထွားဖွံ့ဖြိုးမှုကို မျက်မြင်ကိုယ်တွေ့ သိရှိရုံသာမက မမျှော်မှန်းနိုင်သော ကျန်းမာရေးပြဿနာများကိုပါ ကြိုတင်သိရှိ ပြင်ဆင်နိုင်မည်ဖြစ်သည်။ စစ်ဆေးမှုသည် မိခင်နှင့် သန္ဓေသားအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ရရှိလာသော အဖြေများကို မိမိ၏ သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးခြင်းဖြင့် ကျန်းမာသန်စွမ်းသော ကလေးငယ်ကို ဘေးကင်းလုံခြုံစွာ မွေးဖွားနိုင်မည်ဖြစ်သည်။
References:
- Fetal Medicine Foundation. (n.d.). Anomaly scan. Retrieved February 20, 2026, from https://fetalmedicine.com/anomaly-scan/
- Cleveland Clinic. (2025). 20-week ultrasound (anatomy scan). Retrieved February 20, 2026, from https://my.clevelandclinic.org/health/diagnostics/22644-20-week-ultrasound
- National Health Service. (n.d.). 20-week scan. Retrieved February 20, 2026, from https://www.nhs.uk/pregnancy/your-pregnancy-care/20-week-scan/
Published: 10 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.