နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဆိုသည်မှာ အပေါ်နှုတ်ခမ်း၊ အာခေါင်အမိုးတို့တွင် မွေးရာပါကွဲကြောင်းများ၊ အပေါက်များ ပါရှိနေခြင်းဖြစ်သည်။ အဖြစ်များသော မွေးရာပါချို့ယွင်းချက် တစ်ခုဖြစ်သည်။ သန္ဓေသားဘဝ ဖွံ့ဖြိုးမှုတွင် အပေါ်နှုတ်ခမ်း နှင့် အာခေါင်ဖြစ်ပေါ်လာမည့် အသားတစ်ရှူးများ ကောင်းစွာပေါင်းစပ်မှု မရှိခြင်းကြောင့် ဖြစ်ပွားသည်။
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် ကလေးတစ်ဦးမွေးဖွားခြင်းသည် မိသားစုအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်သည်။ သို့ရာတွင် ယေဘုယျအားဖြင့် ခွဲစိတ်ကုသမှုများ၊ လေ့ကျင့်သင်ကြားမှုများဖြင့် အကောင်း ပကတိဖြစ်အောင် ကုသနိုင်သော အခြေအနေတစ်ခုဖြစ်သည်။
နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ဖြစ်ပေါ်ပုံ
သန္ဓေသားဘဝ (၄)ပတ်နှင့် (၈) ပတ်အကြားတွင် အပေါ်နှုတ်ခမ်းဖြစ်လာမည့် တစ်ရှူးအသားများ ဘေးတဖက်တချက်မှ တိုးဝင်လာပြီး နှုတ်ခမ်းအလယ်တွင် ပေါင်းစပ်ကြသည်။ ဤသို့ပေါင်းစပ်ခြင်း ကောင်းစွာမဖြစ်ပေါ်သောအခါ နှုတ်ခမ်းကွဲခြင်း ဖြစ်ပေါ်လာသည်။ သေးငယ်သော အချိုင့်အခွက်ငယ်မှသည် နှာခေါင်း၊ အာခေါင်အမိုးအထိ ထိုးဝင်သွားသော ကွဲကြောင်းအထိ အမျိုးမျိုးဖြစ်နိုင်သည်။
အာခေါင်အမိုးများသည်လည်း သန္ဓေသား (၆)ပတ် နှင့် (၉)ပတ်အကြား တစ်ရှူးများပေါင်းစပ် ဖြစ်ပေါ်လာသည်။ နှုတ်ခမ်းကွဲများကဲ့သို့ပင် ဖြစ်ပေါ်မှုပုံမမှန်သည့်အခါ အာခေါင်အပေါက်များ၊ အကွဲများဖြစ်လာသည်။ အာခေါင်မာ၊ အာခေါင်ပျော့ (သို့မဟုတ်) နှစ်မျိုးလုံးပါဝင်နိုင်သည်။ တစ်ခါတစ်ရံ အပေါ်ယံအမြှေးပါးအုပ်ထားသည့် အလွယ်တကူမသိသာနိုင်သော အာခေါင်ကွဲခြင်းများလည်း တွေ့ရတတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဤအခြေအနေကို ဖြစ်စေသော တိကျသည့်အကြောင်းရင်း မရှိပါ။ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းခြင်းရာများ ပေါင်းစု၍ ဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။
အဖြစ်များနိုင်သော သို့မဟုတ် ဆက်နွယ်မှုရှိသောအခြေအနေများမှာ
- မိသားစုအတွင်း အလားတူရာဇဝင်ရှိခြင်း
မျိုးရိုးဗီဇနှင့် ဆက်စပ်သည်ဟု ယူဆသည်။ မိဘ (သို့မဟုတ်) ရှေ့ကလေးတစ်ဦးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ဖူးလျှင် နောက်ကလေးတစ်ယောက်၌ အလားတူဖြစ်နိုင်ခြေ သာမန်ထက် ပိုများသည်။ - ကိုယ်ဝန်ဆောင်မိခင်များတွင်
- အချို့သော အတက်ကျဆေးများ၊ ဝက်ခြံပျောက်ဆေးများ၊ ကင်ဆာဆေးများ စသည့် ဆေးဝါးများသောက်သုံးခြင်း
- ဖောလိတ်/ ဖောလစ်အက်ဆစ် (Folate/Folic acid) ဓာတ်ချို့တဲ့ခြင်း
- ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်း
- အချို့ ဗိုင်းရပ်စ်ပိုးများကူးစက်ခံရခြင်း
- အဝလွန်ခြင်း
- ဆေးလိပ်၊ အရက်သောက်ခြင်း
- ဆီးချိုရောဂါရှိခြင်း
- မူးယစ်ဆေးသုံးခြင်း စသည့် အခြေအနေများတွင်လည်း မွေးဖွားလာသည့် ကလေးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဖြစ်နိုင်ခြေများသည်။
ရောဂါလက္ခဏာများ
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းသည် မျက်နှာတစ်ခြမ်းတည်း (သို့မဟုတ်) အလယ်ခေါင် (သို့မဟုတ်) နှစ်ဖက်လုံးတပြိုင်နက်ဖြစ်နိုင်သည်။
- နှုတ်ခမ်းကွဲသီးသန့်
- အာခေါင်ကွဲသီးသန့်
- နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ နှစ်ခုလုံး တွဲ၍လည်း တွေ့ရနိုင်သည်။
နို့မစို့နိုင်ခြင်း၊ အသက်ရှူလျှင် အသံမြည်ခြင်း၊ မကြာခဏ သီးခြင်း၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ ကိုယ်အလေးချိန်မတက်ခြင်းများ ဖြစ်နိုင်သည်။
အကယ်၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းသည် မွေးရာပါရောဂါလက္ခဏာစု (syndrome) တစ်ခု၏ တစိတ်တပိုင်းဖြစ်နေလျှင် ထိုရောဂါစု၏လက္ခဏာများပါ တွေ့ရှိနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းတွင် မွေးစအခြေအနေမှစ၍ နောက်ဆက်တွဲပြဿနာ များပြားပြီး ပြုစုကုသမှုများစွာ လိုအပ်သည်။
- နို့စို့ခြင်းဆိုင်ရာပြဿနာများ – အချို့ပြင်းထန်သော နှုတ်ခမ်းကွဲများနှင့် အာခေါင်ကွဲများတွင် ကလေးငယ်သည် မိခင်နို့သီးခေါင်းကိုဖြစ်စေ၊ ပုံမှန်နို့ဘူး၏ နို့သီးခေါင်းကိုဖြစ်စေ ကောင်းစွာ ဖိကပ်စို့ယူနိုင်ခြင်း မရှိချေ။
- နားနှင့်အကြားအာရုံဆိုင်ရာပြဿနာများ – အာခေါင်ကွဲကလေးများတွင် နားတွင်းပိုးဝင်ခြင်း၊ ပြည်တည်ခြင်း၊ နားစည်ထိခိုက်ခြင်း၊ နားပြည်ယိုခြင်းများဖြစ်နိုင်သည်။
- သွားနှင့်သွားဖုံးပြဿနာများ – ကွဲကြောင်းများနှင့် သွားဖုံးများ ပုံမှန်မဖွံ့ဖြိုးမှုတို့ကြောင့် သွားမပေါက်ခြင်း၊ နေရာမှန်မဟုတ်ဘဲ ပေါက်ခြင်း၊ သွားထပ်ခြင်း၊ သွားကျွတ်လွယ်ခြင်း၊ သွားပိုးစားလွယ်ခြင်း၊ အခေါင်းပေါက်ဖြစ်ခြင်း
- ဘာသာစကားနှင့်စကားပြောခြင်းဆိုင်ရာ ပြဿနာများ – စကားမပီခြင်း၊ နှာခေါင်းသံပေါက်ခြင်းများကြောင့် ပြောဆိုဆက်သွယ်ရာတွင် ခက်ခဲမှုများရှိသည်။
- စိတ်ပိုင်းဆိုင်ရာနှင့်လူမှုဆက်ဆံရေး ပြဿနာများ – နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းကြောင့် စနောက်ခံရခြင်း၊ ဖယ်ကြဉ်ခံရခြင်းများကြောင့် စိတ်မလုံခြုံခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုအားနည်းခြင်းနှင့် အမူအကျင့်ဆိုင်ရာပြဿနာများ ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးငယ်များသည် ကြီးထွားဖွံ့ဖြိုးနေသောကာလ ဖြစ်သဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းကြောင့် နောက်ဆက်တွဲပြဿနာများ သက်သာလျော့နည်းစေရန် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်၍ စောစီးစွာကုသမှု ခံယူရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းကို ကိုယ်ဝန်ဆောင်ကာလကတည်းကပင် အာထရာဆောင်း (ultrasound) ရိုက်ခြင်းဖြင့် ကြိုတင်သိရှိနိုင်သည်။ အာထရာဆောင်းဖြင့်မတွေ့ရှိသော်လည်း သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူမှ မွေးကင်းစကလေးကို စမ်းသပ်စစ်ဆေးရာတွင် တွေ့ရှိနိုင်သည်။
ကုသခြင်း
စနစ်တကျစောစီးစွာခွဲစိတ်ကုသမှု ခံယူခြင်းဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များသည် ပုံမှန်ကလေးများကဲ့သို့ နေထိုင်နိုင်သည်။
- နှုတ်ခမ်းကွဲခြင်းအတွက် အသက် (၁)နှစ်အောက်တွင် ခွဲစိတ်ကုသမှုခံယူရမည်။ အများအားဖြင့် အသက် (၃)လ မှ (၆)လအတွင်း ပြုလုပ်လေ့ရှိသည်။
- အာခေါင်ကွဲခြင်းအတွက် အသက် (၁၈)လအောက်တွင် ခွဲစိတ်မှုခံယူသင့်သည်။ များသောအားဖြင့် အသက်(၁)နှစ်တွင် ပြုလုပ်လေ့ရှိသည်။
ခွဲစိတ်ကုသမှုမတိုင်မီ ကလေးငယ်များ နို့စို့လွယ်ကူစေရန်၊ ကွဲကြောင်းများ ပိုမိုကြီးမားမှုမှ ကာကွယ်ရန် အထူးပြုလုပ်ထားသော အံကပ် (nasal-alveolar molding) ကဲ့သို့သောပစ္စည်းများဖြင့် ကုသမှုပေးနိုင်သည်။
နို့စို့ခြင်းဆိုင်ရာ ပြဿနာများအတွက် အံကပ်သုံးခြင်း၊ မိခင်နို့ညှစ်၍တိုက်ခြင်း၊ အထူးပြုလုပ်ထားသော နို့ဘူး၊ နို့သီးခေါင်းများဖြင့် တိုက်ခြင်းတို့ပြုလုပ်နိုင်သည်။
နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ပြဿနာများအတွက် နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်နှင့် ပြသခြင်း၊ လိုအပ်ပါက နားအတွင်းပိုက်ထည့်ကုသခြင်း၊ နားကြားကိရိယာအသုံးပြုခြင်းများ ပြုလုပ်ပေးနိုင်သည်။
သွားပြဿနာများအတွက် သွားနှင့်ခံတွင်းဆရာဝန်နှင့် ပြသ၍ကုသခြင်း၊ ဘာသာစကားနှင့် စကားပြော စွမ်းရည်ကျွမ်းကျင်ပညာရှင်နှင့် ပြသခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာကုထုံးများ သင်ကြားပေးခြင်း တို့ကိုလည်း ပြုလုပ်ပေးနိုင်သည်။
အရေးကြီးသောအချက်များ
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများ မွေးဖွားမှုသည် မိဘများ၊ မိသားစုဝင်များနှင့် ကလေးငယ်များအတွက် ကြီးမားသောစိန်ခေါ်ချက်တစ်ခု ဖြစ်သည်။ စိတ်အား၊ လူအားများစွာ စိုက်ထုတ်ကြိုးစားရသော အခြေအနေ ဖြစ် သည်။
- အဖြစ်များသော မွေးရာပါအခြေအနေဖြစ်ပြီး မည်သူ့ကိုမျှအပြစ်မတင်သင့်ပါ
- ဤအခြေအနေအတွက် ခံစားရသော စိတ်ခံစားချက်များကို လက်ခံ၍ ကျော်လွှားရမည်
- အသင်းအဖွဲ့များ၊ ဘဝတူမိသားစုများ၏ မျှဝေမှု၊ ကူညီမှုကိုလက်ခံပါ
- ကလေးငယ်ကို မိမိကိုယ်ကိုယုံကြည်မှုရရှိရန် ကူညီပါ
- လူအများနှင့် ပြောဆိုဆက်ဆံနိုင်ရန် လေ့ကျင့်ပေးပါ
- နောက်ပြောင်နှိမ့်ချခွဲခြား ဆက်ဆံခြင်းများမှ ကာကွယ်ပေးရမည်
ကာကွယ်ခြင်း
မွေးရာပါရောဂါဖြစ်သည့်အတွက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းကို ကာကွယ်၍မရပါ။ ဖြစ်နိုင်ခြေများသော အခြေအနေများကို သတိပြုရှောင်ကြဉ်ခြင်းဖြင့်သာ ဖြစ်ပွါးနိုင်ခြေကို လျှော့ချရမည်။
References:
- Website, N. (2023). Cleft lip and palate. nhs.uk. Retrieved June 17, 2024, from https://www.nhs.uk/conditions/cleft-lip-and-palate/
- Cleft lip and cleft palate – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 17, 2024, from https://www.mayoclinic.org/diseases-conditions/cleft-palate/symptoms-causes/syc-20370985
- Cleft Lip/Cleft Palate. (2024). Cleveland Clinic. Retrieved June 17, 2024, from https://my.clevelandclinic.org/health/diseases/10947-cleft-lip-cleft-palate
- Cleft Lip/Cleft Palate. (2024). Birth Defects. Retrieved June 17, 2024, from https://www.cdc.gov/birth-defects/about/cleft-lip-cleft-palate.html
Published: 30 August 2024
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.