ဘေလုံး (Spleen) သည် ဝမ်းဗိုက်၏ ဘယ်ဘက်အပေါ်ပိုင်း၊ နံရိုးများ၏ အကာအကွယ်အောက်တွင် တည်ရှိသော လက်သီးဆုပ်ခန့်ရှိသည့် ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်နှင့် သွေးလည်ပတ်မှုစနစ်တို့တွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သည်။
ဘေလုံး၏ အဓိကလုပ်ဆောင်ချက်များ
- သွေးသန့်စင်ပေးခြင်း – ခန္ဓာကိုယ်အတွက် မလိုအပ်တော့သော၊ သက်တမ်းကုန်ဆုံး၍ ပျက်စီးနေသည့် သွေးဆဲလ်ဟောင်းများကို စစ်ထုတ်ဖယ်ရှားပေးသည်
- ခုခံအားစနစ်ကို ကူညီခြင်း – ရောဂါပိုးမွှားများကို တိုက်ဖျက်ပေးသည့် သွေးဖြူဥများကို ထုတ်လုပ်ပေးပြီး ခန္ဓာကိုယ်ကို ရောဂါပိုးများမှ ကာကွယ်ပေးသည်
- သွေးသိုလှောင်ခြင်း – သွေးနီဥနှင့် သွေးဥမွှားများကို လိုအပ်သလို အသုံးပြုနိုင်ရန် သိုလှောင်ထားပေးသည်
ဘေလုံးတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ခွဲစိတ်၍ ထုတ်ပယ်ခြင်းကို ဆေးပညာအရ Splenectomy ဟု ခေါ်ဆိုသည်။
ဘေလုံးထုတ်ရန် လိုအပ်သော ရောဂါနှင့်အခြေအနေများ
ဘေလုံးထုတ်ရသည့် အဖြစ်အများဆုံး အကြောင်းရင်းမှာ ထိခိုက်ဒဏ်ရာကြောင့် ဘေလုံးကွဲခြင်း (Ruptured Spleen) ဖြစ်ပြီး ဝမ်းဗိုက်အတွင်း သွေးယိုစီးမှု ပြင်းထန်ပါက အသက်အန္တရာယ်ကို ကယ်တင်ရန် အရေးပေါ်ခွဲစိတ်ရန် လိုအပ်သည်။ ထို့အပြင် အောက်ပါအခြေအနေများတွင်လည်း ခွဲစိတ်မှု ပြုလုပ်လေ့ရှိသည်။
- ဘေလုံးကြီးခြင်း (Splenomegaly)
- ဘေလုံးသည် ရောဂါတစ်ခုခုကြောင့် ပုံမှန်ထက် သိသိသာသာ ကြီးထွားလာပြီး ဝမ်းဗိုက်အတွင်း နာကျင်ခြင်း သို့မဟုတ် သွေးဆဲလ်များကို အလွန်အမင်း ဖျက်ဆီးပစ်နေသည့် အခြေအနေ
- သွေးရောဂါများ
- သွေးဥမွှား အရေအတွက် လျော့နည်းသောရောဂါ (ITP – Idiopathic Thrombocytopenic Purpura)၊ Thalassemia, Hereditary spherocytosis နှင့် Sickle cell anemia ကဲ့သို့သော မျိုးရိုးလိုက် သွေးရောဂါများ
- ကင်ဆာရောဂါများ
- ဘေလုံးတွင် တိုက်ရိုက်ဖြစ်သော ကင်ဆာ သို့မဟုတ် သွေးကင်ဆာ အမျိုးအစားများဖြစ်သည့် Lymphoma နှင့် Leukemia တို့ကြောင့် ကင်ဆာဆဲလ်များ ဘေလုံးသို့ ပျံ့နှံ့လာခြင်း
- အစာအိမ်ကင်ဆာ (Stomach cancer) ကို အမြစ်ပြတ်ကုသရန် ခွဲစိတ်ကုသမှု ခံယူရာတွင် အစာအိမ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Greater Curvature နှင့် ဘေလုံးအနီးတစ်ဝိုက်ရှိ ပြန်ရည်ကျိတ် (Lymph Nodes) များသို့ ကင်ဆာဆဲလ်များ ပျံ့နှံ့နေနိုင်သဖြင့် ရောဂါအမြစ်မကျန်စေရန် ဘေလုံးကိုပါ တစ်ပါတည်း ထုတ်ပစ်ရခြင်း
- ပိုးဝင်ခြင်းနှင့် အကျိတ်များ
- ဘေလုံးတွင် ပြည်တည်နာ (Abscess) ဖြစ်ခြင်း၊ ပိုးသတ်ဆေးဖြင့် ကုသ၍မရသော ပြင်းထန်ပိုးဝင်မှုများ နှင့် ကင်ဆာမဟုတ်သော အကျိတ် (Non-cancerous cysts) များ အလွန်အမင်း ကြီးထွားလာခြင်း
- အလိုအလျောက် ကွဲထွက်ခြင်း (Spontaneous rupture)
- ပြင်းထန်သော ပိုးဝင်ခြင်း (ဥပမာ – Infectious Mononucleosis) ကြောင့် ဘေလုံး အဆမတန် ကြီးထွားလာရာမှ ထိခိုက်မှုအကြောင်းရင်းခံမရှိဘဲ အလိုအလျောက်ကွဲထွက်ခြင်း
- ဆေးဘက်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
- အူမကြီးမှန်ပြောင်းကြည့်ခြင်း (Colonoscopy) ကဲ့သို့သော လုပ်ငန်းစဉ်များတွင် ကြုံတောင့်ကြုံခဲ မတော်တဆ ဘေလုံးကို ထိခိုက်မိပြီး သွေးထွက်လွန်ခြင်း
ဘေလုံးထုတ်ရန် မပြုလုပ်သင့်သော အခြေအနေများ
ခွဲစိတ်မှုသည် လိုအပ်ချက်အရ ပြုလုပ်ရသော်လည်း အောက်ပါအခြေအနေများတွင် အထူးသတိပြုရန် လိုအပ်သည်။
- လူနာ၏ ခန္ဓာကိုယ်အခြေအနေ – ခွဲစိတ်မှုဒဏ်နှင့် မေ့ဆေးဒဏ်ကို မခံနိုင်လောက်အောင် အလွန်အမင်း အားနည်းနေသည့် အခြေအနေ
- သွေးခဲစနစ် ချို့ယွင်းခြင်း – သွေးခဲစနစ် ပြင်းထန်စွာ ချို့ယွင်းနေပါက အရေးပေါ်မဟုတ်လျှင် ခွဲစိတ်မှုမပြုမီ သွေးခဲစနစ်ကို အရင်ကုသရမည်
- ကလေးငယ်များ – ဘေလုံးသည် ကလေးများ၏ ခုခံအားစနစ်အတွက် အလွန်အရေးကြီးသဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် အခြားနည်းလမ်းဖြင့် ကုသ၍မရမှသာ အထူးလိုအပ်ချက်အရ ဘေလုံးထုတ်လေ့ရှိသည်
အကျိုးကျေးဇူးများ
ဘေလုံးထုတ်ခွဲစိတ်မှုသည် အောက်ပါကောင်းကျိုးများကို ရရှိစေနိုင်သည်။
- အသက်ဘေးမှ ကယ်တင်နိုင်ခြင်း – ထိခိုက်ဒဏ်ရာကြောင့် ဘေလုံးကွဲပြီး ဝမ်းဗိုက်အတွင်း သွေးထွက်လွန်နေသူများကို အသက်အန္တရာယ်မှ အချိန်မီ ကယ်တင်နိုင်သည်
- ဝေဒနာ သက်သာစေခြင်း – ဘေလုံးအဆမတန် ကြီးထွားမှုကြောင့် ဖြစ်ပေါ်သော ဝမ်းဗိုက်တင်းကျပ်မှု၊ အောင့်ခြင်းနှင့် ပြင်းထန်သော နာကျင်မှုများကို ဖယ်ရှားပေးနိုင်သည်
- သွေးဆဲလ်များ ပုံမှန်ပြန်ဖြစ်စေခြင်း – သွေးရောဂါရှိသူများတွင် သွေးနီဥနှင့် သွေးဥမွှားများကို ဘေလုံးက ပုံမှန်ထက်စော၍ ဖျက်ဆီးပစ်နေခြင်းကို ရပ်တန့်ပေးနိုင်သဖြင့် သွေးဆဲလ်အရေအတွက် ပုံမှန်အတိုင်း ပြန်လည်များပြားလာစေသည်
ခွဲစိတ်မှုမခံယူမီ သိထားရမည့် အရေးကြီးအချက်များ
ဘေလုံးထုတ်ပြီးနောက်ပိုင်းတွင် ခန္ဓာကိုယ်၏ ခုခံအားစနစ် ပြောင်းလဲသွားမည်ဖြစ်ရာ အောက်ပါတို့ကို ကြိုတင်ဆောင်ရွက်ရမည်။
- ကာကွယ်ဆေးထိုးခြင်း (Vaccination)
- ဘေလုံးမရှိလျှင် ကိုယ်ခံအား ကျဆင်းနိုင်သည့်အတွက် ခွဲစိတ်ခြင်းမပြုမီ (အကောင်းဆုံးမှာ ၂ ပတ်ကြို၍) သို့မဟုတ် ခွဲစိတ်ပြီးနောက်တွင် အဆုတ်ရောင် (Pneumonia)၊ ဦးနှောက်မြှေးရောင် (Meningitis) နှင့် တုပ်ကွေးမိခြင်းမှ ကာကွယ်ရန် ကာကွယ်ဆေးများ မဖြစ်မနေ ထိုးထားရမည်
- အကယ်၍ လူနာသည် ဘေလုံးကွဲ၍ အရေးပေါ် ခွဲစိပ်မှု ခံယူရပါက ခွဲစိပ်ကုသမှု ပြီးဆုံးချိန်တွင် ကာကွယ်ဆေးထိုးရမည်
- ပိုးသတ်ဆေး (Antibiotics)
- အချို့သော အခြေအနေများတွင် ခွဲစိတ်စဉ်နှင့် ခွဲစိတ်ပြီးနောက် ရောဂါပိုးဝင်ရောက်မှုကို ကြိုတင်ကာကွယ်ရန် ပိုးသတ်ဆေးများ သောက်သုံးရန် လိုအပ်နိုင်သည်
- စောင့်ကြည့်စစ်ဆေးခြင်း
- ခွဲစိတ်မှုအောင်မြင်စေရန်နှင့် နောက်ဆက်တွဲပြဿနာများ မရှိစေရန် အခါအားလျော်စွာ သွေးစစ်ခြင်းနှင့် လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ရမည်
ခွဲစိတ်မှုအတွက် ပြင်ဆင်ခြင်း
ခွဲစိတ်မှုမစတင်မီ ဆရာဝန်များမှ အောက်ပါတို့ကို စနစ်တကျ ပြင်ဆင်ဆောင်ရွက်မည်ဖြစ်သည်။
- အခြေခံစစ်ဆေးမှုများ
- လိုအပ်သော သွေးစစ်ဆေးမှုများ၊ ရင်ဘတ်ဓာတ်မှန် (Chest X-ray) နှင့် အာထရာဆောင်း (USG) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ခြင်းများ ပြုလုပ်မည်
- ဆေးဝါးရာဇဝင် မေးမြန်းခြင်း
- လက်ရှိသောက်သုံးနေသော ဆေးဝါးများ၊ ဓာတ်မတည့်သော ဆေးဝါးများရှိပါက သေချာစွာ ပြောပြရန် လိုအပ်သည်
- ရှင်းလင်းချက်နှင့် သဘောတူညီချက်
- ခွဲစိတ်မှုအမျိုးအစား၊ အသုံးပြုမည့် မေ့ဆေး သို့မဟုတ် ထုံဆေးများ၏ ကောင်းကျိုး၊ ဆိုးကျိုးနှင့် ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲ အန္တရာယ်များကို သေချာရှင်းပြပြီးနောက် ခွင့်ပြုချက် ရယူမည်
- လူနေမှုပုံစံ ပြုပြင်ခြင်း
- ခွဲစိတ်စဉ်နှင့် ခွဲစိတ်ပြီးနောက် နောက်ဆက်တွဲ ပြဿနာနည်းစေရန် ဆေးလိပ်ဖြတ်ရန် ညွှန်ကြားမည်
- ဆေးဝါးများ ထိန်းညှိခြင်း
- သွေးထွက်လွန်ခြင်းကို ကာကွယ်ရန်အတွက် သွေးကျဲဆေး သို့မဟုတ် သွေးမခဲဆေး စသည့်ဆေးဝါးများကို ခေတ္တရပ်ထားရန် သို့မဟုတ် ပမာဏလျှော့ရန် ညွှန်ကြားမည်
ခွဲစိတ်ကုသမှုအဆင့်ဆင့်
- မခွဲစိတ်မီ (Pre-operative)
ခွဲစိတ်ခန်းအတွင်းသို့ မဝင်ရောက်မီ အောက်ပါတို့ကို ပြုလုပ်မည်။- ဆေးရည်သွင်းခြင်း – လက်သွေးကြောမှတစ်ဆင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ဆေးရည်များနှင့် အာဟာရဓာတ်များကို ပေးသွင်းသည်
- မေ့ဆေးပေးခြင်း – လူနာသည် ခွဲစိတ်နေစဉ်တစ်လျှောက် သတိမေ့နေစေရန် မေ့ဆေးပေးမည်ဖြစ်သည်
- ပိုးဝင်ခြင်းမှ ကာကွယ်ခြင်း – အနာပိုးဝင်ခြင်းကို ကာကွယ်ရန်အတွက် သင့်တော်သော ပဋိဇီဝပိုးသတ်ဆေးများကို ကြိုတင်ထိုးပေးသည်
- ခွဲစိတ်စဉ် (Intra-operative)
- ကြာမြင့်ချိန် – ခွဲစိတ်မှုသည် လူနာ၏ အခြေအနေပေါ်မူတည်၍ ပုံမှန်အားဖြင့် တစ်နာရီ မှ သုံးနာရီအထိ ကြာမြင့်နိုင်သည်
- သွေးသွင်းခြင်း – သွေးထွက်လွန်နေသည့် အရေးပေါ်အခြေအနေများ သို့မဟုတ် လိုအပ်ချက်ရှိပါက သွေးသွင်းခြင်းကို ပြုလုပ်မည်
ခွဲစိတ်မှုအမျိုးအစားများ (Types of Surgery)
- သမာရိုးကျ ခွဲကြောင်းဖြင့် ခွဲစိတ်ခြင်း (Open Splenectomy)
- ဝမ်းဗိုက်တွင် ခွဲကြောင်းအကြီးတစ်ခုပေး၍ ဘေလုံးကို ထုတ်ယူခြင်းဖြစ်သည်
- ဘေလုံးသည် ပုံမှန်ထက် အလွန်အမင်း ကြီးနေသည့်အခါ သို့မဟုတ် အသက်အန္တရာယ်စိုးရိမ်ရသော အရေးပေါ်အခြေအနေများတွင် ဤနည်းလမ်းကို အသုံးပြုသည်
- မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Laparoscopic Splenectomy)
- ဝမ်းဗိုက်တွင် အပေါက်ငယ်လေးများသာ ဖောက်၍ ကင်မရာနှင့် ခွဲစိတ်ကိရိယာများအသုံးပြုကာ ဘေလုံးကို ထုတ်ယူခြင်းဖြစ်သည်
- ဒဏ်ရာသေးငယ်သည့်အတွက် နာကျင်မှုနည်းပါးပြီး နလန်ထချိန် မြန်၍ လူနာအား သက်သာစေသည်
- စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ခြင်း (Robotic-assisted surgery)
- စက်ရုပ်လက်တံများကို အသုံးပြု၍ ခွဲစိတ်ခြင်းဖြစ်ပြီး ပိုမိုတိကျသော လုပ်ဆောင်မှုများကို ပြုလုပ်နိုင်သည်
- ရလဒ်ကောင်းများ ရရှိစေသော်လည်း အခြားနည်းလမ်းများထက် ကုန်ကျစရိတ် ပိုမိုများပြားသည်
ခွဲစိတ်ပြီးနောက် (Post-operative)
- အနီးကပ်စောင့်ကြည့်ခြင်း
ခွဲစိတ်ပြီးချိန်တွင် သွေးခုန်နှုန်း၊ သွေးဖိအား၊ အသက်ရှူနှုန်းနှင့် သွေးတွင်းအောက်ဆီဂျင် ရာခိုင်နှုန်းများကို စိတ်ချရသည့်အထိ အထူးစောင့်ကြည့် တိုင်းတာမည်ဖြစ်သည် - ပြန်လည်နိုးထလာချိန်
- လူနာ မေ့ဆေးမှ ကောင်းစွာနိုးလာပါက အောက်ပါတို့ကို ဆောင်ရွက်မည်
- ဆေးဝါးကုသမှု – အနာသက်သာဆေးများနှင့် ပိုးသတ်ဆေးများကို လိုအပ်သည့်အတိုင်း ပေးထားမည်ဖြစ်သည်
- လူနာခန်းသို့ ပြောင်းရွှေ့ခြင်း – စောင့်ကြည့်မှုများ စိတ်ချရသည့်အခါမှ လူနာခန်းသို့ ပြန်ပို့ပေးပြီး အကိုက်အခဲပျောက်ဆေးများ၊ ဆေးရည်များနှင့် ပိုးသတ်ဆေးများကို ဆက်လက်ပေးသွင်းမည်
- လူနာ မေ့ဆေးမှ ကောင်းစွာနိုးလာပါက အောက်ပါတို့ကို ဆောင်ရွက်မည်
- အိမ်ပြန်ရန် ပြင်ဆင်ခြင်း
- ဆေးရုံမဆင်းမီ ခွဲစိတ်အနာကို ဂရုစိုက်ထိန်းသိမ်းသည့် နည်းလမ်းများကို သင်ကြားပေးမည်ဖြစ်ရာ စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်
နောက်ဆက်တွဲပြဿနာများ
ဘေလုံးထုတ်ခြင်း ခွဲစိတ်မှုတွင် အခြားသော ခွဲစိတ်မှုများကဲ့သို့ပင် အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်ခြေရှိသည်။
- မေ့ဆေး၏ ဘေးထွက်ဆိုးကျိုးများ – မေ့ဆေးကြောင့် ခေတ္တခဏ မူးဝေခြင်း၊ ပျို့အန်ခြင်းအပြင် အဆုတ်ရောင်ခြင်းကဲ့သို့သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်နိုင်ခြေရှိသည်
- သွေးထွက်ခြင်းနှင့် သွေးခဲခြင်း – ခွဲစိတ်စဉ် သို့မဟုတ် ခွဲစိတ်ပြီးနောက် သွေးထွက်ခြင်း သို့မဟုတ် သွေးကြောထဲတွင် သွေးခဲပိတ်ခြင်းများ ဖြစ်ပွါးနိုင်သည်
- ရောဂါပိုးဝင်ခြင်း – ဘေလုံးသည် ကိုယ်ခံအားစနစ်အတွက် အရေးပါသဖြင့် ၎င်းမရှိသည့်အခါ ဘက်တီးရီးယားပိုးများကို ခုခံနိုင်စွမ်း လျော့နည်းသွားတတ်သည်၊ Overwhelming Post-Splenectomy Infection (OPSI) ဟုခေါ်သော အသက်အန္တရာယ်စိုးရိမ်ရသည့် ပြင်းထန်ပိုးဝင်မှုမျိုး ကြုံတွေ့ရနိုင်ခြေရှိသည်
- အနီးနားရှိ ကိုယ်တွင်းအင်္ဂါများ ထိခိုက်ခြင်း – ခွဲစိတ်မှုပြုလုပ်စဉ် ဘေလုံးနှင့် နီးကပ်စွာတည်ရှိသော သရက်ရွက် (Pancreas) သို့မဟုတ် အစာအိမ်တို့ကို ထိခိုက်မိနိုင်ခြေ အနည်းငယ်ရှိသည်။
ခွဲစိတ်ပြီးလိုက်နာဆောင်ရွက်ရမည့်အချက်များ
ဘေလုံးမရှိဘဲ ကျန်းမာစွာ နေထိုင်နိုင်သော်လည်း ကိုယ်ခံအားစနစ် ပြောင်းလဲသွားသည့်အတွက် အောက်ပါတို့ကို အထူးဂရုစိုက်ရမည်။
- ခရီးသွားခြင်းနှင့် ငှက်ဖျားအန္တရာယ်
- အပူပိုင်းဒေသ သို့မဟုတ် ငှက်ဖျားရောဂါ (Malaria) ပေါများသော နေရာများသို့ ခရီးသွားပါက အထူးသတိထားရမည်
- ဘေလုံးမရှိသူများတွင် ငှက်ဖျားမိပါက ပိုမိုပြင်းထန်တတ်သောကြောင့် မသွားမီ ကြိုတင်ကာကွယ်ဆေးများ သောက်သုံးရန် လိုအပ်သည်
- တိရစ္ဆာန်ကိုက်ခံရခြင်း
- ခွေး သို့မဟုတ် ကြောင်ကိုက်ခံရပါက (အစင်းရာလေးပင်ဖြစ်စေ) Capnocytophaga canimorsus ကဲ့သို့သော ဘက်တီးရီးယားများကြောင့် ပိုးဝင်နိုင်ခြေ အလွန်မြင့်မားသည်၊ ထို့ကြောင့် ဆရာဝန်နှင့် ချက်ချင်းပြသ၍ ပိုးသတ်ဆေးသောက်ရမည်
- ကလေးများအတွက် အထူးဂရုပြုရန်
- ကလေးငယ်များတွင် ဘေလုံးထုတ်ထားပါက ပိုးဝင်ခြင်းကို ကာကွယ်ရန် နေ့စဉ်သောက်ရမည့် ပိုးသတ်ဆေး (ဥပမာ – Penicillin) ကို အသက် (၁၆) နှစ် သို့မဟုတ် တစ်သက်လုံး ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးရန် လိုအပ်နိုင်သည်
- အာဟာရနှင့် ကိုယ်ခံအား
- အစားအသောက် အထူးကန့်သတ်ချက်မရှိသော်လည်း ကိုယ်ခံအားကောင်းစေရန် လတ်ဆတ်သော အသီးအနှံ၊ ဟင်းသီးဟင်းရွက်နှင့် ပရိုတင်းဓာတ် ကြွယ်ဝသော အစားအစာများကို အလေးထားစားသုံးသင့်သည်
- ကျန်းမာရေးမှတ်တမ်း ဆောင်ထားခြင်း
- မိမိထိုးထားသော ကာကွယ်ဆေးမှတ်တမ်း (Vaccination Record) ကို အမြဲဆောင်ထားပါ
- အခြားကုသမှုများ
- သွားနှုတ်ခြင်း သို့မဟုတ် အခြားခွဲစိတ်မှုများ ပြုလုပ်ရမည်ဆိုပါက မိမိတွင် ဘေလုံးမရှိကြောင်း ကုသပေးမည့် ဆရာဝန်ကို ကြိုတင်အသိပေးရမည်
References:
- Cleveland Clinic. (n.d.). Splenectomy. Retrieved February 22, 2026, from https://my.clevelandclinic.org/health/procedures/14614-splenectomy
- Mayo Clinic. (n.d.). Splenectomy: About the procedure. Retrieved February 22, 2026, from https://www.mayoclinic.org/tests-procedures/splenectomy/about/pac-20395066
- Yi, S. L., & Buicko Lopez, J. L. (2025). Splenectomy. In StatPearls [Internet]. StatPearls Publishing. Retrieved February 22, 2026, from https://www.ncbi.nlm.nih.gov/books/NBK560824/
Published: 28 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.