Immune Thrombocytopenic Purpura (ITP) (ကိုယ်ခံအားမူမမှန်တုံ့ပြန်ခြင်းကြောင့်ဖြစ်သော သွေးဥမွှားနည်းရောဂါ)

Immune Thrombocytopenic Purpura (ITP) (ကိုယ်ခံအားမူမမှန်တုံ့ပြန်ခြင်းကြောင့်ဖြစ်သော သွေးဥမွှားနည်းရောဂါ)

ကိုယ်ခံအားမူမမှန်တုံ့ပြန်ခြင်းကြောင့်ဖြစ်သော သွေးဥမွှားနည်းရောဂါ (ITP) သည် ကိုယ်ခန္ဓာအတွင်းရှိ သွေးဥမွှားအရေအတွက်ကို လျော့နည်းစေသော သွေးရောဂါတစ်မျိုးဖြစ်သည်။ သွေးဥမွှားဆိုသည်မှာ သွေးထဲတွင် လှည့်ပတ်နေသော ခန္ဓာကိုယ်၏ သွေးကလပ်စည်းဆဲလ်တစ်မျိုးဖြစ်ပြီး သွေးထွက်သည့်နေရာများတွင် သွေးခဲဖြစ်ပေါ်စေခြင်းဖြင့် သွေးတိတ်အောင် ကူညီပေးသည်။ ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်မှုကြောင့် သွေးဥမွှားများမှားယွင်းစွာ ဖျက်ဆီးခံရပြီး သွေးဥမွှားများလျော့နည်းသွားသော အခြေအနေတွင်

  • သွေးခြည်ဥလွယ်ခြင်း
  • ထိခိုက်ဒဏ်ရာရပါက အလွန်အမင်း သွေးထွက်လွယ်ခြင်း
  • အကြောင်းရင်းမရှိဘဲ သွေးယိုစိမ့်ခြင်း စသည့်လက္ခဏာများဖြစ်ပေါ်တတ်သည်။

အချို့သော အခြေအနေများတွင် ITP ရောဂါသည် သူ့အလိုအလျောက် သို့မဟုတ် ကုသမှုခံယူပြီး လုံးဝပျောက်ကင်းနိုင်သည်။ သို့သော် တစ်ခါတစ်ရံ ရောဂါလက္ခဏာများကိုသာ ထိန်းသိမ်းကုသနိုင်ပြီး လုံးဝမပျောက်ကင်းဘဲ နာတာရှည် ITP အဖြစ် တစ်သက်လုံး ကုသမှုခံယူရန်လည်း လိုအပ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ယေဘုယျအားဖြင့် ITP ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းကို အတိအကျမသိရသော်လည်း ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ သွေးဥမွှားများကို မှားယွင်းစွာ တိုက်ခိုက်သည့် ပဋိပစ္စည်းများ ထွက်ရှိလာခြင်းကြောင့် ဖြစ်သည်ဟု ယူဆကြသည်။ ထိုသို့ဖြစ်ပေါ်ပါက ဘေလုံးမှ သွေးဥမွှားများကို ဖျက်ဆီးမိပြီး သွေးဥမွှားအရေအတွက် လျော့နည်းသွားစေသည်။ ဤကဲ့သို့ အကြောင်းရင်းမရှိဘဲ ဖြစ်ပေါ်သော ITP ကို “အကြောင်းရင်းမရှိ သွေးဥမွှားနည်းရောဂါ” (Primary ITP) ဟုခေါ်သည်။

ထို့အပြင် ITP သည် ကိုယ်ခံအားစနစ် မူမမှန်မှုကြောင့်သာမက အခြားသော ရှိရင်းစွဲရောဂါများ၏ နောက်ဆက်တွဲအနေဖြင့်လည်း ဖြစ်ပေါ်တတ်သည်။ အချို့သော ကိုယ်ခံအားမူမမှန်ရောဂါများ (ဥပမာ – SLE ရောဂါ)၊ သွေးကင်ဆာရောဂါများ၊ ရောဂါပိုးဝင်ခြင်း [ဥပမာ – အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ (HIV/AIDS)၊ အသည်းရောင်ရောဂါ၊ အစာအိမ်ရောင် ရောဂါပိုး (H.pylori infections)] သို့မဟုတ် ရေရှည်ဆေးဝါးသုံးစွဲခြင်းတို့ကြောင့်လည်း ITP ဖြစ်နိုင်သည်။ ဤသို့ အကြောင်းရင်းတစ်ခုခု ရှိပါက ၎င်းကို “အကြောင်းရင်းရှိ သွေးဥမွှားနည်းရောဂါ” (Secondary ITP) ဟု သတ်မှတ်သည်။

ITP ရောဂါကို ဖြစ်ပေါ်သည့် ကြာချိန်ပေါ်မူတည်၍ အမျိုးအစား (၂) မျိုး ခွဲခြားနိုင်သည်။

  1. လတ်တလော သွေးဥမွှားနည်းရောဂါ (Acute ITP)
    • ကလေးများတွင် အဖြစ်များသည်
    • အချို့သော ဗိုင်းရပ်စ်ပိုးဝင်ပြီးနောက် ရုတ်တရက် လက္ခဏာများ ပေါ်လာတတ်သည်
    • ရက်သတ္တပတ်အနည်းငယ်မှ (၆) လအတွင်း သက်သာပျောက်ကင်းပြီး သွေးဥမွှားအရေအတွက် ပုံမှန်ပြန်ဖြစ်တတ်သည်
    • အဖြစ်အများဆုံး ITP အမျိုးအစားဖြစ်ပြီး ရောဂါလက္ခဏာများ ပြန်ဖြစ်နိုင်ခြေနည်းသည်
  2. နာတာရှည် သွေးဥမွှားနည်းရောဂါ (Chronic ITP)
    • အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အမျိုးသမီးများတွင် ပိုအဖြစ်များသည်
    • ရောဂါလက္ခဏာများ အနည်းဆုံး (၆) လမှ နှစ်နှင့်ချီ၍ ကြာမြင့်နိုင်သည်
    • ပြန်လည်ဖြစ်ပွါးနိုင်ပြီး သွေးရောဂါအထူးကုဆရာဝန်နှင့် ပုံမှန်ပြသရန် လိုအပ်သည်
    • ကိုယ်ခံအားတုံ့ပြန်မှုများသော အက်စ်အယ်လ်အီးရောဂါ၊ ရူမတွိုက်အဆစ်ရောင်ရောဂါ ရှိသူများတွင် ပို၍အဖြစ်များသည်
    • ရှိရင်းစွဲရောဂါများရှိပါက ၎င်းတို့ကို ရှာဖွေကုသရန် လိုအပ်သည်
ရောဂါလက္ခဏာများ

ITP ရောဂါတွင် အဖြစ်များသော လက္ခဏာများမှာ_

  • အရေပြားတွင် သွေးခြည်ဥလွယ်ခြင်း
  • အရေပြားအောက်တွင် သွေးယိုစိမ့်သဖြင့် အနီစက်ငယ်များ (Petechiae) သို့မဟုတ် အနီအကွက်ကြီးများ (Purpura) ပေါ်ခြင်း
  • နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးမှ သွေးထွက်ခြင်း
  • ဆီး သို့မဟုတ် ဝမ်းတွင် သွေးပါခြင်း
  • အမျိုးသမီးများတွင် ရာသီသွေးဆင်းများခြင်း
  • အားနည်းခြင်း၊ မောပန်းလွယ်ခြင်းတို့ဖြစ်သည်။
ITP Image 1
နောက်ဆက်တွဲပြဿနာများ

အများအားဖြင့် နောက်ဆက်တွဲပြဿနာများ ရှားပါးသော်လည်း သွေးဥမွှားအရေအတွက် အလွန်နည်းပါးသောအခါ ဦးနှောက်အတွင်းသွေးယိုခြင်း (Intracranial hemorrhage) ကဲ့သို့ ပြင်းထန်သော နောက်ဆက်တွဲများ ဖြစ်နိုင်သည်။ ထိခိုက်ဒဏ်ရာရပါက ကြီးမားသောသွေးခြည်ဥခြင်းများ ဖြစ်လွယ်ခြင်း၊ သွေးထွက်လွန်ခြင်းများ ဖြစ်တတ်သည်။

ယေဘုယျအားဖြင့် လက္ခဏာများ၏ ပြင်းထန်မှုသည် သွေးဥမွှားအရေအတွက်နှင့် တိုက်ရိုက်သက်ဆိုင်သည်။ သို့သော် အချို့လူနာများတွင် သွေးဥမွှားနည်းသော်လည်း လက္ခဏာမပြဘဲ ရှိနေတတ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများဖြစ်ပေါ်ပါက မိမိ၏မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြသပြီး လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

အောက်ပါလက္ခဏာများ ဖြစ်ပေါ်ပါက အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သည်။

  • သွေးထွက်သည့်ပမာဏများခြင်းနှင့် သွေးမတိတ်ခြင်း
  • ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
  • အမြင်အာရုံပြောင်းလဲခြင်း
  • သတိလစ်ခြင်း သို့မဟုတ် တက်ခြင်း
  • ပြင်းထန်သော နှာခေါင်းသွေးလျှံခြင်း
ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ လိုအပ်သောရောဂါရာဇဝင်များဖြစ်သည့် လတ်တလော ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ သွေးခြည်ဥများနှင့် အခြားနေရာများတွင် သွေးထွက်ခြင်း၊ မိသားစုတွင် သွေးရောဂါဖြစ်ခြင်း စသည်တို့ ရှိမရှိကို မေးမြန်းခြင်းနှင့် အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းများကို ပြုလုပ်ပေးသည်။ ထို့နောက် သွေးစစ်ဆေးခြင်းများကို လိုအပ်သလို ဆက်လက်ပြုလုပ်ပေးမည်ဖြစ်သည်။

  • စီဘီစီ (Complete Blood Count) သွေးစစ်ဆေးခြင်း
    • သွေးဥမွှား လျော့နည်းမှုပမာဏကို အတိအကျ သိနိုင်သကဲ့သို့ အခြားသွေးဆဲလ်များဖြစ်သော သွေးနီဥနှင့် သွေးဖြူဥပမာဏများကိုပါ သိရှိနိုင်သည်
    • ကိုယ်ခန္ဓာအတွင်း ပုံမှန်သွေးဥမွှားအရေအတွက်သည် ၁၅၀,၀၀၀ မှ ၄၅၀,၀၀၀/မိုက်ကရိုလီတာ အတွင်းရှိသည်၊ ၁၅၀,၀၀၀ အောက် လျော့နည်းပါက သွေးဥမွှားလျော့နည်းခြင်းဟု သတ်မှတ်သည်၊ ပမာဏနည်းလေ အလိုအလျောက် သွေးထွက်နိုင်ခြေ မြင့်မားလေဖြစ်သည်
    • ထို့ပြင် အခြားသွေးရောဂါ၊ ကင်ဆာရောဂါနှင့် ရောဂါပိုးဝင်‌ရောက်ခြင်း ရှိမရှိကို သိရှိရန် စီဘီစီအပြင် အခြားသွေးစစ်ဆေးမှုများကိုလည်းတွဲ၍ ပြုလုပ်နိုင်သည်
  • ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း (Bone marrow examination)
    • သွေးကင်ဆာရောဂါဖြစ်နိုင်ခြေ ရှိမရှိ စစ်ဆေးရန်နှင့် သွေးဥမွှားလျော့နည်းသည့် အကြောင်းရင်းကို ရှာဖွေရန် တစ်ခါတစ်ရံ ရိုးတွင်းခြင်ဆီဖောက်၍ စစ်ဆေးရန်လိုသည်
  • ဆီး၊ ဝမ်းများ စစ်ဆေးခြင်း
    • ဆီးတွင်းသွေးပါခြင်း၊ ဝမ်းတွင်းသွေးပါခြင်းများကို စစ်ဆေးရန် ပြုလုပ်လေ့ရှိသည်
ကုသခြင်း

ကုသမှုနည်းလမ်းရွေးချယ်ရာတွင် လူနာ၏အသက်အရွယ်၊ ရောဂါအခြေအနေနှင့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို ထည့်သွင်းစဉ်းစားရမည်။

ကလေးငယ်များတွင် အဖြစ်များသော လတ်တလော ITP သည် များသောအားဖြင့် ပြင်းထန်ခြင်းမရှိဘဲ အလိုအလျောက် သက်သာပျောက်ကင်းနိုင်သည်။ အချို့ကလေးများတွင် ကုသမှုမလိုအပ်ဘဲ ပျောက်ကင်းသွားနိုင်သော်လည်း အချို့တွင် ကုသမှုခံယူရန် လိုနိုင်သည်။ သွေးရောဂါအထူးကုဆရာဝန်မှ ပုံမှန်စစ်ဆေးမှုများဖြင့် သွေးဥမွှားအရေအတွက်နှင့် သွေးထွက်နိုင်သည့် နောက်ဆက်တွဲအခြေအနေများကို စောင့်ကြည့်ရန်လည်း လိုအပ်သည်။ နာတာရှည် ITP လူနာများတွင်မူ ပုံမှန်သွေးစစ်ဆေးခြင်း၊ ဆရာဝန်နှင့် ပုံမှန်ရက်ချိန်းပြသခြင်းများအပြင် ဆေးဝါးများဖြင့် ကာလကြာရှည်စွာကုသရန် လိုအပ်တတ်သည်။

ကုသမှုနည်းလမ်းများ

သွေးဥမွှားအရေအတွက်နှင့် ရောဂါလက္ခဏာများပေါ်မူတည်၍ အောက်ပါကုသမှုများ လိုအပ်နိုင်သည်။

  1. စတီးရွိုက်ဆေးများ (Corticosteroids)
    • သွေးဥမွှားဖျက်ဆီးမှုကို လျော့နည်းစေပြီး (၂-၃) ပတ်အတွင်း သွေးဥမွှားအရေအတွက် တိုးစေနိုင်သည်
    • ဘေးထွက်ဆိုးကျိုးများ _ အစာအိမ်နာခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ သွေးတိုးခြင်း၊ ဝက်ခြံပေါက်ခြင်း စသည်တို့ဖြစ်နိုင်သည်
  2. Immunoglobulin (IVIG) and anti-D immune globulin (Anti-Rh antibody)
    • သွေးဥမွှားဖျက်ဆီးမှုကို ကာကွယ်ပေးသော ပဋိပစ္စည်းဆေးများဖြစ်သည်
    • သွေးဥမွှားများနှင့် ပေါင်းစပ်၍ ဘေလုံးမှ ဖျက်ဆီးခြင်းကို ကာကွယ်ပေးသည်
    • ပြင်းထန်သောလက္ခဏာများအတွက် အရေးပေါ်ကုသမှုအဖြစ် အသုံးပြုသည်
  3. သွေးဥမွှားပမာဏ တက်စေသော‌ဆေးများ
    • ရိုးတွင်းခြင်ဆီမှ သွေးဥမွှားထုတ်လုပ်မှုကို လှုံ့ဆော်ပေးသော ဆေးဝါးများဖြစ်သည်
    • ထိုဆေးဝါးများတွင် Romiplostim, Eltrombopag, Avatrombopag တို့ပါဝင်သည်
    • ထိုဆေးများသည် သွေးခဲများကို ပိုမိုဖြစ်စေနိုင်သည့် ဘေးထွက်ဆိုးကျိုးရှိသည်
  4. သွေးတိတ်ဆေးများ (Tranexamic Acid, Aminocaproic Acid)
    • သွေးခဲမှုကို တည်မြဲစေပြီး သွားဖုံးသွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်းနှင့် ရာသီသွေးဆင်းများခြင်းတို့ကို ထိန်းချုပ်ပေးသည်
    • ဆီးထဲသွေးပါသော အခြေအနေတွင် မသုံးရပါ
  5. ဇီဝဆေးများ (ဥပမာ – Rituximab)
    • သွေးဥမွှားများကို တိုက်ခိုက်သော ပဋိပစ္စည်းများကို လျော့နည်းစေသည်
    • လက်ရှိတွင် Fostamatinib ဆေးသည် အခြားဆေးဝါးများဖြင့် ကုသသော်လည်း မသက်သာသော နာတာရှည် သွေးဥမွှားနည်းလူနာများအတွက် အသုံးပြုနိုင်သည်ဟု ‌လေ့လာရသည်
  6. သွေးဥမွှားသွင်းခြင်း (Platelet transfusion)
    • ပြင်းထန်သွေးထွက်ခြင်း သို့မဟုတ် ခွဲစိတ်ကုသမှုများပြုလုပ်ခြင်း စသည့်အခြေအနေများတွင် အရေးပေါ်ကုသမှုအနေဖြင့် အသုံးပြုသည်
  7. ဘေလုံးဖြတ်ထုတ်ခြင်း (Splenectomy)
    • နာတာရှည် ITP ဖြစ်ပါက ဘေလုံးကို ခွဲစိတ်ဖြတ်ထုတ်ရနိုင်သည်

အကြောင်းရင်းရှိသော ITP (Secondary ITP) ဖြစ်ပါက မူလရောဂါကို ကုသရန် လိုအပ်သည်။

  • ဆေးဝါးများကြောင့်ဖြစ်ပါက သင့်လျော်သောဆေးဝါးများ ပြောင်းလဲပေး၍ကုသခြင်း
  • အခြားကိုယ်ခံအားမူမမှန် ရောဂါများကြောင့်ဖြစ်ပါက သက်ဆိုင်ရာကုသမှုခံယူခြင်း
  • ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပါက ဗိုင်းရပ်စ်ပိုးများကို ကုသပေးခြင်း
  • သွေးကင်ဆာရောဂါများကြောင့် ဖြစ်ပါက ကင်ဆာကုသမှုများခံယူခြင်း စသည်တို့ကို ပြုလုပ်သည်။
ကာကွယ်ခြင်း

ITP ရောဂါကို အထူးကာကွယ်နိုင်သော နည်းလမ်းမရှိသော်လည်း ITP ရောဂါဖြစ်နေသူများနှင့် မိသားစုဝင်များအနေဖြင့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိခြင်းဖြင့် နောက်ဆက်တွဲပြဿနာများ လျော့နည်းစေနိုင်သည်။

  1. လေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှားမှု
    • သွေးဥမွှားအရေအတွက် အလွန်နည်းသောအချိန်တွင် ဘောလုံးကန်ခြင်း၊ စကိတ်စီးခြင်းစသည့် ပြင်းထန်သော အားကစားမျိုး ရှောင်ကြဉ်ရန်
    • အားကစားလုပ်ပါက ဒူးအစွပ်၊ တံတောင်အစွပ်၊ ဦးထုပ် စသည့် ကာကွယ်ရေးပစ္စည်းများ အသုံးပြုရန်
    • လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ယောဂကျင့်ခြင်းကဲ့သို့ မပြင်းထန်သော လှုပ်ရှားမှုများ ပြုလုပ်နိုင်သည်
  2. ဆေးဝါးသုံးစွဲမှု
    • အက်စ်ပရင်နှင့် အိုင်ဗျူပရိုဖဲင် (Ibuprofen) ကဲ့သို့သော ဆေးများကို ရှောင်ကြဉ်ရန် (သွေးကျဲစေသောအာနိသင် ရှိသည့်အတွက်)
    • မည်သည့်ဆေးဝါးမဆို ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သုံးစွဲရန်
  3. ပညာပေးခြင်း
    • မိသားစုဝင်များ၊ ကျောင်းဆရာများအား ITP အကြောင်းနှင့် အရေးပေါ်သွေးထွက်လျှင် ကိုင်တွယ်နည်းများ သင်ကြားပေးရန်
    • လူနာအား သွေးထွက်လွယ်သည့် လက္ခဏာများ (ဥပမာ _ မူးဝေခြင်း၊ အရေပြားတွင် အနီစက်များပေါ်ခြင်း) ကို သိရှိအောင် ပညာပေးရန်
  4. နေ့စဉ်ဘဝတွင် ဂရုစိုက်ရန်
    • သွားတိုက်ရာတွင် နူးညံ့သော သွားပွတ်တံအသုံးပြုရန်
    • ပါးစပ်သန့်ရှင်းရေးလုပ်ရာတွင် သွေးမထွက်အောင် သတိထားရန်
    • ဝမ်းချုပ်ခြင်းမှ ကာကွယ်ရန် (ဥပမာ _ အသီးအနှံ၊ အမျှင်ဓာတ်များများစားခြင်း)
  5. အရေးပေါ်အခြေအနေအတွက် အကြံပြုချက်
    • ပြင်းထန်သော ဦးခေါင်းဒဏ်ရာရပါက သို့မဟုတ် သွေးအလွန်အမင်းထွက်ပါက ချက်ချင်းဆေးကုသမှု ခံယူရန်
    • သွေးဥမွှားအရေအတွက် ပုံမှန်စစ်ဆေးမှု ပြုလုပ်ရန်

References;

  1. Cleveland Clinic. (n.d.). Immune thrombocytopenia (ITP): Symptoms, diagnosis & treatment. Retrieved May 4, 2026, from https://my.clevelandclinic.org/health/diseases/5726-immune-thrombocytopenia
  2. Children’s Hospital of Philadelphia. (n.d.). Idiopathic thrombocytopenic purpura (ITP). Retrieved May 4, 2026, from https://www.chop.edu/conditions-diseases/idiopathic-thrombocytopenic-purpura-itp
  3. Johns Hopkins Medicine. (n.d.). Idiopathic thrombocytopenic purpura. Retrieved May 4, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/idiopathic-thrombocytopenic-purpura
  4. St. Jude Children’s Research Hospital. (n.d.). Immune thrombocytopenia (ITP). Together by St. Jude™. Retrieved May 4, 2026, from https://together.stjude.org/en-us/conditions/blood-disorders/immune-thrombocytopenia-itp.html
  5. ITP Support Association. (n.d.). ITP in children. Retrieved May 4, 2026, from https://itpsupport.org.uk/itp-in-children/
  6. Mayo Clinic. (n.d.). Immune thrombocytopenia (ITP) – Symptoms and causes. Retrieved May 4, 2026, from https://www.mayoclinic.org/diseases-conditions/idiopathic-thrombocytopenic-purpura/symptoms-causes/syc-20352325

Published: 3 June 2026

Share

26 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.