သားဥပြွန် ဖြတ်တောက်ဖယ်ရှားခြင်း (Salpingectomy) ဆိုသည်မှာ သားဥပြွန် (Fallopian tube) တစ်ခု သို့မဟုတ် နှစ်ခုလုံးကို ဖယ်ရှားသည့် ခွဲစိတ်မှုတစ်ခုဖြစ်သည်။ သားဥပြွန်သည် သားဥအိမ် (Ovary) နှင့် သားအိမ် (Uterus) ကို ဆက်သွယ်ထားသော ပြွန်ချောင်းလေးများဖြစ်ပြီး၊ မမျိုးဥများကို သားအိမ်ဆီသို့ ပို့ဆောင်ပေးသည်။ Salpingectomy သည် သားဥပြွန်၊ သားဥအိမ်တို့နှင့် သက်ဆိုင်သောရောဂါအချို့ကို ကာကွယ်ရန်၊ ကုသရန် ပြုလုပ်သော ခွဲစိတ်မှုမျိုးဖြစ်ပြီး၊ နာလန်ထမြန်စေရန်အတွက် မှန်ပြောင်းဖြင့်ခွဲစိတ်သောနည်း (Laparoscopic method) ဖြင့်လည်း ခွဲစိတ်နိုင်သည်။
ခွဲစိတ်မှုအမျိုးအစားများ
- သားဥပြွန်တစ်ဖက်တည်းကို ဖယ်ရှားခြင်း (Unilateral salpingectomy)
- သားဥပြွန်နှစ်ဖက်စလုံးကို ဖယ်ရှားခြင်း (Bilateral salpingectomy) တို့ဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အောက်ပါအခြေအနေများတွင် သားဥပြွန် ဖြတ်တောက်ဖယ်ရှားခြင်းကို ပြုလုပ်လေ့ရှိသည်။
- သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း (Ectopic pregnancy)
သန္ဓေသားသည် သားအိမ်အတွင်း၌ မတည်ဘဲ သားဥပြွန်အတွင်း တည်နေပါက ပြွန်ပေါက်ထွက်ကာ သွေးထွက်လွန်ပြီး အသက်အန္တရာယ် ဖြစ်စေနိုင်သည့်အတွက် ဖြတ်တောက်ဖယ်ရှားရခြင်းဖြစ်သည်။ - သားအိမ်၊ သားဥအိမ် သို့မဟုတ် သားဥပြွန်ကင်ဆာ ကုသခြင်းနှင့် ကာကွယ်ခြင်း
သားဥအိမ်နှင့် သားဥပြွန်ကင်ဆာ ရှိသူများကို ကုသရန်အတွက် ဖြတ်တောက်ခြင်းဖြစ်သည်။ သားဥအိမ်ကင်ဆာအများစုသည် သားဥပြွန်မှ စတင်လေ့ရှိကြောင်း လေ့လာမှုများအရ သိရှိရသဖြင့် ကင်ဆာဖြစ်နိုင်ခြေ မြင့်မားသူများ (ဥပမာ – BRCA မျိုးဗီဇ ရှိသူများ) တွင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပြုလုပ်သည်။ - သားဥပြွန်အတွင်း ပိုးဝင်ခြင်း (Infection)
သားဥပြွန်အတွင်း ပိုးဝင်ပြီး ပြည်တည်ခြင်းများ ဖြစ်ပေါ်ပါက ခွဲစိတ်၍ ဖြတ်တောက်ဖယ်ရှားရခြင်းဖြစ်သည်။ - သားဥပြွန်အတွင်းသို့ သားအိမ်အတွင်းသား နံရံအလွှာ ရောက်ရှိခြင်း (Endometriosis)
သားဥပြွန်အတွင်းရှိ Endometriosis ကို ကုသရန်အတွက် ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်။ - သားဥပြွန်ပိတ်ခြင်း သို့မဟုတ် ပျက်စီးခြင်း (Tubal blockage and Hydrosalpinx)
သားဥပြွန်အတွင်း အရည်များစုခြင်း၊ ပိတ်ဆို့ခြင်းနှင့် ပိုးဝင်ခြင်းတို့၏ နောက်ဆက်တွဲအဖြစ် မြုံခြင်းများ ဖြစ်စေသည့်အခါ ဖယ်ရှားရခြင်းဖြစ်သည်။ - ရာသက်ပန် သားဆက်ခြားခြင်း (Sterilization)
နောက်ထပ် ကိုယ်ဝန်မယူလိုသူများအတွက် ရာသက်ပန် သားဆက်ခြားရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။
ကြိုတင်သိထားရမည့်အချက်များ
ခွဲစိတ်မှုကြာချိန်
- မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Laparoscopic Surgery) – ခွဲစိတ်ဆရာဝန်၏ ကျွမ်းကျင်မှုအပေါ် မူတည်၍ ပျမ်းမျှ (၁) နာရီဝန်းကျင်ခန့် ကြာမြင့်နိုင်သည်
- ဝမ်းဗိုက်ဖွင့်၍ ခွဲစိတ်ခြင်း (Open Surgery) – ခွဲစိတ်ရသည့် အကြောင်းရင်း၊ ရောဂါအတိမ်အနက်နှင့် ခွဲစိတ်စဉ် ကြုံတွေ့ရသော အခြေအနေများအပေါ် မူတည်၍ ကြာမြင့်ချိန် ကွဲပြားနိုင်သည်
ခွဲစိတ်ပြီးနောက် ပြန်လည်နလန်ထခြင်း
- ပြန်လည်ကျန်းမာလာမည့်ကာလ
- မှန်ပြောင်းဖြင့် ခွဲစိတ်ပါက ခွဲစိတ်ပြီး ညနေပိုင်း သို့မဟုတ် နောက်တစ်ရက် မနက်တွင် အိမ်သို့ ပြန်နိုင်ပြီး ၂ ပတ်အတွင်း ပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်သည်
- ဝမ်းဗိုက်ဖွင့် ခွဲစိတ်ပါက ဆေးရုံတက်ရက် ပိုကြာနိုင်ပြီး ပုံမှန်အခြေအနေ ပြန်ရောက်ရန် ရက်သတ္တပတ် (၆) ပတ်ခန့် ကြာမြင့်နိုင်သည်
- နာကျင်မှု
- ခွဲစိတ်ထားသည့် နေရာတွင် ရက်အနည်းငယ်ခန့် နာကျင်မှု ခံစားရနိုင်သည်
- ဟော်မုန်းနှင့် ဓမ္မတာ
- သားဥပြွန်သည် ဟော်မုန်းထုတ်ပေးသော အင်္ဂါမဟုတ်သဖြင့် ခွဲစိတ်ပြီးနောက် သွေးဆုံးခြင်း မဖြစ်ပါ၊ ပုံမှန်အတိုင်း ရာသီလာမည်ဖြစ်သည်
- ကိုယ်ဝန်ရနိုင်ခြေ
- သားဥပြွန် နှစ်ဖက်စလုံး ဖယ်ရှားပြီးပါက သဘာဝအတိုင်း ကိုယ်ဝန်မရနိုင်တော့ပါ
- သို့သော် သားဥအိမ်နှင့်သားအိမ် ကျန်ရှိနေသေးပါက ဖန်ပြွန်သန္ဓေ (IVF) နည်းလမ်းဖြင့် ကိုယ်ဝန်ယူနိုင်ဆဲဖြစ်သည်
ခွဲစိတ်မှု၏ အကျိုးကျေးဇူးများ
- သားဥပြွန်တွင် ဖြစ်ပွားသော ရောဂါများကြောင့် နာကျင်သည့် ဝေဒနာများကို သက်သာစေသည်
- သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်သည်
- သားအိမ်ပြင်ပ သန္ဓေတည်ခြင်းကြောင့် ဖြစ်ပေါ်သော အသက်အန္တရာယ်မှ ကယ်တင်ပေးနိုင်သည်
ခွဲစိတ်ကုသပုံ အဆင့်ဆင့်
ခွဲစိတ်ကုသခြင်း မပြုလုပ်မီ ပြုလုပ်ရန် လိုအပ်သော အကြောင်းရင်းများကို သေချာစွာ စစ်ဆေးရမည်။ ခွဲစိတ်မှုခံယူမည့် အမျိုးသမီးအား ခွဲစိတ်မည့်ပုံစံ၊ ခွဲစိတ်မှု မပြုလုပ်မီနှင့် ပြုလုပ်ပြီးနောက် ကြုံတွေ့ရနိုင်သော နောက်ဆက်တွဲ အကျိုးဆက်များကို သေချာစွာ ရှင်းလင်းပြောကြားပြီး သဘောတူညီမှု ရယူထားရန် လိုအပ်သည်။ ဤခွဲစိတ်မှုကို အောက်ပါ နည်းလမ်းနှစ်မျိုးဖြင့် ပြုလုပ်နိုင်သည်။
- မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Laparoscopic salpingectomy)
- ဝမ်းဗိုက်တွင် သေးငယ်သော အပေါက်ငယ်လေးများ ဖောက်ကာ ကင်မရာပါသောမှန်ပြောင်းနှင့် ခွဲစိတ်ကိရိယာများပါသော မှန်ပြောင်းလက်တံများ ထည့်သွင်း၍ ခွဲစိတ်ခြင်းဖြစ်သည်
- ခွဲစိတ်ဒဏ်ရာ သေးငယ်သည့်အပြင် နာကျင်မှုနည်းကာ ပြန်လည်ကျန်းမာလာမှု မြန်ဆန်သည်
- ဝမ်းဗိုက်ဖွင့်၍ ခွဲစိတ်ခြင်း (Laparotomy – Open Surgery)
- ဝမ်းဗိုက်ဆီးခုံအထက်နားတွင် အလျားလိုက် ခွဲကြောင်းပေး၍ ခွဲစိတ်ခြင်းဖြစ်ပြီး၊ ဒဏ်ရာအနည်းငယ် ပို၍ကြီးသည်
- အရေးပေါ် အခြေအနေများ ဖြစ်သော သားဥပြွန်အတွင်း သန္ဓေတည်၍ ပေါက်ထွက်ခြင်းနှင့် သွေးထွက်လွန်ခြင်းများတွင် အဓိကပြုလုပ်သည်
- ဝမ်းဗိုက်ကိုဖွင့်၍ ခွဲစိတ်ခြင်းဖြစ်သောကြောင့် အတွင်းရှိ ကလီစာများကို သေချာစွာ စစ်ဆေးပြီး ကုသနိုင်သည်
ပြောင်းလဲတိုးတက်မှုများ
- Opportunistic Salpingectomy (အခွင့်အလမ်းကြုံကြိုက်ချိန် သားဥပြွန်ဖယ်ရှားခြင်း)
နောက်ဆုံးပေါ် လမ်းညွှန်ချက်များအရ အခြားသောဝမ်းဗိုက်ခွဲစိတ်မှုများ (ဥပမာ _ သားအိမ်ထုတ်ခြင်း သို့မဟုတ် သားဆက်ခြားခြင်း) ပြုလုပ်သည့်အခါတွင် သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချရန်အတွက် သားဥပြွန်ကိုပါ တစ်ပါတည်း ဖယ်ရှားသည့် နည်းလမ်းကို ပိုမိုတိုက်တွန်းလာကြသည်။ - Single-Port Laparoscopy (အပေါက်တစ်ပေါက်တည်းဖြင့် မှန်ပြောင်းခွဲစိတ်မှု)
ဝမ်းဗိုက်တွင် အပေါက်အမြောက်အမြား ဖောက်မည့်အစား ချက်အတွင်းမှ အပေါက်တစ်ပေါက်တည်းကိုသာ အသုံးပြု၍ ခွဲစိတ်ခြင်းဖြစ်ပြီး အမာရွတ် ထင်ကျန်မှုကို ပိုမိုလျှော့ချလာနိုင်သည်။ - Robotic-Assisted Salpingectomy (စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ခြင်း)
ပိုမိုတိကျသော ခွဲစိတ်မှုပြုလုပ်နိုင်ရန် စက်ရုပ်လက်တံများကို အသုံးပြု၍ ခွဲစိတ်သည့် နည်းပညာကို ရှုပ်ထွေးသော ခွဲစိတ်မှုများတွင် အသုံးပြုလာကြသည်။ - V-NOTES (Vaginal Natural Orifice Transluminal Endoscopic Surgery)
ဝမ်းဗိုက်တွင် ဒဏ်ရာလုံးဝမရှိစေဘဲ မိန်းမကိုယ် လမ်းကြောင်းမှတစ်ဆင့် မှန်ပြောင်းထည့်သွင်း၍ သားဥပြွန်ကို ဖယ်ရှားသည့် နောက်ဆုံးပေါ် နည်းပညာများလည်း တိုးတက်လာသည်။
နောက်ဆက်တွဲဆိုးကျိုးများ
- ခွဲစိတ်ထားသောအနာမှ သွေးထွက်ခြင်း
- ပိုးဝင်ခြင်း
- မေ့ဆေးနှင့် ဓာတ်မတည့်ခြင်း
- သားဥအိမ်နှင့် အနီးတဝိုက်ရှိ ဆက်စပ်အင်္ဂါများကို ထိခိုက်မိနိုင်ခြင်း
လိုက်နာဆောင်ရွက်ရမည့်အချက်များ
ခွဲစိတ်ကုသမှု ခံယူပြီးနောက်ပိုင်း ခန္ဓာကိုယ် ပြန်လည်ကျန်းမာလာစေရန်အတွက် အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာရမည်။
- လှုပ်ရှားမှုနှင့် အနားယူခြင်း – ခွဲစိတ်မှုအမျိုးအစားပေါ် မူတည်၍ ရက်သတ္တပတ် (၂)ပတ် မှ (၆)ပတ်အထိ လေးလံသော ပစ္စည်းများ မ ခြင်းနှင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများကို ရှောင်ကြဉ်ရမည်
- လိင်ဆက်ဆံခြင်း – ခွဲစိတ်ဒဏ်ရာများ အပြည့်အဝ ကျန်းမာလာစေရန်အတွက် သတ်မှတ်ထားသော ကာလအတွင်း လိင်ဆက်ဆံခြင်းကို ခေတ္တရှောင်ရန် လိုအပ်သည်
- ဒဏ်ရာစောင့်ရှောက်ခြင်း – ခွဲစိတ်ထားသော ဒဏ်ရာနေရာကို ခြောက်သွေ့သန့်ရှင်းအောင် ထားရှိရမည်
ချက်ချင်းပြသရန် လိုအပ်သော လက္ခဏာများ (Urgent Consultation)
အောက်ပါလက္ခဏာများထဲမှ တစ်ခုခု ခံစားရပါက ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း ပြသရမည်။
- ဒဏ်ရာ ပိုးဝင်သည့် လက္ခဏာများ – ခွဲစိတ်ထားသည့်နေရာသည် ပုံမှန်ထက် ပိုမိုနီရဲလာခြင်း၊ ရောင်ရမ်းနာကျင်လာခြင်း သို့မဟုတ် ပြည်ကဲ့သို့သော အရည်များ ထွက်လာခြင်း
- ဖျားခြင်းနှင့် ချမ်းတုန်ခြင်း – ကိုယ်အပူချိန် မြင့်တက်လာခြင်းနှင့်အတူ ချမ်းတုန်သည့်ဝေဒနာ ခံစားရခြင်း
- ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများ – ဆီးစပ်ကိုက်ခြင်း သို့မဟုတ် ဆီးသွားသည့်အခါ နာကျင်မှု ပြင်းထန်စွာ ခံစားရခြင်း
- ခြေထောက် နာကျင်ရောင်ရမ်းခြင်း – ခြေထောက်များ ရောင်ရမ်းနာကျင်လာခြင်း (၎င်းသည် သွေးကြောအတွင်း သွေးခဲပိတ်ခြင်း၏ လက္ခဏာ ဖြစ်နိုင်သည်)
- ပြင်းထန်စွာ ဗိုက်နာခြင်း – ဆေးသောက်သော်လည်း မသက်သာဘဲ ဝမ်းဗိုက်အတွင်း ပြင်းထန်စွာ နာကျင်လာခြင်း စသည့်လက္ခဏာများသည် ချက်ချင်းပြသရန် လိုအပ်သော အခြေအနေများဖြစ်သည်။
References:
- American College of Obstetricians and Gynecologists. (2019). Salpingectomy for ovarian cancer prevention (ACOG Committee Opinion No. 774). Obstetrics & Gynecology, 133(4), e279–e284.
- Cleveland Clinic. (n.d.). Salpingectomy. Retrieved January 24, 2026, from https://my.clevelandclinic.org/health/treatments/21879-salpingectomy
- Hanley, G. E., McAlpine, J. N., Miller, D., Huntsman, D. G., Schrader, K. A., Gilks, C. B., et al. (2022). A population-based analysis of the use of salpingectomy as a strategy to prevent ovarian cancer. The Oncologist, 27(1), e52–e60.
- Healthdirect Australia. (n.d.). Salpingectomy. Retrieved January 24, 2026, from https://www.healthdirect.gov.au/salpingectomy
- Leblanc, E., Narducci, F., Farre, I., Peyrat, J. P., Taieb, S., Adenis, C., et al. (2024). Laparoscopic bilateral salpingectomy as an alternative to tubal ligation in women with BRCA mutations: A feasibility study. Gynecologic Oncology, 170, 112–118.
- Muto, M. G. (2024). Opportunistic salpingectomy for ovarian cancer prevention. UpToDate. Retrieved January 25, 2026, from https://www.uptodate.com
- Wang, Y., Wang, J., Tan, S., et al. (2023). Single-port vs multi-port laparoscopic salpingectomy for ectopic pregnancy: A systematic review and meta-analysis. Frontiers in Surgery, 10, 1102543.
Published: 29 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.