Spirometry (ဝင်လေထွက်လေ တိုင်းတာစစ်ဆေးခြင်း)

Spirometry (ဝင်လေထွက်လေ တိုင်းတာစစ်ဆေးခြင်း)

ဝင်လေထွက်လေ တိုင်းတာစစ်ဆေးခြင်း (Spirometry) သည် အဆုတ်လုပ်ဆောင်ချက် (Lung Function) ကို စစ်ဆေးတိုင်းတာရန်အတွက် အသုံးပြုသည့် ရိုးရှင်းထိရောက်သော အသက်ရှူစမ်းသပ်စစ်ဆေးမှုတစ်ခုဖြစ်သည်။ Spirometry စစ်ဆေးမှု၏ အဓိကရည်ရွယ်ချက်မှာ အဆုတ်အတွင်း လေဝင်ရောက်နိုင်သည့် ပမာဏနှင့် အဆိုပါလေဝင်ရောက်မှုနှုန်းတို့ကို တိကျစွာ တိုင်းတာနိုင်ရန်ဖြစ်သည်။ ဤစစ်ဆေးမှုမှတစ်ဆင့် အဆုတ်၏ စွမ်းဆောင်ရည်နှင့် အသက်ရှူလမ်းကြောင်း အခြေအနေကို အကဲဖြတ်နိုင်သည်။

Spirometry သည် ဘေးအန္တရာယ်ကင်းသော စစ်ဆေးမှုဖြစ်ပြီး ပန်းနာရင်ကျပ် (Asthma)၊ နာတာရှည် လေပြွန်ကျဉ်း အဆုတ်ပွရောဂါ (COPD) အပါအဝင် အဆုတ်ရောဂါများကို ရှာဖွေစစ်ဆေးခြင်း၊ ရောဂါပြင်းထန်မှုကို အကဲဖြတ်ခြင်းနှင့် ကုသမှု၏ အောင်မြင်မှုကို စောင့်ကြည့်လေ့လာခြင်းတို့အတွက် အရေးပါသော စမ်းသပ်မှုတစ်ခုဖြစ်သည်။

ဝင်လေထွက်လေ တိုင်းတာစစ်ဆေးခြင်း (Spirometry) ပြုလုပ်ရာတွင် အသက်ရှူတိုင်းကိရိယာ (Spirometer) ကို အသုံးပြု၍ တိုင်းတာသည်။ အဆိုပါ အသက်ရှူတိုင်းကိရိယာတွင် ပါဝင်သော အစိတ်အပိုင်းများမှာ_

  • နှာခေါင်းညှပ် (Nose clip) _ နှာခေါင်းမှ လေများအပြင်သို့ မထွက်စေရန် ကာကွယ်ပေးသည်
  • ပါးစပ်ဖြင့်မှုတ်ရသောပြောင်းဝ (Mouthpiece) _ လူနာ အသက်ရှူသွင်း၊ ရှူထုတ်ရသည့်နေရာဖြစ်သည်
  • အသက်ရှူပြွန် (Breathing tube) _ ပြောင်းဝကို အသက်ရှူတိုင်းကိရိယာနှင့် ဆက်သွယ်ပေးသည်
  • လေစီးဆင်းမှု အာရုံခံကိရိယာ (Flow sensor) _ ရှူသွင်းသော‌လေ၏ လျင်မြန်စွာ ရွေ့လျားနိုင်မှုကို တိုင်းတာသည်
  • စစ်ထုတ်ကိရိယာ (Filter) _ အသုံးပြုသူများကို ‌ရောဂါပိုးမွှားများ ကူးစက်ခြင်းမှ ကာကွယ်သည်
  • မျက်နှာပြင် (Display) _ လေစီးဆင်းမှုနှုန်းနှင့် ပမာဏရလဒ်များကို ပြသပေးသော မျက်နှာပြင်ပါရှိသည်
  • အချက်အလက် သိုလှောင်သောနေရာ(Data Storage) _ ရလဒ်အဖြေများကို သိမ်းဆည်းပြီး ကွန်ပျူတာနှင့် ချိတ်ဆက်ပေးသည်
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

ဝင်လေထွက်လေ တိုင်းတာစစ်ဆေးခြင်း (Spirometry) ကို အသက်ရှူလမ်းကြောင်းဆိုင်ရာ အခြေအနေများတွင် ရောဂါရှာဖွေရန်နှင့် စောင့်ကြည့်စစ်ဆေးရန်အတွက် အသုံးပြုသည်။ အများအားဖြင့် ပြုလုပ်ရန် လိုအပ်သော အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ရောဂါရှာဖွေခြင်း
    • အဆုတ်လေပြွန်ပိတ်ဆို့မှု ရောဂါ (Obstructive lung disease) ဖြစ်နိုင်သည်ဟု သံသယရှိခြင်း
      • ပန်းနာရင်ကျပ်ရောဂါ (Asthma)
      • နာတာရှည်လေပြွန်ကျဉ်း အဆုတ်ပွရောဂါ (COPD)
      • နာတာရှည် လေပြွန်ရောင်ရမ်းခြင်း (Chronic bronchitis)
      • အဆုတ်လေအိတ်ဖောင်းပွခြင်း (Emphysema)
      • မွေးရာပါ အချွဲထွက်များသော ရောဂါ (Cystic fibrosis)
    • အဆုတ်ကျုံ့စေသော ရောဂါ (Restrictive lung disease) ဖြစ်နိုင်သည်ဟု သံသယရှိခြင်း
      • အဆုတ်‌ အမာရွတ်ဖြစ်သောရောဂါများ (Interstitial lung disease, Pulmonary fibrosis)
      • ရင်ဘတ်နှင့်ကျောရိုး ပုံမမှန်မှုများ
      • အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါများ
    • အကြောင်းရင်းမသိရသော အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများကို စစ်ဆေးခြင်း
      • နာတာရှည် ချောင်းဆိုးခြင်း
      • အသက်ရှူကျပ်ခြင်း၊ မောခြင်း
      • အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
    • လုပ်ငန်းခွင်တွင် အချို့ပစ္စည်းများနှင့် ထိတွေ့ပြီးနောက်ပိုင်း ရောဂါဖြစ်နိုင်မှုအခြေအနေကို စစ်ဆေးခြင်း (ဥပမာ _ ဖုန်မှုန့်များ၊ ဓာတုပစ္စည်းများ၊ အခိုးအငွေ့များ)
  2. ကုသမှုပေးပြီး စောင့်ကြည့်စစ်ဆေးခြင်း
    • ရောဂါ တိုးတက်ပြောင်းလဲမှုနှုန်းကို စောင့်ကြည့်စစ်ဆေးခြင်း (ဥပမာ _ နာတာရှည်လေပြွန်ကျဉ်း အဆုတ်ပွရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ)
    • ကုသမှု၏ တုံ့ပြန်မှုကို စောင့်ကြည့်ခြင်း (ဥပမာ _ လေပြွန်များကျယ်စေသည့် ရင်ကျပ်ရောဂါကု ရှူဆေးများ၊ စတီးရွိုက်ရှူဆေးများ အသုံးပြုပြီးနောက် တုံ့ပြန်မှုကို စောင့်ကြည့်ခြင်း)
  3. ခွဲစိတ်မှုမပြုမီ စစ်ဆေးခြင်း
    • ခွဲစိတ်မှုမပြုမီ အဆုတ်လုပ်ဆောင်ချက် စစ်ဆေးခြင်း (အထူးသဖြင့် ရင်ဘတ်၊ ဝမ်းဗိုက်အပေါ်ပိုင်း သို့မဟုတ် ကြီးမားသော ခွဲစိတ်မှုများ မပြုလုပ်မီ)
  4. ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း
    • အသက်ရှူလမ်းကြောင်းဆိုင်ရာ အန္တရာယ်ရှိသော အလုပ်များအတွက် အလုပ်မဝင်မီ စစ်ဆေးခြင်း
    • အာမခံ စစ်ဆေးခြင်း
    • အဆုတ်ကို အဆိပ်ဖြစ်စေသော ဆေးဝါးများ အသုံးမပြုမီ အခြေခံ အဆုတ်လုပ်ဆောင်ချက် စစ်ဆေးခြင်း
    • အသက် (၅၅) နှစ်အထက်ဖြစ်ပြီး ဆေးလိပ်သောက်ပါက (အဆုတ်ကင်ဆာစစ်ဆေးခြင်း၏ အစိတ်အပိုင်းအဖြစ် စစ်ဆေးခြင်း)
မပြုလုပ်သင့်သည့် အခြေအနေများ

ဝင်လေထွက်လေ တိုင်းတာစစ်ဆေးခြင်းသည် ယေဘုယျအားဖြင့် ဘေးကင်းသော်လည်း စစ်ဆေးနေစဉ်အတွင်း လေပြွန်နှင့် ရင်ခေါင်းအတွင်း၌ ဖိအားများ မြင့်မားစွာ ဖြစ်ပေါ်နိုင်သောကြောင့် အောက်ပါအခြေအနေများတွင် ပြုလုပ်ရန် မသင့်တော်ပါ။

  • (၆) ပတ်အတွင်း အဆုတ်အမြှေးပါးအတွင်း လေဝင်ခြင်း (Pneumothorax) ဖြစ်ထားသူများ
  • (၄) ပတ်အတွင်း နှလုံးသို့သွားသော သွေးစီးဆင်းမှု လျော့နည်းသဖြင့် ရင်ဘတ်အောင့်ခြင်း (Unstable angina) သို့မဟုတ် နှလုံးကြွက်သားပုပ်ခြင်း (myocardial infarction) ဖြစ်ထားသူများ
  • (၄၈) နာရီအတွင်း ချောင်းဆိုးသွေးပါထားသူများ
  • (၆) ပတ်အတွင်း ဝမ်းဗိုက်၊ ရင်ဘတ်၊ ဦးနှောက်၊ မျက်လုံး သို့မဟုတ် နား၊ နှာခေါင်း၊ လည်ချောင်းတွင် ခွဲစိတ်မှု ခံယူထားသူများ
  • ရင်ဘတ် သို့မဟုတ် ဝမ်းဗိုက်ရှိ သွေးလွှတ်ကြောမကြီးဖောင်းခြင်း ရောဂါရှိသူများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်ပွါးသူများ (ဥပမာ _ တီဘီရောဂါ သို့မဟုတ် တုပ်ကွေးရောဂါ)
  • အသက်ရှူတိုင်း ကိရိယာကို မှန်ကန်စွာ အသုံးမပြုနိုင်သူများ (ဥပမာ _ မတ်မတ်မထိုင်နိုင်ခြင်း၊ အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်း၊ မျက်နှာနာကျင်မှု ခံစားနေရခြင်း)
  • မျက်ကြည်လွှာ ကွာကျထားသူများ
  • ဦးနှောက်ဖိအားများသည့် လက္ခဏာရှိသူများ
  • သွေးတိုးရောဂါ အရေးပေါ်အခြေအနေ ဖြစ်နေသူများ
ကြိုတင်သိရှိထားရမည့်အချက်များ

ဝင်လေထွက်လေ တိုင်းတာစစ်ဆေးခြင်းကို လေ့ကျင့်သင်ကြားမှု ရရှိထားသော ကျွမ်းကျင်ပညာရှင်မှ ဆေးခန်း သို့မဟုတ် ဆေးရုံရှိ သတ်မှတ်ထားသော စမ်းသပ်ခန်းတွင် လုပ်ဆောင်သည်။ ထို့နောက် တိုင်းတာစစ်ဆေးမှု ရလဒ်များကို တွက်ချက်ရန် အရပ်နှင့် ကိုယ်အလေးချိန်ကို တိုင်းတာမည်။ ကျွမ်းကျင်ပညာရှင်မှ ဝင်လေထွက်လေ တိုင်းတာစစ်ဆေးခြင်း မပြုလုပ်မီ အောက်ပါတို့ကို ကြိုတင်ပြုလုပ်ရန် ရှင်းလင်းပြောပြမည်ဖြစ်သည်။ အဆိုပါ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်းဖြင့် ပိုမိုတိကျသောရလဒ်များကို ရရှိနိုင်သည်။

  • ရင်ကျပ်ရောဂါကု ရှူဆေးကိရိယာများ သုံးစွဲနေပါက ‌ခေတ္တခဏ အသုံးပြုမှု ရပ်ထားရန် လိုအပ်သောကြောင့် စစ်ဆေးမှု ပြုလုပ်မည့်ရက် မတိုင်မီ ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ရန် လိုအပ်သည်
  • စစ်ဆေးမှုမပြုလုပ်မီ (၂၄) နာရီအတွင်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း မပြုလုပ်ရပါ
  • စစ်ဆေးမှုမပြုလုပ်မီ အနည်းဆုံး (၂) နာရီအတွင်း အစာအများအပြား စားသောက်ခြင်းကို ရှောင်ကြဥ်ရမည်
  • စစ်ဆေးမှုမပြုလုပ်မီ အနည်းဆုံး (၃၀) မိနစ်အတွင်း ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်းများ ရှောင်ကြဥ်ရမည်
  • စစ်ဆေးမှုပြုလုပ်မည့်နေ့တွင် ချောင်ချိ၍ သက်သောင့်သက်သာရှိသော အဝတ်အစားများ ဝတ်ဆင်ရန်လိုသည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်

စစ်ဆေးမှုကြာမြင့်ချိန်သည် ယေဘုယျအားဖြင့် (၁၅)မိနစ် မှ (၃၀)မိနစ်ခန့် ကြာမြင့်နိုင်သည်။ ကျွမ်းကျင်သူမှ စမ်းသပ်စစ်ဆေးပုံ အဆင့်ဆင့်ကို ကြိုတင်၍ ရှင်းလင်းပြောပြမည်။ ၎င်းတို့မှာ_

  • နှာခေါင်းမှ လေများမထွက်စေရန် နှာခေါင်းပေါ်တွင် ပျော့‌ပျောင်းသော ညှပ်ကလစ်များကို ဦးစွာ တပ်ဆင်ပေးမည်
  • ထိုသို့ပြုလုပ်ခြင်းဖြင့် အသက်ရှူတိုင်းကိရိယာနှင့် ချိတ်ဆက်ထားသည့် ပါးစပ်ဖြင့်မှုတ်ရသော ပြောင်းဝမှတစ်ဆင့်သာ အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်စေရန်ဖြစ်သည်
  • ပါးစပ်ဖြင့်မှုတ်ရသော ပြောင်းဝကို နှုတ်ခမ်းဖြင့် တင်းကျပ်စွာ ပိတ်ငုံထားရန်လိုသည်
  • ထို့နောက် အသက်ကို ပြင်းပြင်းရှူသွင်းပြီးနောက် ထိုပြောင်းဝမှတစ်ဆင့် အမြန်ဆုံးနှင့် အားအပြင်းဆုံး မှုတ်ထုတ်ပေးရမည်
  • အသက်ရှူတိုင်းကိရိယာသည် အဆုတ်မှ မှုတ်ထုတ်လိုက်သော လေပမာဏနှင့် အဆုတ်ထဲသို့ ပြန်လည်ရှူသွင်းလိုက်သော လေပမာဏတို့ကို တိုင်းတာပေးသည်
  • ရလဒ်များ တိကျမှုရှိပြီး ထပ်တူညီမှုရှိစေရန်အတွက် အဆိုပါတိုင်းတာစစ်ဆေးမှုကို အနည်းဆုံး (၃) ကြိမ် ပြုလုပ်ပေးရမည်
  • ဝင်လေထွက်လေ တိုင်းတာစစ်ဆေးခြင်းသည် နာကျင်မှု မရှိသော စစ်ဆေးမှုဖြစ်သည်
  • စစ်ဆေးမှုပြုလုပ်နေစဥ် ပြင်းထန်စွာ ရှူသွင်းခြင်းနှင့် ရှူထုတ်ခြင်းများ ပြုလုပ်ရသည့်အတွက် ခေါင်းမူးခြင်း၊ မူးဝေခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းများ ခံစားရနိုင်ပြီး အသက်ရှူတိုင်းကိရိယာထဲသို့ လေကို အားစိုက်၍ မှုတ်သွင်းရခြင်းကြောင့် ချောင်းဆိုးနိုင်သည်၊ အဆိုပါ လက္ခဏာများသည် စစ်ဆေးမှု ပြီးဆုံးပြီး မကြာမီတွင် သက်သာသွားမည်၊ စစ်ဆေးနေစဉ်အတွင်း အနားယူရန် လိုအပ်ပါက ကျွမ်းကျင်ပညာရှင်ကို အသိပေးရန် လိုအပ်သည်
  • ဝင်လေထွက်လေ တိုင်းတာစစ်ဆေးခြင်း ပြုလုပ်ချိန်တွင် နှလုံးခုန်နှုန်းကို မြင့်တက်လာစေနိုင်သည်၊ ထို့ကြောင့် ရုတ်တရက် နှလုံးအမောဖောက်ခြင်း သို့မဟုတ် နှလုံးကို ထိခိုက်စေသည့် အခြားအခြေအနေများ ရှိခဲ့ပါက ဆရာဝန်ကို ကြိုတင်အသိပေးရန် အရေးကြီးသည်
ရင်ကျပ်ရောဂါကု ရှူဆေးများသုံးပြီး စစ်ဆေးခြင်း (Post-Bronchodilator Test)
  • လေပြွန်များကျယ်စေသည့် ရင်ကျပ်ရောဂါကု ရှူဆေးမပေးမီ အသက်ရှူတိုင်းကိရိယာဖြင့် တိုင်းတာစစ်ဆေးသည်
  • ထို့နောက် ရှူဆေးပေးပြီး (၁၅) မိနစ်စောင့်ဆိုင်းကာ စစ်ဆေးမှုကို ထပ်မံပြုလုပ်မည်
  • ရှူဆေး မရှူသွင်းမီနှင့် ရှူသွင်းပြီးနောက် ရရှိသော တိုင်းတာစစ်ဆေးမှု ရလဒ်များကို နှိုင်းယှဉ်ကြည့်ကာ အဆိုပါ‌ရှူဆေးသည် ကုသမှုတွင် တုံ့ပြန်မှု ရှိမရှိကို သိရှိရန်နှင့် အသုံးပြုရန် သင့်လျော်ခြင်း ရှိမရှိ ဆုံးဖြတ်သည်

စစ်ဆေးမှုပြီးဆုံးပါက ခေတ္တရပ်နားထားရန် ပြောခဲ့သော ရှူဆေးများကို ပြန်လည်အသုံးပြုနိုင်သည်။ ထို့ပြင် လေ့ကျင့်ခန်းအပါအဝင် နေ့စဥ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နိုင်သည်။ စစ်ဆေးမှုရလဒ်များကို ကျွမ်းကျင်ပညာရှင်မှ သက်ဆိုင်ရာဆရာဝန်အား ပေးပို့ပြီး ရလဒ်အဖြေကို ဆရာဝန်မှ ရှင်းလင်းပြောပြမည်။

အချို့သောအခြေအနေများတွင် Spirometry စစ်ဆေးမှု ပြုလုပ်ပြီးနောက် လိုအပ်ပါက အဆုတ်ပမာဏ (lung volume) နှင့် သွေးတွင်း အောက်ဆီဂျင်ပျံ့နှံ့မှုနှုန်း စသည့်တို့ကိုပါ ထပ်မံစစ်ဆေးရန် သက်ဆိုင်ရာဆရာဝန်မှ ညွှန်ကြားနိုင်သည်။

သိရှိနိုင်သောအဖြေများ

ဝင်လေထွက်လေ တိုင်းတာစစ်ဆေးခြင်း ရလဒ်အဖြေကို အသက်၊ ကျားမ၊ အရပ်အမြင့်နှင့် လူမျိုး စသည့်အချက်များအ‌ပေါ် အခြေခံ၍ တွက်ချက်သည်။ ထို့နောက် ကြိုတင်ခန့်မှန်း ရလဒ်အဖြေနှင့် နှိုင်းယှဥ်ပြီး ရာခိုင်နှုန်းဖြင့် ဖော်ပြလေ့ရှိသည်။ ဝင်လေထွက်လေ တိုင်းတာစစ်ဆေးခြင်းသည် အောက်‌ဖော်ပြပါ အခြေအနေ (၂) ခု၏ ရလဒ်ကို သိရှိနိုင်သည်။

  1. ပြင်းအားဖြင့် ရှူထုတ်နိုင်သော လေပမာဏ (Forced Vital Capacity – FVC)
    FVC သည် အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် အားသုံး၍ အပြင်းအထန် မှုတ်ထုတ်နိုင်သော လေ၏ အများဆုံးပမာဏဖြစ်သည်။
  2. ပြင်းအားဖြင့် တစ်စက္ကန့်အတွင်း ရှူထုတ်နိုင်သော လေပမာဏ (Forced expiratory volume – FEV1)
    FEV1 သည် တစ်စက္ကန့်အတွင်း မှုတ်ထုတ်နိုင်သော လေ၏ ပမာဏဖြစ်သည်။
    ထိုပမာဏသည် ပုံမှန်အားဖြင့် ကြိုတင်ခန့်မှန်း ရလဒ်အဖြေ၏ ၈၀% သို့မဟုတ် အထက်တွင်ရှိသည်။
    FVC နှင့် FEV1 ကို အချိုးချခြင်းဖြင့် ရောဂါအမျိုးအစား (၂) မျိုးကို ခွဲခြားနိုင်သည်။ ၎င်းတို့မှာ_
    • အဆုတ်လေပြွန်ပိတ်ဆို့မှု ရောဂါ (Obstructive lung disease)
      အဆုတ်ထဲရှိ လေပြွန်များ ကျဥ်းမြောင်း၍ ထိခိုက်ပျက်စီးသောကြောင့် အဆုတ်အတွင်းရှိ လေအားလုံးကို အပြင်သို့ ပြန်လည်ထုတ်ရန် ခက်ခဲသော အခြေအနေများကို ဆိုလိုသည် [ဥပမာ_ ပန်းနာရင်ကျပ်ရောဂါ (Asthma)၊ နာတာရှည်လေပြွန်ကျဉ်း အဆုတ်ပွရောဂါ (COPD)]။
    • အဆုတ်ကျုံ့စေသော ရောဂါ (Restrictive lung disease)
      sအသက်ရှူသွင်းချိန်တွင် အဆုတ်နှင့် ရင်ဘတ်ကြွက်သားများ ကောင်းမွန်လုံလောက်စွာ ပြန့်ကားခြင်း မလုပ်နိုင်သော အခြေအနေများကို ဆိုလိုသည် [ဥပမာ_ အဆုတ်‌ရောင်ရမ်းပြီး အမာရွတ်ဖြစ်သောရောဂါ (Interstitial lung disease)၊ အဆုတ် အမာရွတ်တက်ခြင်း (Pulmonary fibrosis)၊ အရေပြားထူ လေးဘက်နာရောဂါ (Systemic sclerosis)]
နောက်ဆက်တွဲဆိုးကျိုးများ

ဝင်လေထွက်လေ တိုင်းတာစစ်ဆေးခြင်းသည် လူအများစုအတွက် ဘေးကင်းသော စစ်ဆေးမှုတစ်ခုဖြစ်သည်။ သို့သော် ထိုသို့ စစ်ဆေးသောအခါ အသက်ရှူထုတ်ချိန်တွင် ဦးခေါင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် မျက်လုံးများအတွင်းရှိ ဖိအားကို မြင့်တက်စေသည်။ ထို့ကြောင့် စစ်ဆေးပြီးနောက် အချိန်အနည်းငယ် ခေါင်းမူးခြင်း၊ မူးမေ့လဲသကဲ့သို့ ခံစားရခြင်း၊ တုန်ရီခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် မောပန်းနွမ်းနယ်ခြင်းတို့ကို ခံစားရနိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Spirometry. Retrieved December 9, 2025, from https://my.clevelandclinic.org/health/diagnostics/17833-spirometry
  2. Health Service Executive (HSE). (n.d.). Spirometry. Retrieved December 9, 2025, from https://www2.hse.ie/conditions/spirometry/
  3. MedlinePlus. (n.d.). Lung function tests. Retrieved December 9, 2025, from https://medlineplus.gov/lab-tests/lung-function-tests/
  4. Mayo Clinic. (n.d.). Spirometry. Retrieved December 9, 2025, from https://www.mayoclinic.org/tests-procedures/spirometry/about/pac-20385201
  5. National Center for Biotechnology Information. (n.d.). Spirometry [in StatPearls]. Retrieved December 9, 2025, from https://www.ncbi.nlm.nih.gov/books/NBK560526/
  6. NHS. (n.d.). Spirometry. Retrieved December 9, 2025, from https://www.nhs.uk/tests-and-treatments/spirometry/

Published: 29 December 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

29 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
24-hour pH-Impedance test (၂၄ နာရီ အစာအိမ်အက်ဆစ်နှင့် အစာ‌ပြန်ဆန်တက်မှု စစ်ဆေးခြင်း)
Dec 25, 2025
Tests and Procedures

24-hour pH-Impedance test (၂၄ နာရီ အစာအိမ်အက်ဆစ်နှင့် အစာ‌ပြန်ဆန်တက်မှု စစ်ဆေးခြင်း)

ဤစစ်ဆေးခြင်းသည် စားချဥ်ပြန်ရောဂါနှင့် အစာရေမျိုပြွန်၊ အစာအိမ်ဆိုင်ရာ...

Holter monitor (နှလုံးခုန်နှုန်းနှင့် နရီစည်းချက် စောင့်ကြည့်စစ်ဆေးခြင်း)
Dec 24, 2025
Tests and Procedures

Holter monitor (နှလုံးခုန်နှုန်းနှင့် နရီစည်းချက် စောင့်ကြည့်စစ်ဆေးခြင်း)

နှလုံးခုန်နှုန်းနှင့် နရီစည်းချက်ကို (၂၄)နာရီ မှ (၄၈)နာရီကြာ...

Tympanoplasty (ပျက်စီးသွားသော နားစည်မြှေးအား အစားထိုးပြုပြင်ခြင်း)
Dec 3, 2025
Tests and Procedures

Tympanoplasty (ပျက်စီးသွားသော နားစည်မြှေးအား အစားထိုးပြုပြင်ခြင်း)

ပျက်စီးပေါက်ပြဲသွားသော နားစည်မြှေးကြောင့် အကြားအာရုံဆုံးရှုံးခြင်းအား...