လိပ်ခေါင်းရောဂါ (Piles) သည် စအိုဝ (anus)နှင့် အစာဟောင်းအိမ် (rectum) အောက်ပိုင်းတွင်ရှိသော သွေးပြန်ကြောလေးများ ဖောင်းလာခြင်းဖြစ်သည်။ အစာဟောင်းအိမ်အတွင်း ဖြစ်ပွါးပါက အတွင်းလိပ်ခေါင်းဖြစ်ပြီး၊ စအိုဝပတ်လည်ရှိ အရေပြားအောက်တွင် ဖြစ်ပွါးပါက အပြင်လိပ်ခေါင်းဖြစ်သည်။ စအိုဝ ယားယံခြင်း၊ နာကျင်ခြင်းနှင့် စအိုမှ သွေးထွက်ခြင်းကဲ့သို့ မသက်မသာဖြစ်စေသည့် ရောဂါလက္ခဏာများ ခံစားရနိုင်သည်။
လူနာအများစုသည် ခွဲစိတ်ကုသမှု ပြုလုပ်ရန် မလိုအပ်ဘဲ နေထိုင်မှုပုံစံ ပြောင်းလဲရုံဖြင့် လိပ်ခေါင်းရောဂါ သက်သာနိုင်သည်။
ရောဂါလက္ခဏာပြသော လိပ်ခေါင်းလူနာများအနက် ကုသမှုခံယူသူများ၏ (၁၀%) သာ ခွဲစိတ်ကုသရန် လိုအပ်လေ့ရှိသည်။ သို့သော် ရောဂါလက္ခဏာများ မကြာခဏ ပြန်ဖြစ်နေပါက သို့မဟုတ် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာပါက လိပ်ခေါင်း ခွဲစိတ်ဖြတ်ထုတ်ရသည်။ ခွဲစိတ်ပြီးပါက အနာကျက်ရန် အချိန်ယူရသော်လည်း ရေရှည်တွင် အပြီးတိုင် ရောဂါသက်သာပျောက်ကင်းသည်။
ခွဲစိတ်ကုသနည်းများ
လိပ်ခေါင်းခွဲစိတ်မှု နည်းလမ်းအမျိုးမျိုးရှိသည်။
- ခွဲစိတ်ဓား အသုံးပြု၍ လိပ်ခေါင်းခွဲစိတ်ခြင်း
- ပိုမိုခေတ်မီသော နည်းလမ်းဖြစ်သည့် လျှပ်စစ်အပူဓာတ်သုံး ခွဲစိတ်စက်ပစ္စည်း အသုံးပြု၍ လိပ်ခေါင်းခွဲစိတ်ခြင်း (ဥပမာ – Diathermy/ Ligasure စက်အသုံးပြု၍ ခွဲစိတ်ခြင်း)
ခွဲစိတ်ဒဏ်ရာအား ပိတ်ချုပ်ခြင်း ပြုမပြုအပေါ် မူတည်၍လည်း
- ခွဲစိတ်ဒဏ်ရာ အနာစွန်းများကို ပြန်ချုပ်သည့် နည်းလမ်း (Closed haemorrhoidectomy)
- ခွဲစိတ်ဒဏ်ရာအား အပွင့်ထား၍ အနာကျက်စေသည့် နည်းလမ်း (Open haemorrhoidectomy) ဟူ၍ ခွဲခြားနိုင်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အောက်ဖော်ပြပါ လိပ်ခေါင်းရောဂါအခြေအနေများတွင် ခွဲစိတ်ကုသရန် လိုအပ်သည်။
- အဆင့် (၃) လိပ်ခေါင်း – ဝမ်းညှစ်သည့်အချိန် စအိုဝအပြင်သို့ ထွက်လာပြီး လက်ဖြင့် တွန်းတင်မှ ပြန်ဝင်သွားသော လိပ်ခေါင်း
- အဆင့် (၄) လိပ်ခေါင်း – စအိုအတွင်း ပြန်မဝင်တော့သည့် လိပ်ခေါင်း
- သွေးခဲတည်နေသည့် လိပ်ခေါင်း (Thrombosed pile)
- အဆိုပါ လိပ်ခေါင်းသည် တစ်ခါတစ်ရံဖြစ်ပွါးတတ်ပြီး အသက်အန္တရာယ် မရှိတတ်သော်လည်း အလွန်အမင်းနာကျင်သောကြောင့် ယင်းသွေးခဲကို အရေးပေါ် ခွဲစိတ်ဖယ်ထုတ်ရန် လိုအပ်သည်။
- လိပ်ခေါင်းထွက်ပြီး ပြန်မဝင်ရာမှ လိပ်ခေါင်းအတွင်း သွေးစီးဆင်းမှု ပိတ်ဆို့ခြင်း (Strangulated haemorrhoid)
- သွေးထွက်နေသော လိပ်ခေါင်း
- အခြားကုသနည်းများဖြင့် မပျောက်ကင်းသော လိပ်ခေါင်း
- မကြာခဏ ရောဂါလက္ခဏာပြသော လိပ်ခေါင်း
ခွဲစိတ်ကုသရန် မသင့်လျော်သူများ
ခွဲစိတ်ရာမှ ပြင်းထန်သည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်ခြေများသော အောက်ဖော်ပြပါ ရောဂါအခြေအနေများတွင် ခွဲစိတ်ကုသမှု မပြုလုပ်သင့်ပါ။
- နာတာရှည် အူရောင်ရမ်းနာ ရောဂါများ (Inflammatory Bowel Disease)
- သွေးမတိတ်ရောဂါများ (Bleeding disorders) နှင့်
- အသည်းသို့ သွားသော သွေးပြန်ကြောအတွင်း သွေးဖိအားတက်ခြင်း (Portal hypertension) တို့ ပါဝင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
ကျန်းမာရေးရာဇဝင်စစ်ဆေးခြင်း
- အထက်ပါ နာတာရှည်ရောဂါများ (ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် အူရောင်ရမ်းနာ)နှင့် သွေးမတိတ်ရောဂါ ရှိပါက ကြိုတင်အသိပေးသင့်သည်
- ယခင်က ခွဲစိတ်ဖူးပါက နောက်ဆက်တွဲပြဿနာများ ရှိမရှိကို ပြောပြဆွေးနွေးသင့်သည်
ခွဲစိတ်မှုအကြောင်း ရှင်းပြခြင်းနှင့် သဘောတူညီချက် ရယူခြင်း
လိပ်ခေါင်းခွဲစိတ်ဖြတ်ထုတ်ရသည့် အခြေအနေ၊ အောင်မြင်နိုင်ခြေ၊ ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများ (ဥပမာ _ သွေးထွက်လွန်ခြင်း၊ ပိုးဝင်ခြင်း၊ မေ့ဆေးနှင့် ဓာတ်မတည့်ခြင်း၊ အနီးပတ်ဝန်းကျင် အစိတ်အပိုင်းများ ထိခိုက်ခြင်း)၊ ပြန်လည်နာလန်ထူမည့်ကာလ၊ ပုံမှန်လှုပ်ရှားနိုင်မည့်အချိန်စသည့် ဆရာဝန်မှ ရှင်းပြချက်များနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးသင့်သည်။
ခွဲစိတ်အနာမှ နာကျင်ခြင်း
ခွဲစိတ်မှုပြီးနောက် အနာကျက်ရန် (၂)ပတ် မှ (၈)ပတ်အထိ ကြာနိုင်သည်။ ခွဲစိတ်ပြီးနောက် ပထမဆုံး အကြိမ် မစင်စွန့်သည့်အခါတွင် နာကျင်မှု အများဆုံး ဖြစ်လေ့ရှိသည်။
ခွဲစိတ်မှုမတိုင်မီ ပြင်ဆင်ရန် လိုအပ်ချက်များ
- အချို့သောဆေးများကို ဆရာဝန် ညွှန်ကြားချက်အတိုင်း ကြိုတင်ရပ်ရန် လိုအပ်သည် [ဥပမာ _ အက်စ်ပရင်၊ အိုင်ဗျူပရိုဖဲင်၊ Warfarin ကဲ့သို့သော ဆေးများကို ခွဲစိတ်မှုမတိုင်မီ (၅) ရက်ခန့် ကြိုတင်ရပ်ထားရန် လိုအပ်သည်]
- ခွဲစိတ်မှုမပြုလုပ်မီ ဆရာဝန် ညွှန်ကြားချက်အတိုင်း နာရီပိုင်းမျှ အစာနှင့် အရည်များ ဖြတ်ထားရမည်
- ဝမ်းပျော့ဆေး သောက်သုံးခြင်း
- ခွဲစိတ်မှုမပြုလုပ်မီ (၃) ရက်အလိုတွင် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဝမ်းပျော့ဆေး (ဥပမာ- MOVICOL) စတင်သောက်သုံးရန် လိုအပ်နိုင်ပြီး ခွဲစိတ်ပြီးနောက်ပိုင်းတွင်လည်း ဆရာဝန် ညွှန်ကြားသည့်အတိုင်း ဆက်လက်သောက်သုံးရမည်ခွဲစိတ်ကုသပုံအဆင့်ဆင့်
- စအိုမှတစ်ဆင့် ဝမ်းချူခြင်း
- ခွဲစိတ်ရာတွင် စအိုနှင့် အစာဟောင်းအိမ်အတွင်း ဝမ်းများ ကင်းစင်နေစေရန်အတွက် ခွဲစိတ်ခါနီးအချိန်တွင် စအိုမှတစ်ဆင့် ဆေးရည်ထည့်သွင်းကာ ဝမ်းချူရတတ်သည်၊ ဝမ်းမချူရဘဲ ခွဲစိတ်မှု ပြုလုပ်ခြင်းများလည်းရှိသည်
- ခွဲစိတ်ရန် သဘောတူညီချက် ရယူခြင်း
- ခွဲစိတ်ကုသရသည့် အကြောင်းရင်းများ၊ အခြား ကုသနည်းများ၊ အသုံးပြုမည့် ခွဲစိတ်နည်းလမ်းနှင့် ကောင်းကျိုးဆိုးကျိုးများ၊ မေ့ဆေး၊ ထုံဆေးများ အကြောင်း စသည်တို့ကို သက်ဆိုင်ရာ ဆရာဝန်များမှ ရှင်းလင်းပြောပြမည်ဖြစ်သည်
- လူနာမှ မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းပြီးနောက် ခွဲစိတ်ရန် သဘောတူညီမှုအား လက်မှတ်ရေးထိုးရမည်ဖြစ်သည်
ခွဲစိတ်ကုသပုံအဆင့်ဆင့်
- မေ့ဆေး သို့မဟုတ် ခါးဆစ်ရိုးထုံဆေး ပေးခြင်း
ခွဲစိတ်နေစဥ် နာကျင်မှုဝေဒနာ မခံစားရစေရန် မေ့ဆေး၊ စိတ်ငြိမ်ဆေး သို့မဟုတ် ခါးဆစ်ရိုးထုံဆေးတို့ကို အသုံးပြုနိုင်သည်။ - လိပ်ခေါင်းတစ်ရှူးများအား ခွဲစိတ်ဖြတ်ထုတ်ခြင်း
လိပ်ခေါင်းတစ်ရှူးများကို ဖြတ်တောက်ကာ လိပ်ခေါင်းသို့ သွားသော သွေးကြောများကို ပိတ်ပေးမည်ဖြစ်သည်။ စအိုရှိ ဝမ်းထိန်းကြွက်သားများကို မထိခိုက်စေရန်၊ အနာမှ သွေးယိုစိမ့်မှု မရှိစေရန် ဂရုစိုက်ခွဲစိတ်ရသည်။
ခွဲစိတ်ပြီးနောက်
- ခွဲစိတ်မှု ပြီးဆုံးသည့်နေ့ သို့မဟုတ် တစ်ညအိပ်ပြီးနောက် အိမ်ပြန်နိုင်သည်၊ မေ့ဆေးအရှိန် ကျန်နေသေးသဖြင့် ကားမောင်းရန် အခြားသူတစ်ဦး လိုအပ်မည်
- နာကျင်မှု သက်သာစေခြင်း _ မေ့ဆေးပြယ်သည့်အခါ နာကျင်မှု စတင်လာနိုင်သဖြင့် နာကျင်မှု မခံစားရမီကတည်းက စောစီးစွာ အကိုက်အခဲပျောက်ဆေးများ စတင်သောက်သုံးရမည်
- နာလန်ပြန်ထချိန် _ ပျမ်းမျှအားဖြင့် (၂)ပတ် မှ (၄)ပတ်အတွင်း နာကျင်မှုများ ပျောက်ကင်းသည်၊ ပြင်းထန်သော အားကစား သို့မဟုတ် ကာယလုပ်သားများ သူများတွင် မူလလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် (၆)ပတ် မှ (၈)ပတ်အထိ ကြာနိုင်သည်
- အနာရောင်ရမ်းခြင်း _ ခွဲစိတ်ဒဏ်ရာမှ ရောင်ရမ်းခြင်းသည် ပုံမှန်ဖြစ်လေ့ရှိသည်၊ အရောင်ကျပြီး အနာကျက်ရန် (၆)ပတ် မှ (၈)ပတ်အထိ အချိန်ယူရသည်
နောက်ဆက်တွဲဆိုးကျိုးများ
ခွဲစိတ်မှုမှာ နောက်ဆက်တွဲဆိုးကျိုး ဖြစ်နိုင်ခြေ အလွန်နည်းပါးသော်လည်း ဖြစ်နိုင်ခြေရှိသော အန္တရာယ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။
လတ်တလောဖြစ်ပွားနိုင်သည့် ဆိုးကျိုးများ
- မေ့ဆေးနှင့် ဓာတ်မတည့်ခြင်း
- ခွဲစိတ်ဒဏ်ရာ ပိုးဝင်ခြင်း
- ပြင်းထန်စွာနာကျင်ခြင်း
- ခွဲစိတ်ဒဏ်ရာမှ သွေးအလွန်အကျွံထွက်ခြင်း (ခွဲစိတ်ခန်း ပြန်ဝင်၍ သွေးတိတ်အောင် ပြုလုပ်ရတတ်သည်)
- နာကျင်မှုကြောင့် ဆီးသွားရန် ခက်ခဲခြင်း (ခါးဆစ်ရိုးထုံဆေးပေးပြီးနောက် ဖြစ်လေ့ရှိသည်)
ရေရှည်ဖြစ်ပွားနိုင်သည့် ဆိုးကျိုးများ
- အနာကျက်နှေးခြင်း
- နာကျင်မှု ကြာရှည်ခြင်း
- မစင်စွန့်ရာတွင် နာကျင်မှုကြောင့် ဝမ်းချုပ်ခြင်း
- စအိုလမ်းကြောင်း ကျဉ်းမြောင်းခြင်း (Anal stenosis) – အမာရွတ် အလွန်အကျွံ ဖြစ်ပေါ်ခြင်းကြောင့် စအိုလမ်းကြောင်း ကျဉ်းမြောင်းလာတတ်သည်
- ဝမ်းမထိန်းနိုင်ခြင်း (Faecal incontinence) – ဝမ်းထိန်းကြွက်သား သို့မဟုတ် အာရုံကြောများ ထိခိုက်မှုကြောင့် မစင်ကို ထိန်းထားရန် ခက်ခဲခြင်း (ဝမ်းထိန်းကြွက်သားများ မထိခိုက်စေရန် ဂရုတစိုက် ခွဲစိတ်သောကြောင့် ဖြစ်ပွားနိုင်ခြေ အလွန်နည်းသည်)
လိုက်နာဆောင်ရွက်ရမည့်အချက်များ
- ခွဲစိတ်မှုမှ နာကျင်မှု လျှော့ချရန်နှင့် အနာကျက်မြန်စေရန်အတွက် အနာကို ကောင်းစွာ ဂရုစိုက်ရန် လိုအပ်သည်
- နာကျင်မှု သက်သာစေရန် ဆေးဝါးသုံးစွဲခြင်း
ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပါရာစီတမော (Paracetamol) နှင့် အိုင်ဗျူပရိုဖဲင် (Ibuprofen) ကဲ့သို့သော နာကျင်မှုသက်သာဆေးများကို ပုံမှန်သောက်ပါ။ နာကျင်မှု မခံစားရမီကတည်းက စောစီးစွာ စတင်သောက်သုံးပါ။ - ရေနွေးဇလုံထိုင်ခြင်း (Sitz Bath)
ရေကျက်သီးနွေးအား တင်ပါးမြုပ်ရုံ ဇလုံအတွင်းထည့်၍ စအိုဝ အနာနေရာ ထိအောင် တစ်နေ့လျှင် အကြိမ်အနည်းငယ် စိမ်ပါ။ ၎င်းသည် စအိုဝကြွက်သားတင်းမာမှု နှင့် နာကျင်မှု သက်သာစေကာ အနာကိုသန့်စေ၍ အနာကျက်မြန်စေသည်။ - ရေခဲကပ်ခြင်း
ရောင်ရမ်းမှု လျှော့ချရန်အတွက် တဘက်ပတ်ထားသော ရေခဲအိတ်ကို တစ်နေ့လျှင် အကြိမ်အနည်းငယ်၊ တစ်ကြိမ်လျှင် ၁၀ မိနစ်ခန့် ဒဏ်ရာပေါ် ကပ်နိုင်သည်။ - ဝမ်းချုပ်ခြင်းကို ကာကွယ်ခြင်း (အရေးကြီးဆုံးအချက်ဖြစ်သည်)
ဝမ်းချုပ်ခြင်း၊ ဝမ်းညှစ်ခြင်းအား ရှောင်ကြဉ်ခြင်းဖြင့် နာကျင်မှုကို လျှော့ချပြီး အနာကျက်မြန်စေသည်။ ဝမ်းပျော့ဆေး၊ ဝမ်းနုတ်ဆေးများ ဆရာဝန်ညွှန်ကြားသည့်အတိုင်း အတိုးအလျှော့ပြုလုပ်၍ ဆက်လက်သောက်သုံးပါ။ - အမျှင်ဓာတ်များသော အစားအစာများ (High-fiber diet)
သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်များကဲ့သို့သော အမျှင်ဓာတ်များသော အစားအစာများကို တဖြည်းဖြည်း ထပ်ပေါင်းထည့်ပါ။ အမျှင်ဓာတ်ဖြည့်စွက်စာများ စားသုံးနိုင်သည်။ - အနည်းဆုံး တစ်နေ့လျှင် ရေ (၂) လီတာခန့် အရည်များများ သောက်ပါ
- ဝမ်းမညှစ်ပါနှင့်၊ မစင်စွန့်သည့်အခါ အားမစိုက်ထုတ်ပါနှင့်၊ အိမ်သာပေါ်တွင် အချိန်ကြာကြာ ထိုင်ခြင်းကို ရှောင်ပါ (ဥပမာ _ အိမ်သာတက်ချိန် စာမဖတ်ပါနှင့်)
- အိမ်သာတက်နေစဥ် ခြေထောက်များကို မြှင့်တင်ရန် ခုံအသေး (step stool) သုံးနိုင်သည်
- အနာနေရာအတွက် နူးညံ့သော သုတ်ပဝါများ (baby wipes သို့မဟုတ် ဆေးပါသော pads) ကို အသုံးပြုနိုင်သည်၊ မစင်မစွန့်မီ ခွဲစိတ်အနာအား ထုံဆေး (lidocaine cream) လိမ်းပေးနိုင်သည်
- သွေးထွက်ခြင်းနှင့် အကျိအချွဲများ ထွက်ခြင်း _ ခွဲစိတ်ပြီးနောက် မစင်စွန့်သည့်အခါ အနည်းငယ် သွေးထွက်ခြင်း သို့မဟုတ် မန်းရည်နှင့် အကျိအချွဲများ (mucus discharge) ထွက်ခြင်းသည် တစ်လအထိ ပုံမှန်ဖြစ်နိုင်သည်၊ အဆိုပါ အရည်များကို စုပ်ယူရန်အတွက် အတွင်းခံဘောင်းဘီတွင် sanitary pad ထည့်၍ ဝတ်ဆင်နိုင်သည်
- အနားယူခြင်း
ပြင်းထန်သော လှုပ်ရှားမှုများကို (၂)ပတ် မှ (၃)ပတ်အထိ ရှောင်ကြဉ်ပါ။ ခွဲစိတ်ပြီးနောက် အနည်းဆုံး (၂၄) နာရီအတွင်း မေ့ဆေးအရှိန်ကြောင့် ကားမောင်းခြင်း၊ စက်ကိရိယာများ လုပ်ဆောင်ခြင်း သို့မဟုတ် အရက်သောက်ခြင်း မပြုလုပ်ပါနှင့်။
အောက်ဖော်ပြပါလက္ခဏာများ ခံစားရပါက အရေးပေါ်ဌာနသို့ ချက်ချင်း သွားရောက်ပြသပါ။
- ကိုယ်အပူချိန် ၃၈° C အထက် ရှိခြင်း သို့မဟုတ် ချမ်းတုန်ခြင်း၊ ချွေးထွက်ခြင်း
- သွေးအလွန်အကျွံ ထွက်ခြင်း သို့မဟုတ် သွေးခဲများ ပါလာခြင်း
- ပြင်းထန်စွာ နာကျင်ခြင်း၊ နာကျင်မှု လွန်ကဲခြင်း သို့မဟုတ် စအိုနာကျင်မှု ပိုဆိုးလာခြင်း
- ခွဲစိတ်ဒဏ်ရာ ပိုမို နီရဲလာခြင်း၊ ရောင်ရမ်းလာခြင်း
- ခွဲစိတ်ပြီး (၁၂) နာရီအတွင်း ဆီးမသွားနိုင်ခြင်း
- ဝမ်းသွားရခက်ခဲခြင်း
- ခွဲစိတ်ဒဏ်ရာမှ ပြည်ထွက်ခြင်း၊ စအိုဝမှ အရည်များ ပိုမိုထွက်လာခြင်း၊ အနံ့ဆိုးထွက်ခြင်း
References:
- Cleveland Clinic. (n.d.). Hemorrhoidectomy: Surgery, recovery & complications. Retrieved November 7, 2025, from https://my.clevelandclinic.org/health/procedures/hemorrhoidectomy
- Mayo Clinic Staff. (2023). Hemorrhoids: Diagnosis & treatment. Mayo Clinic. Retrieved November 7, 2025, from https://www.mayoclinic.org/diseases-conditions/hemorrhoids/diagnosis-treatment/drc-20360280
- Royal Devon University Healthcare NHS Foundation Trust. (2022). About removal of haemorrhoids (haemorrhoidectomy). Retrieved November 7, 2025, from https://www.royaldevon.nhs.uk/media/vjln4s3l/about_removal_of_haemorrhoids.pdf
- Willacy, H., & Vincent, P. (2024). Piles (haemorrhoids): Symptoms, causes and treatment. Patient.info. Retrieved November 7, 2025, from https://patient.info/digestive-health/rectal-bleeding-blood-in-faeces/piles-haemorrhoids
- Queensland Colorectal Centre. (2019). Haemorrhoids – post-operative patient information. Retrieved November 7, 2025, from https://qldcolorectal.com.au/site/wp-content/uploads/2019/07/Haemorrhoids-post-op.pdf
Published: 1 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
