Hepatobiliary Iminodiacetic Acid scan – HIDA Scan (သည်းခြေအိတ်နှင့် သည်းခြေပြွန်ဆိုင်ရာ ရောဂါများအတွက် ပုံရိပ်ဖော်စစ်ဆေးခြင်း)

Hepatobiliary Iminodiacetic Acid scan – HIDA Scan (သည်းခြေအိတ်နှင့် သည်းခြေပြွန်ဆိုင်ရာ ရောဂါများအတွက် ပုံရိပ်ဖော်စစ်ဆေးခြင်း)

HIDA scan (Hepatobiliary Iminodiacetic Acid scan) ဆိုသည်မှာ သည်းခြေအိတ်နှင့် သည်းခြေပြွန်များဆိုင်ရာ ပြဿနာများကို ရှာဖွေဖော်ထုတ်ရန် အသုံးပြုသည့် ပုံရိပ်ဖော် စစ်ဆေးနည်းတစ်ခုဖြစ်သည်။ HIDA scan သည် အသည်းမှ အူသိမ်ဆီသို့ သည်းခြေရည်စီးဆင်းမှုကို အတိအကျ ခြေရာခံနိုင်သောကြောင့် သည်းခြေအိတ်ရောင်ခြင်း၊ သည်းခြေပြွန်ပိတ်ခြင်းနှင့် သည်းခြေရည်ယိုစိမ့်မှုစသည့် ရောဂါအခြေအနေများကို ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူပြုသည်။ HIDA scan ကို cholescintigraphy သို့မဟုတ် hepatobiliary scintigraphy ဟူ၍လည်း ခေါ်ဆိုကြသည်။

HIDA scan လုပ်ဆောင်ရန် လက်မောင်းရှိ သွေးပြန်ကြောထဲသို့ ‌ရေဒီယိုသတ္တိကြွဒြပ်ပါသော ခြေရာခံပစ္စည်း (radioactive tracer) တစ်မျိုးကို ထိုးသွင်းရသည်။ ၎င်းခြေရာခံပစ္စည်းသည် သွေးကြောမှတစ်ဆင့် အသည်းဆီသို့ ရောက်ရှိပြီး သည်းခြေထုတ်လုပ်သည့်ဆဲလ်များမှ စုပ်ယူသည်။ ထို့နောက် ခြေရာခံပစ္စည်းသည် သည်းခြေရည်နှင့်အတူ သည်းခြေအိတ်ထဲသို့ ဝင်ရောက်ကာ သည်းခြေပြွန်များမှတစ်ဆင့် အူသိမ်ဆီသို့ စီးဆင်းသွားသည်။ ထို့နောက် ဂမ်မာကင်မရာ (gamma camera) ဟုခေါ်သော အဏုမြူရောင်ခြည်သုံး ပုံရိပ်ဖမ်းကင်မရာသည် အသည်းမှ သည်းခြေအိတ်နှင့် အူသိမ်ထဲသို့ ခြေရာခံပစ္စည်း စီးဆင်းမှုကို ခြေရာခံပြီး ၎င်းတို့ကို ကွန်ပျူတာပုံရိပ်များအဖြစ် ပြန်လည်ဖန်တီးပေးသည်။

အသည်း၊ သည်းခြေပြွန်နှင့် သည်းခြေအိတ်တို့၏ လုပ်ဆောင်ချက်များ

အသည်းသည် စားသုံးလိုက်သော အစားအစာများရှိ အဆီများကို ခန္ဓာကိုယ်မှ ဖြိုခွဲရာတွင် ကူညီပေးသည့် သည်းခြေရည် (Bile) ကို ထုတ်လုပ်သည်။ သည်းခြေပြွန်များ (Biliary ducts) သည် အသည်းမှသည်းခြေရည်ကို သည်းခြေအိတ်အတွင်း သိုလှောင်ထားရန် သယ်ပို့ပေးသည်။ သည်းခြေအိတ်သည် ဝမ်းဗိုက်၏ ညာဘက်အပေါ်ပိုင်း၊ အသည်း၏ အောက်ဘက်ကပ်လျက်တွင် တည်ရှိသော အိတ်ငယ်တစ်ခုဖြစ်သည်။ အစာစားသည့်အခါ သည်းခြေအိတ်သည် ကျုံ့ခြင်း၊ ဆန့်ခြင်း ပြုလုပ်ပြီး သိုလှောင်ထားသော သည်းခြေရည်ကို အဆီများ ဖြိုခွဲရာတွင် ကူညီရန် အူသိမ်ဦးပိုင်း (duodenum) ထဲသို့ သည်းခြေပြွန်များမှတစ်ဆင့် ထုတ်လွှတ်သည်။ ထိုလုပ်ငန်းစဉ်၏ တစ်နေရာရာတွင် ပုံမမှန်ခြင်းများ ဖြစ်ပေါ်ပါက သည်းခြေရည်များ အူသိမ်ဦးပိုင်းသို့ ပုံမှန်ရောက်ရှိခြင်းမရှိတော့ဘဲ သက်ဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်ပေါ်ခံစားရနိုင်သည်။ ထိုအခြေအနေများကို ရှာဖွေဖော်ထုတ်ရန် HIDA scan ကို အသုံးပြုသည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အောက်ပါအခြေအနေများကို ရှာဖွေဖော်ထုတ်ရန် HIDA scan ကို အသုံးပြုသည်။

  • ပြင်းထန်သော သည်းခြေအိတ်ရောင်ရမ်းခြင်း (Acute cholecystitis)
    ရုတ်တရက် ဖြစ်ပွါးတတ်ပြီး ညာဘက်အပေါ်ဝမ်းဗိုက်နေရာတွင် ပြင်းထန်သော နာကျင်မှုကို ခံစားရသည်။ အဖျားတက်ခြင်းကဲ့သို့ အခြားလက္ခဏာများနှင့်လည်း ဆက်စပ်တွေ့ရသည်။ ပြင်းထန်သော သည်းခြေအိတ်ရောင်ရမ်းသူများ၏ ၉၀% ခန့်တွင် သည်းခြေပြွန်ပိတ်ဆို့မှုကို ဖြစ်စေသော သည်းခြေကျောက်များ (gallstones) ရှိနေတတ်သည်။
  • နာတာရှည် သည်းခြေအိတ်ရောင်ရမ်းခြင်း (Chronic cholecystitis)
    သည်းခြေအိတ်တွင် ရောင်ရမ်းမှုနှင့် နာကျင်မှု ထပ်ခါတလဲလဲ ဖြစ်ပွါးသည့် အခြေအနေဖြစ်သည်။ နာကျင်မှုသည် ပြင်းထန်လေ့မရှိသော်လည်း မကြာခဏဖြစ်တတ်သည်။ အကြိမ်များစွာ ဖြစ်ပွါးခြင်းသည် များသောအားဖြင့် သည်းခြေပြွန်မကြီး၏ အဆက်ပြွန် (cystic duct) တွင် ရံဖန်ရံခါပိတ်ဆို့သော သည်းခြေကျောက်များကြောင့်ဖြစ်သည်။
  • Sphincter of Oddi လုပ်ဆောင်မှု ချို့ယွင်းခြင်း (Sphincter of Oddi dysfunction)
    သည်းခြေရည်နှင့် ပန်ကရိယအတွင်းရှိ အင်ဇိုင်းများ၏ စီးဆင်းမှုကို ထိန်းညှိပေးသော Sphincter of Oddi ကြွက်သားသည် ဖွင့်ရမည့်အချိန်တွင် မဖွင့်နိုင်ခြင်းကြောင့် အစာခြေရည်များ ပိတ်ဆို့မှုကို ဖြစ်စေသည်။ ထိုအခြေအနေတွင်လည်း ပြင်းထန်သော ဝမ်းဗိုက်နာကျင်မှုကို ဖြစ်စေနိုင်သည်။
  • မွေးရာပါ သည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးဘဲ ပိတ်နေခြင်း (Biliary atresia)
    မွေးကင်းစကလေးငယ်များတွင် တွေ့ရပြီး သည်းခြေပြွန်များ ကောင်းစွာဖွံ့ဖြိုးခြင်း မရှိခြင်းကြောင့် သည်းခြေရည်ကို အသည်းမှ အူသိမ်သို့ မစီးဆင်းနိုင်အောင် ပိတ်ဆို့ထားသည့် အခြေအနေဖြစ်သည်။ ဖြစ်ပွါးမှု ရှားပါးသော်လည်း မွေးကင်းစကလေး ရက်ရှည်အသားဝါခြင်းကို ဖြစ်စေပြီး ကလေးအသက် နှစ်လ မှ သုံးလအတွင်း ခွဲစိတ်၍ သည်းခြေရည်စီးဆင်းရန် လမ်းကြောင်းမလွှဲပါက ရာသက်ပန် အသည်းပျက်စီးမှုကို ဖြစ်စေနိုင်သည်။
  • သည်းခြေရည်ပြင်ပသို့ယိုစိမ့်မှု (Biliary leak)
    သည်းခြေရည်ကို အူသိမ်သို့ သယ်ယူပို့ဆောင်သည့် သည်းခြေပြွန်များမှ ပြင်ပသို့ သည်းခြေရည် ယိုစိမ့်ထွက်သည့် အခြေအနေဖြစ်သည်။ သည်းခြေရည်များ ယိုစိမ့်ထွက်သည့်အခါ ပတ်ဝန်းကျင်နေရာသည် နာကျင်စွာ ရောင်ရမ်းပြီး ပိုးဝင်နိုင်သည်။ ၎င်းသည် များသောအားဖြင့် သည်းခြေအိတ် ခွဲစိတ်ပြီးနောက် သို့မဟုတ် ထိခိုက်ဒဏ်ရာရပြီးနောက် သို့မဟုတ် အသည်းအစားထိုး ခွဲစိတ်ပြီးနောက် ဖြစ်ပွါးတတ်သည်။
  • သည်းခြေပြွန်အတွင်း ထည့်ထားသော သည်းခြေပြွန်ပိုက် (biliary stent) ၏လုပ်ဆောင်ချက်ကို စစ်ဆေးရန်
    သည်းခြေပြွန်ပိုက်ဆိုသည်မှာ သည်းခြေပြွန်များ ပိတ်ဆို့နေသည့် အခြေအနေများတွင် ပြွန်ကို ဖွင့်ထားပေးသည့် ပါးလွှာသော၊ အပေါက်ပါသော ပြွန်ချောင်းဖြစ်သည်။ သည်းခြေပြွန်၏ ရောဂါအခြေအနေတစ်ခုခုကြောင့် သည်းခြေပြွန်ပိုက်ထည့်ထားရပါကလည်း ပိုက်၏လုပ်ဆောင်ချက်များကို HIDA scan ဖြင့် စစ်ဆေးနိုင်သည်။
  • အသည်းအစားထိုးကုသမှု (Liver transplant) ခံယူအပြီး အသည်း၏ လုပ်ငန်းဆောင်တာများကို ပြန်လည်စစ်ဆေးရန်
  • သည်းခြေအိတ်မှ သည်းခြေရည်စွန့်ထုတ်သည့်နှုန်း (gallbladder ejection fraction) ကို တိုင်းတာရန်
ကြိုတင်သိရှိထားရမည့်အချက်များ

HIDA scan ကို ဓာတ်မှန်အထူးကုဆရာဝန် သို့မဟုတ် ဓာတ်မှန်ကျွမ်းကျင်သူမှ ရိုက်ကူးပေးမည်ဖြစ်ပြီး ခြေရာခံပစ္စည်း (radioactive tracer) ကို အသုံးပြု၍ ရိုက်ကူးသောကြောင့် လူနာမှ အထူးညွှန်ကြားချက်များကို လိုက်နာရန်အရေးကြီးသည်။ ရောဂါရှာဖွေရန် မွေးကင်းစကလေးအရွယ်မှစ၍ လူကြီးအရွယ်အထိ အသက်အရွယ်မရွေးကို ရိုက်ကူးနိုင်သည်။ သို့သော် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များတွင်မူ ဓာတ်ရောင်ခြည်ပါသောပစ္စည်းကြောင့် ကလေးအား ထိခိုက်နိုင်ခြေရှိသဖြင့် HIDA scan ရိုက်ကူးရန် မသင့်တော်ပါ။

HIDA scan ရိုက်ကူးရန် လိုအပ်ရသည့် အကြောင်းရင်းကို သက်ဆိုင်ရာဆရာဝန်မှ ရှင်းပြမည်ဖြစ်ပြီး သဘောတူညီမှု တောင်းခံမည်ဖြစ်သည်။ ထို့နောက် ဓာတ်မှန်ရိုက်ကူးမည့်နေ့အတွက် ရက်ချိန်းစီစဥ်ပေးမည်။ လူနာအနေဖြင့် မိမိသောက်လက်စ ဆေးဝါးများနှင့် ဓာတ်မတည့်သောဆေးဝါးများကို ဆရာဝန်ထံ ကြိုတင်အသိပေးထားရမည်။ သို့မှသာ ဆရာဝန်မှ ခေတ္တရပ်ရန် လိုသောဆေးဝါးများကို စနစ်တကျ ညွှန်ကြားနိုင်မည်ဖြစ်သည်။ အများအားဖြင့် ခေတ္တရပ်ရန် လိုအပ်သောဆေးအချို့မှာ_

  • Atropine
  • Benzodiazepines
  • Indomethacin
  • Nifedipine
  • OC pills
  • Octreotide
  • Theophylline
  • Opiates (ဥပမာ – Morphine, Codeine) ကို HIDA scan မပြုလုပ်မီ အနည်းဆုံးခြောက်နာရီ ကြိုတင်ရပ်ဆိုင်းထားရန် လိုအပ်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
HIDA scan မရိုက်ကူးမီ
  • HIDA scan မပြုလုပ်မီ အနည်းဆုံး လေးနာရီကြိုတင်၍ အစာရှောင်ထားရန်လိုအပ်သည်၊ ရေမှလွဲ၍ မည်သည့်အရာမှ မစားမသောက်ထားရန် အရေးကြီးသည်၊ ပို၍ အချိန်ကြာကြာ အစာရှောင်ရန် လိုအပ်ပါက ဆရာဝန်မှ အသိပေးထားလိမ့်မည်
  • မွေးကင်းစကလေးငယ်များတွင် သည်းခြေရည်ထုတ်လုပ်မှုကို အားပေးရန် Phenobarbital ‌ဆေးကို HIDA scan မပြုလုပ်မီ သုံးရက်မှ ငါးရက်အထိ ကြိုတင်ကုသမှု ခံယူထားရန် လိုအပ်နိုင်ပြီး၊ ကလေးအထူးကု ဆရာဝန်များ၏ ညွှန်ကြားချက်များအတိုင်း ဆေးကိုတိုက်ပေးရမည်
  • ရိုက်ကူးမည့်နေ့တွင် လက်ဝတ်ရတနာများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ဖြစ်နိုင်လျှင် အိမ်တွင်ထားခဲ့ပါ သို့မဟုတ် မရိုက်ကူးမီ ချွတ်ထားရန် လိုသည်
  • ထို့နောက် သတ်မှတ်ထားသောဝတ်စုံကို ပြောင်းလဲဝတ်ဆင်ရမည်
  • အကောင်းဆုံးပုံရိပ်များ ရရှိရန် ကိရိယာများကို ခန္ဓာကိုယ်နှင့် နီးကပ်စွာ ထားရှိရန် လိုအပ်သောကြောင့် ရိုက်ကူးမှု မစတင်မီ မိမိသည် ကျဉ်းမြောင်းသော နေရာများကို ကြောက်ရွံ့ပါက ဆရာဝန်ကို ကြိုတင်ပြောပြထားပါ
  • သို့ရာတွင် ဂမ်မာကင်မရာစက်သည် ပိတ်ထားသော ပြွန်မဟုတ်ဘဲ ဘေးနှစ်ဖက်စလုံးတွင် ပွင့်နေသည့်အပြင် စက်ကို ဝမ်းဗိုက်ပေါ်၌သာ ထားရှိလေ့ရှိပြီး မျက်နှာကို ဖုံးအုပ်ထားခြင်း မရှိသောကြောင့် အလွန်စိုးရိမ်ရန်မလိုပါ
HIDA scan ရိုက်ကူးစဥ်
  • HIDA scan ရိုက်ကူးရန် လူကြီးများအတွက် အများအားဖြင့် မေ့ဆေး၊ ထုံဆေးများ အသုံးပြုရန်မလိုပါ
  • မွေးကင်းစကလေးများအပါအဝင် ကလေးငယ်များတွင်မူ ခေတ္တငြိမ်စေရန် အိပ်ဆေးအနည်းငယ် အသုံးပြုရန် လိုအပ်နိုင်သည်
  • ရှေးဦးစွာ ဓာတ်မှန်ရိုက်ကူးမည့် ကုတင်ပေါ်တွင် လူနာကို ပက်လက်အနေအထားဖြင့် လဲလျောင်းစေမည်
  • ထို့နောက် ဓာတ်မှန်ကျွမ်းကျင်ပညာရှင်မှ ခြေရာခံပစ္စည်း (radiotracer) ကို လူနာ၏လက်တွင်ရှိသော သွေးကြောသွင်းပိုက် (IV catheter) မှတစ်ဆင့် ထိုးပေးလိမ့်မည်
  • ထို့နောက် ပုံရိပ်ဖော်၍ ဖတ်မည့် ဂမ်မာကင်မရာကို လူနာ၏ ဝမ်းဗိုက်ပေါ်သို့ နီးကပ်စွာ ထားရှိလိမ့်မည်၊ ကင်မရာသည် ပုံအများအပြားကို ရိုက်ယူမည်ဖြစ်ပြီး လူနာ၏ပတ်လည်တွင် လှည့်ပတ်နေနိုင်သည်၊ ကင်မရာမှ ရိုက်ကူးနေစဉ် လူနာသည် အလွန်ငြိမ်သက်စွာ နေပေးရန် အရေးကြီးသည်။ သို့မှသာ အရည်အသွေး အကောင်းဆုံးပုံရိပ်များ ရရှိမည်ဖြစ်သည်
  • ပုံများ ရိုက်ယူနေစဉ်ကြားတွင် လူနာတွင် အနေအထားပြောင်းရန် လိုအပ်နိုင်သဖြင့် ဓာတ်မှန်ကျွမ်းကျင်ပညာရှင်မှ ညွှန်ကြားသည့်အတိုင်း ပြောင်းပေးရမည်
  • အစောပိုင်း ပုံရိပ်များ ရိုက်ကူးပြီးစီးပါက သည်းခြေအိတ်မှ ခြေရာခံပစ္စည်း (radiotracer) ကို ညှစ်ထုတ်စေရန် Sincalide (CCK) ဆိုသည့်ဆေးဝါးကို ဓာတ်မှန်ကျွမ်းကျင်ပညာရှင်မှ သွေးကြောပိုက်မှတစ်ဆင့် ထပ်မံထိုးပေးမည်၊ ထိုဆေးသည် ဝမ်းဗိုက်အတွင်း ကြွက်တက်သကဲ့သို့ နာကျင်ခြင်း (Cramping) ကို ဖြစ်စေနိုင်သည်၊ သည်းခြေအိတ်မှ ညှစ်ထုတ်နေစဉ်အတွင်းလည်း ဂမ်မာကင်မရာမှ ပုံရိပ်များ ထပ်မံရိုက်ယူနေလိမ့်မည်
  • ဓာတ်မှန်ကျွမ်းကျင်ပညာရှင်မှ ပြည့်စုံကောင်းမွန်သောပုံများကို ရိုက်ယူခြင်းသည် (၄) နာရီခန့်အထိ ကြာမြင့်နိုင်သည်
  • HIDA scan ရိုက်ကူးခြင်းသည် အများအားဖြင့် နာကျင်မှုမရှိပါ၊ သွေးကြောပိုက်မှတစ်ဆင့် ခြေရာခံပစ္စည်းကို ထည့်သွင်းချိန်တွင် စူးရှသော နာကျင်မှုအနည်းငယ်ကို ခံစားရနိုင်သည်
  • သို့သော် သည်းခြေအိတ်မှ သည်းခြေရည်ကို ညှစ်ထုတ်သည့်အချိန်တွင် သည်းခြေအိတ်ရောင်ခြင်းနှင့် Sphincter of Oddi လုပ်ဆောင်မှု ချို့ယွင်းခြင်း စသည့်အကြောင်းရင်းခံများ ရှိနေပါက ပြင်းထန်သော နာကျင်မှုကို ခံစားရစေနိုင်သည်
  • ထို့ပြင် အနာသက်သာစေသော အချို့ဆေးဝါးများသည် သည်းခြေစနစ်၏ လုပ်ဆောင်မှုကို ပြောင်းလဲစေပြီး စစ်ဆေးမှုကို အနှောင့်အယှက် ဖြစ်စေနိုင်သောကြောင့် နာကျင်မှုကို သက်သာစေရန် အကိုက်အခဲပျောက်ဆေးများ သောက်သုံးနိုင်မည်မဟုတ်ပေ
  • HIDA scan ရိုက်ကူးချိန်သည် ပုံမှန်အားဖြင့် (၁ – ၄) နာရီခန့် ကြာလေ့ရှိသည်၊ သို့သော် အချို့အခြေအနေများတွင် ပထမအကြိမ် ရိုက်ကူးပြီး (၂၄) နာရီအကြာတွင် ထပ်မံရိုက်ကူးရန် လိုအပ်နိုင်သည်။
HIDA scan ရိုက်ကူးပြီးနောက်
  • HIDA scan ရိုက်ကူးပြီးနောက် အိမ်သို့ချက်ချင်းပြန်နိုင်သည်၊ နေ့စဥ်လုပ်ငန်းဆောင်တာများကိုလည်း ဆက်လက်ဆောင်ရွက်နိုင်သည်
  • ဓာတ်မှန်ရိုက်ကူးပြီးနောက် ၂၄ နာရီ အတွင်း အရည် သို့မဟုတ် ရေများများ သောက်ပေးပါ၊ ခြေရာခံပစ္စည်းကို ခန္ဓာကိုယ်မှ ဖယ်ရှားရာတွင် အကူအညီဖြစ်စေပြီး ခြေရာခံပစ္စည်း အများစုသည် တစ်ရက်နှစ်ရက်အတွင်း ဆီး သို့မဟုတ် ဝမ်းမှတစ်ဆင့် ခန္ဓာကိုယ်မှ ထွက်သွားမည်ဖြစ်သည်
  • အိမ်သာ အသုံးပြုပြီးနောက် ချက်ချင်း ရေဆွဲချပါ၊ လက်များကို ဆပ်ပြာနှင့် ရေဖြင့် သေချာစွာ ဆေးကြောပါ၊ ခြေရာခံပစ္စည်း၏ ဓာတ်ရောင်ခြည်ပမာဏသည် အလွန်နည်းပါးသောကြောင့် ဓာတ်မှန်ရိုက်ကူးမှုကြောင့် ပတ်ဝန်းကျင်ရှိ လူများအတွက် အန္တရာယ်မရှိပါ
  • နို့တိုက်မိခင်များအနေဖြင့် HIDA scan ရိုက်ကူးရန် မဖြစ်မနေလိုအပ်ပါက ရိုက်ကူးပြီးနောက် (၂၄) နာရီအတွင်း ထွက်ရှိသော၊ ညှစ်ထုတ်ထားသော နို့ကို စွန့်ပစ်ရန် လိုအပ်သည်၊ နို့ရည်ထဲတွင် ခြေရာခံပစ္စည်းမှ ဓာတ်ရောင်ခြည် ပါဝင်နိုင်ပြီး ကလေးကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်၊ ထို့ကြောင့် HIDA scan မပြုလုပ်မီ နို့ရည်ကို ကြိုတင်၍ ပိုမိုညှစ်ထုတ်ပြီး လုံခြုံစွာ သိုလှောင်ထားပြီး ကလေးအားတိုက်နိုင်သည်၊ သို့မဟုတ် စကန်အပြီး တစ်ရက်တာအတွက် နို့မှုန့်အစားထိုးတိုက်ခြင်းစသည့် အခြားအစီအစဉ်များ ပြုလုပ်ထားရမည်
နောက်ဆက်တွဲဆိုးကျိုးများ

HIDA scan သည် နောက်ဆက်တွဲဆိုးကျိုးများ အလွန်နည်းပါးသောကြောင့် လွယ်ကူလျင်မြန်စွာ စစ်ဆေးနိုင်သည်။ ဖြစ်နိုင်ခြေများသော ဆိုးကျိုးအချို့မှာ_

  • အသုံးပြုသော ခြေရာခံပစ္စည်းတွင်ပါရှိသည့် ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဓာတ်မတည့်မှု ဖြစ်နိုင်ခြင်း (Possible allergic reaction) (အလွန်ရှားသောဖြစ်စဥ်ဖြစ်သည်)
  • ခြေရာခံပစ္စည်း ဆေးသွင်းသည့်နေရာတွင် အညိုအမဲစွဲခြင်း (Bruising)
  • ဓာတ်ရောင်ခြည် ထိတွေ့မှု အနည်းငယ်ရှိနိုင်ခြင်း (Small radiation exposure) (အန္တရာယ်မဖြစ်စေသော ပမာဏဖြစ်သောကြောင့် စိုးရိမ်ရန် မလိုပါ)
သိရှိနိုင်သောအဖြေများ

ဓာတ်မှန်အထူးကုဆရာဝန်များမှ ပုံရိပ်များကို သေချာစွာဖတ်ရှုစစ်ဆေးပြီး ရှာဖွေတွေ့ရှိချက်များကို အဖြေလွှာ (report) ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ အဖြေလွှာတွင် ခြေရာခံပစ္စည်းသည် သည်းခြေစနစ်တစ်လျှောက် မည်သို့ စီးဆင်းသွားကြောင်းကို အသေးစိတ် ဖော်ပြထားမည်ဖြစ်သည်။ ပုံမှန်အားဖြင့် (၂၄) နာရီအတွင်း အဖြေရရှိနိုင်သည်။ ဓာတ်မှန်အထူးကုဆရာဝန်၏ ထင်မြင်ယူဆချက်အဖြေလွှာကို ရရှိပြီးနောက် သက်ဆိုင်ရာဆရာဝန်များနှင့် ရက်ချိန်းယူ၍ ဆွေးနွေးပြီး လိုအပ်သည့် ကုသမှုများ၊ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။ ယခုခေတ်တွင် ဆရာဝန်များသည် အီလက်ထရောနစ် ကျန်းမာရေးမှတ်တမ်း (Electronic Health Record – EHR) များမှတစ်ဆင့်လည်း ချက်ချင်းကြည့်ရှုနိုင်လာပြီဖြစ်သည်။ ဓာတ်မှန်အထူးကုဆရာဝန်များသည်လည်း အေအိုင် (AI) နည်းပညာ၏အထောက်အပံ့ကိုယူ၍ အဖြေလွှာကို ဖတ်ရှုနိုင်လာသည်။

HIDA scan အတွက် ဖြစ်နိုင်သော အဖြေလွှာရလဒ်များတွင် အောက်ပါတို့ပါဝင်သည်။

  • ပုံမှန်ရလဒ် (Normal) – ခြေရာခံပစ္စည်းသည် အသည်းမှ သည်းခြေအိတ်နှင့် အူသိမ်ထဲသို့ ပုံမှန်အတိုင်း တောက်လျှောက် စီးဆင်းသွားသည်
  • ခြေရာခံပစ္စည်း၏ စီးဆင်းမှု နှေးကွေးခြင်း (Slow movement of radiotracer) – အသည်း ကောင်းစွာအလုပ်မလုပ်ခြင်း သို့မဟုတ် သည်းခြေပြွန်တွင် အနည်းငယ်ပိတ်ဆို့နေခြင်းကို ညွှန်ပြနိုင်သည်
  • သည်းခြေအိတ်ထဲတွင် ခြေရာခံပစ္စည်း မတွေ့ရခြင်း (No radiotracer seen in the gallbladder)
    ပြင်းထန်သော သည်းခြေအိတ်ရောင်ရမ်းခြင်း (acute cholecystitis) ကြောင့် သည်းခြေအိတ်ထွက်ပေါက် ပိတ်နေကြောင်း ညွှန်ပြနိုင်သည်။
  • သည်းခြေအိတ်မှ သည်းခြေရည်စွန့်ထုတ်သည့်နှုန်း ပုံမှန်မဟုတ်ဘဲ နည်းခြင်း (Abnormally low gallbladder ejection fraction)
    သည်းခြေအိတ်မှ သည်းခြေရည် စွန့်ထုတ်သည့်နှုန်းသည် ဆေးဖြင့် လှုံ့ဆော်ပြီးနောက် သည်းခြေအိတ်မှ ထုတ်လွှတ်နိုင်သည့် သည်းခြေရည်ပမာဏအပေါ် အခြေခံသည်။ ထိုနှုန်းထားသည် ၃၀% မှ ၃၅% အထက် ရှိပါက ပုံမှန်ဟု သတ်မှတ်သည်။ ပုံမှန်မဟုတ်ဘဲ အလွန်နည်းနေပါက နာတာရှည် သည်းခြေအိတ်ရောင်ရမ်းခြင်း (chronic cholecystitis) ကို ညွှန်ပြနိုင်သည်
  • သည်းခြေစနစ်မဟုတ်ဘဲ အခြားကိုယ်တွင်းအင်္ဂါနေရာများတွင် ခြေရာခံပစ္စည်း တွေ့ရှိရခြင်း (Radiotracer detected in other areas)
    ခြေရာခံပစ္စည်းသည် သည်းခြေစနစ်၏ ပြင်ပတွင် ခြေရာခံပစ္စည်းကို ရှာဖွေတွေ့ရှိပါက သည်းခြေရည်ပြင်ပသို့ ယိုစိမ့်မှု (biliary leakage) ရှိနေကြောင်းကို ညွှန်ပြနိုင်သည်။
  • မွေးကင်းစကလေးများနှင့် လသားအရွယ်ကလေးများ၌ သည်းခြေအိတ်ထဲတွင်သာ ခြေရာခံပစ္စည်း ရှိနေပြီး အူသိမ်ထဲသို့ မရောက်ခြင်း (No flow to the small intestine in infants)
    မွေးရာပါသည်းခြေပြွန် ကောင်းစွာဖွံ့ဖြိုးခြင်းမရှိဘဲ ပိတ်နေသောအခြေအနေ (Biliary Atresia) ကို ညွှန်ပြသည်။

References:

  1. Mayo Clinic. (n.d.). HIDA scan: About the test. Retrieved October 14, 2025, from https://www.mayoclinic.org/tests-procedures/hida-scan/about/pac-20384701
  2. Cleveland Clinic. (n.d.). HIDA scan (cholescintigraphy): What it is & how it works. Retrieved October 14, 2025, from https://my.clevelandclinic.org/health/diagnostics/17099-hida-scan
  3. WebMD. (n.d.). What is a gallbladder scan (HIDA scan)? Retrieved October 14, 2025, from https://www.webmd.com/digestive-disorders/what-is-gallbladder-scan
  4. Healthline. (n.d.). HIDA scan: Uses, risks, and results. Retrieved October 14, 2025, from https://www.healthline.com/health/hida-scan

Published: 19 November 2025

Share

19 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Blood tests (သွေးစစ်ခြင်း)
Nov 27, 2025
Tests and Procedures

Blood tests (သွေးစစ်ခြင်း)

ခန္ဓာကိုယ်ကျန်းမာရေး စစ်ဆေးခြင်းနှင့် ရောဂါရှာဖွေခြင်းတို့အတွက်...

Vertebroplasty/ Kyphoplasty (ကျောရိုးဆစ်ကျိုး၍ပြားခြင်းကို စီးမန့်ကော်ဖြင့် ပြုပြင်ကုသခြင်း)
Oct 29, 2025
Tests and Procedures

Vertebroplasty/ Kyphoplasty (ကျောရိုးဆစ်ကျိုး၍ပြားခြင်းကို စီးမန့်ကော်ဖြင့် ပြုပြင်ကုသခြင်း)

အရိုးပွရောဂါနှင့် ထိခိုက်ဒဏ်ရာများကြောင့်...

Liver biopsy (အသည်းကို အသားစယူ၍ စစ်ဆေးခြင်း)
Oct 17, 2025
Tests and Procedures

Liver biopsy (အသည်းကို အသားစယူ၍ စစ်ဆေးခြင်း)

အသည်းမှ သေးငယ်သော တစ်ရှူးအပိုင်းအစလေးများကို ထုတ်ယူပြီး ကြည့်ရှုစစ်ဆေး၍ ...