Acute cholecystitis (သည်းခြေအိတ်ရောင်ခြင်း)

Acute cholecystitis (သည်းခြေအိတ်ရောင်ခြင်း)

သည်းခြေအိတ်ရောင်ခြင်းသည် အဖြစ်များသော ရောဂါတစ်မျိုးဖြစ်သည်။ အစာမကြေခြင်း၊ အစာအိမ်အောင့်ခြင်းတို့နှင့် မှားယွင်းကုသမိနေတတ်သောကြောင့် မပျောက်ကင်းဘဲ နာတာရှည်ဖြစ်နေတတ်သည်။ သည်းခြေအိတ်ရောင်ခြင်းကို အချိန်မီမကုသပါက သည်းခြေအိတ် ပြည်တည်ပေါက်သွားပြီး အသက်အန္တရာယ်ရှိနိုင်သည်။

များသောအားဖြင့် သည်းခြေကျောက်ကြောင့် သည်းခြေရည်စီးဆင်းမှု ပိတ်ဆို့မှုဖြစ်စေပြီး သည်းခြေအိတ်ရောင်လေ့ရှိသည်။ အခြားသည်းခြေအိတ်ရောင်ရသောအကြောင်းများကို အောက်တွင် ဆက်လက်ဖော်ပြထားသည်။

သည်းခြေအိတ်သည် ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းရှိ သေးငယ်သော သစ်တော်သီးပုံသဏ္ဌာန် အင်္ဂါတစ်ခုဖြစ်ပြီး အသည်း၏အောက်တွင် ကပ်လျက်ရှိသည်။ ပုံမှန်အခြေအနေတွင် အသည်းမှထုတ်လုပ်သော အစာခြေရည်များကို သည်းခြေပြွန်၊ သည်းခြေလမ်းကြောင်းများမှတစ်ဆင့် သည်းခြေအိတ်ထဲတွင် သိမ်းဆည်းထားသည်။ အစာခြေရန် လိုအပ်သည့်အခါ ချက်ချင်းထုတ်ပေးနိုင်ရန် သိုလှောင်ထားခြင်းဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သည်းခြေကျောက်တည်ခြင်း

သည်းခြေရည်ပျစ်ခြင်း၊ အနည်ကျခြင်းတို့ကြောင့် ကာလကြာလျှင် သည်းခြေကျောက်အဖြစ် ပြောင်းလဲကာ သည်းခြေအိတ်ထွက်ပေါက် (သို့မဟုတ်) သည်းခြေပြွန်ထဲတွင် ပိတ်ဆို့ပြီး သည်းခြေအိတ်ရောင်နိုင်သည်။ အသက် (၄၀) ကျော် အမျိုးသမီးများ၊ ခန္ဓာကိုယ် ဝ သူများ၊ အဆီအဆိမ့် အစားများသူများသည် သည်းခြေကျောက်တည်နိုင်ခြေ ပိုများသည်။

အကျိတ်တည်ခြင်း

အကျိတ်ကြောင့် သည်းခြေအိတ်ထဲမှ သည်းခြေရည်များ ကောင်းစွာမစီးထွက်နိုင်ရာမှ သည်းခြေရည်များ စုပုံအိုင်နေပြီး ရောင်ရမ်းခြင်းကို ဖြစ်စေသည်။

သည်းခြေပြွန်လမ်းကြောင်းများပိတ်ခြင်း

သည်းခြေပြွန်လမ်းကြောင်းများ ခေါက်ခြင်း၊ အမာရွတ်ဖြစ်ခြင်းတို့ကြောင့် သည်းခြေကျောက်တည်နိုင်သည်။

ရောဂါပိုးဝင်ခြင်း

အချို့သော အူလမ်းကြောင်းမှ ဘက်တီးရီးယားပိုးများ၊ ဗိုင်းရပ်စ်ရောဂါပိုးများ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးတို့ကြောင့် သည်းခြေအိတ်ရောင်ရမ်းနိုင်သည်။

ပြင်းထန်စွာ နာမကျန်းဖြစ်ခြင်း

အလွန်ပြင်းထန်သော ရောဂါများ (ဥပမာ – သွေးဆိပ်တက်ခြင်း၊ ဆိုးရွားစွာ ခန္ဓာကိုယ် မီးလောင်ခံထားရခြင်း၊ ရက်ရှည်လများ အစာမစားနိုင်ခြင်း)ဖြစ်သည့်အခါ သည်းခြေအိတ်သွေးကြောများ ရောင်ခြင်း၊ သွေးစီးဆင်းမှုနည်းခြင်းတို့ကြောင့် သည်းခြေအိတ်ရောင်ရမ်းနိုင်သည်။

ရောဂါလက္ခဏာများ

သည်းခြေအိတ်ရောင်သောအခါ

  • ဝမ်းဗိုက် အပေါ်ပိုင်း၊ အလယ်ပိုင်း (သို့မဟုတ်) ညာဘက်အပေါ်ပိုင်းတွင် ပြင်းထန်စွာ အောင့်ခြင်း၊ နာခြင်း
  • ဗိုက်နာခြင်းနှင့်အတူ ကျော (သို့မဟုတ်) ညာဘက်ပခုံးပါနာခြင်း
  • ဝမ်းဗိုက်ကို အထိမခံနိုင်အောင် နာကျင်ခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • ဖျားခြင်းစသည့် လက္ခဏာများ ခံစားရတတ်သည်။

အထက်ပါ လက္ခဏာများသည် အစာစားပြီးချိန်တွင် ပိုမိုဖြစ်ပေါ်လေ့ရှိသည်။ အထူးသဖြင့် အစာများများ စားသည့်အခါ သို့မဟုတ် အဆီများသောအစာများ စားသည့်အခါ ထိုလက္ခဏာများ ခံစားရလေ့ရှိသည်။

နောက်ဆက်တွဲ ပြဿနာများ

သည်းခြေအိတ်ရောင်ရမ်းခြင်းကို အချိန်မီ မကုသလျှင် အောက်ပါ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်သည်။

  • သည်းခြေရည်၊ သည်းခြေအိတ်အတွင်းရှိ ပိုးများ သွေးထဲရောက်ပြီး သွေးဆိပ်တက်ခြင်း
  • သည်းခြေအိတ်အတွင်း ပြည်တည်ခြင်း
  • သည်းခြေအိတ်ပုပ်ခြင်း
  • သည်းခြေအိတ်ပေါက်ခြင်းတို့ ဖြစ်သည်။
ရောဂါရှာဖွေခြင်း

သည်းခြေအိတ်ရောင်ရမ်းသော လက္ခဏာများရှိပါက ဆရာဝန်သည် လူနာကို စမ်းသပ်ပြီး သွေးစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ ပြုလုပ်ရန် ညွှန်ကြားလိမ့်မည်။

သွေးစစ်ဆေးခြင်း – သွေးအတွင်း ဘီလီရူဘင်အဝါဓာတ် များမများ၊ ပိုးဝင်ထားသည့်လက္ခဏာ ရှိမရှိ၊ အသည်း၊ ကျောက်ကပ်တို့၏ လုပ်ငန်းဆောင်တာများ ကောင်းမကောင်း စစ်ဆေးခြင်းဖြစ်သည်။

အာထရာဆောင်းရိုက်ခြင်း – ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်းဖြင့် သည်းခြေကျောက် တည်နေရာ၊ အရွယ်အစား၊ ပမာဏ၊ သည်းခြေအိတ်ရောင်ခြင်း ရှိမရှိတို့ကို သိရှိနိင်သည်။

လိုအပ်ပါက

  • သည်းခြေလမ်းကြောင်း သံလိုက်ဓာတ်မှန် (MRCP – Magnetic resonance cholangiopancreatography)
  • အသည်း၊ သည်းခြေအိတ်၊ သည်းခြေလမ်းကြောင်းများအတွင်း သည်းခြေရည်စီးဆင်းမှု စစ်ဆေးခြင်း
  • အစာအိမ်မှန်ပြောင်းဖြင့် အာထရာဆောင်းရိုက်ခြင်းစသည်တို့ ဆက်လက်ပြုလုပ်ရန် လိုအပ်နိုင်သည်။
ကုသခြင်း

သည်းခြေအိတ်ရောင်ရမ်းခြင်းကို သက်သာပျောက်ကင်းစေရန် ဆေးရုံတက်ရောက် ကုသရမည်ဖြစ်သည်။ အချို့အခြေအနေများတွင် ခွဲစိတ်ကုသရန်အထိ လိုအပ်မည်ဖြစ်သည်။

ဆေးရုံတွင် အောက်ဖော်ပြပါ ကုသမှုများ ပေးမည်ဖြစ်သည်။

  • သည်းခြေအိတ်ကို အနားပေးရန်အတွက် အစာမစားရ၊ ရေမသောက်ရ။
  • သွေးကြောများအတွင်း ဆေးရည်များသွင်းပေးမည်။
  • ရောဂါပိုးများ သေစေရန် ပဋိဇီဝပိုးသတ်ဆေးများ အသုံးပြုမည်ဖြစ်သည်။
  • နာကျင်မှု သက်သာစေရန် အနာပျောက်ဆေးများ ပေးမည်ဖြစ်သည်။
  • သည်းခြေကျောက်ကြောင့် ဖြစ်ပါက သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ထုတ်ရန် လိုသည်။ (Cholecystectomy)
  • အကယ်၍ သည်းခြေအိတ် ပြည်တည်ပါက သည်းခြေအိတ်အတွင်း ပိုက်ထည့်ကာ ပြည်ထုတ်ခြင်း စသည်တို့ ဖြစ်သည်။
ကာကွယ်ခြင်း

သည်းခြေအိတ်ရောင်ရမ်းခြင်းကို ကာကွယ်နိုင်ရန် အောက်ပါအချက်များ လိုက်နာရန် လိုအပ်သည်။

  • ကိုယ်အလေးချိန်အား ရုတ်တရက် မြန်မြန်မချဘဲ တဖြည်းဖြည်းအချိန်ယူ၍ ကျအောင်ပြုလုပ်ပါ
  • အဝလွန်ခြင်းသည် သည်းခြေကျောက်တည်ခြင်းကို အားပေးသောကြောင့် ကိုယ်အလေးချိန်ထိန်းရန် လိုအပ်သည်။ ကယ်လိုရီ လျှော့စားခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် မိမိကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသုံးပါ၊ အဆီများသော အစာများ၊ အမျှင်ဓာတ်နည်းသော အစာများသည် သည်းခြေကျောက်တည်ခြင်းကို အားပေးသောကြောင့် ရှောင်ကြဥ်သင့်သည်

References:

  1. Cholecystitis – Symptoms and causes. (n.d.). Mayo Clinic. Retrieved May 9, 2024, from https://www.mayoclinic.org/diseases-conditions/cholecystitis/symptoms-causes/syc-20364867
  2. Cholecystitis. (2022). WebMD. Retrieved May 9, 2024, from https://www.webmd.com/digestive-disorders/what-is-cholecystitis
  3. Adair R. & Peckham- Cooper A. (2022). Gallstones. Oxford Handbook of Clinical Surgery (5th ed., pp. 412-413). OUP.
  4. Avinash N. S., & Ramkrishna Y. P. (2023). The gallbladder and bile ducts. Bailey & Love’s Short Practice of Surgery (28th ed., pp. 1232-1259). CRC Press.

Published: 30 August 2024

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.