Liver biopsy (အသည်းကို အသားစယူ၍ စစ်ဆေးခြင်း)

Liver biopsy (အသည်းကို အသားစယူ၍ စစ်ဆေးခြင်း)

အသည်းကို အသားစယူ၍ စစ်ဆေးခြင်း (Liver biopsy) ဆိုသည်မှာ အသည်းမှ သေးငယ်သော တစ်ရှူးအပိုင်းအစလေးများကို အပ်ဖြင့် ထုတ်ယူပြီး ဓာတ်ခွဲခန်းတွင် ကြည့်ရှုစစ်ဆေး၍ ရောဂါရှာဖွေခြင်းဖြစ်သည်။ အသည်းအသားစယူ၍ စစ်ဆေးခြင်းဖြင့် အသည်းရောဂါအမျိုးမျိုးကို ရှာဖွေနိုင်သကဲ့သို့ အသည်းရောဂါရှိသူများတွင် ပြင်းထန်မှုအဆင့်နှင့် ကုသမှုအတွက် တုံ့ပြန်မှု ရှိမရှိကိုလည်း သိရှိနိုင်သည်။ အသည်းအစားထိုး ကုသထားသူများတွင်လည်း အသားစယူစစ်ခြင်းဖြင့် အစားထိုးထားသော အသည်း၏ အခြေအနေကို သိရှိနိုင်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အသည်းကို အသားစယူ၍ စစ်ဆေးခြင်းကို ‌အောက်ပါအခြေအနေများတွင် ပြုလုပ်နိုင်သည်။

  • ရောဂါရှာဖွေခြင်း
    အခြားစစ်ဆေးမှုများဖြင့် ရောဂါအတည်ပြုရန် ခက်ခဲနေသော အသည်းရောဂါများကို ရှာဖွေဖော်ထုတ်ရန်အတွက် စံသတ်မှတ်ထားသော အကောင်းဆုံးစစ်ဆေးခြင်းဖြစ်သည်။ အသားစယူခြင်းဖြင့် ရောဂါကို တိကျစွာအတည်ပြုခြင်း သို့မဟုတ် ရောဂါမဟုတ်ကြောင်း သက်သေပြခြင်း ပြုလုပ်နိုင်သည်။ တစ်ခါတစ်ရံ ရောဂါရှာဖွေရန် လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
  • ရောဂါအဆင့် သတ်မှတ်ခြင်း
    နာတာရှည် အသည်းရောဂါရှိသူများတွင် ရောဂါပြင်းထန်မှုအဆင့်ကို စစ်ဆေးရန်အတွက် အသည်းအသားစယူ စစ်ဆေးခြင်းကို ပြုလုပ်နိုင်သည်။ အသည်းတွင် အမာရွတ်ဖြစ်ခြင်းကို စစ်ဆေးပြီး အသည်းအမာရွတ်မရှိသောအဆင့် (F0) မှ အသည်းခြောက်သောအဆင့် (F4) အထိ ခွဲခြားနိုင်သည်။ ထိုသို့ စစ်ဆေးခြင်းဖြင့် ရောဂါရလဒ် ကြိုတင်ခန့်မှန်းနိုင်ခြင်း၊ ကုသမှုအစီအစဉ်များကို ‌ရေးဆွဲခြင်းနှင့် ကုသမှုခံယူပြီးပါက ကုသမှု၏ ထိရောက်မှုကို ပြန်လည်ဆန်းစစ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိသည်။
  • ကုသမှုရလဒ်များကို ပြန်လည်စစ်ဆေးခြင်း
    အသည်းအစားထိုးထားသော လူနာများ၊ အသည်းရောဂါတစ်ခုခုအတွက် ကုသမှု ခံယူပြီးသူများတွင် ကုသမှု၏ အကျိုးရလဒ်များ၊ တုံ့ပြန်မှုများကို စစ်ဆေးရာတွင် အသားစယူ စစ်ဆေးနိုင်သည်။

ထို့ပြင် အသည်းအသားစယူစစ်ဆေးမှုကို အောက်ပါ အသည်းရောဂါများကို အတည်ပြုရန်လည်း အသုံးပြုနိုင်သည်။

  • အသည်းအဆီဖုံးရောဂါ (Fatty liver disease)
  • နာတာရှည် အသည်းရောင်ရောဂါ (Chronic hepatitis)
  • အသည်းခြောက်ခြင်း (Cirrhosis of liver)
  • အသည်းကင်ဆာ (Liver cancer)

ထို့ပြင် အသည်းရောဂါဖြစ်စေသော အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ရန် အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် _

  • အရက်ကြောင့်ဖြစ်သော အသည်းရောဂါ (Alcohol-related liver disease)
  • ကိုယ်ခံအားမူမမှန်တုံ့ပြန်မှုကြောင့်ဖြစ်သော အသည်းရောင်ရောဂါ (Autoimmune hepatitis)
  • အသည်းတွင် ဂလိုင်ကိုဂျင်သကြားဓာတ်များ စုပုံသော မွေးရာပါအသည်းရောဂါ (Glycogen storage disease)
  • အသည်းတွင် သံဓာတ်များ စုပုံသောရောဂါ (Hemochromatosis)
  • အသည်းသို့ ပျံ့သော သွေးကင်ဆာ (Hodgkin lymphoma/Non-Hodgkin lymphoma)
  • အသည်းသို့ ပျံ့သော အခြားကင်ဆာ (Metastatic cancer)
  • အရက်ကြောင့် မဟုတ်သော အခြားအသည်းအဆီဖုံးရောဂါ (Non-alcohol related fatty liver disease)
  • သည်းခြေလမ်းကြောင်းရောဂါများ (Primary biliary cholangitis/ Primary sclerosing cholangitis)
  • ဆေးဝါးများကြောင့်ဖြစ်သော အသည်းရောင်ရောဂါ (Toxic hepatitis)
  • တီဘီရောဂါ (Tuberculosis)
  • အသည်းတွင် ကြေးနီဓာတ် စုပုံသောရောဂါ (Wilson disease)
  • အသည်းရောင် ဘီ ပိုး၊ စီ ပိုးကြောင့်ဖြစ်သော အသည်းရောင်ရောဂါ စသည်တို့ဖြစ်သည်။
အသည်းအသားစယူနိုင်သည့် နည်းလမ်းများ

အသည်းအသားစယူနိုင်သည့် နည်းလမ်း (၃) ခုရှိသည်။

  1. အာထရာဆောင်းအကူအညီဖြင့် အရေပြားဖောက်၍ အသားစယူခြင်း (Percutaneous liver biopsy)
    အများဆုံး အသုံးပြုသော နည်းလမ်းဖြစ်သည်။ ဆေးရုံတက်စရာမလိုဘဲ ပြင်ပလူနာအနေဖြင့် ပြုလုပ်နိုင်သည်။ အာထရာဆောင်းကို အသုံးပြုကာ အရေပြားကို အသားစယူသောအပ်ဖြင့်ဖောက်၍ အသည်းအသားစ ယူခြင်းဖြစ်သည်။ ကိုယ်ခန္ဓာ၏ အခြားတစ်ရှူးများကို ထိခိုက်မှု အနည်းဆုံးဖြစ်သောကြောင့် အသုံးများသော နည်းလမ်းဖြစ်သည်။ အသားစယူပြီးနောက် ဆေးရုံတွင် ခေတ္တစောင့်ကြည့်ပြီး အိမ်ပြန်နိုင်သည်။ သို့ရာတွင် အောက်ပါအချက်များရှိပါက အရေပြားဖောက်၍ အသားစယူရန် မသင့်တော်ပါ။
    • အသားစယူနေစဥ်အချိန်အတွင်း ငြိမ်ငြိမ်နေရန် ခက်ခဲနိုင်ခြင်း
    • သွေးယိုစိမ့်မှုပြဿနာများ သို့မဟုတ် သွေးခဲခြင်းဆိုင်ရာရောဂါရှိသည့် ရာဇဝင်ရှိခြင်း
    • အသည်းတွင်း အရည်အိတ်များရှိခြင်း
    • အသည်းတွင် သွေးကြောများနှင့်ဆက်နွယ်နေသော အကျိတ်ရှိနိုင်ခြင်း
    • ဝမ်းဗိုက်အတွင်း ရေဖျဥ်းစွဲခြင်း
    • သည်းခြေလမ်းကြောင်းများ ပိတ်ဆို့နေခြင်း
    • အရေပြားတွင် ပိုးဝင်သည့် လက္ခဏာများရှိခြင်း
  2. သွေးကြောမှတစ်ဆင့် အသားစယူခြင်း (Transvenous liver biopsy)
    သွေးထွက်နိုင်ခြေများသော သို့မဟုတ် ဝမ်းဗိုက်အတွင်း ရေဖျဥ်းစွဲနေသော လူနာများတွင် အသုံးပြုနိုင်သော စစ်ဆေးနည်းဖြစ်သည်။ လည်ပင်းနားရှိ သွေးပြန်ကြော (Jugular vein) မှတစ်ဆင့် သေးငယ်သောပြွန်တစ်ခုကို ထည့်သွင်းသည်။ ထိုပြွန်ငယ်မှတစ်ဆင့် အသားစယူသည့်အပ် (Biopsy needle) ကို ထည့်သွင်း၍ အသည်းထဲသို့ ရောက်စေပြီး အသားစနမူနာကို ယူသည်။ Jugular vein မှတစ်ဆင့် အသည်းအသားစယူ စစ်ဆေးခြင်း (Transjugular liver biopsy) ဟုလည်း ခေါ်သည်။
  3. ခွဲစိတ်နည်းလမ်းများဖြင့် အသားစယူခြင်း (Surgical liver biopsy)
    ဝမ်းဗိုက်ခွဲစိတ်မှု ပြုလုပ်နေစဉ်အတွင်း အသည်းအသားစယူစစ်ဆေးခြင်း ပြုလုပ်နိုင်သည်။ ဝမ်းဗိုက်ဖွင့်၍ ခွဲစိတ်ခြင်း (Open surgery) သို့မဟုတ် မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Laparoscopic surgery) ပြုလုပ်နေစဥ် အသည်းမှအသားစယူ၍ ချက်ချင်းစစ်ဆေးပြီး လိုအပ်သော ခွဲစိတ်မှုများကို တစ်ပြိုင်နက် ဆောင်ရွက်နိုင်သည်။
အသားစယူခြင်းလုပ်ငန်းအဆင့်ဆင့်

အသည်းအသားစယူရန် ဆုံးဖြတ်ခြင်း
အသည်းအသားစ မယူမီ အသည်းအထူးကုဆရာဝန်များမှ အသားစယူရသည့် အကြောင်းရင်း၊ အသားစယူခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးနှင့် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများကို သေချာစွာရှင်းပြပြီး လူနာနှင့် လူနာရှင်များမှ နားလည်သိရှိကြောင်း၊ ပြုလုပ်ရန်သဘောတူကြောင်း (Consent form) ကို ပထမဦးစွာ လက်မှတ်‌‌ရေးထိုးရန် လိုအပ်သည်။

အသည်းအသားစမယူမီ ပြင်ဆင်ခြင်း
အသည်းအသားစယူစစ်ဆေးခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • ကျန်းမာရေးစစ်ဆေးမှုခံယူခြင်း
    ဆရာဝန်မှ လူနာ၏ ရောဂါအနေအထား၊ လက်ရှိကျန်းမာရေးအခြေအနေများနှင့် သောက်သုံးနေသော ဆေးများကို ပြန်လည်စစ်ဆေး၍ အသားစယူရန် သင့်တော်မှုနှင့် ခံနိုင်ရည် ရှိမရှိကို ဆုံးဖြတ်မည်။ ဓာတ်မတည့်သော ဆေးများရှိလျှင်လည်း ဆရာဝန်ကို ကြိုတင်အသိပေးထားရန် လိုအပ်သည်။
    လက်ရှိသောက်နေသော ဆေးများထဲတွင် အောက်ဖော်ပြပါဆေးများ ပါဝင်ပါက သွေးထွက်နိုင်ခြေ များသောကြောင့် အသားစမယူခင် တစ်ပတ်အလိုတွင် ထိုဆေးများကို ရပ်ထားရန် လိုအပ်သည်။ အသားစယူပြီးနောက် ပြန်သောက်ရမည့်အချိန်ကို ဆရာဝန်မှ ညွှန်ကြားမည်။
    • သွေးမခဲဆေးများ (Anticoagulants – Warfarin, Rivaroxaban, Dabigatran, Enoxaparin)
    • သွေးကျဲဆေးများ (Antiplatelet – aspirin, clopidogrel)
    • အကိုက်အခဲပျောက်ဆေးများ (Ibuprofen and other NSAIDs)
  • သွေးစစ်ဆေးခြင်း
    အသားစယူချိန်တွင် သွေးအနည်းငယ် ထွက်နိုင်သောကြောင့် သွေးအားနှင့် သွေးဥမွှားအရေအတွက်ကို တိုင်းတာရန် (Complete blood count – CBC) နှင့် သွေးခဲဓာတ်များ ပုံမှန် ဖြစ်မဖြစ် စစ်ဆေးရန်အတွက် ကြိုတင်သွေးစစ်ရန် လိုအပ်သည်။ သွေးဥမွှားအရေအတွက်နည်းပါက သွေးခဲနိုင်စွမ်းကို မြှင့်တင်ရန်အတွက် အသားစယူစစ်ဆေးခြင်းမပြုမီ သွေးသွင်းရန် လိုအပ်နိုင်သည်။
  • အစားအသောက်ရှောင်ခြင်း
    အသည်းအသားစ မယူခင် (၈) နာရီအတွင်း အစာစားခြင်း၊ ရေသောက်ခြင်းများ မပြုလုပ်ရပါ။ အသားစယူမည့် နည်းလမ်းအမျိုးအစားပေါ် မူတည်ပြီး ဆရာဝန်မှ လိုအပ်သော အခြားအချက်များကို လမ်းညွှန်မည်ဖြစ်သည်။
  • ကြိုတင်စီစဉ်ခြင်း
    အသားစယူစဥ် အိပ်ဆေးပေးရန် လိုအပ်နိုင်သောကြောင့် လူနာသွားလာလှုပ်ရှားစဥ် ကူညီပေးနိုင်ရန်အတွက် အဖော်ခေါ်ရန် လိုအပ်နိုင်သည်။

အသားစယူရန် ကြာမြင့်ချိန်
အသားစယူသော နည်းလမ်းပေါ် မူတည်၍ ကြာမြင့်ချိန် ကွာခြားနိုင်သည်။ အရေပြားဖောက်၍ အသည်းအသားစယူ စစ်ဆေးခြင်းသည် (၁၅)မိနစ် မှ (၃၀)မိနစ်ခန့် ကြာမြင့်ပြီး သွေးကြောမှတစ်ဆင့် အသည်းအသားစယူစစ်ဆေးခြင်းသည် နာရီဝက် မှ တစ်နာရီကျော်အထိ ကြာမြင့်နိုင်သည်။ သို့ရာတွင် အသားစယူပြီးနောက် ဆေးရုံတွင် နာရီအနည်းငယ်နေ၍ လူနာ၏ အခြေအနေကို စောင့်ကြည့်ရန် လိုအပ်သည်။

အသည်းအသားစ ယူပုံအဆင့်များ
ယေဘုယျအားဖြင့် အသည်းအသားစယူစစ်ဆေးခြင်းအတွက် မေ့ဆေးပေးရန် မလိုပါ။ သို့သော် လူနာတွင် စိုးရိမ်မှုများခြင်း၊ ကြောက်နေခြင်းရှိပါက လိုအပ်လျှင် စိတ်ငြိမ်ဆေးပေးနိုင်သည်။ တစ်ခါတစ်ရံ အရေပြားဖောက်၍ အသားစယူရာတွင် ခေတ္တအသက်ရှူအောင့်ရန် လိုသောကြောင့် လူနာသတိရှိရန် လိုအပ်သည်။ ခွဲစိတ်နေစဥ် အသားစယူမည်ဆိုပါက မေ့ဆေးပေးရန် လိုအပ်သည်။ အသားစယူမည့် နေရာကို အာထရာဆောင်း (USG) (သို့မဟုတ်) ကွန်ပြူတာဓာတ်မှန် (CT scan) များ ကြိုတင်ရိုက်ထားခြင်းဖြင့် ပုံရိပ်ဖော်စစ်ဆေးထားသည်။

အသားစယူပုံ နည်းလမ်းအဆင့်ဆင့်

  1. အရေပြားဖောက်၍ အသားစယူခြင်း
    • လူနာသည် ပက်လက်အနေအထားဖြင့် လဲလျောင်းနေရမည်ဖြစ်သည်၊ ညာဘက်နံရိုးအောက်မှ အသားစယူမည့်အပ်ကို ထည့်၍ ယူခြင်းဖြစ်သည်
    • အသားစယူမည့်နေရာရှိ ဝမ်းဗိုက်အရေပြားကို ထုံဆေးထိုးမည်ဖြစ်သည်၊ ထုံဆေးထိုးသည့်အချိန်တွင် နာကျင်မှုအနည်းငယ်ကို ခံစားရနိုင်သည်
    • ထို့နောက် အသားစယူမည့်အပ်ထည့်ရန် ဝမ်းဗိုက်အရေပြားနေရာကို အသေးစားခွဲစိတ်ရာ ပေးမည်ဖြစ်သည်၊ အသားစယူသည့် အပ်အမျိုးအစားကို အသားစယူမည့် ရည်ရွယ်ချက်ပေါ် မူတည်၍ ရွေးချယ်အသုံးပြုမည်ဖြစ်သည်
    • အရေပြားဖောက်၍ အသားစယူမည့်အပ်ကို ထိုးထည့်သည့်အချိန်တွင် ကိုယ်ခန္ဓာကို ငြိမ်ငြိမ်ထားရန်နှင့် စက္ကန့်အနည်းငယ်မျှ အသက်ရှူအောင့်ထားရန် လိုအပ်သည်
    • အရေပြားဖောက်၍ အသားစယူရာ၌ အပ်အထုတ်အသွင်းသည် မိနစ်အနည်းငယ်သာ ကြာမြင့်သည်၊ အပ်ထိုးထည့်သည့်အချိန်တွင် အနည်းငယ် ကသိကအောင့် ခံစားရမည်ဖြစ်ပြီး၊ အပ်ပြန်ထုတ်ပြီးပါက ထိုနေရာကို ချက်ချင်းဖိထားပြီး ပတ်တီးစည်းထားရမည်ဖြစ်သည်
  2. လည်ပင်းသွေးကြောမှတစ်ဆင့် အသားစယူခြင်း
    • လည်ပင်းသွေးကြောမှတစ်ဆင့် အသားစယူရာတွင် ရှေးဦးစွာ လည်ပင်းသွေးကြောကို အာထရာဆောင်း (USG) ဖြင့် ရှာဖွေသည်
    • ထို့နောက် လည်ပင်းအရေပြားကို ထုံဆေးထိုးပြီး အသေးစားခွဲစိတ်ရာပေး၍ Catheter ခေါ် ပြွန်အသေးကို လည်ပင်းသွေးကြောထဲသို့ ထည့်သွင်းသည်
    • ထိုပြွန်သေးကို အသည်း၏သွေးပြန်ကြော (Hepatic vein) အထိရောက်အောင် Fluoroscopy ဓာတ်မှန်နည်းလမ်းကို သုံး၍ လမ်းညွှန်ပေးသည်
    • အသည်းသွေးပြန်ကြောကို ပိုမိုမြင်သာအောင် Catheter မှတစ်ဆင့် ဆေးရည် (Contrast dye) ထိုး၍ ပုံရိပ်ဖော်သည်
    • ထို့နောက် အသားစယူသည့်အပ်ကို လည်ပင်းရှိ Catheter အတွင်းမှ အသည်းသွေးပြန်ကြော အထိရောက်အောင် တဖြည်းဖြည်းထည့်လာပြီးနောက် သွေးပြန်ကြောထဲမှတစ်ဆင့် အသည်းတစ်ရှူးကို အသားစယူသည်
    • အသားစယူသည့်အပ်ကို ဦးစွာပြန်ထုတ်သည်၊ ထို့နောက် Catheter ကိုလည်း တဖြည်းဖြည်း ပြန်ထုတ်ပြီးနောက် ထိုလည်ပင်းနေရာကို သွေးစိမ့်မထွက်စေရန် မိနစ်အနည်းငယ်ဖိထား၍ ပတ်တီးစည်းထားမည်ဖြစ်သည်
    • မည်သည့်နည်းလမ်းဖြင့် အသားစယူသည်ဖြစ်စေ လုပ်ငန်းစဥ်ပြီးဆုံးပါက လူနာကို မိနစ်အနည်းငယ် ညာဘက်သို့ စောင်း၍ နေစေခြင်းဖြင့် အသည်းမှသွေးစိမ့်မှုကို လျော့နည်းစေသည်
  3. မှန်ပြောင်းကိုသုံး၍ အသည်းအသားစယူခြင်း (Laparoscopic biopsy)
    • အကယ်၍ ခွဲစိတ်၍ အသားစယူမည်ဆိုပါက လူနာကို မေ့ဆေးပေးရန် လိုအပ်သည်၊ မှန်ပြောင်းအကူအညီဖြင့် အသားစယူခြင်း (Laparoscopic biopsy) နည်းလမ်းတွင် လူနာ၏ ဝမ်းဗိုက်တွင် သေးငယ်သောခွဲစိတ်ရာများ ပြုလုပ်၍ မှန်ပြောင်းပါအထူးကိရိယာများကို အသုံးပြုကာ အသည်းတစ်ရှူးနမူနာများ ယူမည်ဖြစ်သည်၊ အသားစယူပြီးနောက် ထိုကိရိယာများကို ပြန်ထုတ်ပြီး ခွဲစိတ်ရာများကို ချုပ်ရိုးဖြင့် ပိတ်ပေးမည်ဖြစ်သည်

အသားစယူပြီးနောက် ဆေးရုံနားနေခန်းတွင် (၂)နာရီ မှ (၄)နာရီကြာ အနားယူရန်လိုသည်။ ဆရာဝန်များမှ သွေးခုန်နှုန်း၊ သွေးပေါင်ချိန်များ တိုင်းတာခြင်း၊ သွေးထွက်ခြင်းကဲ့သို့ အရေးကြီးသောလက္ခဏာများကို စောင့်ကြည့်ပေးမည်ဖြစ်သည်။ နာကျင်မှု ပြင်းထန်ပါက ကုသမှုများ ပေးနိုင်ပြီး အကယ်၍ နောက်ဆက်တွဲပြဿနာများ မရှိပါက (၄) နာရီခန့် အနားယူပြီးလျှင် အိမ်သို့ ပြန်နိုင်သည်။

သိရှိနိုင်သောအဖြေများ

အသားစယူပြီးနောက် တစ်ရှူးနမူနာများကို ဓာတ်ခွဲခန်းသို့ ပို့၍ ရောဂါဗေဒဆရာဝန်များမှ အသည်းပျက်စီးမှုနှင့် အသည်းအခြေအနေများကို စစ်ဆေးပေးမည်ဖြစ်သည်။ ထို့နောက် တွေ့ရှိချက်များကို မှတ်တမ်းတင်ပြီး သက်ဆိုင်ရာဆရာဝန်ထံသို့ ပြန်ပို့ပေးမည်ဖြစ်သည်။ စစ်ဆေးမှုအဖြေသည် ရက်အနည်းငယ် မှ တစ်ပတ်ခန့် ကြာမြင့်နိုင်သည်။ သက်ဆိုင်ရာဆရာဝန်မှ အသားစစစ်ဆေးခြင်း အဖြေရလဒ်ကို လူနာအား ရှင်းပြဆွေးနွေး၍ ရောဂါဆက်လက်ကုသရန် လိုအပ်သည့်အချက်များကို လမ်းညွှန်ပေးမည်ဖြစ်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

အသည်းအသားစယူစစ်ဆေးခြင်းသည် ကျွမ်းကျင်သော ဆရာဝန်များက ပြုလုပ်ခြင်းကြောင့် ယေဘုယျအားဖြင့် ဘေးကင်းပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခြင်းရှားပါးသည်။ အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာများမှာ ယာယီနာကျင်မှုနှင့် သွေးပေါင်ကျခြင်းတို့ဖြစ်သည်။ အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေသည် (၀.၁) ရာခိုင်နှုန်းသာရှိသည်ဟု ဆိုကြသည်။

အဖြစ်များသော သာမန်နောက်ဆက်တွဲပြဿနာများ

  • နာကျင်မှု
    အချို့သူများတွင် အသားစယူပြီးနောက် အသည်းနေရာ ညာဘက်ဝမ်းဗိုက်အပေါ်ပိုင်းနာကျင်မှု သို့မဟုတ် ညာဘက်ပခုံးသို့ ပျံ့သော နာကျင်မှုကို ခေတ္တခံစားရသည်။ အများအားဖြင့် သာမန်မျှဖြစ်ပြီး အနာသက်သာစေသော ဆေးဝါးများဖြင့် အလွယ်တကူ ကုသနိုင်သည်။ နာကျင်မှုပြင်းထန်ပါက သို့မဟုတ် အချိန်ကြာမြင့်စွာ နာနေပါက အခြားနောက်ဆက်တွဲပြဿနာများ၏ လက္ခဏာဖြစ်နိုင်သည်။
  • သွေးပေါင်ကျခြင်း
    လူနာအချို့တွင် ခေတ္တသွေးပေါင်ကျခြင်းကို ခံစားရနိုင်သည်။ အနည်းငယ် ခေါင်းမူးသလို ခံစားရနိုင်ပြီး အများအားဖြင့် ယာယီသာဖြစ်တတ်၍ စိုးရိမ်စရာမရှိပါ။ သို့သော် အလွန်အမင်း သွေးပေါင်ကျခြင်း၊ အလွန်အားနည်းခြင်း သို့မဟုတ် မူးဝေခြင်းတို့ကို ခံစားရပါက အတွင်းပိုင်းသွေးယိုစိမ့်ခြင်း၏ လက္ခဏာဖြစ်နိုင်သည်။

ရှားပါးသော်လည်း ပြင်းထန်သော နောက်ဆက်တွဲပြဿနာများမှာ အောက်ပါတို့ ပါဝင်သည်။

  • အတွင်းပိုင်းသွေးယိုစိမ့်ခြင်း
    အဖြစ်နည်းသော်လည်း သွေးယိုစိမ့်မှုပြင်းထန်ပါက သွေးသွင်းခြင်း (သို့မဟုတ်) သွေးတိတ်စေရန် ခွဲစိတ်မှုပြုလုပ်ခြင်းများ လိုအပ်နိုင်သည်။
  • ရောဂါပိုးဝင်ခြင်း
    ရှားပါးသော်လည်း ဘက်တီးရီးယားပိုးများသည် အစာအိမ် (သို့မဟုတ်) သွေးထဲသို့ ဝင်ရောက်နိုင်သည်။
  • သည်းခြေရည်ယိုစိမ့်ခြင်း
    အသားစယူနေစဥ် အပ်သည် သည်းခြေအိတ်နှင့် သည်းခြေလမ်းကြောင်းများကို ထိခိုက်နိုင်သည်။
  • အဆုတ်အမြှေးပါးအတွင်း လေဝင်ခြင်း (Pneumothorax)
    အပ်ဖြင့် အဆုတ်အမြှေးပါးကို ထိခိုက်မိခြင်းကြောင့် ဖြစ်သည်။
  • လည်ပင်းသွေးကြောမှတစ်ဆင့် အသားစယူရာတွင် Catheter ထည့်သည့် လည်ပင်းတစ်ဝိုက်တွင် သွေးစိမ့်ထွက်၍ ရောင်ရမ်းခြင်း၊ သွေးခဲဖြစ်ခြင်း (Hematoma) စသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်၊ လည်ပင်းအနားတစ်ဝိုက်ရှိ အာရုံကြောများထိခိုက်မိခြင်းကြောင့် မျက်နှာနှင့် မျက်လုံးကြွက်သားလှုပ်ရှားမှုများ ချို့ယွင်းခြင်း၊ အသံအိုး အာရုံကြောထိခိုက်ခြင်းကြောင့် အသံပြောင်းခြင်း၊ ယာယီအသံမထွက်ခြင်း၊ အဆုတ်အမြှေးပါး ထိခိုက်နိုင်ခြင်းစသည့် နောက်ဆက်တွဲပြဿနာများလည်း ဖြစ်နိုင်သည်
လိုက်နာဆောင်ရွက်ရမည့် အချက်များ
  • အသားစယူပြီးနောက် တစ်ပတ်ခန့် အနားယူရန်လိုသည်
  • ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း သို့မဟုတ် (၁၀)ပေါင် မှ (၁၅)ပေါင်ထက်ပိုသော အလေးအပင်များ မခြင်းကို ရှောင်ရှားပါ
  • ခွဲစိတ်ရာနေရာကို အနာကျက်စေရန် သန့်ရှင်းအောင်ထားပါ၊ သေးငယ်သော အမာရွတ် ကျန်ရှိနိုင်သည်
  • ပုံမှန်ဆေးဝါးများ ပြန်လည်သောက်သုံးခြင်းနှင့် နာကျင်မှုခံစားရသောအချိန် ကြာမြင့်ခြင်းတို့အတွက် မိမိဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်
  • ဖျားနာခြင်း၊ အားနည်းခြင်း သို့မဟုတ် မူးမေ့လဲခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ အသားဝါခြင်း၊ ပြင်းထန်စွာ နာကျင်ခြင်း၊ ဝမ်းဗိုက်ဖောင်းလာခြင်း စသည့် နောက်ဆက်တွဲလက္ခဏာများ ပေါ်လာပါက ဆရာဝန်နှင့် ချက်ချင်း ပြသရန်လိုသည်
  • အသားစအဖြေရရန် တစ်ပတ်ခန့် ကြာမြင့်နိုင်သည်၊ အဖြေရရှိပါက မိမိဆရာဝန်နှင့် ပြသ၍ ဆက်လက်လုပ်ဆောင်ရမည့်အချက်များကို တိုင်ပင်ဆွေးနွေးပါ

References:

  1. Cleveland Clinic. (2023). Liver biopsy: Procedure, how it’s done, aftercare & results. Retrieved September 11, 2025, from https://my.clevelandclinic.org/health/procedures/9503-liver-biopsy
  2. Mayo Clinic. (n.d.). Liver biopsy. Retrieved September 11, 2025, from https://www.mayoclinic.org/tests-procedures/liver-biopsy/about/pac-20394576
  3. WebMD. (2024). Liver biopsy process, results, recovery, pain, and more. Retrieved September 11, 2025, from https://www.webmd.com/fatty-liver-disease/digestive-diseases-liver-biopsy
  4. Healthline. (2021). Liver biopsy. Retrieved September 11, 2025, from https://www.healthline.com/health/liver-biopsy
  5. National Institute of Diabetes and Digestive and Kidney Diseases. (2019). Liver biopsy. Retrieved September 11, 2025, from https://www.niddk.nih.gov/health-information/diagnostic-tests/liver-biopsy

Published: 17 October 2025

Share

17 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Hernia Surgery (အူကျွံရောဂါ ခွဲစိတ်ကုသခြင်း)
Oct 15, 2025
Tests and Procedures

Hernia Surgery (အူကျွံရောဂါ ခွဲစိတ်ကုသခြင်း)

အူကျွံရောဂါ ခွဲစိတ်ကုသခြင်းသည် ကျွံထွက်နေသော ကိုယ်တွင်းအင်္ဂါများကို...

Orchiectomy (ဝှေးစေ့ ခွဲစိတ်ဖယ်ရှားခြင်း)
Oct 15, 2025
Tests and Procedures

Orchiectomy (ဝှေးစေ့ ခွဲစိတ်ဖယ်ရှားခြင်း)

ဝှေးစေ့ ခွဲစိတ်ဖယ်ရှားခြင်း (Orchiectomy) ဆိုသည်မှာ ဝှေးစေ့ကင်ဆာ၊...

Tympanostomy (နားစည်မြှေးတွင် အပေါက်ဖောက်၍ ပိုက်ထည့်ကုသခြင်း)
Oct 14, 2025
Tests and Procedures

Tympanostomy (နားစည်မြှေးတွင် အပေါက်ဖောက်၍ ပိုက်ထည့်ကုသခြင်း)

နားအလယ်ပိုင်း မကြာခဏ ပိုးဝင်ခြင်းနှင့်...