Echocardiogram (Echo) (အသံလှိုင်းသုံး နှလုံးပုံရိပ်​ဖော်စက်ဖြင့် စစ်​ဆေးခြင်း)

Echocardiogram (Echo) (အသံလှိုင်းသုံး နှလုံးပုံရိပ်​ဖော်စက်ဖြင့် စစ်​ဆေးခြင်း)

အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက် (Echo – Echocardiogram) ဖြင့် စစ်ဆေးခြင်းသည် ကြိမ်နှုန်းမြင့် အသံလှိုင်းများ (Ultrasound) ကို အသုံးပြု၍ နှလုံး၏ တည်ဆောက်ပုံ၊ လုပ်ဆောင်မှုနှင့် သွေးစီးဆင်းမှုပုံစံများကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုစစ်ဆေးသည့် အာထရာဆောင်း စစ်ဆေးမှုတစ်ခုဖြစ်သည်။ ဤစစ်ဆေးမှုသည် ဓာတ်ရောင်ခြည် (X-ray) အသုံးပြုခြင်း မရှိသောကြောင့် ဓာတ်ရောင်ခြည်သင့်ခြင်းအန္တရာယ် လုံးဝမရှိပါ။ ဤစမ်းသပ်မှုမှတစ်ဆင့် နှလုံး၏ အခြေအနေ၊ အလုပ်လုပ်နိုင်စွမ်း (ညှစ်အား)၊ နှလုံးသွေးစီးဆင်းမှုနှုန်းနှင့် နှလုံးအဆို့ရှင်များ (Heart Valves) ၏ အခြေအနေကို အသေးစိတ် သိရှိနိုင်သည်။

အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက် အမျိုးအစားများ (Types of Echocardiogram)

ပြုလုပ်ရန် လိုအပ်သည့် စစ်ဆေးမှုအမျိုးအစား၊ ရောဂါအခြေအနေနှင့် ရုပ်ပုံအရည်အသွေးတို့ပေါ် မူတည်၍ အမျိုးအစားများ ကွာခြားမှုရှိသည်။

  • ရင်ဘတ်ပေါ်မှတစ်ဆင့် စစ်ဆေးခြင်း (Transthoracic Echocardiogram – TTE)
    • ၎င်းသည် အသုံးအများဆုံး အခြေခံစစ်ဆေးမှုဖြစ်ပြီး ခန္ဓာကိုယ်ပြင်ပမှနေ၍ နှလုံးကို စစ်ဆေးသည်
    • အာထရာဆောင်းလက်ကိုင် (probe) ကို ဂျယ်လ်သုတ်၍ ရင်ဘတ်ပေါ်တွင်တင်ကာ ရိုက်ကူးခြင်းဖြစ်သည်
  • အစာရေမျိုပြွန်အတွင်းသို့ ပြွန်ထည့်၍ စစ်ဆေးခြင်း (Transesophageal Echocardiogram – TEE)
    • သေးသွယ်သော ပြွန်တစ်ခုကို ပါးစပ်မှတစ်ဆင့် အစာရေမျိုပြွန်အတွင်းသို့ ထည့်သွင်း၍ နှလုံးပုံရိပ်များကို ခန္ဓာကိုယ်အတွင်းမှ စစ်ဆေးခြင်းဖြစ်သည်
    • အစာရေမျိုပြွန်သည် နှလုံး၏ အနောက်ဘက်တွင် တည်ရှိသောကြောင့် နှလုံး၏ အနောက်ဘက်အပိုင်း၊ နှလုံးအဆို့ရှင်များနှင့် သွေးခဲငယ်များကဲ့သို့သော အခြေအနေများကို TTE ထက် ပိုမိုကြည်လင်တိကျစွာ ပုံဖော်နိုင်သည်
  • စက်ပေါ်တွင် လေ့ကျင့်ခန်းလုပ်နေစဉ် နှလုံးကို စစ်ဆေးခြင်း (Stress Echocardiogram)
    • လေ့ကျင့်ခန်း မပြုလုပ်မီနှင့် ပြုလုပ်ပြီးနောက် နှလုံး၏ လုပ်ဆောင်ချက်များကို စစ်ဆေးရိုက်ကူးခြင်းဖြစ်သည်
    • အချို့သော နှလုံးပြဿနာများသည် လူတစ်ဦး ပုံမှန်အနားယူနေချိန်တွင် ပေါ်မလာဘဲ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ချိန်မှသာ ပေါ်လာတတ်သောကြောင့် ပုံမှန် Echo တွင် မတွေ့နိုင်သော အခြေအနေများကို သိရှိနိုင်သည်
  • သန္ဓေသား၏ နှလုံးကို စစ်ဆေးခြင်း (Fetal Echocardiogram)
    • ဤစစ်ဆေးမှုကို ကိုယ်ဝန်ဆောင်မိခင်များတွင် သန္ဓေသား၏ နှလုံးပုံစံနှင့် လုပ်ဆောင်ချက်များကို စစ်ဆေးရန် ပြုလုပ်သည်
ပုံရိပ်ဖော်နည်းလမ်းများ (Imaging Modalities)

အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်တွင် ပုံရိပ်ဖော်သည့် နည်းလမ်းပေါ် မူတည်၍ အောက်ပါအတိုင်း ခွဲခြားထားနိုင်သည်။

  • နှစ်ဖက်မြင် (သို့မဟုတ်) သုံးဖက်မြင် (2D or 3D Echocardiogram)
    • နှစ်ဖက်မြင် (2D) သည် ပုံမှန်စစ်ဆေးမှုဖြစ်ပြီး နှလုံးနံရံများ၊ အဆို့ရှင်များနှင့် သွေးကြောအချို့၏ ပုံရိပ်ကို သိရှိနိုင်သည်
    • သုံးဖက်မြင် (3D) စစ်ဆေးမှုသည် နှလုံး၏ ပိုမိုအသေးစိတ်သော ပုံရိပ်များ အထူးသဖြင့် နှလုံးဘယ်ဘက်သွေးလွှတ်ခန်း၊ နှလုံးအဆို့ရှင်များနှင့် မွေးရာပါ နှလုံးရောဂါများကို ပိုမိုပြည့်စုံစွာ မြင်နိုင်စေသည်
  • ဒေါ့ပလာ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက် (Doppler Echocardiogram)
    • နှလုံးနှင့်သွေးကြောများအတွင်း သွေးစီးဆင်းမှု လမ်းကြောင်းနှင့် အရှိန်ကို တိုင်းတာခြင်း ဖြစ်သည်
    • ဤနည်းလမ်းဖြင့် နှလုံးသွေးကြောများ၏ ဖိအားများ၊ နှလုံးအဆို့ရှင်များ ယိုစိမ့်မှု ရှိမရှိနှင့် ပိတ်ဆို့မှု ရှိမရှိကိုလည်း သိရှိနိုင်သည်
  • အရောင်စီးဆင်းမှု ပုံဖော်ခြင်း (Color Flow Imaging)
    • နှလုံးအတွင်းရှိ သွေးစီးဆင်းမှုကို အရောင်ဖြင့် ဖော်ပြခြင်းဖြစ်သည်
    • သွေးစီးဆင်းမှု ဦးတည်ရာကို အရောင်အမျိုးမျိုး (ဥပမာ _ အနီရောင်နှင့် အပြာရောင်) ဖြင့် ပြသသောကြောင့် နှလုံးအဆို့ရှင်များ၏ အခြေအနေနှင့် သွေးစီးဆင်းမှုများတွင် ပြောင်းလဲမှု ရှိမရှိကို ပိုမိုလွယ်ကူစွာ တွေ့မြင်နိုင်သည်
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ (Indications)

အောက်ပါအခြေအနေများတွင် Echo စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်သည်။

  • ကျန်းမာရေးကြိုတင်စစ်ဆေးခြင်း (Screening)
    • ရောဂါလက္ခဏာ မပြသသော်လည်း မိသားစု ဆွေမျိုးများတွင် နှလုံးကြွက်သားများ ထူလာခြင်းကြောင့် နှလုံးတွင်း သွေးစီးဆင်းမှု ပိတ်ဆို့ခြင်း ရာဇဝင် (Hypertrophic Obstructive Cardiomyopathy – HOCM) ရှိသူများ
    • သွေးကြောဖောင်းခြင်း ရာဇဝင်ရှိသူများ
    • ECG ပြောင်းလဲမှုရှိနေသည့် အားကစားသမားများ
  • နှလုံးရောဂါ ခံစားနေရသော ရောဂါလက္ခဏာများ ရှိသူများ
    • ရင်တုန်ခြင်း၊ မောပန်းလွယ်ခြင်း၊ သတိလစ်ခြင်း
    • အကြောင်းရင်းရှာမရသော ရင်ဘတ်အောင့်ခြင်း
    • နှလုံးသွေးကြောပိတ် လက္ခဏာများ သို့မဟုတ် နှလုံးခုန်စီးချက် မမှန်ခြင်း
    • အဆုတ်အတွင်း သွေးဖိအားများခြင်း အကြောင်းများကို ရှာဖွေရန်
    • လေဖြတ်ခြင်း ဖြစ်ဖူးသူများ
  • နှလုံးရောဂါရှိသူများတွင် ရောဂါအခြေအနေ ပြန်လည်စစ်ဆေးခြင်း (Monitoring)
    • နှလုံးအသံပိုများ (Heart Murmurs) ရှိခြင်း
    • နှလုံးအဆို့ရှင် ပြဿနာများ (နှလုံးအဆို့ရှင် ကျဉ်းခြင်း သို့မဟုတ် နှလုံးအဆို့ရှင် မလုံခြင်း)
    • နှလုံးလေးဘက်နာရောဂါ
    • မွေးရာပါ နှလုံးရောဂါရှိသူများ (Congenital Heart Disease)
    • ရုတ်တရက် နှလုံးအမောဖောက်ခြင်း (Heart Attack)
    • နှလုံးကြွက်သားနှင့်ဆိုင်သော ရောဂါရှိခြင်း
    • နှလုံးအမြှေးပါးရောဂါများ (နှလုံးရေဝင်ခြင်း)
မပြုလုပ်သင့်သည့် အခြေအနေများ (Contraindications)

အခြေခံစစ်ဆေးမှုဖြစ်သည့် TTE တွင် လူနာ၏ ငြင်းဆိုချက်မှလွဲ၍ တင်းကြပ်စွာ မပြုလုပ်သင့်သည့် အခြေအနေမရှိသော်လည်း၊ အခြားစစ်ဆေးမှု အမျိုးအစားများတွင် မပြုလုပ်သင့်သည့် အခြေအနေများရှိသည်။

  • အစာရေမျိုပြွန်အတွင်းသို့ ပြွန်ထည့်၍ စစ်ဆေးခြင်း (TEE) ကို မပြုလုပ်သင့်သည့် အခြေအနေများ
    • အစာရေမျိုပြွန် ကျဉ်းခြင်း သို့မဟုတ် အကျိတ်များ ရှိခြင်း
    • အစာအိမ်နှင့် အူလမ်းကြောင်းတွင် သွေးထွက်ခြင်း
    • အစာရေမျိုပြွန်တွင် အတက်အပိုများ (Diverticula) ရှိနေခြင်း
    • အစာအိမ်ကျွံခြင်း
    • မျက်နှာနှင့် အသက်ရှူလမ်းကြောင်းတွင် ပြင်းထန်သော ထိခိုက်ဒဏ်ရာရခြင်း
  • စက်ပေါ်တွင် လေ့ကျင့်ခန်းလုပ်နေစဉ် စစ်ဆေးခြင်း (Stress Echocardiogram) ကို မပြုလုပ်သင့်သည့် အခြေအနေများ
    • ရုတ်တရက် နှလုံးကြွက်သားပုပ်ခြင်းအခြေအနေ (Myocardial Infarction) နှစ်ရက်အတွင်း ဖြစ်ထားခြင်း
    • ပြင်းထန်သည့် လက္ခဏာရှိနေသော သွေးလွှတ်ကြောမကြီး ကျဉ်းခြင်း
    • နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart Failure)
    • နှလုံးကြွက်သားအမြှေးပါး လတ်တလော ရောင်ရမ်းခြင်း
    • ကောင်းစွာ ထိန်းချုပ်၍မရသော နှလုံးခုန်စည်းချက် မမှန်ခြင်း
    • သွေးပေါင်ချိန် အလွန်အမင်း တက်နေခြင်း (၂၀၀/၁၁၀ mmHg အထက်)
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့် (Procedure Details)
  1. ရင်ဘတ်ပေါ်မှတစ်ဆင့် စစ်ဆေးခြင်း (Transthoracic Echocardiogram – TTE)
    TTE သည် ခွဲစိတ်မှုများ၊ ပိုက်ထည့်ခြင်းများ ပြုလုပ်ရန်မလိုဘဲ ခန္ဓာကိုယ်ပြင်ပမှနေ၍ နှလုံးပုံရိပ်များကို စစ်ဆေးသော အခြေခံအကျဆုံး စစ်ဆေးမှုအမျိုးအစားဖြစ်သည်။
    • ကြိုတင်ပြင်ဆင်မှုများ
      • အခြေခံစစ်ဆေးမှုဖြစ်၍ စစ်ဆေးမှုမပြုလုပ်မီတွင် အစာစားခြင်း၊ ရေသောက်ခြင်းနှင့် ဆေးသောက်ခြင်းများကို ပုံမှန်အတိုင်း ပြုလုပ်နိုင်သည်
      • အထူးတလည် ရှောင်ကြဉ်ရန် မလိုအပ်ပါ
    • စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
      • လူနာသည် ကုတင်ပေါ်တွင် ပက်လက်လှန်၍ သို့မဟုတ် ဘယ်ဘက်သို့ စောင်း၍ လဲလျောင်းနေရသည်
      • နှလုံးအထူးကုဆရာဝန် (Cardiologist) သို့မဟုတ် ကျွမ်းကျင်ပညာရှင်သည် အာထရာဆောင်းလက်ကိုင် (probe) တွင် ဂျယ်လ်ကို သုတ်လိမ်းပြီး ရင်ဘတ်ပေါ်တွင်ထောက်ကာ စမ်းသပ်သည်
      • တစ်ခါတစ်ရံတွင် ပုံရိပ်များကို ဘက်ပေါင်းစုံမှ ရရှိရန် သို့မဟုတ် ပိုမိုကောင်းမွန်သော ပုံရိပ်များ ရရှိစေရန် လိုအပ်ပါက လူနာ၏ အနေအထားကို ပြောင်း၍ ရိုက်ကူးရသည်
      • အဆုတ် (သို့မဟုတ်) နံရိုးများသည် နှလုံးပုံရိပ်များကို ကွယ်နေပါက ပုံရိပ်များကို ပိုမိုရှင်းလင်းစွာ မြင်နိုင်စေရန် ဆေးရည် (Contrast) ကို သွေးကြောထဲသို့ အသုံးပြု၍ ရိုက်ကူးနိုင်သည်၊ နှလုံးတွင် အပေါက် ရှိမရှိ စစ်ဆေးရန်အတွက်လည်း normal saline ကို အသုံးပြုနိုင်သည်
      • ထိုစစ်ဆေးမှုသည် ယေဘူယျအားဖြင့် မိနစ် (၄၀) ခန့် ကြာမြင့်ပြီး စစ်ဆေးမှုပြီးနောက်တွင် အထူးရှောင်ကြဉ်ရန် မလိုအပ်ဘဲ နေ့စဉ်လုပ်ငန်းများကို ပုံမှန်အတိုင်း ပြုလုပ်နိုင်သည်
  2. အစာရေမျိုပြွန်အတွင်းသို့ ပြွန်ထည့်၍ စစ်ဆေးခြင်း (Transesophageal Echocardiogram – TEE)
    • ကြိုတင်ပြင်ဆင်မှုများ
      • စစ်ဆေးမှု မပြုလုပ်မီ အနည်းဆုံး (၆) နာရီခန့် ကြိုတင်၍ အစာနှင့် ရေကို ဖြတ်ထားရန် လိုအပ်သည်
      • ဆေးဝါးများ သောက်ရန်လိုအပ်ပါက ရေတစ်ငုံစာဖြင့် ပုံမှန်အတိုင်း သောက်နိုင်သည်
      • ဆီးချိုရောဂါ ရှိပါက အင်ဆူလင် (သို့မဟုတ်) သောက်ဆေးများနှင့် ပတ်သက်၍ ဆရာဝန်နှင့် ကြိုတင်ဆွေးနွေးထားရသည်
    • စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
      • စစ်ဆေးမှုပြုလုပ်နေစဉ် သက်သောင့်သက်သာရှိစေရန် အိပ်ဆေး (Sedative) နှင့် အခြားလိုအပ်သော ဆေးများကို သွင်းပေးနိုင်ရန် လက်တွင် အပ်စိုက်ထားသည်
      • ဖျန်းဆေး (သို့မဟုတ်) ဂျယ်လ်ကိုအသုံးပြု၍ လည်ချောင်းအား ထုံသွားစေရန် ပြုလုပ်သည်
      • သေးငယ်သော ပြွန်တစ်ခုကို ပါးစပ်မှတစ်ဆင့် လည်ချောင်းအတွင်းသို့ ဖြည်းညင်းစွာ ထည့်သွင်းပြီး အစာရေမျိုပြွန်အတွင်းသို့ ရောက်အောင် ထည့်ပေးသည်
      • ဤစစ်ဆေးမှုသည် ခန့်မှန်းခြေအားဖြင့် မိနစ် (၃၀) ခန့် ကြာမြင့်ပြီး စစ်ဆေးပြီးနောက်တွင် မိနစ် (၃၀) ခန့် ထပ်မံစောင့်ကြပ်ကြည့်ရှုရသည်
      • အိပ်ဆေးအရှိန် ကောင်းစွာ မပြယ်မချင်း အစာစားခြင်း သို့မဟုတ် ရေသောက်ခြင်း မပြုလုပ်ရ
      • ခေါင်းမူးခြင်း၊ မှိန်းခြင်းများ ခံစားရနိုင်သည့်အတွက် မိမိကိုယ်တိုင် ကားမမောင်းသင့်ပါ
  3. စက်ပေါ်တွင် လေ့ကျင့်ခန်းလုပ်နေစဉ် နှလုံးကို စစ်ဆေးခြင်း (Stress Echocardiogram)
    • ပြုလုပ်သည့် နည်းလမ်း (၂) မျိုး
      • လေ့ကျင့်ခန်းပြုလုပ်၍ စစ်ဆေးခြင်း
        လူနာကို ပြေးစက်ပေါ်တွင် ပြေးခိုင်းခြင်း သို့မဟုတ် စက်ဘီးစီးခိုင်းခြင်းဖြင့် နှလုံး၏ တုံ့ပြန်မှုများကို စစ်ဆေးခြင်းဖြစ်သည်
      • ဆေးဝါးများပေး၍ စစ်ဆေးခြင်း
        လေ့ကျင့်ခန်း မလုပ်နိုင်သူများအတွက် Dobutamine ကဲ့သို့ နှလုံးကို လှုံ့ဆော်မှုပေးသော ဆေးဝါးများကို သွေးကြောထဲသို့ ထိုးသွင်းပေးခြင်းဖြင့် နှလုံးခုန်နှုန်းကိုမြန်စေကာ လေ့ကျင့်ခန်းလုပ်သကဲ့သို့ ဖြစ်စေပြီး နှလုံးလုပ်ဆောင်ချက်များကို စစ်ဆေးခြင်း ဖြစ်သည်
    • ကြိုတင်ပြင်ဆင်မှုများ
      • စစ်ဆေးမှု မပြုလုပ်မီ (၄) နာရီခန့် ကြိုတင်၍ အစာစားခြင်းနှင့် အရည်သောက်ခြင်းတို့ကို ရှောင်ကြဉ်ရသည်
      • (၂၄) နာရီခန့် ကြိုတင်၍ ကဖိန်းဓာတ်ပါသော အရာများ (ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ချောကလက် စသည်တို့) နှင့် ဆေးလိပ်သောက်ခြင်းတို့ကို ရှောင်ကြဉ်ရသည်
    • စမ်းသပ်စစ်ဆေးပုံ အဆင့်ဆင့်
      • စစ်ဆေးမှုသည် TTE နှင့် စစ်ဆေးမှု ပုံစံတူညီပြီး လေ့ကျင့်ခန်း မလုပ်မီနှင့် လုပ်ပြီးချိန်တွင် စစ်ဆေးခြင်းသည်သာ ကွာခြားသည်
      • စစ်ဆေးမှုမပြုလုပ်မီတွင် ရင်ဘတ်ပေါ်တွင် Electrodes များ တပ်ဆင်၍ နှလုံးခုန်နှုန်းနှင့် စည်းချက်များကို သိရှိစေရန် ECG ဆွဲရသည်
      • လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန်တွင် TTE ကို နောက်တစ်ကြိမ် ထပ်မံပြုလုပ်သည်
      • စစ်ဆေးမှုသည် ခန့်မှန်းခြေအားဖြင့် (၁၅) မိနစ်ခန့် ကြာမြင့်ပြီး နှလုံးခုန်နှုန်း၊ စည်းချက်နှင့် သွေးပေါင်များ ပုံမှန်ပြန်ဖြစ်သည်အထိ စောင့်ကြပ်ကြည့်ရှုရသည်
သိရှိနိုင်သောအဖြေများ

နှလုံးစစ်ဆေးခြင်းဖြင့် များစွာသောနှလုံးပြဿနာများကို အဖြေရှာရာတွင် အထောက်အကူပြုသည်။

  • နှလုံးအရွယ်အစားပြောင်းလဲခြင်း
    နှလုံးအဆို့ရှင် အားနည်းခြင်း၊ ပျက်စီးခြင်း၊ သွေးပေါင်တက်ခြင်းနှင့် အခြားရောဂါများကြောင့် နှလုံးနံရံများထူလာခြင်း၊ နှလုံးသွေးလွှတ်ခန်းကြီးခြင်း အခြေအနေများကို သိနိုင်သည်။
  • နှလုံးကြွက်သားညှစ်အားကို သိနိုင်ခြင်း
    နှလုံးခုန်နှုန်းတစ်ချက်လျှင် နှလုံးအခန်းအတွင်းမှ သွေးမည်မျှညှစ်ထုတ်နိုင်သည်ကို သိနိုင်သည်။ ထို့ပြင် တစ်မိနစ်လျှင် ညှစ်ထုတ်နိုင်သည့် သွေးပမာဏကိုလည်း သိရှိနိုင်သည်။ နှလုံးသည် ခန္ဓာကိုယ်အတွက် လိုအပ်သည့်သွေးပမာဏကို မညှစ်ထုတ်နိုင်တော့သည့် အခြေအနေဖြစ်လာလျှင် နှလုံးလုပ်ငန်းပျက်စီးခြင်းလက္ခဏာများ ပေါ်လာသည်။
  • နှလုံးကြွက်သားထိခိုက်မှုများကို သိနိုင်ခြင်း
    နှလုံးမှသွေးညှစ်ထုတ်ရာတွင် နှလုံးနံရံများ၏ ကူညီနိုင်မှုကို သိနိုင်သည်။ နှလုံးကြွက်သား ‌ကောင်းမွန်စွာ လှုပ်ရှားမှုမရှိသည့်နေရာသည် ထိခိုက်မှုရှိနေနိုင်သည်။ ထိုအခြေအနေများသည် အောက်ဆီဂျင်မရခြင်းကြောင့်သော်လည်းကောင်း ရုတ်တရက် နှလုံးအမောဖောက်ခြင်းကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်။
  • နှလုံးအဆို့ရှင်ပြဿနာများကို သိနိုင်ခြင်း
    နှလုံးအဆို့ရှင်များ၏ ဖွင့်ပုံပိတ်ပုံကို သိရှိနိုင်သည်။ နှလုံးအဆို့ရှင်များကျဥ်းခြင်း၊ နှလုံးအဆို့ရှင်များ မလုံခြင်း စသည့်ရောဂါများကိုလည်း သိရှိနိုင်သည်။
  • မွေးရာပါနှလုံးရောဂါများကို သိနိုင်ခြင်း
    နှလုံးနှင့် နှလုံးအဆို့ရှင်များ၏ ဖွဲ့စည်းမှုပြောင်းလဲပုံကို သိနိုင်သည်။ နှလုံးနှင့် ပင်မသွေးကြောများ၏ ဆက်နွယ်မှုပြောင်းလဲခြင်း အခြေအနေများကိုလည်း သိနိုင်သည်။
  • နှလုံးအတွင်း သွေးခဲများ ရှိမရှိ၊ အကျိတ်များ ရှိမရှိကိုလည်း သိရှိနိုင်သည်
နောက်ဆက်တွဲဆိုးကျိုးများ

Echo ရိုက်ခြင်းတွင် အသံလှိုင်းများကိုသာ အသုံးပြုသောကြောင့် ဓာတ်‌ရောင်ခြည်သင့်စေသည့် အန္တရာယ်မရှိပါ။ ယေဘုယျအားဖြင့် ပြင်းထန်သည့် နောက်ဆက်တွဲဆိုးကျိုးများကို မဖြစ်စေပါ။ ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများသည် ရိုက်ကူးသည့် အမျိုးအစားပေါ် မူတည်၍ ကွာခြားမှုရှိသည်။

ရင်ဘတ်ပေါ်မှတစ်ဆင့် စစ်ဆေးခြင်း (TTE)
ရင်ဘတ်ပေါ်မှတစ်ဆင့် စစ်ဆေးချိန်တွင် အနည်းငယ် မသက်မသာ ခံစားရသည်မှလွဲ၍ အခြားသောပြဿနာများ ဖြစ်လေ့မရှိပါ။ သို့သော်အချို့သောသူများတွင်

  • ဆေးရည် (Contrast) နှင့် ဓာတ်မတည့်ခြင်း
  • ခါးနာခြင်း
  • ခေါင်းကိုက်ခြင်း
  • အနီကွက်များထွက်ခြင်းတို့ ခံစားရနိုင်သည်

အစာရေမျိုပြွန်အတွင်းသို့ ပိုက်ထည့်၍စစ်ဆေးခြင်း (TEE)

  • လည်ချောင်းနာခြင်း
  • အစာမျိုရခက်ခဲခြင်း
  • အသံပြောင်းခြင်း
  • လည်ချောင်းကြွက်သားများ ကျုံ့ခြင်း
  • လည်ချောင်းအတွင်း သွေးအနည်းငယ် ထွက်နိုင်ခြင်း
  • သွား၊ သွားဖုံး၊ နှုတ်ခမ်းတွင် ဒဏ်ရာရခြင်း
  • အစာရေမျိုပြွန် ပြဲခြင်း
  • နှလုံးခုန်စီးချက်မမှန်ခြင်း
  • စမ်းသပ်စဥ်တွင် အသုံးပြုသောဆေးများကြောင့် မအီမသာဖြစ်ခြင်းတို့ ခံစားရနိုင်သည်။

စက်ပေါ်တွင် လေ့ကျင့်ခန်းလုပ်နေစဥ် နှလုံးကိုစစ်ဆေးခြင်း (Stress echocardiogram)

  • နှလုံးခုန်စီးချက်မမှန်ခြင်း
  • ပူစပ်ပူလောင်ခံစားရခြင်း
  • သွေးပေါင်ကျခြင်း
  • ဓာတ်မတည့်ခြင်း
  • ရုတ်တရက် နှလုံးအမောဖောက်ခြင်း စသည်တို့ ခံစားရနိုင်သည်။

References:

  1. Mayo Clinic. (n.d.). Echocardiogram. Mayo Foundation for Medical Education and Research. Retrieved September 25, 2025, from https://www.mayoclinic.org/tests-procedures/echocardiogram/about/pac-20393856#dialogId31128863
  2. American Heart Association. (n.d.). Echocardiogram (echo). Retrieved September 25, 2025, from https://www.heart.org/en/health-topics/heart-attack/diagnosing-a-heart-attack/echocardiogram-echo
  3. National Center for Biotechnology Information. (n.d.). Echocardiography. In StatPearls. Retrieved September 25, 2025, from https://www.ncbi.nlm.nih.gov/books/NBK558940/
  4. WebMD. (n.d.). Diagnosing with echocardiogram. Retrieved September 25, 2025, from https://www.webmd.com/heart-disease/diagnosing-echocardiogram
  5. Cleveland Clinic. (n.d.). Echocardiogram. Cleveland Clinic. Retrieved September 25, 2025, from https://my.clevelandclinic.org/health/diagnostics/16947-echocardiogram

Published: 11 October 2025

Share

11 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Oral Cancer Screening (ခံတွင်းကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးခြင်း)
Oct 9, 2025
Tests and Procedures

Oral Cancer Screening (ခံတွင်းကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးခြင်း)

ခံတွင်းနှင့် လည်ချောင်းတစ်ဝိုက်ရှိ ကင်ဆာလက္ခဏာများကို အစောဆုံးအဆင့်တွင်...

Tracheostomy (လည်ပင်းလေပြွန်ဖောက်၍ အသက်ရှူပြွန် ထည့်ခြင်း)
Oct 8, 2025
Tests and Procedures

Tracheostomy (လည်ပင်းလေပြွန်ဖောက်၍ အသက်ရှူပြွန် ထည့်ခြင်း)

လေပြွန်မကြီးတွင် ခွဲစိတ်၍ လေဝင်ပေါက်တစ်ခုပြုလုပ်ကာ...

Tattoo Removal (တက်တူးဖျက်ခြင်း)
Oct 8, 2025
Tests and Procedures

Tattoo Removal (တက်တူးဖျက်ခြင်း)

တက်တူးဖျက်ခြင်းသည် အရေပြားအောက်ရှိ ဆေးမင်များကိုဖယ်ရှားခြင်းဖြစ်ပြီး...