Needle Biopsy (အပ်ဖြင့် အသားစယူ စစ်ဆေးခြင်း)

Needle Biopsy (အပ်ဖြင့် အသားစယူ စစ်ဆေးခြင်း)

ဆေးထိုးအပ် (သို့မဟုတ်) အထူးပြုလုပ်ထားသည့် အပ်ကို အသုံးပြု၍ တစ်ရှူးစ၊ ကိုယ်တွင်းအရည် သို့မဟုတ် ဆဲလ်အနည်းငယ်ကို ရယူကာ ရောဂါရှာဖွေ စစ်ဆေးခြင်းဖြစ်သည်။ အပ်ဖြင့် အသားစယူစစ်ဆေးခြင်းသည် ထုံဆေးဖြင့် ပြုလုပ်နိုင်သောကြောင့် လူနာ နာလန်ထချိန် တိုတောင်းသည့်အပြင် ဆေးရုံတက်စရာ မလိုအပ်ဘဲ ပြင်ပလူနာအဖြစ် ပြုလုပ်နိုင်သည်။

အပ်ဖြင့် အသားစယူစစ်ဆေးခြင်း အမျိုးအစားများ

အပ်ဖြင့် အသားစယူစစ်ဆေးခြင်းကို ရောဂါတည်နေရာအပေါ် မူတည်၍ အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်သည်။

  1. အပ်ငယ်ဖြင့် ဆဲလ် (သို့မဟုတ်) အရည် စုပ်ယူစစ်ဆေးခြင်း (Fine-Needle Aspiration Biopsy)
    • အလွန်ပါးလွှာသေးငယ်သော အပ် (၂၂-၂၅ ဂေ့ချ်ခန့်) ကို အသုံးပြုသည်
    • ဆဲလ်များ (သို့မဟုတ်) အကျိတ်များ၊ ပြန်ရည်ကျိတ်များနှင့် ရင်သားအကျိတ်များအတွက် အများဆုံး အသုံးပြုသည်
  2. အထူးပြုလုပ်ထားသည့်အပ်ဖြင့် အသားစယူစစ်ဆေးခြင်း (Core Needle Biopsy)
    • အနည်းငယ်ပိုကြီးသော အပ် (၁၄-၁၈ ဂေ့ချ်ခန့်) ကို အသုံးပြုသည်
    • အကျိတ်အတွင်းဗဟိုရှိ ဆလင်ဒါပုံသဏ္ဌာန်တစ်ရှူးစကို ရယူစစ်ဆေးသည့်အတွက် ပိုမိုကောင်းမွန်သော အသားစနမူနာကို ရရှိနိုင်သည်
    • ရင်သား၊ ဆီးကျိတ်၊ အသည်းနှင့် ကျောက်ကပ်စသည့် ကိုယ်တွင်းအင်္ဂါများရှိ အလုံးအကျိတ်များ အသားစယူရာတွင် အသုံးပြုသည်
  3. လေစုပ်စက်အကူအညီဖြင့် အသားစယူစစ်ဆေးခြင်း (Vacuum-Assisted Biopsy)
    • လေစုပ်စက်မှ လေဟာနယ်စနစ်ကို အသုံးပြု၍ အပ်ထဲသို့ အသားစတစ်ရှူးအား ဆွဲယူခြင်းဖြစ်သည်
    • အပ်တစ်ကြိမ်သာ ထိုးသွင်းကာ အသားစနမူနာများစွာ သို့မဟုတ် အရွယ်အစား ပိုကြီးသော အသားစနမူနာများကို ရယူနိုင်သည်
    • အသားစနမူနာ ပမာဏ ပိုမိုလိုအပ်သော ရင်သားအကျိတ် စစ်ဆေးခြင်းတွင် အသုံးပြုလေ့ရှိသည်
  4. ပုံရိပ်ဖော်ကိရိယာ အထောက်အကူယူ၍ အပ်ဖြင့် အသားစယူစစ်ဆေးခြင်း (Image-Guided Needle Biopsy)
    • အာထရာဆောင်း (USG)၊ ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ကို အသုံးပြု၍ ပြုလုပ်သည်
    • ပုံရိပ်ဖော်ကိရိယာအသုံးပြုခြင်းအားဖြင့် ကိုယ်ခန္ဓာအတွင်း နက်ရှိုင်းသော သို့မဟုတ် သေးငယ်သော အကျိတ်များ၊ ရောဂါများကို (ဥပမာ _ အဆုတ်အကျိတ်၊ အသည်းရောဂါ) ပိုမိုတိကျစွာ ပစ်မှတ်ထား၍ အသားစယူနိုင်သည်
ပြုလုပ်ရန်လိုအပ်သည့် ရောဂါနှင့်အခြေအနေများ

ပုံရိပ်ဖော်စစ်ဆေးမှုများ (ဥပမာဓာတ်မှန်ရိုက်ခြင်း) သို့မဟုတ် ဆေးစစ်ချက်များအရ သံသယရှိသောကြောင့် အပ်ဖြင့် အသားစ သို့မဟုတ် ကိုယ်တွင်းအရည် ယူ၍ထပ်မံစစ်ဆေးရန် လိုအပ်သည့်အခါ ပြုလုပ်သည်။ အောက်ပါအခြေအနေများတွင် ပြုလုပ်သည်။

  • ကင်ဆာမဟုတ်သော အကျိတ် သို့မဟုတ် ကင်ဆာအကျိတ်တို့ကို ခွဲခြားသိရှိနိုင်ရန် စစ်ဆေးခြင်း
  • ရောဂါပိုးမွှားများကို ရှာဖွေဖော်ထုတ်ခြင်း
  • ရောင်ရမ်းမှု သို့မဟုတ် ကိုယ်ခံအားစနစ်မူမမှန်သည့် ရောဂါများကို ရှာဖွေဖော်ထုတ်ခြင်း
အပ်ဖြင့် အသားစယူ စစ်ဆေးပုံအဆင့်ဆင့်
  • အပ်ဖြင့် အသားစမယူမီ
    • သွေးခဲမှုနှုန်းနှင့်ပတ်သက်သော သွေးစစ်ဆေးမှုများ၊ ပုံရိပ်ဖော်စစ်ဆေးမှုများနှင့် လူနာ၏ ဆေးမှတ်တမ်းများအား ပြန်လည်ဆန်းစစ်ခြင်းတို့ ပြုလုပ်မည်
    • ပုံမှန်သောက်သုံးနေသော ဆေးဝါးများအား ချိန်ညှိခြင်း (ဥပမာ အက်စ်ပရင် (Aspirin) သွေးကျဲဆေး သို့မဟုတ် ဝါဖရင် (Warfarin) သွေးမခဲဆေးများ သောက်သုံးနေပါက ခေတ္တရပ်နားရန် သို့မဟုတ် ဆေးချိန်ညှိရန် ဆရာဝန်မှ ညွှန်ကြားနိုင်သည်)
    • တစ်ခါတစ်ရံတွင် မေ့ဆေးဖြင့် အသားစယူရန် လိုအပ်ပါက အစာနှင့် အရည် ကြိုတင်ရှောင်ရန် လိုအပ်ပြီး မေ့ဆေးဆရာဝန်နှင့် ပြသတိုင်ပင်ဆွေးနွေးရမည်ဖြစ်သည်
    • အပ်ဖြင့်အသားစယူစစ်ဆေးခြင်း၏ အကျိုးကျေးဇူးများ၊ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များနှင့် အခြားပြုလုပ်နိုင်သော စစ်ဆေးနည်းများကို ဆရာဝန်မှ ရှင်းပြမည်ဖြစ်သည်
    • မိမိ သိရှိလိုသော အကြောင်းအရာများ၊ မရှင်းလင်းသည့်အချက်များကို ပြန်လည်မေးမြန်းနိုင်သည်
    • ထို့နောက် စစ်ဆေးရန် သဘောတူကြောင်း လက်မှတ်ရေးထိုးရန် လိုအပ်သည်
  • အပ်ဖြင့် အသားစယူစဥ်
    • အသားစယူမည့်နေရာအား ပိုးသတ်ဆေးရည်ဖြင့် သန့်စင်ပေးမည်
    • လိုအပ်ပါက ထုံဆေး သို့မဟုတ် စိတ်ငြိမ်ဆေး ထိုးပေးမည်၊ မေ့ဆေးဖြင့် အသားစယူရန် လိုအပ်ပါက မေ့ဆေးဆရာဝန်မှ မေ့ဆေးပေးမည်ဖြစ်သည်
    • အာထရာဆောင်း သို့မဟုတ် စီတီဓာတ်မှန်ကဲ့သို့ ပုံရိပ်ဖော်ကိရိယာ အကူအညီလမ်းညွှန်မှုကို အသုံးပြုနိုင်သည်
    • ထို့နောက် အလုံးအကျိတ်အတွင်း အပ်ထိုးသွင်း၍ အသားစနမူနာယူမည်ဖြစ်သည်
    • လုံလောက်သော အသားစနမူနာရရှိစေရန် လိုအပ်ပါက အပ်ကို အကြိမ်ကြိမ် ထည့်သွင်းရယူသည်။
  • အပ်ဖြင့် အသားစယူပြီးနောက်
    • အပ်ထည့်သွင်းသည့်နေရာကို အနာကပ်ပလတ်စတာဖြင့် ဖိကပ်ပေးပြီး လိုအပ်ပါက ပတ်တီးစည်းပေးမည်ဖြစ်သည်
    • များသောအားဖြင့် ချုပ်ရိုးချုပ်ရန် မလိုပါ
    • ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြဿနာများအတွက် (ဥပမာ _ ကျောက်ကပ် သို့မဟုတ် အဆုတ်အတွက် စစ်ဆေးပါက နာရီအနည်းငယ်ခန့်) စောင့်ကြည့်မည်ဖြစ်သည်
    • အနာ နာကျင်မှုအတွက် ပါရာစီတမော သို့မဟုတ် အိုင်ဗျူပရိုဖန် (ibuprofen) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို ညွှန်ကြားနိုင်သည်
    • အနားယူရန်၊ လေးလံသော အရာများကို မ မရန်၊ ဖျားခြင်း၊ အနာမှ သွေးယိုခြင်း၊ အနာ ပိုနာလာခြင်း၊ ဖောင်းလာခြင်း သို့မဟုတ် ရောင်ရမ်းခြင်း စသည့် လက္ခဏာများကို စောင့်ကြည့်ရန် ဆရာဝန်မှ ညွှန်ကြားမည်
    • အများစုမှာ ပြုလုပ်ပြီးချင်း အိမ်သို့ ပြန်နိုင်သည်
    • စစ်ဆေးမှုရလဒ်များ သိရှိနိုင်ရန် ရက်အနည်းငယ်မှ တစ်ပတ်ခန့် ကြာမြင့်တတ်သည်
သိရှိနိုင်သောအဖြေများ

အပ်ဖြင့် အသားစယူစစ်ဆေးမှုမှ ရရှိသော နမူနာများကို ဓာတ်ခွဲခန်းသို့ ပို့၍ ရောဂါဗေဒဆရာဝန် သို့မဟုတ် ဆဲလ်ဗေဒဆရာဝန်မှ အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးပြီးနောက် အောက်ပါအဖြေများ သိရှိနိုင်သည်။

  • ကင်ဆာရောဂါ အတည်ပြုခြင်း
    ကင်ဆာအကျိတ် ဟုတ်မဟုတ်၊ ကင်ဆာဖြစ်ပါက မည်သည့် ကင်ဆာအမျိုးအစား ဖြစ်သည်ကို သိရှိနိုင်သည်။
  • ကင်ဆာမဟုတ်သော ရောဂါများ
    ကိုယ်တွင်းအင်္ဂါများ ရောင်ရမ်းခြင်း သို့မဟုတ် ရိုးရိုးအကျိတ် စသဖြင့် ခွဲခြားသိရှိနိုင်သည်။
  • ရောဂါပိုး ရှာဖွေခြင်း
    ဘက်တီးရီးယား၊ မှို သို့မဟုတ် ဗိုင်းရပ်စ် စသည့် ရောဂါပိုးများ ရှိမရှိ သိရှိနိုင်သည်။
  • ဆဲလ်များ၏ အခြေအနေ
    ပုံမှန်ဆဲလ်များနှင့် မူမမှန်ဆဲလ်များကို ခွဲခြားသိရှိနိုင်သည်။

စစ်ဆေးမှုရလဒ်သည် နောက်လာမည့် ဆေးကုသမှုအဆင့်များကို ဆုံးဖြတ်ပေးသည်။

နောက်ဆက်တွဲပြဿနာများ

အပ်ဖြင့် အသားစယူစစ်ဆေးခြင်းသည် ယေဘုယျအားဖြင့် ဘေးကင်းသော်လည်း အောက်ဖော်ပြပါ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်ခြေရှိသည်။

  • သွေးထွက်ခြင်း သို့မဟုတ် သွေးခြည်ဥခြင်း
    အသားစယူသော နေရာမှ သွေးထွက်ခြင်း ဖြစ်ပေါ်နိုင်သော်လည်း များသောအားဖြင့် ပြင်းထန်လေ့မရှိပါ။
  • ရောဂါပိုးဝင်ရောက်ခြင်း
    ဖြစ်နိုင်ခြေနည်းသော်လည်း ဖြစ်ပွါးပါက ပဋိဇီဝပိုးသတ်ဆေးများ သောက်သုံးခြင်း သို့မဟုတ် ပြည်တည်ခြင်း ရှိပါက ခွဲစိတ်၍ ပြည်ဖယ်ရှားခြင်း စသည်တို့ ပြုလုပ်ရန် လိုအပ်နိုင်သည်။
  • အသားယူသည့် အနီးရှိ ကိုယ်တွင်းအင်္ဂါများ၊ သွေးကြောများ ထိခိုက်နိုင်ခြေရှိခြင်း
    အသားစယူစစ်ဆေးသည့် နေရာပေါ်မူတည်၍ ဖြစ်ပွါးနိုင်သည်။ ဥပမာအားဖြင့် _
    • အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း (Pneumothorax)
      အဆုတ် (သို့မဟုတ်) ရင်ဘတ် အသားစယူစစ်ဆေးမှုအတွက် ဖြစ်ပွါးနိုင်သည်။ ဖြစ်ပွါးပါက လေခိုနေသော အဆုတ်အမြှေးပါးအတွင်း ပိုက်ထည့်သွင်းကုသသည်။
    • အသည်းအသားစယူစစ်ဆေးခြင်း
      (၂-၃%) တွင် သွေးယိုခြင်းကြောင့် ဆေးရုံတက်ရန် လိုအပ်သည်။ ဝမ်းဗိုက်အတွင်း သွေးယိုခြင်း (intraperitoneal hemorrhage) သို့မဟုတ် သေဆုံးခြင်းကဲ့သို့သော ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်ခြေသည် (၀.၀၁-၀.၃%) သာရှိသည်။
    • ကျောက်ကပ်အသားစယူစစ်ဆေးခြင်း (Renal biopsy)
      အပ်ဖြင့် ကျောက်ကပ်အသားစယူပြီးနောက် သွေးယိုစိမ့်နိုင်သည်။ အများစုမှာ အလိုလို ပြန်လည်ကောင်းမွန်လာသော်လည်း တစ်ခါတစ်ရံတွင် သွေးသွင်းခြင်း၊ သွေးယိုစိမ့်နေသော သွေးကြောအား ပိတ်ခြင်း သို့မဟုတ် သွေးယိုခြင်း ပြင်းထန်ပါက ကျောက်ကပ် ခွဲစိတ်ဖယ်ရှားရခြင်း စသည်တို့ ပြုလုပ်ရန် လိုအပ်နိုင်သည်။
    • ဆီးကျိတ်အသားစယူစစ်ဆေးခြင်း
      ဆီး (သို့မဟုတ်) သုက်ရည်တွင် သွေးပါခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သည်။ ပိုးဝင်နိုင်ခြေ (၁-၈%) ရှိပြီး သွေးဆိပ်တက်ခြင်း သို့မဟုတ် ဆီးအောင့်ခြင်းကဲ့သို့သော ပြင်းထန်သော နောက်ဆက်တွဲပြဿနာများမှာ ရှားပါးသည်။
  • ကင်ဆာဆဲလ်များ ပျံ့နှံ့ခြင်း
    အလုံးအကျိတ်သည် ကင်ဆာကျိတ်ဖြစ်ပါက အပ်ထိုးသွင်းရာ လမ်းတစ်လျှောက်တွင် ကင်ဆာဆဲလ်များ ပျံ့နှံ့သွားနိုင်သော်လည်း ထိုသို့ဖြစ်ပွါးနိုင်ခြေမှာ အလွန်နည်းပါးသည်။
ကြိုတင်သိရှိထားရမည့်အချက်များ
  • အပ်ဖြင့် အသားစယူစစ်ဆေးမှု အများစုသည် ဆေးရုံတွင် နေစရာမလိုဘဲ ပြင်ပလူနာအဖြစ် ပြုလုပ်နိုင်ပြီး နာလန်ထလည်း မြန်ဆန်သည့် အကျိုးကျေးဇူးရှိသည်
  • သွေးကျဲဆေးများ (အက်စ်ပရင်) သောက်သုံးနေခြင်း သို့မဟုတ် သွေးထွက်လွန်ခြင်းနှင့် သွေးမတိတ်ရောဂါများရှိပါက ဆရာဝန်အား ကြိုတင် အသိပေးပါ
  • အစာနှင့် အရည် ရှောင်ခြင်း သို့မဟုတ် ပုံမှန်သောက်သုံးနေသော ဆေးဝါးများ ချိန်ညှိခြင်း စသည့် ညွှန်ကြားချက်များကို ဂရုတစိုက် လိုက်နာပါ။

References:

  1. Mayo Clinic. (n.d.). Needle biopsy. In Mayo Clinic. Retrieved September 10, 2025, from https://www.mayoclinic.org/tests-procedures/needle-biopsy/about/pac-20394749
  2. Cleveland Clinic. (n.d.). Fine-needle aspiration (FNA). In Cleveland Clinic. Retrieved September 10, 2025, from https://my.clevelandclinic.org/health/diagnostics/17872-fine-needle-aspiration-fna
  3. Stanford Health Care. (n.d.). Needle biopsy. In Stanford Health Care. Retrieved September 10, 2025, from https://stanfordhealthcare.org/medical-tests/b/biopsy/types/needle-biopsy.html

Published: 25 September 2025

Share

25 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

More articles
Rhinoplasty (နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း)
Sep 23, 2025
Tests and Procedures

Rhinoplasty (နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း)

နှာခေါင်းခွဲစိတ်ပြုပြင်ခြင်းကို အလှအပရေးရာအတွက်သာမက ကျန်းမာရေးဆိုင်ရာ...

Oxygen Therapy (အောက်ဆီဂျင်ကုထုံး)
Sep 9, 2025
Tests and Procedures

Oxygen Therapy (အောက်ဆီဂျင်ကုထုံး)

အောက်ဆီဂျင်ကုထုံးကို ခန္ဓာကိုယ်၌ သွေးတွင်းအောက်ဆီဂျင်နည်းသည့်...

Breast Augmentation Surgery (ရင်သား ကြီးမားစေရန် ခွဲစိတ်ပြုပြင်ခြင်း)
Aug 27, 2025
Tests and Procedures

Breast Augmentation Surgery (ရင်သား ကြီးမားစေရန် ခွဲစိတ်ပြုပြင်ခြင်း)

အမျိုးသမီးများတွင် ရင်သားအရွယ်အစားနှင့် ပုံသဏ္ဌာန်ကို လှပေ‌‌စေရန်...