အမျိုးသမီးသားကြောဖြတ်ခြင်းဆိုသည်မှာ သားအိမ်၏ တစ်ဖက်တစ်ချက်တွင်ရှိသော သားဥပြွန် (မမျိုးဥကို သားအိမ်ထဲသို့ ပို့ဆောင်ပေးသော ပြွန်လမ်းကြောင်း) ကို ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းဖြစ်သည်။ သားကြောဖြတ်ခြင်းသည် တစ်သက်တာ သားသမီးထပ်မရတော့အောင် ပြုလုပ်လိုက်ခြင်းဖြစ်သဖြင့် အခြားသော သားဆက်ခြားနည်းလမ်းများ နောက်ထပ်အသုံးပြုရန် မလိုအပ်တော့ပါ။ အမျိုးသမီး၏ ရာသီသွေးပေါ်ခြင်းကိုလည်း အဟန့်အတားမဖြစ်စေပါ။ သားကြောဖြတ်ခြင်းကို သဘာဝအတိုင်း ကလေးမီးဖွားပြီးနောက် ပြုလုပ်နိုင်သကဲ့သို့ ကလေးခွဲစိတ်မွေးဖွားချိန်တွင် တစ်ပါတည်းပြုလုပ်နိုင်သည်။
ပြုလုပ်ရန်လိုအပ်သော အခြေအနေများ
သားကြောဖြတ်ဘုတ်အဖွဲ့အစည်းမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိသော အမျိုးသမီးများ_
- ခွဲစိတ်ခြင်းနည်းဖြင့် အနည်းဆုံး (၂) ကြိမ် မွေးဖွားမှုခံယူပြီးသော ကိုယ်ဝန်ဆောင်မိခင် (အသက်ကန့်သက်ချက်မရှိပါ)
- အသက် (၃၀) ပြည့်ပြီး ခွဲစိတ်နည်းဖြင့် (၁) ကြိမ် မွေးဖွားမှုခံယူထားသော၊ အသက်ရှင်လျက်ကလေး အနည်းဆုံး (၁) ဦးရှိသည့် ကိုယ်ဝန်ဆောင်မိခင်
- သားအိမ်တွင် ဒေါင်လိုက်ခွဲစိတ်နည်းဖြင့် အနည်းဆုံး (၁) ကြိမ် မွေးဖွားမှုခံယူထားသည့် အမျိုးသမီး
- သက်ဆိုင်ရာအထူးကုဆရာဝန်များမှ ဆေးပညာ သို့မဟုတ် ခွဲစိတ်ကုဌာနဆိုင်ရာ ရောဂါတစ်မျိုးမျိုးကြောင့် ကိုယ်ဝန်မဆောင်သင့်ကြောင်း ထောက်ခံချက်ပေးထားသော အမျိုးသမီး
- ယခင်မွေးဖွားမှုတွင် အသက်အန္တရာယ်ဖြစ်ပေါ်ခဲ့မှုကြောင့် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ရာတွင် အသက်အန္တရာယ်ဖြစ်ပေါ်နိုင်သော အမျိုးသမီး
- အသက်ရှင်လျက်ကလေး (၃) ဦးရှိသည့် အမျိုးသမီး (အသက်ကန့်သတ်ချက် မရှိပါ)
- အသက် (၃၀) နှစ်ပြည့်ပြီး အသက်ရှင်လျက်ကလေး (၂) ဦးရှိသည့် အမျိုးသမီး
- အသက် (၃၅) နှစ်ပြည့်ပြီး အသက်ရှင်လျက်ကလေး (၁) ဦးရှိသည့် အမျိုးသမီး
- အသက် (၄၀) နှင့်အထက် အမျိုးသမီး (ကလေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ)
- ယခင်ကိုယ်ဝန်တွင် မျိုးဗီဇဆိုင်ရာ ချို့ယွင်းမှု သို့မဟုတ် ရောဂါတစ်မျိုးမျိုး ဖြစ်ခဲ့၍ နောက်ကိုယ်ဝန်တွင် ထပ်မံဖြစ်ပေါ်ရန် အလားအလာရှိသည့် အမျိုးသမီးတို့ဖြစ်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
- သားကြောဖြတ်ခြင်းသည် တစ်သက်တာ သားသမီးနောက်ထပ်မရတော့အောင် ပြုလုပ်လိုက်ခြင်းဖြစ်သဖြင့် နောင်တစ်ချိန် ကိုယ်ဝန်ဆောင်ရန်အတွက် ပြန်လည်၍ သားဥပြွန်ကိုဆက်ခြင်းဖြင့် ကလေးရရှိနိုင်ခြေမှာ အလွန်နည်းသည်၊ ဖြတ်ထားသော သားဥပြွန်ပြန်ဆက်ခြင်းသည် အလွန်ခက်ခဲသောခွဲစိတ်မှုလည်း ဖြစ်သည်
- သားကြောဖြတ်ရန်အတွက် လိုအပ်သော ထုံဆေး၊ မေ့ဆေးများ အသုံးပြုရသောကြောင့် ထုံဆေး၊ မေ့ဆေး အန္တရာယ်များ၊ အနာမကျက်ခြင်း၊ ပိုးဝင်ခြင်းများ၊ သားကြောဖြတ်နေစဉ် သားဥပြွန်အနီးရှိ ဆီးလမ်းကြောင်း၊ အူလမ်းကြောင်းများ၊ သွေးကြောများ မတော်တဆထိခိုက်မိခြင်းများ အစရှိသော အန္တရာယ်အနည်းငယ် ရှိတတ်သည်ကို မခွဲစိတ်မီကပင် သိရှိနားလည်ထားရမည်
- သားကြောဖြတ်ထားပြီး မထင်မှတ်ဘဲ ကိုယ်ဝန်ရခြင်းမှာ အမျိုးသမီးအယောက် (၂၀၀) တွင် တစ်ယောက်နှုန်း တွေ့ရှိရသည်
- သားကြောမဖြတ်မီ အခြားသော နှစ်ရှည်ခံသားဆက်ခြားနည်းလမ်းများလည်း ရှင်းပြသိရှိ နားလည်ထားရမည်။
ပြုလုပ်ပုံအဆင့်ဆင့်
- သားကြောဖြတ်ခြင်းမပြုလုပ်မီ ကိုယ်ဝန်မရှိကြောင်း သေချာစွာစစ်ဆေးခြင်း ပြုလုပ်ရမည်
- သားကြောဖြတ်ခြင်းကို သင့်တော်သော ထုံဆေး သို့မဟုတ် မေ့ဆေးအသုံးပြု၍ ခွဲစိတ်ခန်းတွင် ပြုလုပ်ရသည်
သားကြောဖြတ်ခြင်း နည်းလမ်းအမျိုးမျိုး
- သဘာဝအတိုင်း ကလေးမွေးဖွားပြီး နောက်နေ့တွင် သားကြောဖြတ်ခြင်းပြုလုပ်ရာ၌ ဝမ်းဗိုက်ဆီးခုံအထက်နားတွင် သေးငယ်သော အလျားလိုက်ခွဲကြောင်းပေး၍ သားဥပြွန်နှစ်ဖက်လုံးကို တစ်စိတ်တစ်ပိုင်း ဖြတ်ထုတ်ခြင်း
- ကလေးခွဲစိတ်မွေးဖွားချိန်တွင် တစ်ပြိုင်နက်တည်း သားဥပြွန်နှစ်ဖက်လုံးကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ သားဥပြွန်တစ်ခုလုံးကိုဖြစ်စေ ဖြတ်ထုတ်ခြင်း
- သဘာဝအတိုင်း ကလေးမွေးဖွားပြီး (၆) ပတ်အကြာ သို့မဟုတ် ကိုယ်ဝန်မဆောင်သော မည်သည်အချိန်မဆို ဝမ်းဗိုက်တွင် သေးငယ်သောအပေါက်ကလေးများဖောက်၍ မှန်ပြောင်း (Laparoscope) ဖြင့် သားဥပြွန်နှစ်ဖက်လုံးကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ သားဥပြွန်တစ်ခုလုံးကိုဖြစ်စေ ဖြတ်ထုတ်ခြင်း
- မိန်းမကိုယ်လမ်းကြောင်းမှတစ်ဆင့် မှန်ပြောင်း (Hysteroscope) ကို အသုံးပြု၍ သေးငယ်သော သတ္တုပစ္စည်းထည့်၍ သားဥပြွန်ကိုပိတ်ဆို့ခြင်း စသည်တို့ဖြင့် ပြုလုပ်နိုင်သည်
သားကြောဖြတ်ရန်အတွက် ခွဲစိတ်မှုကြာမြင့်ချိန်မှာလည်း မိနစ် (၃၀)ခန့်သာ ကြာမြင့်သည်။ ဆေးရုံတက်ရချိန် (၁) ရက်သာ လိုအပ်သည်။ အနာသက်သာစေရန် အကိုက်အခဲပျောက်ဆေးများကို ပေးမည်။
မကြာသေးမီက ဆေးပညာဆိုင်ရာ လေ့လာတွေ့ရှိချက်များအရ သားဥအိမ်ကင်ဆာ (Ovarian Cancer) အများစုသည် သားဥပြွန်၏ အဖျားပိုင်း (Fimbriae) မှ စတင်ဖြစ်ပွါးနိုင်ကြောင်း သိရှိရသဖြင့် လက်ရှိတွင် သားကြောဖြတ်ခြင်းကို ပြုလုပ်သည့်အခါ သားဥပြွန်ကို ရိုးရိုးဖြတ်တောက် ပိတ်ဆို့ခြင်းထက် သားဥပြွန် တစ်ခုလုံးကို ဖယ်ရှားခြင်း (Bilateral Salpingectomy) ကို ပိုမို ဦးစားပေးလာကြသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ကိုယ်ဝန်မရအောင် တားဆီးနိုင်သည့် အာနိသင်အပြင် သားဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကိုပါ သိသိသာသာ လျှော့ချပေးနိုင်သည်ဟု ယူဆကြသည်။
နောက်ဆက်တွဲဆိုးကျိုးများ
- သားကြောဖြတ်ခြင်းသည် သားဥပြွန်နှစ်ဖက်လုံးကို တစ်ပိုင်းတစ်စဖြစ်စေ၊ တစ်ခုလုံးဖြစ်စေ ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းဖြစ်၍ ကျန်းမာရေးထိခိုက်ခြင်းဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ မရှိပါ
လိုက်နာဆောင်ရွက်ရမည့်အချက်များ
- ခွဲစိတ်ပြီး (၄၈) နာရီကြာပြီးနောက် ရေချိုးနိုင်သည်၊ ရေချိုးသည့်အခါ ခွဲစိတ်ထားသောဒဏ်ရာတစ်ဝိုက်ကို အသာအယာသာ ပွတ်တိုက်ရမည်၊ ရေစိမ်ချိုးခြင်း၊ ရေပူဖြင့် ရေချိုးခြင်းများ (၁၀) ရက်ခန့် ရှောင်ကြဥ်ရမည်
- မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုဆရာဝန်၏ အကြံဉာဏ်ပေးချက်အတိုင်း အလေးအပင်မခြင်းကို ရှောင်ကြဥ်ရမည်
- သဘာဝအတိုင်း ကလေးမွေးဖွားပြီးနောက် သားကြောဖြတ်ထားသူများနှင့် ကလေးခွဲစိတ်မွေးဖွားစဥ် တစ်ပါတည်းသားကြောဖြတ်ထားသူများသည် အမျိုးသားနှင့် လိင်ဆက်ဆံခြင်းကို (၆) ပတ်ခန့် ရှောင်ကြဥ်ရမည်
- ဆေးရုံဆင်းပြီးနောက် ပြင်းထန်စွာဗိုက်အောင့်ခြင်း သို့မဟုတ် ဗိုက်ဆက်တိုက်နာကျင်ခြင်း သို့မဟုတ် (၁၂) နာရီကျော်ကြာပြီးနောက် ပို၍ဆိုးရွားစွာ ဗိုက်နာလာခြင်း၊ (၁၀၀.၄) ဒီဂရီဖာရင်ဟိုက်ထက် ဖျားခြင်း၊ ခွဲထားသောဒဏ်ရာမှ သွေးယိုစိမ့်ခြင်း၊ အနာမကျက်ခြင်းများဖြစ်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသရန် လိုအပ်သည်

References:
- Mayo Clinic. (n.d.). Tubal ligation. Mayo Foundation for Medical Education and Research. Retrieved November 16, 2025, from https://www.mayoclinic.org/tests-procedures/tubal-ligation/about/pac-20388360
- Ministry of Health. (2019). MCH handbook. Yangon
Published: 20 November 2024
Last updated: 9 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.