Urinary catheterisation (ဆီးပိုက်ထည့်ခြင်း)

Urinary catheterisation (ဆီးပိုက်ထည့်ခြင်း)

ဆီးလမ်းကြောင်းပြဿနာတစ်ခုခုကြောင့် ဆီးမသွားနိုင်သော အခြေအနေတွင် ဆီးလမ်းကြောင်းအတွင်း ပိုက်ပျော့ကိုထည့်သွင်း၍ ဆီးအိမ်အတွင်းရှိ ဆီးများကို ခန္ဓာကိုယ်အပြင်သို့ စွန့်ထုတ်ရန် ပြုလုပ်နိုင်သည်။ ဆီးပိုက်ထည့်ပြီးလျှင်လည်း နောက်ဆက်တွဲပြဿနာများ ရှိနိုင်သောကြောင့် ဆီးပိုက်ကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည်။

ဆီးပိုက်အမျိုးအစားများ

ဆီးပိုက်အရွယ်အစားနှင့် အသုံးပြုပုံတို့အပေါ်မူတည်၍ ဆီးပိုက်အမျိုးအစား များစွာရှိသည်။

Urinary catheterisation image1

ဆီးချူပိုက် (Intermittent Urinary Catheter)
ဆီးအိမ်ထိန်းချုပ်မှုဆိုင်ရာ ပြဿနာများနှင့် အခြား ဆီးသွားရန်ခက်ခဲသော အခြေအနေများတွင် ဆီးအိမ်အတွင်းတွင် ဆီးအကြွင်းအကျန် မရှိစေရန် ဆီးချူပိုက်ကို အသုံးပြု၍ ဆီးချူနိုင်သည်။ ပုံမှန်ဆီးသွားသကဲ့သို့ တစ်နေ့လျှင် အကြိမ်များစွာ (ပုံမှန်အားဖြင့် လေးနာရီ သို့မဟုတ် ခြောက်နာရီခြား တစ်ကြိမ်) နှင့် အချိန်မှန်မှန် ဆီးချူပေးနိုင်သည်။ ကျန်းမာရေးစောင့်ရှောက်ပေးသူမှ ဆီးချူပေးခြင်း သို့မဟုတ် လူနာကိုယ်တိုင် စနစ်တကျသင်ယူပြီး ဆီးချူနိုင်သည်။ ဆီးချူပြီးသည့်အခါ ပိုက်ကိုပြန်လည်ဖယ်ရှားရသည်။ အရေးကြီးသောအချက်မှာ ဆီးချူသည့်အကြိမ်တိုင်း ပိုးသတ်ထားသည့် ဆီးချူပိုက်အသစ်ကို အသုံးပြုရန် လိုအပ်ခြင်းဖြစ်သည်။ ကြာရှည်ထည့်ထားရသော ဆီးပိုက်ထက် ပိုးဝင်နိုင်ခြေ နည်းပါး‌သောကြောင့် ဆီးချူပိုက်ကို ဦးစားပေးအသုံးပြုရန် (Intermittent Catheterisation First) ပိုမိုတိုက်တွန်းကြသည်။

ကြာရှည်ထည့်ထားရသော ဆီးပိုက် (Indwelling Catheter)
ဆီးအိမ်အတွင်းသို့ ဆီးပိုက် ကြာရှည်စွာ ထည့်ထားရန် လိုအပ်သောအခါ အသုံးပြုသော ဆီးပိုက်အမျိုးအစားဖြစ်သည်။ Foley urinary catheter ကို အသုံးပြုသည်။ အဆိုပါဆီးပိုက်၏ အစွန်းတစ်ဖက်တွင် ဆီးစွန့်ပြွန်မှ ဆီးအိမ်အတွင်းသို့ထည့်ရန် ပျော့ပျောင်းသော ပြွန်ထိပ်တစ်ခုပါရှိသည်။ ကျန်အစွန်းတစ်ဖက်တွင် ပြွန်ထိပ် (၂) ခုပါရှိသည်။ ပြွန်ထိပ်တစ်ခုသည် ဆီးပိုက်ပြုတ်ထွက်ခြင်းကို ကာကွယ်မည့် ပူဖောင်းသို့ ဆေးရည်ဖြည့်ရန်ဖြစ်ပြီး ကျန်ပြွန်ထိပ်သည် ဆီးအိမ်မှထွက်လာမည့်ဆီးကို ထည့်မည့်ဆီးအိတ်ပိုက်နှင့် ဆက်ရန်ဖြစ်သည်။

ဆီးပိုက်ထည့်သည့်နည်းလမ်းသည် ဆီးချူပိုက်ထည့်သည့်ပုံစံနှင့် အလားတူပင်ဖြစ်သည်။ သို့သော် ဆီးပိုက်ကို ပြန်မထုတ်ဘဲ ဆီးလမ်းကြောင်းအတွင်း အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ထားမည်ဖြစ်သည်။ ဆီးပိုက်ပြုတ်ထွက်ခြင်းကို ကာကွယ်ရန် အတွင်းရှိ ပူဖောင်းကို ရေဖြည့်၍ ဆီးအိမ်အတွင်းတွင် ထားရှိသည်။ နိုးနေချိန်တွင် ဆီးအိတ်ကို ပေါင် သို့မဟုတ် ဘောင်းဘီ၊ လုံချည်တွင် ကပ်ချည်ထားနိုင်ပြီး အိပ်ရာဝင်ချိန်တွင် ဆီးအိတ်ကို ကုတင် သို့မဟုတ် နီးစပ်ရာ တန်းတစ်ခုခုတွင် ချိတ်၍ထားရှိနိုင်သည်။ အဆိုပါဆီးပိုက်ကို အနည်းဆုံး (၁)လ မှ အများဆုံး (၃)လအထိ ထည့်ထားနိုင်သည် သို့မဟုတ် လိုအပ်သည့်အခါတိုင်း အသစ်လဲပေးရန်လိုသည်။

Urinary catheterisation image2

ဆီးခုံနေရာတွင် အပေါက်ဖောက်၍ ထည့်ရသောဆီးပိုက် (Supra-pubic Catheter)
ဆီးစွန့်ပြွန်ပျက်စီးခြင်း၊ ဆီးထွက်လမ်းကြောင်း ပိတ်ဆို့နေခြင်း စသည့်အခြေအနေများတွင် ဆီးလမ်းကြောင်းမှ ဆီးပိုက်ထည့်သွင်း၍ မရသည့်အခါတွင် မေ့ဆေး သို့မဟုတ် ထုံဆေးကို အသုံးပြု၍ ဆီးခုံရိုးအထက် ဝမ်းဗိုက်နေရာမှ သေးငယ်သောခွဲကြောင်းဖြင့် ခွဲစိတ်ကာ ဆီးအိမ်အတွင်းသို့ ဆီးပိုက်ထည့်ခြင်းဖြစ်သည်။ အဆိုပါဆီးပိုက်ကို (၄)ပတ် မှ (၁၂)ပတ်အကြာတွင် ဆီးပိုက်အသစ် လဲလှယ်ပေးရန်လိုသည်။

ဆီးပိုက်များနှင့်ပတ်သက်သော ပြောင်းလဲတိုးတက်မှုများ
လူနာများအား ပိုမိုသက်သောင့်သက်သာရှိစေရန်နှင့် နောက်ဆက်တွဲဆိုးကျိုးများ လျှော့ချနိုင်ရန် ဆီးပိုက်များကို ပိုမိုအဆင့်မြှင့်၍ ထုတ်လုပ်လာကြသည်။

  1. ဆားရည်အလွှာဖုံးအုပ်ထားသော ဆီးချူပိုက်များ (Pre-Lubricated or Hydrophilic Intermittent Catheters)
    • ဆားရည်အလွှာ (Hydrophilic Coating) ဖုံးအုပ်ထားသော ဆီးချူပိုက်များဖြစ်သည်
    • ထိုဆားရည်အလွှာသည် ရေနှင့်ထိတွေ့ပါက ချောဆီ (Lubricant) သဖွယ်‌လုပ်ဆောင်ပေးသောကြောင့် ဆီးပိုက်ထည့်ချိန်တွင် ထုံဆေးချောဆီ အသုံးပြုရန်မလိုဘဲ ထည့်နိုင်သည်
  2. ပို၍ နူးညံ့ပျော့ပြောင်းသော ဆီးပိုက်များ (Polyurethane Catheters)
    • ဆီးလမ်းကြောင်း ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ပိုမိုနူးညံ့သော ပစ္စည်းများ (ဥပမာ – Polyurethane) ဖြင့် ထုတ်လုပ်ထားသော ဆီးပိုက်များဖြစ်သည်
  3. ပဋိဇီဝပိုးသတ်ဆေးပါဝင်သော ပိုက်များ (Antimicrobial Catheters)
    • ပဋိဇီဝပိုးသတ်ဆေးပါဝင်သောအလွှာ ဖုံးအုပ်ထားသည့် ဆီးပိုက်များဖြစ်သည်
    • ပဋိဇီဝပိုးသတ်ဆေးအာနိသင်ကို ပိုမိုထိရောက်စွာ ရရှိစေရန် ငွေသတ္တုအမှုန်အစများ (Silver nanoparticles) ဖြင့်လည်း ပေါင်းစပ်ဖွဲ့စည်းထားကြသည်
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

ဆီးကောင်းစွာမထိန်းနိုင်ခြင်း၊ ဆီးယိုစိမ့်ခြင်း၊ ဆီးအိမ်တင်းခြင်းနှင့် ဆီးမသွားနိုင်ခြင်းစသည်တို့ ဖြစ်စေသော အခြေအနေများတွင် သင့်လျော်သည့် ဆီးပိုက်အမျိုးအစားကို အသုံးပြုသည်။ ရောဂါအခြေအနေပေါ် မူတည်၍ ယာယီထည့်ရနိုင်သကဲ့သို့ ‌ကြာရှည်ထည့်သွင်း အသုံးပြုရသည်များလည်းရှိသည်။

ဆီးအိမ်အတွင်းရှိ ဆီးများ မစွန့်ထုတ်နိုင်သောရောဂါများ

  • ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါများ (ဥပမာ _ လေဖြတ်ခြင်း)
  • ကျောရိုးအာရုံကြောမကြီး ထိခိုက်ခြင်း
  • ဆီးအိမ်ကြွက်သား အားနည်းခြင်း
  • ဦးနှောက်စွမ်းရည် ကျဆင်းလာခြင်း (Dementia)

ဆီးလမ်းကြောင်းပိတ်သည့် ရောဂါများ

  • ဆီးကျိတ်ကြီးခြင်း
  • ဆီးအိမ်နှင့်ဆီးလမ်းကြောင်း ကျောက်တည်ခြင်း
  • ဆီးလမ်းကြောင်းတွင် သွေးခဲပိတ်ခြင်း
  • ဆီးလမ်းကြောင်း အမာရွတ်ဖြစ်ခြင်း

ယာယီ ထည့်သွင်းထားရမည့် အခြေအနေများ

  • အကြီးစားခွဲစိတ်မှု ခံယူပြီးခါစအချိန်
  • ဆီးကျိတ်ခွဲစိတ်မှု ခံယူပြီးခါစအချိန်
  • အချို့သော တင်ပါးဆုံကွင်းအနီး ခွဲစိတ်မှုများ (ဥပမာ _ ပေါင်ရိုးအစားထိုးခွဲစိတ်ခြင်း၊ သားအိမ်ထုတ်ခြင်း)
  • ဆီးအိမ်ကင်ဆာတွင် ဆီးအိမ်အတွင်းသို့ ကင်ဆာဆေးသွင်းကုသခြင်း
  • ခန္ဓာကိုယ်အတွင်း ရေဓာတ်ပမာဏကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်သည့်အချိန် (ဥပမာ _ သွေးလန့်ခြင်း၊ သွေးဆိပ်တက်ခြင်း၊ ပြင်းထန်စွာ ဝမ်းလျှောခြင်း) များတွင် ဆီးထွက်သည့်ပမာဏကို တိုင်းတာရန် ပိုက်ထည့်၍ ဆီးခံထားခြင်းဖြစ်သည်
ဆီးပိုက်ထည့်ပုံ အဆင့်ဆင့်

ဆရာဝန် သို့မဟုတ် သူနာပြုမှ ဆီးပိုက်ထည့်ခြင်းကို အောက်ပါအတိုင်း အဆင့်ဆင့်ပြုလုပ်မည်ဖြစ်သည်။

  • ဆီးပိုက်ထည့်ပုံ နည်းလမ်းများကို သေချာစွာရှင်းပြပြီး သဘောတူညီချက် တောင်းယူမည်
  • ဆီးပိုက်ထည့်မည့် နေရာပတ်ဝန်းကျင်ကို ပိုးဝင်မှုမှကာကွယ်ရန် ပိုးသန့်ဆေးရည်ဖြင့် သေချာစွာ သန့်စင်ပိုးသတ်မည်
  • ဆီးပိုက်ထည့်သွင်းချိန်တွင် နာကျင်မှု၊ မသက်မသာဖြစ်မှု လျော့နည်းစေရန် ထုံဆေးဂျယ်လီကို ဆီးပိုက်ထိပ်တွင် သုတ်ခြင်း၊ အမျိုးသားများတွင် ဆီးလမ်းကြောင်းအတွင်းသို့ ထုံဆေးဂျယ်လီရည်ကို ထိုးသွင်းခြင်း ပြုလုပ်ပြီးမှ ဆီးပိုက်ထည့်မည့်နေရာတစ်ဝိုက် ထုံသည်နှင့် ဆီးစွန့်ပြွန်မှတစ်ဆင့် ဆီးလမ်းကြောင်းတစ်လျှောက် ဆီးပိုက်အရင်းရောက်သည်အထိ ဖြည်းညင်းစွာထည့်သွင်းမည်
  • ဆီးအိမ်သို့ရောက်သည်နှင့် ဆီးများ ပိုက်မှတစ်ဆင့် ကျလာသည်ကို မြင်ရမည်ဖြစ်ပြီး ထိုအချိန်တွင် ဆီးအိတ်ပိုက်နှင့် ချိတ်ဆက်ပေးရမည်
  • ထိုနောက် ဆီးပိုက်ပြုတ်ထွက်မှု မဖြစ်စေရန် ဆီးပိုက်တစ်ဖက်တွင်ရှိသော ပြွန်ထိပ်နေရာမှ သန့်စင်သောရေကိုထည့်၍ အတွင်းရှိပူဖောင်းကို ဖောင်းထားမည်ဖြစ်သည်
  • ဆီးပိုက်ကို လူနာ၏ပေါင်တွင် အဆင်ပြေသော အနေအထား၌ ကပ်ချည်ထားရှိနိုင်သည်၊ ဆီးပိုက်ထည့်ရမည့်အချိန်၊ လဲရမည့်အချိန်၊ အရွယ်အစားနှင့် အမျိုးအစားစသည်တို့ကို သက်ဆိုင်ရာဆရာဝန်၊ သူနာပြုတို့နှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်
နောက်ဆက်တွဲဆိုးကျိုးများ

ဆီးပိုက်ထည့်ခြင်းကြောင့် အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်သည်။ ယာယီဆီးပိုက်ထည့်ခြင်းသည် ဆီးလမ်းကြောင်းပိုးဝင်ရန် နည်းပါးပြီး ‌‌‌ကြာရှည်ထည့်ပါက ပိုးဝင်ခြင်း ဖြစ်နိုင်ခြေပိုများသည်။ အခြားဖြစ်နိုင်သော ဆိုးကျိုးများမှာ_

  • ဆီးအိမ်ကြွက်သားအလွန်ညှစ်ခြင်း (Bladder Spasm)
  • ဆီးများ ဆီးပိုက်မှမထွက်ဘဲ ဘေးမှယိုစိမ့်ခြင်း
  • ဆီးပိုက်အတွင်း သွေး သို့မဟုတ် ဆီးအနည်များ ပိတ်ခြင်း (ဆီးပိုက်ထည့်ထားသော်လည်း ဆီးမထွက်ဘဲ ဆီးအိမ်တင်းသည့် အခြေအနေကို ဖြစ်စေသည်)
  • ဆီးလမ်းကြောင်း ထိခိုက်ဒဏ်ရာရခြင်း၊ သွေးထွက်ခြင်း စသည်တို့ဖြစ်နိုင်သည်။

ဆီးပိုက်ထည့်ထားခြင်းကြောင့် ဖြစ်ပေါ်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Catheter-Associated Urinary Tract Infection – CAUTI) သည် ဆေးရုံများတွင် အဖြစ်အများဆုံးနှင့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သည်။ ဤသည်ကို ကာကွယ်ရန်အတွက်

  • အမှန်တကယ်လိုအပ်သော အခြေအနေများတွင်သာ ဆီးပိုက်ထည့်ရန်
  • မလိုအပ်ပါက အချိန်ကာလကြာရှည်စွာ ပိုက်ထည့်ထားခြင်းကို ရှောင်ရှားရန်
  • ဆီးပိုက်ကို အမြန်ဆုံး ပြန်လည်ဖယ်ရှားရန်
  • ထည့်သွင်းထားသည့် ဆီးပိုက်ကို နေ့စဉ်စစ်ဆေးခြင်း၊ ဆက်လက်ထည့်သွင်းရန် လိုအပ်ချက် ရှိမရှိ ပြန်လည်သုံးသပ်ရန်တို့ လိုအပ်သည်
  • အချို့သော ဆေးရုံများနှင့် ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ မြင့်မားသည့် လူနာများအတွက် ပဋိဇီဝပိုးသတ်ဆေးပါဝင်သော ပိုက်များ (Antimicrobial Catheters) ကို စတင်အသုံးပြုလာသည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ
ဆီးပိုက်ကို ဂရုတစိုက်ကိုင်တွယ်ခြင်း
  • ဆီးပိုက်နှင့် ဆီးအိတ်ကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီး အချိန်တိုင်းတွင် လက်ကို ဆပ်ပြာနှင့် စနစ်တကျဆေးရန် လိုအပ်သည်
  • ဆီးပိုက်ခေါက်နေခြင်း သို့မဟုတ် ပိတ်နေခြင်း ရှိမရှိ အမြဲစစ်ဆေးရမည်
  • ဆီးပိုက်လမ်းကြောင်းကို အနည်းဆုံးတစ်နေ့လျှင် နှစ်ကြိမ် ‌ရေ၊ ဆပ်ပြာ သို့မဟုတ် ရေစိုအဝတ်နှင့် သန့်ရှင်းပြီး ခြောက်သွေ့အောင်ထားရမည်
  • ဆီးအိတ်အတွင်းရှိ ဆီးများသွန်ပါက ဆီးပိုက်ကို ခေတ္တပိတ်ထားရန် လိုအပ်သည်
  • ဆီးအိတ်ရှိ ဆီးများကို (၈) နာရီခြားပြီးတိုင်း သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သွန်ပေးသင့်သည်၊ ညွှန်ကြားချက်ရှိလျှင် ဆီးအိတ်အတွင်းရှိ ဆီးပမာဏကို မှတ်သားထားရမည်
  • ဆီးအိတ်ပိုက်များ ပြုတ်သွားခဲ့ပါက အသစ်ပြန်လဲသင့်သည်
  • ရေများများ သောက်ပေးရန်လိုသည် (ဆရာဝန်မှ ရေသတ်မှတ်ပမာဏအတိုင်း သောက်ခိုင်းထားသော အခြေအနေများမှလွဲ၍)
ဆီးအိတ်ရှိ ဆီးများစွန့်ပစ်ရန်
  • လက်ဆေးပါ
  • ဆီးအိတ်ထွက်ပေါက်ရှိ ကလစ်အောက်တွင် ဆီးထည့်ရန်ခွက်ကို ထားပါ
  • ဆီးအိတ်အောက်တွင်ရှိသော ကလစ်ကို ဖွင့်၍ဆီးခံပါ
  • ကလစ်ကို ပြန်ပိတ်ပါ
  • ကလစ်ကို ရေစိုဝတ်နှင့်သုတ်၍ သန့်ရှင်းပါ
  • ဆီးများကို ရေအိမ်တွင် စွန့်ပစ်ပါ
  • လက်ကို ဆပ်ပြာနှင့် သေချာစွာ ပြန်လည်ဆေးကြောပါ
ဆီးအိတ်လဲရန်
  • လက်ဆေးပါ
  • ဆီးအိတ်တွင် ဆီးများရှိပါက ဦးစွာသွန်ပါ
  • ဆပ်ပြာနှင့်ရေကိုသုံး၍ ဆီးပိုက်နှင့်ဆီးအိတ် ဆက်ထားသည့်နေရာကို ဆေးပါ
  • ဆက်ထားသော နေရာအပေါ်နားရှိ ဆီးပိုက်ကို လက်ချောင်းဖြင့် ခေတ္တဖိထားပါ
  • ဆီးပိုက်အဟောင်းကို စွန့်ပစ်ပြီး အသစ်လဲပါ

References:

  1. Cleveland Clinic. (n.d.). Foley catheter. Retrieved October 16, 2025, from https://my.clevelandclinic.org/health/treatments/foley-catheter
  2. Cleveland Clinic. (n.d.). Clean intermittent catheterization. Retrieved October 16, 2025, from https://my.clevelandclinic.org/health/procedures/15434-clean-intermittent-catheterization
  3. Centers for Disease Control and Prevention. (n.d.). General immunocompetence recommendations. Retrieved October 16, 2025, from https://www.cdc.gov/vaccines/hcp/acip-recs/general-recs/immunocompetence.html
  4. Healthline. (n.d.). Nasogastric intubation and feeding. Retrieved October 16, 2025, from https://www.healthline.com/health/nasogastric-intubation-and-feeding
  5. National Center for Biotechnology Information. (2023). Dai, S., Gao, Y., & Duan, L. (2023). Recent advances in hydrogel coatings for urinary catheters. Journal of Applied Polymer Science, 140(14), e53701. https://doi.org/10.1002/app.53701 Wiley Online Library
  6. NHS UK. (n.d.). Urinary catheters: Risks. Retrieved October 16, 2025, from https://www.nhs.uk/conditions/urinary-catheters/risks/

Published: 30 October 2024

Last updated: 4 January 2026

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.